အခန်း (၄၃၀-၄၃၁)
Vol. 18 Ch. 430-431
အခန်း(၄၃၀) တူလေးပိုက်ဆံနဲ့ စတော့ခ်ရှယ်ယာတွေ ဝယ်ယူခြင်း
“အွန်း!” စူစူလေးက တွန့်ဆုတ်မှုမရှိဘဲ ခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် စူစူလေးကို ချင်းယုဟွမ် ပွေ့ချီလိုက်ပြီး သူ့ပေါင်ပေါ် ထိုင်ခိုင်းထားလိုက်ပါသည်။
စူစူလေးကို ပွေ့ချီလိုက်တာနဲ့ တစ်ပြိုင်နက် ချင်းယုဟွမ်စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။
နူးညံ့လိုက်တာ… ကလေးလေးတွေ အားလုံးက ဒီလောက် နူးညံ့တာလား…။
သူ့ညီငယ်ငယ်တုန်းက ဒီလောက် မနူးညံ့ပါဘူး။
ထိုအချိန်တွင် ချင်းယုဟွမ်ရင်ထဲမှာ အိမ်ပြန်ပြီး သူ့အဘိုးအဘွားတွေ မွေးပေးထားသည့် ဒေါ်လေးဖြစ်သူအား ပြေးဖက်ချင်သွားသည်။ သူ့ဒေါ်လေးလည်း ဒီလိုပဲ နူးညံ့နေမလားဆိုတာ သိချင်မိပါသည်။
“ဂိမ်းဆော့ချင်လား”။ ချင်းယုဟွမ်က ကွန်ပျူတာပေါ်မှာ ရိုးရိုးရှင်းရှင်း ဂိမ်းလေးတစ်ခုကို ဖွင့်ရင်း မေးလိက်ပါသည်။
စူစူလေးက ကွန်ပျူတာကို စိတ်ဝင်တစား ကြည့်နေပါသည်။
ဒီလိုဂိမ်းတွေကို စူစူလေး တစ်ခါမှ မဆော့ဖူးပါ။ သူမ အရွယ်မရောက်သေးသဖြင့် သူမ ဖေဖေနဲ့ မေမေက ဂိမ်းဆော့ခွင့် မပေးပါ။
သေချာစဉ်းစားပြီးနောက် စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ “ဆော့မယ်”
“ဟုတ်ပြီ။ ဒီတစ်ခု အရင်ဆော့ကြည့်”။ ကလေးမလေးတစ်ယောက် ကြိုက်လောက်မည့် ဂိမ်းမျိုးကို ချင်းယုဟွမ် ဖွင့်ပေးလိုက်ပါသည်။ Candy Crush လို သုံးခုတန်းဂိမ်းမျိုးဖြစ်သည်။
ထို့နောက် စူစူလေးကို Mouse သုံးနည်း သင်ပေးလိုက်ပါသည်။ တခြားခလုတ်တွေက အရေးမကြီးသေးပါ။
စူစူလေးက သင်ယူမှုအားကောင်းပြီး ခပ်မြန်မြန်ပဲ တတ်မြောက်သွားခဲ့ပါသည်။
“ဒီလို ဖွဖွလေး နှိပ်ရမှာလား။ အားထည့်သုံးရမှာလား”။ စူစူလေးက မေးလိုက်သည်။
အားဘယ်လောက်သုံးရမလဲဆိုတာ စူစူလေး သိဖို့ လိုအပ်သည်။
“ဖွဖွလေး နှိပ်ရင်ရပြီ။ တစ်ချက်ပဲနှိပ်”။ ချင်းယုဟွမ်က စိတ်ရှည်စွာ သင်ပေးလိုက်ပါသည်။
“ဟုတ်ပြီ”။ စူစူလေး နားလည်သွားပါသည်။
စူစူလေး အတတ်မြန်တာကိုမြင်ပြီး ချင်းယုဟွမ် အလွန်ပျော်ရွှင်သွားသည်။
ဉာဏ်ကောင်းလိုက်တဲ့ ကောင်မလေး!
“ဂိမ်းဆော့နှင့်ဦးနော်။ နွားနို့တစ်ခွက် သွားယူပေးမယ်”
ချင်းယုဟွမ် စူစူလေးအတွက် ထိုင်ခုံအမြင့်ကို မြှင့်ပေးလိုက်ပါသည်။ ထို့နောက် နွားနို့တစ်ခွက် ပြင်ရန် ထွက်သွားလေသည်။ သူ့အိမ်က ရှုပ်ပွပြွတ်သိပ်နေသော်လည်း ရေခဲသေတ္တာထဲမှာတော့ နွားနို့ရှိပါသေးသည်။
ချင်းယုဟွမ် ထွက်သွားပြီးနောက် စူစူလေး ဂိမ်းဆက်ကစားနေခဲ့သည်။ သို့သော် စူစူလေးက Mouse ကို သိပ်မကိုင်တတ်သေးသဖြင့် မတော်တဆ ခလုတ်မှားနှိပ်မိပြီး တခြားစာမျက်နှာတစ်ခုကို ရောက်သွားခဲ့ပါသည်။
အနီရောင်၊ အစိမ်းရောင်မျဉ်းတွေနဲ့ မှောင်နေသော စာမျက်နှာတစ်ခု ပေါ်လာခဲ့သည်။
ဒါဘာတွေလဲ စူစူလေး မသိပါ။ ဂိမ်းပဲ ပြန်ဆော့ချင်သည်။
သူမ Mouse နဲ့ ဘာမှ လုပ်လို့မရတော့သဖြင့် ကီးဘုတ်ပေါ်က ခလုတ်တွေကို လျှောက်နှိပ်ကြည့်လိုက်သည်။ ထို့နောက် ကွန်ပျူတာထဲမှ ‘ဒင် ဒင် ဒင်’ ဟူသော အသံများ ထွက်လာခဲ့ပါသည်။
ချင်းယုဟွမ် နွားနို့ခွက်လေးကိုင်ပြီး ပြန်လာတော့ ထိုအသံတွေကို ကြားလိုက်ရသည်။
ဇဝေဇဝါမျက်နှာနဲ့ ကွန်ပျူတာဆီ ပြန်လျှောက်လာခဲ့သည်။ ထို့နောက် ချင်းယုဟွမ် ကြက်သေသေသွားခဲ့ရလေတော့သည်။
နွားနို့ခွက်ကို အမြန်ချလိုက်ပြီး ကွန်ပျူတာ ဖန်သားပြင်ကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မယုံကြည်နိုင်စွာ ကြည့်လိုက်ပါသည်။
ထို့နောက် Main Unit ပေါ်က USB အပေါက်ကို လှမ်းကြည့်လိုက်ရာ Security Key ကို ဖြုတ်ဖို့ မေ့သွားမှန်း ချင်းယုဟွမ် တွေ့လိုက်ရလေသည်။
ထို့အပြင် အလုပ်ရှုပ်သက်သာစေဖို့ ငွေပေးချေခြင်းကိုလည်း Security Key ထဲ အလိုလျောက် စနစ်ဖြင့် ထည့်ထားသေးသည်။
ထို့အပြင် ဒီနေ့မနက်က Security Key ကို အသုံးပြုပြီး စတော့ခ်အနည်းငယ် ဝယ်ယူခဲ့သေးသည်။ ထို့ကြောင့် စတော့ခ်တွေ ထပ်ဝယ်ဖို့အတွက် Password တွေဘာတွေ ထပ်ထည့်နေစရာ မလိုပါ။
ချင်းယုဟွမ် နောက်ဆုံး လက်ကျန်မျှော်လင့်ချက်လေးဖြင့် သူ့ငွေအကောင့်ကို စစ်ကြည့်လိုက်ပါသည်။
“မဖြစ်နိုင်တာ… သွားပြီ… အကုန်ပြောင်သွားပြီ…”။
ဘာမှမသိ နားမလည်သည့် စူစူလေးကို ချင်းယုဟွမ် လှည့်ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”။ ချင်းယုဟွမ်၏ အပြုအမူကြောင့် စူစူလေး ဇဝေဇဝါဖြစ်စွာ မေးလိုက်ပါသည်။
“ငါ…”။ ဝေဒနာတွေကို ချင်းယုဟွမ် ထုတ်တောင် မပြတတ်တော့ပေ။
သူ့ပိုက်ဆံတွေ အကုန်လုံးကို စူစူလေး စတော့ခ်ရှယ်ယာတွေ ဝယ်ပစ်လိုက်ပြီ!
ပြီးတော့ သူဝယ်လိုက်တာ ရင်းနှီးမြှုပ်နှံသူပေါင်းများစွာ အရှုံးပေါ်ခဲ့ရတဲ့ စတော့ခ်ကြီး!
အဲ့ဒီစတော့ခ်ကို ဝယ်လိုက်တာက ပိုက်ဆံတွေ ရေထဲပစ်ချလိုက်တာနဲ့ အတူတူပဲ!
သန်း ၅၀! သူဂိမ်းရောင်းလို့ ရလာတဲ့ သန်း ၅၀ စလုံး ပြောင်သွားပြီ!
သူ ၃ မိနစ်လောက်လေးပဲ ထွက်သွားလိုက်တာကို!!
… … …
အခန်း(၄၃၁) တာဝန်ယူပေးပါ့မယ်
၃ မိနစ်အတွင်း ဒီကလေးမလေးက ဒီလို ရလဒ်ဖြစ်သွားအောင် ‘မတော်တဆ’ လုပ်လိုက်တာပေါ့လေ!
“ဂိမ်းကစားတာ တော်လွန်းလို့ လန့်သွားတာလား”။ စူစူလေး မေးလိုက်သည်။
“အင်း… ဟုတ်ပါတယ်…”။ သူ့ယွမ် သန်း ၅၀ အတွက် ချင်းယုဟွမ် ဝမ်းနည်းပါသည်။ သို့သော် သူ့ရှေ့က ကလေးမလေးကို အပြစ်တင်လို့ မရမှန်းလည်း သိသည်။
သူ့ကွန်ပျူတာပေါ်မှာ သူကိုယ်တိုင် စူစူလေးကို ဂိမ်းကစားခွင့်ပေးခဲ့တာ မဟုတ်လား။ Security Key ကို ဖြုတ်ဖို့ မေ့သွားခဲ့တာလည်း သူပဲ မဟုတ်လား။ စူစူလေးကို စိတ်ချလက်ချ တစ်ယောက်တည်း ထားခဲ့တာလည်း သူပဲလေ…။
“နင်မပျော်ပါဘူး။ ငါ့ကြောင့် ပျက်သွားလို့လား။ ပျက်သွားရင် ပြောပါ။ ပြန်လျော်ပေးမယ်”။ ချင်းယုဟွမ်၏ မျက်နှာထားကိုကြည့်ပြီး စူစူလေး ရိပ်မိပါသည်။
သူမက ပိုက်ဆံမရှိဘဲ အလွန်ဆင်းရဲသော်လည်း သူမကြောင့်တစ်ခုခု ပျက်သွားတာဆိုလျှင် ပြန်လျော်ပေးမှဖြစ်မည်။ လူဆိုတာ တာဝန်ယူစိတ်ရှိရသည်။
တကယ် ပြန်လျော်ပေးရမည်ဆိုလျှင် သူမ တူကြီးဆီက ပိုက်ဆံနည်းနည်း ချေးလိုက်ပါမည်။ (သူ့ပိုက်ဆံတွေကို တစ်ခါမှ မမြင်ဖူးသော်လည်း တူကြီးက အလွန်ချမ်းသာသည်ဟု အားလုံးက ပြောကြသည်)။ နောက်မှ တူကြီးအတွက် အလုပ်လုပ်ပြီး ပြန်ဆပ်ပေးလိုက်မည်။
“ဘာမှမဖြစ်ပါဘူး…”။ ချင်းယုဟွမ် သေချာစဉ်းစားလိုက်ပြီး စူစူလေးကို ဘာမှမပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒီလို ချစ်စရာကောင်းပြီး ဖြူစင်သည့် ကောင်မလေးကို ဝမ်းနည်း မသွားစေချင်ပါ။
သူ့ကွန်ပျူတာ မပျက်သေးကြောင်း သက်သေပြဖို့အတွက် ချင်းယုဟွမ် ဂိမ်းကို ပြန်ဖွင့်ပြဘိုက်သည်။ “ကွန်ပျူတာက မပျက်သေးဘူး။ ဒီမှာကြည့် ကစားလို့ရသေးတယ် တွေ့လား”
သန်း ၅၀ ဆုံးရှုံးသွားတယ်ဆိုရင်လည်း ဆုံးရှုံးသွားတာပဲပေါ့။ ငွေက ပြန်ရှာလို့ရတာပဲ…။
ပူဆွေးပြနေလို့ ငွေတွေ ပြန်ရောက်လာမှာ မဟုတ်ပါ။ စိတ်ဓာတ်ကျနေမည့်အစား အကောင်းမြင်စိတ်လေးထားပြီး ရှေ့ဆက်လျှောက်သင့်သည်။
ထို့အပြင် သူ့အတွက် ငွေရှာနိုင်လို့ရသည့် စိတ်ကျေနပ်မှုက ဂိမ်းတွေဖန်တီးပြီး ရလာသည့် စိတ်ကျေနပ်မှုလောက် အရေးမကြီးပါ။
ချင်းယုဟွမ်က အကောင်းမြင်စိတ်ရှိပါသည်။ တခြားသူတွေ ဘယ်လိုပဲမြင်ပါစေ ဒီပြဿနာတွေကို သူ မကျော်လွှားနိုင်စရာ အကြောင်းမရှိပါ။
ခေတ္တ တုန်လှုပ်သွားပြီးနောက် အရှိတရားကို သူလက်ခံနိုင်ခဲ့သည်။
“ဟုတ်လို့လား။ ပျက်သွားရင် မလိမ်နဲ့နော်။ ငါပြန်လျော်ပေးမှာ!”
စူစူလေးက ချင်းယုဟွမ်၏ မျက်လုံးများကို သေချာအကဲခတ်လိုက်သည်။
“တကယ်ပြောတာပါ! မပျက်ဘူး ဘာမှမဖြစ်ဘူး။ စိတ်မပူနဲ့နော်”။ ချင်းယုဟွမ် စိတ်မညစ်တော့ဘဲ အကောင်းတိုင်း ပြန်ဖြစ်သွားပါပြီ။
ဘာပဲဖြစ်ဖြစ် ဒီလောက် ချစ်စရာကောင်းသည့် ကလေးမလေးဆီက အလျော်မတောင်းနိုင်ပါ။ သူမ တမင်တကာ လုပ်ခဲ့တာမှ မဟုတ်ပဲ။
“အာ့ဆို ပြီးရော”။ စူစူလေး ပြောလိုက်သည်။ “ဒါပေမယ့် နောက်ပိုင်း ပျက်သွားရင် လာပြောနော်! ငါတာဝန်ယူပေးမယ်!’
စူစူလေးက ရင်ဘတ်ပုတ်လျက် ချင်းယုဟွမ်ကို အာမခံပေးလိုက်သည်။
စူစူလေး၏ တာဝန်သိတတ်သော အပြုအမူကြောင့် ချင်းယုဟွမ် နှလုံးသား အရည်ပျော်သွားရပါသည်။
ဒီလို ကလေးမလေးတစ်ယောက်ရဲ့ နှုတ်မှ ‘တာန်ယူပေးမယ်’ဟူသည့် စကားလုံးမျိုးထွက်လာတာ အံ့အားသင့်ဖို့ ကောင်းပါသည်။
“ဟားဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီ”။ ချင်းယုဟွမ် ရယ်မောရင်း သဘောတူလိုက်သည်။
နှုတ်မှ သဘောတူလိုက်သော်လည်း တကယ် အလျော်ပြန်တောင်းဖို့ ချင်းယုဟွမ် စိတ်ကူးမရှိပါ။
ထို့နောက် စားပွဲပေါ်က နွားနို့ခွက်လေးကို ယူပြီး စူစူလေးအား ပေးလိုက်ပါသည်။ “ရော့ နွားနို့လေး ပြန်နွှေးပေးထားတယ်။ အပူချိန်က အနေတော်ပဲ။ အရင်က ကလေးမလေးတွေကို မထိန်းဖူးပေမယ့် ငါ့ညီတွေကို ထိန်းဖူးတော့ အတွေ့အကြုံရှိတယ်။ အထူးသဖြင့် ယုကျီးဆိုတဲ့ကောင်ပေါ့။ အဲ့ကောင် ငယ်ငယ်တုန်းက အရမ်းဆိုးတာ။ ဒါပေမယ့် ချစ်ဖို့တော့ ကောင်းပါတယ်”
“ဟုတ်တယ်။ ငါ့တူလေးက ဆိုးပေမယ့် ချစ်ဖို့ကောင်းတယ်နော်”။ စူစူလေးက ထောက်ခံပါသည်။
“ဟားဟားဟား ဟုတ်တယ်မလား။ နင့်တူလေးက…”
ချင်းယုဟွမ် ရုတ်တရက် ကြက်သေသေသွားသည်။
ဒီကလေးမလေး ဘာပြောလိုက်တာ…။ ဘယ်ကတူလေးလဲ။ ဘယ်သူ့ကို တူလေးလို့ ခေါ်လိုက်တာလဲ။
“ခုနက… ခုနက ဘာပြောလိုက်တာ”။ ချင်းယုဟွမ် ထပ်မေးလိုက်သည်။
… … …