အခန်း (၄၂၈-၄၂၉)
Vol. 18 Ch. 428-429
အခန်း(၄၂၈) စကားများတဲ့ တူလေး
“အဲ… နင်ကြုံနေရတဲ့ ပြဿနာဆိုတာ ဆွေးနွေးကြရအောင်လေ”။ စန်းကျစ်က အသံတိုးတိုးဖြင့် အသိပေးလိုက်ပါသ်ည။
“ဪ ဟုတ်ကဲ့ ဟုတ်ကဲ့။ တောင်းပန်ပါတယ်။ ဒီအထိ ရောက်လာပေးတော့ တကယ်ဂုဏ်ယူပြီး ပျော်သွားလို့ပါ။ ကျေးဇူးပြုပြီး အိမ်ထဲ လိုက်ခဲ့ပါ။ ကုဒ်တွေက ကွန်ပျူတာထဲမှာ ရှိတယ်”။ ချင်းယုဟွမ် အားကြိုးမာန်တက် ပြောလိုက်ပါသည်။
“အဲ… ဟုတ်ပြီ ဟုတ်ပြီ”။ ဒီလို အားကြိုးမာန်တက် ဆက်ဆံတာမျိုးကို စန်းကျစ် အသားမကျပါ။
ထို့နောက် စန်းကျစ်နဲ့ စူစူလေးတို့ကို သူ့အိမ်ဆီ ချင်းယုဟွမ် ခေါ်သွားပါသည်။ လမ်းမှာလည်း စကားတွေ အမျာားကြီး ပြောခဲ့သည်။
“အစ်မမုရှင်း၊ စပ်စုမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ ဒါပေမယ့် ကုဒ်ရေးနည်း ဘယ်က သင်ထားတာလ။ အစ်မ သိတဲ့အတိုင်း ကျွန်တော်ရင်းနှီးတဲ့ ကွန်ပျူတာသိပ္ပံပညာရှင်တွေက ယောက်ျားလေးတွေလေ။ ကွန်ပျူတာသိပ္ပံအကြောင်း သင်ယူနေတဲ့ မိန်းကလေးတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီတိုင်း သင်ယူရုံတင်မဟုတ်ဘူး ထိပ်တန်း Hacker ကြီးတွေ ကြားထဲမှာ ဒုတိယအဆင့်တောင် ချိတ်သေးတယ်”။ ချင်းယုဟွမ်က စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
“ဒီ… ဒီတိုင်း စာအုပ်တွေကနေ လေ့လာထားတာပါ”။ စန်းကျစ် ပြန်ဖြေလိုက်သည်။
“စာအုပ်တွေကနေ လေ့လာထားတာ ဟုတ်လား! တော်လိုက်တာ! ကိုယ့်ဖာသာကိုယ် လေ့လာရင်းနဲ့ ဒီလောက်ထိ ထူးချွန်လာတာပေါ့”။ ချင်းယုဟွမ်က အံ့အားသင့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ “အစ်မက ကျိန်းသေပေါက် ပါရမီရှင်ပဲ။ ပါရမီရှင်တွေကြားထဲက တကယ့် ပါရမီရှင်!”
“မ… မဟုတ်ပါဘူး။ ပါရမီရှင်အဆင့်တော့ မဟုတ်ပါဘူး။ ဒီတိုင်း ဝါသနာပါတာပါ”။ ချင်းယုဟွမ်၏ စကားများကြောင့် စန်းကျစ် ရှက်လာပါသည်။
“မဟုတ်တာ။ အစ်မက တကယ့် ပါရမီရှင်ပါ”။ ချင်းယုဟွမ်က ချီးကျူးလိုက်ပါသည်။ “ဒါနဲ့ ကျွန်တော့် အစ်ကိုကြီးနဲ့ ဘယ်လို ဆုံခဲ့တာလဲ။ အဲ့ စကားနည်းတဲ့လူကြီးလေ။ ကျွန်တော့် အစ်ကိုကြီးက အမြဲတမ်း အဲ့လိုပဲ။ စကားသိပ်မပြောဘူး။ နားလည်ရခက်တယ်။ သူ့စိတ်ထဲ ဘာတွေရှိနေသလဲ ထုတ်မပြောတတ်ဘူး”
“အင်း…”
ချင်းယုဟွိုင်းကတော့ တကယ် အဲ့လိုပုံစံပါ။
“ဒါပေမယ့် ကျွန်တော်ပြောတာ ယုံနော်။ ကျွန်တော့်အစ်ကိုကြီးက တကယ့် လူကောင်းပါ။ သူက ကျွန်တော်နဲ့ ယုကျီးတို့အပေါ် အေးစက်တယ်လို့ ထင်ရပေမယ့် အများကြီး ဂရုစိုက်တယ်။ ကျွန်တော်တို့ လိုချင်တာရှိရင် ပူဆာစရာတောင် မလိုဘဲ တန်းဝယ်ပေးတာ။ ကျွန်တော်တို့ ကြိုက်တာ မကြိုက်တာတွေကို ရင်ထဲ သေချာ မှတ်ထားမှန်း သိသာတယ်”
“ပြီးတော့ ယုကျီးဆိုတဲ့ကောင်က အမြဲတမ်း ပြဿနာပဲ ရှာနေတာ။ အစ်ကိုကြီးက ယုကျီးအပေါ် တင်းကြပ်တယ်လို့ ထင်ရပေမယ့် ကျွန်တော်တို့ အားလုံးထက် ယုကျီးကို ပိုဂရုစိုက်တယ်။ ယုကျီးငယ်ငယ်က ဖြစ်ခဲ့တဲ့ ပြဿနာတွေကြောင့် သူဒီလိုဖြစ်နေတာဆိုတာ နားလည်တယ်လေ။ အဲ့တာကြောင့် ယုကျီး ပြဿနာရှာတိုင်း တိုးတိုးတိတ်တိတ် လိုက်ရှင်းပေးပြီး သူ့ကို နည်းလမ်းပေါင်းစုံနဲ့ ကူညီပေးနေတာ။ ရလဒ်တွေက သိပ်မကောင်းရင်တောင်ပေါ့”
ချင်းယုဟွမ်က အလွန်စကားများပါသည်။ တစ်လမ်းလုံး တစ်ချက်မှ မနားဘဲ စကားဆက်တိုက် ပြောလာခဲ့သည်။
စန်းကျစ်ကတော့ တစ်လုံးမှ ပြန်မပြောနိုင်ပါ။
နောက်ဆုံးတော့ ယုဟွမ် နေထိုင်သည့် တိုက်ခန်းကို ရောက်ရှိလာကြသည်။ ချင်းယုဟွမ် တံခါးဖွင့်ပေးလိုက်ပြီး တိုက်ခန်းထဲ ရောက်သောအခါ စန်းကျစ် ကြက်သေသေသွားသည်။
ဒီ… ဒီအခန်းကြီးက…
ရှုပ်ပွနေတာပဲ။
ချင်းယုဟွမ်လည်း သူ့အကြောင်းသူ နားလည်ပုံရပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပါသည်။ “တောင်းပန်ပါတယ်။ ကျွန်… ကျွန်တော့်အခန်းက နည်းနည်း ရှုပ်နေတယ်။ ပစ္စည်းတွေ များလို့ပါ”
“နင့်အစ်ကို နင့်အတွက် ဒီ့ထက်ပိုကျယ်တဲ့အိမ် ဝယ်ပေးထားတယ်ဆို”။ စန်းကျစ်က မေးလိုက်သည်။
“ဪ အဲ့အကြောင်းတောင် ပြောပြထားတာလား”။ ချင်းယုဟွမ် ရှင်းပြလိုက်သည်။ “ဝယ်ပေးထားတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က တစ်ယောက်တည်းဆိုတော့ အိမ်အကြီးကြီးနဲ့ မနေတတ်လို့။ ပြီးတော့ ဒီတိုက်ခန်းက ကျွန်တော့်ပိုက်ဆံနဲ့ကျွန်တော် ဝယ်ထားတာမို့လို့လေ”
ဝင်ငွေတွေ အများကြီးရှိလာပြီး ဒီ့ထက်ကျယ်သည့်အိမ်တွေ ဝယ်နိုင်ရင်တောင် ချင်းယုဟွမ် မဝယ်ပါ။
စန်းကျစ် အံ့အားသင့်နေဆဲဖြစ်သည်။
ထိုစဉ် ချင်းယုဟွမ် ကိုယ့်နဖူးကိုယ် ရိုက်လိုက်ပါသည်။ “ငါတော်တော်တုံးတာပါလား။ မိန်းကလေးတစ်ယောက်ကို ဘာလို့ ငါ့တိုက်ခန်းထဲ ခေါ်လာရတာလဲ”
ို့နောက် စန်းကျစ်ကို ချင်းယုဟွမ် တောင်းတောင်းပန်ပန် ပြောလိုက်သည်။ “စိတ်မရှိပါနဲ့။ အစ်မမုရှင်း။ အစ်မ ရောက်မလာခင်တုန်းက ယောက်ျားလေးမှတ်လို့ သေချာ မစဉ်းစားမိလိုက်တာပါ”
… … …
အခန်း(၄၂၉) ဂိမ်းဖန်တီးခြင်း
“ရ… ရပါတယ်”။ စန်းကျစ်က ဒါတွေ သိပ်ပြီး စိတ်မပူပါ။ စူစူလေးလည်း ရှိနေတာပဲ မဟုတ်လား။
“ဒီလိုဆိုရင်ကော ကျွန်တော် လက်ပ်တော့ကိုယူပေးမယ်။ အစ်မက ဟိုဘက်အခန်းမှာ အလုပ်သွားလုပ်လို့ ရတယ်။ ကျွန်တော်ကတော့ ဒီမှာပဲ ဆက်နေလိုက်မယ်”။ ချင်းယုဟွမ် နည်းလမ်းတစ်ခု စဉ်းစားလိုက်သည်။
“ဟိုဘက်အခန်း ဟုတ်လား”
“ဟုတ်တယ် အဲ့အခန်းကလည်း ကျွန်တော့်အခန်းပဲ။ အပိုအလိုပစ္စည်းတွေ သိုလှောင်ဖို့ ဝယ်ထားတာ”။ ချင်းယုဟွမ် အခန်းသော့ရှာရင်း ရှင်းပြလိုက်ပါသည်။
ထိုအခန်းတံခါးကို ဖွင့်လိုက်သောအခါ စန်းကျစ် ထပ်မံအံ့အားသင့်သွားရပြန်သည်။
ခုနက ပြွတ်သိပ်ရှုပ်ပွနေသော အခန်းလိုမဟုတ်ဘဲ ဒီအခန်းကတော့ အတော်လေး ရှင်းလင်းပါသည်။ သို့သော် Anime အရုပ်ကြီးတွေကို ထည့်ထားသည်။ အကြီးဆုံး အရုပ်ကြီးဆို လူတစ်ရပ်ထက်တောင် ပိုမြင့်ပါသည်။
စန်းကျစ်က Anime မကြည့်သဖြင့် ဘယ်ဇာတ်ကောင်တွေမှန်း မသိပါ။
“စားပွဲနဲ့ ထိုင်ခုံယူပေးမယ်နော်!”
စန်းကျစ် ဘာမှမပြောနိုင်ခင် ချင်းယုဟွမ်က စားပွဲတွေ ရွှေ့ဖို့ အသင့်ဖြစ်နေပါပြီ။
“ရပါတယ်။ စောင်တစ်ထည်ပဲပေးပါ။ ကြမ်းပြင်ပေါ်မှာ ထိုင်လို့ရတယ်…”။ ချင်းယုဟွမ်ကို စန်းကျစ် လှမ်းတားလိုက်ပါသည်။
အခုတောင် ဖရိုဖရဲဖြစ်နေတာကို ထပ်ပြီး ရှုပ်ပွသွားလို့မဖြစ်ပါ။
“ဟုတ်ကဲ့ပါ”။ ချင်းယုဟွမ်လည်း စန်းကျစ်တောင်းဆိုသည့်အတိုင်းပဲ ကြမ်းပြင်ပေါ်မှာ စောင်တစ်ထည် ခင်းပေးလိုက်ပါသည်။
ထို့နောက် သူ့လက်ပ်တော့ကို ယူလာပြီး သူဖန်တီးနေသည့် ပရောဂျက်နဲ့ ကြုံနေရသည့် အခက်အခဲတွေကို စန်းကျစ်အား ရှင်းပြလိုက်သည်။
“ဟုတ်ပြီ နားလည်ပြီ”။ စန်းကျစ် တစ်ခေါက်သာ နားထောင်လိုက်ပြီး နားလည်သွားပါသည်။
“တကယ်လား ကျွန်တော်တစ်ခါပဲ ရှင်းပြရသေးတယ်… ထပ်ရှင်းပြစရာ မလိုဘူးလား”။ ချင်းယုဟွမ် အံ့အားသင့်စွာ မေးလိုက်ပါသည်။
ဒီလောက်ရှုပ်ထွေးသည့် ကုဒ်တွေကို စန်းကျစ် တစ်ကြိမ်တည်းနဲ့ နားလည်သွားတာ အံ့အားသင့်နေခြင်းဖြစ်သည်။
“အင်း တကယ်နားလည်တာပါ”။ စန်းကျစ်က သုံးသပ်လိုက်၏။ “နင်အိုင်ဒီယာတွေ ကောင်းသားပဲ။ ဒီလို ဂိမ်းဒီဇိုင်းမျိုး ဈေးကွက်ထဲမှာ မတွေ့ဖူးသေးဘူး။ ဖန်တီးလို့ ပြီးသွားတဲ့အခါကျရင် ကျိန်းသေ ရေပန်းစားမှာပါ”
အလုပ်စလုပ်ပြီဆိုတာနဲ့ စန်းကျစ် ယုံကြည်မှုတွေ ပြည့်ဝလာပြီး စကားပြောတာလည်း သွက်လာပါသည်။
“တကယ်ကြီးလား။ ကောင်းတာပေါ့!”။ စန်းကျစ်၏ ချီးကျူးမှုကြောင့် ချင်းယုဟွမ် အလွန်ပျော်ရွှင်သွားပါသည်။
“ဪ ဒါနဲ့ ငါအလုပ်လုပ်နေတုန်း သူ့ကို ခဏကြည့်ပေးထားပါလား”။ စန်းကျစ်က တောင်းဆိုလိုက်ပါသည်။
“ရတယ် ရတယ် ကိစ္စမရှိဘူး!”။ ချင်းယုဟွမ် တွန့်ဆုတ်မှုမရှိဘဲ သဘောတူလိုက်ပါသည်။
ဒီလောက်ချစ်ဖို့ကောင်းပြီး လိမ္မာတဲ့ ကလေးလေးကို ထိန်းရတာ ဘာခက်လို့လဲ!
ဒီလိုနဲ့ အလုပ်အာရုံစိုက်နိုင်အောင် စန်းကျစ်ကို တစ်ယောက်တည်းထားခဲ့လိုက်ပြီး စူစူလေးနဲ့အတူ ချင်းယုဟွမ် သူ့တိုက်ခန်းသူ ပြန်လာခဲ့ပါသည်။
အခန်းထဲရောက်သောအခါ ချင်းယုဟွမ်က စူစူလေးအတွက် အရုပ်တွေအများကြီး ယူလာပေးလိုက်သည်။ “ကြိုက်တဲ့ အရုပ်နဲ့ ကစားနော်”
စူစူလေးက အရုပ်တွေကို ကြည့်လိုက်သော်လည်း စိတ်ဝင်စားပုံမပေါ်ပါ။ ချင်းယုဟွမ်က ဒါကို မသိဘဲ သူ့ကွန်ပျူတာရှေ့ ပြန်ထိုင်ကာ ဂိမ်းဒီဇိုင်းအကြောင်း ဆက်စဉ်းစားနေလိုက်ပါသည်။
“ဘာတွေလုပ်နေတာလဲ”။ စူစူလေးက အရုပ်တွေနဲ့ မကစားချင်သဖြင့် ချင်းယုဟွမ်ထံ လျှောက်သွားပြီး ဘေးက ကြည့်နေပါသည်။
“ဂိမ်းတစ်ခု ဖန်တီးနေတာလေ”။ ချင်းယုဟွမ် ရှင်းပြလိုက်သည်။
သူဂိမ်းဖန်တီးတာက စန်းကျစ်ရဲ့ Hacking ပညာနဲ့ သိပ်မတူလှပါ။
“ဂိမ်းဖန်တီးတာ ဟုတ်လား”။ စူစူလေးက ချင်းယုဟွမ်ရဲ့ ကွန်ပျူတာဖန်သားပြင်ကို ကြည့်လိုက်ပါသည်။
ဂိမ်းက ပျော်ဖို့ကောင်းမယ့်ပုံလည်း မပေါ်ဘူး…။
စူစူလေးရဲ့ အူတူတူမျက်နှာလေးကို ကြည့်ပြီး အလွန်ချစ်ဖို့ကောင်းသည်ဟု ချင်းယုဟွမ် တွေးလိုက်မိပါသည်။
သူမကို ချီပြီး ပေါင်ပေါ် တင်ထားလိုက်ရင် ထူးဆန်းနေမလား။ မထူးဆန်းလောက်ပါဘူး ဟုတ်တယ်မလား။
ချင်းယုဟွမ် အချိန်အတော်ကြာအောင် တွန့်ဆုတ်နေခဲ့သော်လည်း စူစူလေးကို ချီချင်စိတ်အား ထိန်းချုပ်မရပါ။
“ပေါင်ပေါ်လာထိုင်ပြီး အတူတူကြည့်မလား”။ ချင်းယုဟွမ်က မေးလိုက်ပါသည်။
… … …