အခန်း (၄၂၆-၄၂၇)
Vol. 18 Ch. 426-427
အခန်း(၄၂၆) အဲ့တူက ရုပ်ချောလား
“ကိုယ့်အလုပ်ကိုယ် လုပ်ကြစမ်း။ ရှောင်းကျစ်ကို စမနေနဲ့တော့!”။ ရှောက်ကျင်းယန်က စန်းကျစ်ကို အချိန်မှီ ဝင်ကယ်ဆယ်လိုက်သည်။
တခြားသူတွေကို မောင်းထုတ်ပြီးနောက် စန်းကျစ်ကို အုပ်ထိန်းသူတစ်ယောက်လို ပခုံးပုတ်ကာ ရှောက်ကျင်းယန် သင်ကြားပေးလိုက်သည်။ “ရှောင်းကျစ်၊ နင်တစ်ယောက်ယောက်နဲ့ နီးစပ်ချင်တဲ့အခါကျရင် ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ပိုပြီး ပတ်သတ်ချင်တဲ့အခါကျရင် ပွင့်ပွင့်လင်းလင်း ပြောတတ်ရတယ်”
“ဘာတွေပြောနေတာလဲ ခေါင်းဆောင်ရှောက်”။ ရှောက်ကျင်းယန် ဘာတွေပြောနေသလဲဆိုတာ စန်းကျစ် နားမလည်ပါ။
“ဘာမှမဟုတ်တော့ပါဘူး”။ ရှောက်ကျင်းယန် ပြောလိုက်သည်။ “ဒီတစ်ခေါက် တာဝန်ပြီးသွားရင် ချင်းမိသားစုအိမ်ကို ပြန်ပြီး ခဏနားလိုက်။ စူစူလေးကိုလည်း အချိန်ပေးလိုက်ဦး”။
“ဟုတ်ကဲ့ပါ”။ သူမလည်း စူစူလေးကို သတိရနေတာဖြစ်သည်။
--- --- ---
ရှုပ်ပွနေသော အခန်းလေးတစ်ခန်းထဲတွင် ချင်းယုဟွမ်တစ်ယောက် ချောင်ကပ် အိပ်ပျော်နေပါသည်။ အခန်းထဲမှာလည်း အီလက်ထရွန်းနစ်ပစ္စည်းပေါင်းစုံ ပြန့်ကျဲနေသည်။
နံရံတစ်ဖက်မှာ ဂိမ်းခွေစုဆောင်းမှုများ၊ ဂိမ်းစက်စုဆောင်းမှုများနဲ့ OS အမျိုးမျိုးရှိသည့် ကွန်ပျူတာများစွာ ပြည့်နှက်နေသည်။
နောက်နံရံတစ်ဖက်မှာတော့ Anime ပိုစတာများ၊ အလင်းပေါက်ဘူးလေးများဖြင့် ထည့်ထားသော Anime အရုပ်လေးတို့ဖြင့် ပြည့်နှက်နေလေသည်။
ဒီအခန်းလေးက ချင်းယုဟွမ် ပထမဆုံး ရရှိသော ဝင်ငွေဖြင့် သူ တက်ရောက်နေသည့် တက္ကသိုလ်အနီးနားမှာ ဝယ်ထားသော တိုက်ခန်းလေးဖြစ်သည်။
နောက်ပိုင်း သူဖန်တီးထားသည့် ဂိမ်းကို ရောင်းချနိုင်ခဲ့ပြီး ငွေတွေ အများကြီး ရခဲ့တာတောင် ဒီ ၃၀ စတုရန်းမီတာပတ်လည် တိုက်ခန်းလေးကို မစွန့်လွှတ်နိုင်သေးပါ။
ချင်းယုဟွမ်အတွက် အိမ်အရွယ်အစားက အရေးမကြီးပါ။
ချင်းယုဟွိုင်းထံမှ မက်ဆေ့တစ်စောင် ဝင်လာပြီးနောက် အိပ်ရာခပ်သုတ်သုတ်ထကာ ရေချိုးခန်းထဲ အမြန်ဝင်ပြီး ရေမိုးချိုးလိုက်သည်။
အပြင်သိပ်မထွက်သဖြင့် ချင်းယုဟွမ် ရေလည်း သိပ်မချိုးပါ။
အဝတ်ပုံကြီးထဲ လူကြီးလူကောင်းဆန်မည့် ဝတ်စုံတစ်စုံလောက် မွှေနှောက်ရှာဖွေလိုက်သည်။ ထို့နောက် ခေါင်းလျှော်ပြီး Dryer ဖြင့် ဆံပင်ကို အမြန်ခြောက်အောင် မှုတ်လိုက်သည်။
ချိန်းထားသည့်အချိန်ရောက်သောအခါ ချင်းယုဟွမ်က အိမ်ရာအပေါက်ဝမှာ ကြိုစောင့်နေပါပြီ။ သို့သော် သူ့အစ်ကိုကြီးဆီက တစ်ဖက်လူရဲ့ ဓာတ်ပုံကို တောင်းကြည့်ဖို့ ချင်းယုဟွမ် အခုမှ သတိရလေသည်။
ချင်းယုဟွမ် အိပ်ရာထလို့ မျက်လုံးတွေ ပွင့်လာတာနဲ့ ဂိမ်းဒီဇိုင်း ဘယ်လိုဆွဲရမလဲ၊ ကုဒ်ဘယ်လို ရေးရမလဲ၊ မော်ဒယ်တွေ ဘယ်လိုဖန်တီးရမလဲ ဆိုတာကိုသာ စဉ်းစားလေ့ရှိသည်။ သာမန်လတစ်ယောက်လို အတွေးမျိုး ချင်းယုဟွမ်ဆီမှာ မရှိပါ။
အဲ… ဘယ်လိုလုပ်မလဲ။
ချင်းယုဟွမ် သူ့အစ်ကိုထံ မက်ဆေ့ အမြန်ပို့လိုက်ပြီး တစ်ဖက်လူ၏ ဓာတ်ပုံကို တောင်းလိုက်ပါသည်။
သို့သော်လည်း အချိန်အတော်ကြာတာတောင် ချင်းယုဟွိုင်း စာမပြန်ခဲ့ပါ။
သူ့အစ်ကိုကြီး အစည်းအဝေးလုပ်နေတာဖြစ်မည်ဟု တွေးကာ ချင်းယုဟွမ် လက်လျှော့လိုက်ပြီး အိမ်ရာဝင်ပေါက်ကိုသာ သေချာ စောင့်ကြည့်နေလိုက်သည်။
ချင်းယုဟွမ် မသိခဲ့တာက ချင်းယုဟွိုင်း အစည်းအဝေးလုပ်နေတာ မဟုတ်ပါ။ အချိန်မရှိလို့ စာမပြန်တာလည်း မဟုတ်ပါ။ သူ စာမပြန်ရခြင်း အကြောင်းအရင်းက သူ့မှာ စန်းကျစ်ရဲ့ ဓာတ်ပုံမရှိတာကြောင့်ဖြစ်သည်။
ယုဟွမ်ကို စာမပြန်နိုင်တာထက် သူ့မှာ စန်းကျစ်ရဲ့ ဓာတ်ပုံတစ်ပုံတောင် မရှိသဖြင့် ချင်းယုဟွိုင်း စိတ်ရှုပ်သွားပါသည်။
သူတို့နှစ်ယောက် ရင်းနှီးခဲ့တာကြာပြီဖြစ်ပြီး ပြဿနာတွေလည်း အတူတူဖြေရှင်းခဲ့ဖူးသည်။ သို့သော် သူ့မှာ စန်းကျစ်ရဲ့ ဓာတ်ပုံတစ်ပုံတောင် မရှိပါ။
သူလိုက်ပို့ပေးမှာကို စန်းကျစ် လက်မခံတာလည်း ဖြစ်သင့်ပါသည်။ သူတို့ ဆက်ဆံရေးက သူထင်ထားသလောက် နီးစပ်မနေတာဖြစ်လိမ့်မည်…။
ချင်းယုဟွမ်နေထိုင်သည့် အိမ်ရာအပြင်ဘက်တွင် စန်းကျစ်တစ်ယောက် ကားပါကင်ထိုးလျက် စူစူလေး၏ လက်ကို တွဲရင်း အိမ်ရာဆီ လျှောက်လာခဲ့ပါသည်။
တူအသစ်လေးတစ်ယောက်နဲ့ စန်းကျစ်သွားတွေ့မည်ဟု သိလိုက်ရသဖြင့် စူစူလေးလည်း လိုက်လာခဲ့ခြင်းဖြစ်သည်။
ဒီနေ့ စူစူလေး ကျောင်းပိတ်ရက်ဖြစ်ပြီး စန်းကျစ်ကိုလည်း အဘိုးချင်းနဲ့ အဘွားချင်းတို့က ယုံကြည်သဖြင့် စူစူလေးကို လိုက်ခွင့်ပေးခဲ့တာဖြစ်ပါသည်။
“မမလှလှ အဲ့တူလေးက ချောလား”
စန်းကျစ်၏ လက်ကိုတွဲကာ လမ်းလျှောက်နေရင်း စူစူလေး မေးလိုက်လေသည်။
… … …
အခန်း(၄၂၇) ဒေါ်လေးနဲ့ တူလေး စကားပြောကြခြင်း
“ငါလည်းမသိဘူး ဒါပေမယ့် သိပ်တော့ မဆိုးလောက်ဘူး ထင်တာပဲ”
ချင်းယုဟွမ်ကို စန်းကျစ်တစ်ခါမှ မတွေ့ဖူးပါ။ သို့သော် ချင်းမိသားစုရဲ့ မျိုးရိုးနဲ့ ချင်းညီအစ်ကိုတွေကို ကြည့်ခြင်းအားဖြင့် ချင်းယုဟွမ်လည်း သိပ်ပြီး မဆိုးနိုင်ပါ။
“တူချောလေးလောက် ချောလား”။ စူစူလေးက သူမတူလေးရဲ့ ရုပ်ရည်အကြောင်း အလွန်သိချင်နေပါသည်။
ရုပ်ချောချော တူလေးတွေနဲ့ အပြင်သွားရတာ ပိုကောင်းပါသည်။ အမှန်ပင်။ ရုပ်ချောဖို့ထက် လိမ္မာဖို့က ပိုအရေးကြီးသည်။
စန်းကျစ်နဲ့ စူစူလေးတို့ လက်ချင်းတွဲပြီး အိမ်ရာဝင်ပေါက်ဆီ လျှောက်လာခဲ့ကြသည်။
ဝင်ပေါက်မှာ မတ်တပ်ရပ်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေသည့် လူတစ်ယောက်ကို မြင်သောအခါ စူစူလေးနဲ့ စန်းကျစ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပါသည်။
နှစ်ယောက်စလုံး သံသယဖြစ်သွားကြသည်။
အိမ်စီးဖိနပ်တွေစီးထားပြီး ဆံပင်တွေရှုပ်ပွနေတဲ့ ဒီလူက ချင်းယုဟွမ်ဖြစ်နိုင်ပါ့မလား။
သူ့မျက်နှာက ယုဟွိုင်းနဲ့ ယုကျီးတို့နဲ့တော့ ဆင်တယ်…။ ဒါပေမယ့် သူ့စတိုင်က… ဘာလို့ ထူးခြားနေရတာလဲ။
စန်းကျစ်က ထိုလူ့ကို မေးလိုက်သည်။ “နင်က… ချင်းယုဟွမ်လား”
“ဟုတ်တယ်။ အစ်မက… ‘မုရှင်း’လား”
ချင်းယုဟွမ်က စန်းကျစ်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။ ဆိုက်ဘာလောကမှာ အလွန်ထူးချွန်သော Hacker တစ်ယောက်က ဒီလောက်ငယ်ရွယ်သည့် မိန်းကလေးဖြစ်နေလိမ့်မည်ဟု သူထင်မထားပါ။
မုရှင်းဆိုတာ သူ့ကို လာကူညီမည်ဟု သူ့အစ်ကိုကြီး ပြောထားသော ကွန်ပြူတာ ပညာရှင်၏ နာမည်ဖြစ်သည်။
သူက အလွန်ထူးချွန်သော Hacker ဖြစ်ပြီး Hacker Leaderboard မှာ ဒုတိယအဆင့်ချိတ်ထားကြောင်း ချင်းယုဟွိုင်း ပြောပြခဲ့သည်။။ သူ့အထက်မှာ ထိပ်တန်း Hacker ကြီး ‘ရှန်းရွှေ့’သာ ရှိပါတော့သည်။
ထို့ကြောင့် ဒီလူက ယောက်ျားလေးတစ်ယောက် ဖြစ်မည်ဟုသာ ချင်းယုဟွမ် ထင်ထားခဲ့သည်။
“ဟုတ်ပါတယ်”။ စန်းကျစ်က ချင်းယုဟွမ်နဲ့ မျက်လုံးချင်းဆုံအောင် မကြည့်ရဲဘဲ ပြန်ပြောလိုက်ပါသည်။
သူက ချင်းယုဟွိုင်းရဲ့ ညီအရင်းဖြစ်ပြီး စူစူလေးရဲ့ တူဖြစ်သဖြင့် ဘာမှကြောက်စရာ မလိုမှန်း သူမ သိပါသည်။
သို့သော် သူစိမ်းတစ်ယောက်ဖြစ်သဖြင့် သူမ အသားကျအောင် အချိန်ယူဖို့ လိုအပ်ပါသည်။
“မမလှလှက အရမ်းတော်တာ!”။ စူစူလေးက စန်းကျစ်အတွက် ထောက်ခံပေးလိုက်ပါသည်။
“အမ်”။ ထိုအသံလေးကို ကြားမှ စူစူလေးကို ချင်းယုဟွမ် မြင်သွားပါသည်။
ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော ကလေးမလေးကို မြင်ပြီး ချင်းယုဟွမ် အလိုလို ပြုံးမိသွားသည်။ “ဟယ်လို မိတ်ဆွေလေး။ ငါ နည်းနည်း အနီးမှုန်နေလို့ ခုနက မမြင်လိုက်မိတာ တောင်းပန်ပါတယ်”
စူစူလေး ဘယ်သူဘယ်ဝါဆိုတာ ချင်းယုဟွမ် မသိသေးပါ။
သူ့အဘိုးအဘွားတွေက သူတို့အတွက် ဒေါ်လေးတစ်ယောက် မွေးပေးထားမှန်း ကြားမိပါသည်။ သို့သော် ချင်းယုဟွမ် အိမ်မပြန်ဖြစ်သေးပါ။ ထို့အပြင် သူ့ဒေါ်လေး ဘယ်လိုပုံစံရှိသလဲ ဆိုတာကိုလည်း စိတ်မဝင်စားပါ။
သူ့ဒေါ်လေးရဲ့ ဓာတ်ပုံကိုလည်း တစ်ခါမှ တောင်းမကြည့်ဖူးသဖြင့် ဘယ်လိုပုံစံ ရှိသလဲ မသိပါ။
စူစူလေးကို မြင်သောအခါ သူ့ဒေါ်လေးဖြစ်နေလိမ့်မည်ဟု ချင်းယုဟွမ် လုံးဝ ထင်မထားခဲ့ပါ။
“ရပါတယ် ခွင့်လွှတ်ပါတယ်”။ စူစူလေးက ရက်ရောစွာ ပြောလိုက်ပါသည်။
“ဟာားဟားဟား ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်”။ ချင်းယုဟွမ် ရယ်မောလျက် ပြောလိုက်ပါသည်။
ထို့နောက် ချင်းယုဟွမ် မေးလိုက်သည်။ “မမနဲ့ လိုက်လာခဲ့တာလား”
“အွန်း ဟုတ်တယ်”။ စူစူလေးက ပြန်ဖြေလိုက်သည်။
“ချစ်စရာကောင်းလိုက်တာ။ ငါကြည့်ဖူးတဲ့ ကာတွန်းကားတွေထဲက ကောင်မလေးတွေလိုပဲ”။ ချင်းယုဟွမ်းက အပြင်လောကမှာ ဒီလိုချစ်စရာကောင်းသည့် ကလေးမလေးမျိုး မတွေ့ဖူးပါ။ ဒီလို ချစ်ဖို့ကောင်းတာမျိုးကို 2D ကာတွန်းလောကမှာသာ သူ မြင်ဖူးသည်။
“နင်ကော ကာတွန်းကား ကြိုက်တယ်လား”။ စူစူလေးက မေးသည်။
“အင်း ကြိုက်တယ်”။ သူကြည့်သည့် ကာတွန်းကားတွေက စူစူလေးအကြိုက်နဲ့တော့ မတူလောက်ပါ။
“အဲ့တာဆို မိုက်တာပေါ့! နင့်ကို သဘောကျတယ်!”။ စူစူလေးက အသိအမှတ်ပြုလိုက်ပါသည်။ ဒီတူလေးက ဘယ်ဆိုးလို့လဲ!
“ဟားဟားဟား ငါလည်း သဘောကျပါတယ်”။ ချင်းယုဟွမ် ပြောလိုက်သည်။
သူတို့နှစ်ယောက် အကြိုက်ချင်း တူမှန်း သိလိုက်ရပြီး စကားပြောကောင်းသွားကြသည်။
… … …