← Chapters

ဝမ်ရွှမ်ကျန့် နှင့် ရွှမ်ယွမ်ချန်

Vol. 3 Ch. 37

ဝမ်ရွှမ်ကျန့် နှင့် ရွှမ်ယွမ်ချန်

Vol. 3 Ch. 37

ရွှမ်ယွမ်ချန်သည် ကနဦးကတည်းကပင် တိုက်ပွဲအတွက် ပြင်ဆင်ပြီးသား ဖြစ်သည်။ ထိုအံ့အားသင့်ဖွယ် စွမ်းအားကို ရင်ဆိုင်ရာတွင် သူက ရှောင်တိမ်းခြင်း လွှဲဖယ်ခြင်း မပြုပေ။ လက်ထဲတွင် ဓားကို ဆုပ်ကိုင်ကာ တိုက်ခိုက်ချက်အား ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ဘုန်း …

သူတို့နှစ်ဦး တိုက်မိသည့်အခါတွင် ကြောက်မက်ဖွယ် စွမ်းအား ထွက်ပေါ်လာသည်။ မြေပြင် ပေသုံးဆယ် ပတ်လည်သည် ကွဲအက် ကြေမွသွားသည်။

ရွှမ်ယွမ်ချန်သည် လွန်ခဲ့သည့် အချိန်ကပင် ဝမ်ရွှမ်ကျန့်၏ ဒေါသမီးကို တောက်လောင်စေပြီး ဖြစ်သည်။ ထို့ကြောင့် ဝမ်ရွှမ်ကျန့်သည် တိုက်ပွဲ အစမှာပင် ခွန်အား အကုန် အသုံးပြုပြီး မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်လိုသည့် ဆန္ဒ ရှိသည်။

မိုးပြာရောင်နဂါး လှည့်ပတ် နေသည့် လှံနှင့် ထိုးချက်သည် ကြီးမားသည့် ခွန်အား ပိုင်ဆိုင်ထားသည်။

ရွှမ်ယွမ်ချန်သည် ဝမ်ရွှန်ကျန့်၏ တိုက်ခိုက်မှု များကိုသာ ဆက်တိုက် ရှောင်တိမ်းလျက် ရှိနေသည်။ သူ့အနားသို့ ဝမ်ရွှမ်ကျန့်၏ လှံရောက်လာမှသာ ဓားအား အသုံးပြုသည်။

ဝမ်ရွှမ်ကျန့်လှံ ထိုးသွင်းလိုက်သည့် အခါတိုင်းတွင် ထိုလှံချက်တွင် ပါဝင်သည့် စွမ်းအားသည် များပြား လေးလံ လှသည်ကြောင့် ထိုးချက်များသည် နှေးကွေးလျက် ရှိသည်။ ထို့ကြောင့် ရွှမ်ယွမ်ချန်သည် ဝမ်ရွှမ်ကျန့်၏ နှေးကွေးမှုကို အခွင့်ကောင်းယူကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းခြင်း တားဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။

ရွှမ်ယွမ်ချန်သည် ဝမ်ရွှမ်ကျန့်၏ ခွန်အားကို နားလည် သဘောပေါက် ထားသည်။ ဝမ်ရွှမ်ကျန့်သည် သူ့အား အညှာအတာမဲ့စွာဖြင့် တိုက်ခိုက်လာမည် ဆိုလျှင် အလျင်အမြန်ပင် ရှုံးနိမ့်သွားမည် ဖြစ်သည်။

ထို့ကြောင့် သူသည် အားကောင်းသော ခုခံနည်းစနစ်ကို အသုံးပြုလိုက်သည်။ ခုခံခြင်း သပ်သပ်ဖြစ်ကာ တိုက်ခိုက်မှု မရှိပေ။ ထိုမှသာ ချန်းချန်းအတွက် ထွက်ပြေး လွတ်မြောက်ရန် အချိန်ပိုရမည် ဖြစ်သည်။

“စီနီယာချန်း … ဘာလို့ ဒီမှာ ရှိနေသေးတာလဲ … မြန်မြန်လုပ်လေ … ထွက်သွားတော့ …” ရွှမ်ယွမ်ချန်သည် ချန်းချန်းအား အော်ဟစ် သတိပေးလိုက်သည်။

“ချန်းချန်း …”

ရွှမ်ယွမ်ချန်၏ ခံစစ်သည် စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် ဝမ်ရွှမ်ကျန့်မှာ စိတ်ညစ် လာတော့သည်။

ရွှမ်ယွမ်ချန်၏ ချန်းချန်းအား အော်ဟစ် သတိပေးသံကို ကြားလိုက်ရသည့် အခါတွင်မူ သူက နောက်ထပ်တစ်ဖန် ဒေါသတကြီး ပေါက်ကွဲတော့ ပြန်သည်။ သူသည် ဒုတိယအကြိမ် ဒေါသတကြီး ထိုးစစ် ဆင်ပြန်သည်။

သူ့လှံတံတွင်သာ မိုးပြာရောင်နဂါး ရစ်ပတ် နေသည်သာမက သူကိုယ်တိုင်ပင် နဂါးအသွင် ပြောင်းလဲ သွားတော့သည်။

ဝမ်ရွှမ်ကျန့် ခန္ဓာကိုယ်တွင် မိုးပြာရောင် နဂါးကြေးခွံများ ပေါ်လာပြီး သူ့အငွေ့အသက်သည် ရုတ်တရက် ဆိုသလို စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အထွတ်အထိပ် အဆင့်သို့ ထိုးတက်သွားသည်။

“ခင်ဗျားမှာ တကယ်ကြီး နဂါးသွေးဆက် ရှိနေတာလား …” ရွှမ်ယွမ်ချန်၏ အမူအရာသည် ထိုသည်ကို မြင်လိုက် ရသည့်အခါ ပြောင်းလဲသွားသည်။

***

ကျောက်စိမ်းဖြူရင်ပြင်ရှိ ကျောင်းသား အားလုံးနီးပါးသည် ဝမ်ရွှမ်ကျန့်၏ တိုက်ပွဲအား အာရုံစိုက်လျက် ရှိနေကြသည်။

ထိုတိုက်ပွဲသည် အမှန်တကယ်ကို အင်မော်တယ်အဆင့် ဇယား၏ အသန်မာဆုံးနှင့် လူသစ်တန်း၏ အသန်မာဆုံး နှစ်ယောက်အကြားမှ တိုက်ပွဲဖြစ်သည်။

ထို့အပင် အစစ်အမှန် နတ်ဘုရား၏ ထောက်ခံစာ ရရှိထားသော ကျောင်းသား နှစ်ဦးအကြား တိုက်ပွဲလည်း ဖြစ်သည်။ ထို့ကြောင့် ထိုတိုက်ပွဲသည် စိတ်ဝင်စားမှု အမြောက်အများ ရရှိထားခြင်း ဖြစ်သည်။

“ပြီးသွားပြီ … အဲဒါက အဆုံးသတ်ပဲ … ဝမ်ရွှမ်ကျန့်က နဂါးသွေးဆက်ကို အသက်သွင်းလိုက်ပြီ … သူက အားကုန်သုံးပြီး တိုက်ခိုက်တော့မယ် …”

ထိုကျောင်းသားသည် ပါးစပ် ဖွင့်လိုက်သည်နှင့် လူအုပ်ကြီးအား ရပ်တန ပစ်လိုက်နိုင်သည်။ သူ့တွင် မုတ်ဆိတ် ပါးပါးရှိပြီး ကြောင့်ကြမဲ့စွာ ဝတ်ဆင် ထားသည့်အပြင် အမူအရာသည် အေးဆေး လွန်းလှသည်။

“ကျောင်းသားဖန် … ခင်ဗျားအခု နဂါးသွေးဆက်လို့ ပြောလိုက်တာလား … အဲဒါဆို စီနီယာ ဝမ်က အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ရဲ့ အဖွဲ့ဝင် တစ်ယောက်များလား …” ချစ်စဖွယ် မိန်းမပျိုလေး တစ်ဦးက စူးစမ်းသည့် အနေဖြင့် မေးသည်။

တစ်ချိန်တည်းမှာပင် ပတ်ပတ်လည်ရှိ ကျောင်းသားများသည် စီနီယာဖန်အား မေးမြန်းလိုသည့် သဘောဖြင့် ကြည့်လာ ကြသည်။

စီနီယာဖန်၏ မျက်နှာတွင် နားလည်ရန် ခက်ခဲသည့် အမူအရာများ ထွက်ပေါ်လာသည်။ သူသည် ထိုကဲ့သို့ အာရုံစိုက် ခံရခြင်းအား အလွန်တရာ နှစ်ခြိုက်နေပုံ ပေါ်သည်။

ဟာသပဲ …။ သူက အင်မော်တယ်အဆင့် ဇယားရဲ့ အဆင့်၂၀မှာ ရှိနေတဲ့ ဖန်ပုယွီလေ။ ကျောင်းသားတွေက သူ့ကို ချစ်ကြောက် ရိုသေတဲ့ အမူအရာ ရှိနေရမှာပေါ့ …။

“ဝမ်ရွှမ်ကျန့်က နဂါးမင်း ပိုင်နက်က မဟုတ်ဘူး … သူ့နဂါးသွေးဆက်က ရှေးဟောင်း နဂါးဆီက အမွေ ဆက်ခံထားတာ … လုံးဝကို ရှေးကျလွန်းတဲ့ သွေးဆက်ပဲ …”

“သူနဂါးသွေးဆက်ကို ဘယ်လို ရရှိခဲ့သလဲ ကတော့ ငါတို့အတွက်လည်း လျှို့ဝှက်ချက် ဖြစ်နေတုန်းပဲ … သေချာတာကတော့ သူ့ကို ထောက်ပံ့ ပေးထားတဲ့ ရှေးဟောင်း နဂါးသွေးဆက်ရဲ့ စွမ်းအားကြောင့် အစစ်အမှန် နတ်ဘုရားရဲ့ ထောက်ခံစာ ရရှိခဲ့တာပဲ …”

ဖန်ပုယွီ၏ ရှင်းလင်းချက်ကြောင့် ကျောင်းသားများသည် ဝမ်ရွှမ်ကျန့်၏ စွမ်းအားကို ရုတ်တရက် ဆိုသလို နားလည် သွားကြသည်။

အစစ်အမှန် နတ်ဘုရား တစ်ပါးသည် နဂါးမင်းပိုင်နက် တစ်ခုလုံးကို ဖျက်စီးပစ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် နဂါးမင်းပိုင်နက်မှ သွေးဆက်သည် အစစ်အမှန် နတ်ဘုရား တစ်ပါးပင် လက်ခံပြီး တန်ဖိုးထားရသည့် သွေးဆက်နှင့် မည်သို့မျှ မယှဉ်နိုင်ပါ။

“အဲတော့ … ရွှမ်ယွမ်ချန်က ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ စီနီယာဖန် ထင်လဲ …” ပထမနှစ်မှ ကျောင်းသူ တစ်ဦးသည် မဝံ့မရဲ မေးလိုက်သည်။

သူမသည် ရွှမ်ယွမ်ချန်အား အမှန်တကယ်ကို နှစ်သက် သဘောကျသည်။ ဖန်ပုယွီ၏ မှတ်ချက်စကားကို ကြားလိုက် ရသည့်အခါတွင် သူမသည် ချက်ချင်း ဆိုသလို ရွှမ်ယွမ်ချန် အတွက် စိုးရိမ်မိလာသည်။

ဖန်ပုယွီက ရယ်မောလိုက်ပြီး လက်တစ်ချောင်း ထောင်ပြလိုက်သည်။

“တစ်နာရီရဲ့ လေးပုံတစ်ပုံလား …” မိန်းမပျိုလေးက မျက်တောင်ခတ် လိုက်သည်။ (ဆယ့်ငါးမိနစ်ဟု ဆိုလိုသည်)

“ဘယ်ကသာ … ရိုက်ချက် တစ်ချက်တောင် မခံနိုင်ဘူး…” ဖန်ပုယွီက အလေးအနက် ဆိုသည်။

ထိုသို့ ပြောလိုက်သည့်အခါတွင် လူအုပ်သည် တစ်ဦးပြီး တစ်ဦး ထသွား ကြတော့သည်။

သူတို့၏ မျက်နှာတွင် အလွန် အံ့အားသင့်သည့် အမူအရာများ ပေါ်လာကြသည်။ မိန်းမပျိုလေး သည်လည်း ထိတ်လန့်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လျက် ရှိသည်။

သူက ရိုက်ချက် တစ်ချက်တောင် မခံနိုင်ဘူးတဲ့လား … ရယ်စရာ တစ်ခုပဲ ဖြစ်ရမယ် … ဟုတ်တယ်မလား …

ဖန်ပုယွီသည် အားကောင်းသည့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ရွှမ်ယွမ်ချန်နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသည်။

ထို့ကြောင့် သူ့မှတ်ချက် စကားသည် အလွန်အမင်း ပိုင်နိုင်လွန်း လှသည်။

သူ့ကို မယုံကြည်ကြသူများ ရှိနေသော်လည်း ထိုသူတို့သည် မျက်နှာတွင် မည်သည့် အမူအရာမှ ထုတ်ဖော်ပြသခြင်း မရှိကြချေ။

လူအားလုံးသည် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များကိုသာ ကြည့်ရှုနေ ကြတော့သည်။ ဖန်ပုယွီ၏ ပြောဆိုချက်သည် ယုံကြည် စိတ်ချရပါက တိုက်ပွဲသည် အဆုံးသတ်တော့မည် ဖြစ်သည်။

အခြားသူများ ကဲ့သို့ပင် ဖန်ပုယွီ သည်လည်း ဖန်သားပြင်ပေါ်ရှိ ရွှမ်ယွမ်ချန်အား ကြည့်လိုက်ပြီးနောက် သက်ပြင်း အသာချ လိုက်သည်။

တကယ်လို့ မင်းတစ်ယောက်ယောက်ကိုသာ အပြစ်တင်ချင်တယ် ဆိုရင် သောက်ရမ်း စပ်စုလွန်းတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်တော့ … ဝမ်ရွှမ်ကျန့်ရဲ့ လာမယ့် တိုက်ကွက်က အရမ်းကို နာကျင်လွန်းတယ် …

ငါသိနေတယ် … ဘာလို့ဆို ပြီးခဲ့တဲ့နှစ်က ဝမ်ရွှမ်ကျန့်က ငါ့ကို အဲလိုနည်းနဲ့ အနိုင်ယူသွားတာ မို့လို့ပဲ …

***

တောင်ထွတ်တစ်ထောင် တောအုပ်အတွင်း …

ရှေးဟောင်း နဂါးသွေးဆက်ကို အသက်သွင်း ထားသည့် ဝမ်ရွှမ်ကျန့်အား မိုးပြာရောင် အကြေးခွံများ ဖုံးအုပ်ထားသည်။ ထို့အပြင် သူ့မျက်လုံး များသည် ရွှေရောင်သို့ ပြောင်းလဲသွားပြီး ကန့်သတ်မဲ့သည့် စွမ်းအားများ ထုတ်လွှတ်လျက် ရှိသည်။

သူ့လှံကို ရွှမ်ယွမ်ချန်ဆီသို့ ချိန်ရွယ် ထားသည်။

“မင်းကို အနိုင်ယူဖို့ ငါ့အတွက် တစ်ချက်ပဲ လိုတယ် …” သူက အေးစက်စွာ ပြောသည်။

ဝမ်ရွှမ်ကျန့်က လှုပ်ရှားလိုက်သည်။ ထိုအကြိမ်တွင် သူခန္ဓာကိုယ်ကပါ လှံနှင့်အတူ လှုပ်ရှားလာပြီး သူ့လှုပ်ရှားမှုသည် လျှပ်စီးအလား လျင်မြန် လွန်းလှသည်။

သူသွားသည့် လမ်းကြောင်း တစ်လျှောက်တွင် မိုးပြာရောင် နဂါးအရိပ် ထင်ကျန်ခဲ့ပြီး လှံထိပ်သည် မိုးပြာရောင် နဂါးစွယ် ဖြစ်သည်။

ဝူ…

မိုးပြာရောင် နဂါးဟိန်းသံသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းပြီး လှံ၏ ရက်စက် ကြမ်းကြုတ်သည့် စွမ်းအားသည်လည်း ရပ်တန့်လို့ မရနိုင်ပေ။

လှံသွားသည် သူ့ဆီသို့ ရောက်ရှိလာသည်နှင့် ဝမ်ရွှမ်ကျန့်သည် တိုက်ကွက် ထုတ်လာမည်ဟု ရွှမ်ယွမ်ချန် ခံစားမိသည်။ ရုတ်ချည်း ဆိုသလိုပင် သူသည် ဧရာမ နဂါးအိုကြီး တစ်ကောင်နှင့် ရင်ဆိုင်နေရသည်ဟု ခံစားမိလာသည်။

ကြိတ်ခြေ ဖျက်စီးပစ်နိုင်သည့် ဖိအားသည် သူ့ဆီသို့ အဘက်ဘက်မှနေ ဦးတည် လာနေသည်။

သာမန် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ထိုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည် ဆိုပါက ခုခံကာကွယ်ရန် မျှော်လင့်ချက်များ ကုန်ဆုံး သွားမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

သို့ပေမဲ့လည်း ရွှမ်ယွမ်ချန်သည် အလွန် တည်ငြိမ်လျက် ရှိသည်။

“ကောင်းကင်နှင့် မြေပြင် လှည့်ပတ်ခြင်း …”

သူ့မျက်လုံးများထဲတွင် ဗလာအကြည့်များ ပေါ်လာပြီးနောက် ထိုမျက်လုံး များသည် ဦးတည်ချက် ကင်းမဲ့နေပုံ ရသည်။

လှံသွားထိပ်သည် သူ့ခန္ဓာကိုယ်ဆီသို့ ချဉ်းကပ်လာပြီး သူ့လက်ထဲရှိ ဓားသည် စတင် လှုပ်ရှားလာသည်။ အရမ်းကို နှေးကွေးလွန်းဟန် ရှိနေပြီး အချိန်ကိုက် ဆိုသလိုပင် လှံသွားထိပ်နှင့် တိုက်မိသွားသည်။

သူ့ခြေထောက်အောက်တွင် ယင် ယန်စက်ဝိုင်း ပေါ်လာပြီး သူ့ဓားသည် ဖြည်းညင်းစွာနှင့်ပင် ခက်ခက်ခဲခဲ လမ်းလွှဲ လိုက်နိုင်သည်။

ဘုန်း …

မိုးပြာရောင်နဂါးကြီး ထွက်ပေါ် လာပြီးနောက် အလွန်ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းသည့် လှံတိုက်ကွက်သည် သူ့အရှေ့မြေပြင် ပေတစ်ရာကို ကွဲကြောင်းကြီး ဖြစ်ပေါ်စေပြီး မည်းနက် လောင်ကျွမ်းနေသည့် ချောက်နက်ကြီး ပေါ်လာစေသည်။

မြေပြင်တွင် သွေးများ တစ်စက်စက် စီးကျလာသည် …

ရွှမ်ယွမ်ချန်သည် ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်သည်။

သို့ပေမဲ့လည်း ဝမ်ရွှမ်ကျန့်၏ မျက်နှာတွင် အလွန်အမင်း အံ့အားသင့်မှုများ ပေါ်လာသည်။ “မင်းတကယ်ကြီး ရှောင်လိုက်နိုင်တာလား …”

လှံသည် ရွှမ်ယွမ်ချန်၏ ပုခုံးအား ထိုးဖောက် သွားသည်။ ဝဲဘက် လက်မောင်းမှနေ သွေးများ အတားအဆီးမရှိ စီးကျလာနေသည်။

သူက တုံ့ပြန်ခြင်း မပြုချေ။ ထို့အပြင် ဝမ်ရွှမ်ကျန့် အံ့အားသင့် နေခြင်းကို အခွင့်ကောင်းယူကာ သူတို့နှစ်ဦးကြား အကွာအဝေးကို နီးကပ် စေလိုက်သည်။

“စီနီယာချန်း … ခင်ဗျား အခုအချိန်မှာ ထွက်မပြေးဘူး ဆိုရင် ကျွန်တော်က အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူးနော် … အများဆုံးမှ တိုက်ကွက် ၅ခုလောက်ပဲ တားဆီးနိုင်တော့မှာ … မြန်မြန်လုပ်ဗျာ …”

သူပြောပြီးသည့် နောက်တွင် ရွှမ်ယွမ်ချန်သည် နောက်တစ်ဖန် ခံစစ်တိုက်ကွက် ထုတ်လိုက်ပြန်သည်။

“ဝမ်ရွှမ်ကျန့် …”

“ချန်းချန်း …”

***

ကျောက်စိမ်းဖြူရင်ပြင်တွင်မူ များပြားလှသည့် ကျောင်းသား ထုကြီးသည် စီနီယာ ဖန်အား ကြည့်နေကြသည်။

ထို့အတွက်ကြောင့် ဖန်ပုယွီသည် တိတ်ဆိတ်လျက်ရှိကာ ဟိတ်ဟန်ထုတ် လိုက်သေးသည်။

ဟာသပဲ …။ သူက အင်မော်တယ်အဆင့် ဇယားရဲ့ အဆင့်၂၀မှာ ရှိနေတဲ့ ဖန်ပုယွီလေ။ ကျောင်းသားတွေက သူ့ကို ချစ်ကြောက်ရိုသေတဲ့ အမူအရာ ရှိနေရမှာပေါ့ …။

သို့ပေမဲ့လည်း …

ထိုအခိုက်အတန့်၌ စီနီယာဖန်သည် ပျော်ရွှင်သည့်ဟန် ရှိမနေပါ။

သူ့မျက်နှာသည် ရဲရဲနီကာ အနည်းငယ်ပင် ပူနေသေးသည် ….

***

ဝမ်ရွှမ်ကျန့်နှင့် ရွှမ်ယွမ်ချန်တို့ တိုက်ခိုက်နေကြသည့် တောင်ထွတ်တစ်ထောင် တောအုပ်၏ အပေါ်ဘက်တွင်တော့ မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် သူတို့အား စောင့်ကြည့်လျက် ရှိနေသည်။

ရွှမ်ယွမ်ချန်သည် ဝမ်ရွှမ်ကျန့်၏ အားပြင်းသည့် တိုက်ခိုက်မှုအား ရှောင်တိမ်း လိုက်နိုင်သည်ကို မြင်သည့်အခါတွင် သူ့အမူအရာမှာ ပြောင်းလဲ သွားတော့သည်။

“ရွှမ်ယွမ်ချန်က နှစ်တစ်ရာမှာ တစ်ယောက်လောက်ပဲ ထွက်ပေါ်လာတဲ့ အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်း ဂိုဏ်းရဲ့ ပါရမီရှင် တစ်ယောက်ဆိုတာ သက်သေပြ ပြီးသွားပြီ … သူက ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဝိညာဉ် တစ်သောင်း ထိုက်ချီ နည်းစနစ်ကိုတောင် နားလည် သဘောပေါက်နေပြီပဲ …”

“အင်း … အဲဒီရှောင်တိမ်းချက် တစ်ခုတည်းနဲ့တင် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ဖန်ပုယွီထက် အဆပေါင်းများစွာ သာလွန်သွားပြီ …”

***

All Chapters