အခန်း (၄၃၂-၄၃၃)
Vol. 18 Ch. 432-433
အခန်း(၄၃၂) သူ့ဒေါ်လေးပဲ!
“သူက ဆိုးပေမယ့် ချစ်ဖို့ကောင်းတယ်လို့”။ စူစူလေး ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး အဲ့တာ မပြောခင်က!”
အဲ့တာမပြောခင်က ဟုတ်လား။
“ဟမ်”။ စူစူလေး နားမလည်ပါ။ သူမ ဘာပြောမိလို့လဲ။
“ငါ့ညီ ချင်းယုကျီးကို နင်ဘယ်လို ခေါ်လိုက်တာလဲ”။ ချင်းယုဟွမ်က စူစူလေး ပြန်မှတ်မိအောင် တဲ့တိုးမေးပြီး ကူညီပေးလိုက်ပါသည်။
“တူလေးလေ” စူစူလေးက ပြန်ဖြေလိုက်ပါသည်။
တူလေးတဲ့!
ခုနက တကယ်ကြီး ‘တူလေးလို့ ခေါ်လိုက်တာပဲ!
“နင်… နင့်နာမည် ဘယ်လိုခေါ်လဲ”
“ချင်းစူစူလေ။ မသိဘူးလား”
သူသိမယ် ထင်ထားတာ…။
ချင်းစူစူတဲ့!!!
ဒါ သူ့ဒေါ်လေးပဲ!!!
သူ့ဒေါ်လေးအရင်းခေါက်ခေါက်!!!
ချင်းယုဟွမ် ပါးစပ်အဟောင်းသားဖြစ်သွားပြီး စူစူလေးကို စိုက်ကြည့်နေမိသည်။ တစ်စုံတစ်ယောက်က သူ့အပေါ်မှာ အချိန်ရပ်တန့်သည့် မန္တန် အသုံးပြုထားသည့်အလား။
“နင်က… ငါ့… ငါ့ဒေါ်လေးလား”။ စူစူလေးကို ချင်းယုဟွမ် မေးလိုက်သည်။
“အွန်း ဟုတ်တယ်လေ။ ငါက နင့်ဒေါ်လေးပဲ”။ စူစူလေး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ပါသည်။
ချင်းယုဟွမ် ကိုယ့်နဖူးကိုယ် ရိုက်မိသည်။
သူ့ဒေါ်လေး အရင်းမှန်းတောင်မသိဘဲ နေ့တစ်ဝက်လောက် အတူတူကစားနေခဲ့တာလား။
ဒေါ်လေးတစ်ယောက် ရလာကြောင်း ပထမဆုံး ကြားသိခဲ့ရတုန်းက ချင်းယုဟွမ် အတော်လေး တည်ငြိမ်ခဲ့ပါသည်။ ခံစားချက် လွန်ကဲပြီး အိုဗာဖြစ်ခဲ့သည့် သူ့အစ်ကိုယုဟွိုင်းနဲ့ ညီဖြစ်သူ ယုကျီးတို့ကိုတောင် လှောင်ပြောင် စနောက်ခဲ့သေးသည်။
ယခုတော့ သူ့အဖြစ်က သူ့ညီအစ်ကိုတွေထက်တောင် ပိုဆိုးနေပါပြီ။
“ဘာဖြစ်လို့လဲ”။ ချင်းယုဟွမ်၏ မျက်နှာကို ကြည့်ပြီး စူစူလေး စိတ်ပူစွာ မေးလိုက်ပါသည်။
“ဘာမှမဖြစ်ပါဘူး…။ ငါ့ဦးနှောက်တွေ အလုပ်မလုပ်တော့သလို ခံစားလိုက်ရလို့…။ ဦးနှောက်အားတိုးဆေးတွေ သောက်ရတော့မယ် ထင်တယ်”။ ချင်းယုဟွမ် စနောက်လိုက်သည်။
“ဦးလေး ပိုင်ဟူကျစ်က ဆေးဖော်တတ်တယ်။ သူကူညီပေးလိမ့်မယ်!”။ စူစူလေးက အားတက်သရော ပြန်ပြောလိုက်သည်။
“အဲ…”။ သူဆိုလိုတာ ဒီလိုမဟုတ်ပါ။
စူစူလေးက သူ့ဒေါ်လေးဖြစ်မှန်း သိလိုက်ရသဖြင့် ရှော့ခ်ရပြီး ဦးနှောက်အလုပ်လုပ်တာ ရပ်တန့်သွားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ပုံမှန်ဆို သူ့ဦးနှောက်က ဘယ်လောက်ပဲ ဝန်ပိနေပါစေ ခံနိုင်ရည်ရှိသည်။ ဒီနေ့ကတော့ ခြွင်းချက်ဖြစ်၏။
ခေတ္တစဉ်းစားပြီးနောက် စူစူလေးကို ချင်းယုဟွမ် ပြောလိုက်သည်။ “ဒေါ်လေး ဒီလို ဆိုရင်ကော။ ဒီနေ့ ငါနည်းနည်း စိတ်ညစ်နေလို့ နှစ်သိမ့်ပေးတဲ့အနေနဲ့ ၂ ချက်လောက် နမ်းခွင့် ပြုပါလား”
ခုနက ဒီကလေးမလေးကို သူများ သားသမီးဟုထင်ကာ နှာဘူးဖြစ်သွားမှာစိုးရိမ်သဖြင့် ချင်းယုဟွမ် မနမ်းရဲခဲ့ပါ။
သို့သော်လည်း သူ့ဒေါ်လေးအရင်းခေါက်ခေါက်ဖြစ်မှန်း သိလိုက်ရသဖြင့် စိတ်ပူစရာမလိုတော့ပေ။
ကိုယ့်ဒေါ်လေးအရင်းကို နမ်းတာ ဘာမှ မထူးဆန်းဘူးမလား။
စူစူလေး တွန့်ဆုတ်သွားသည်။ ဒီတူလေးက ချစ်ဖို့ကောင်းပြီး သူမ သဘောကျပါသည်။
သို့သော် သူမ အနမ်းခံရတာကို သဘောမကျပါ။
သူမက အသက် ၁၀၃ နှစ်ခွဲအရွယ် သက်တမ်းရှိသော နတ်သားရဲတစ်ကောင်ဖြစ်၏။ လူသားတွေကို အလွယ်တကူ နမ်းခွင့် မပေးနိုင်ပါ။
သို့သော် ဒီထူးထူးဆန်းဆန်း တူလေးက ဦးနှောက်ပျက်ပြီး စိတ်ညစ်နေသည်ဟု ဆိုသဖြင့် ၂ ချက်လောက် နမ်းခွင့်ပေးလိုက်တာ သူမအတွက် မထိခိုက်နိုင်ပေ။
သေချာ စဉ်းစားသုံးသပ်ပြီးနောက် စူစူလေး လက်ခံလိုက်ပါသည်။
“၂ ခါပဲ နမ်းနော်”။ စူစူလေး သတိပေးလိုက်သည်။
ဒီ့ထက် ပိုလို့မရပါ။
“ဟုတ်ပြီ ၂ ခါပဲနမ်းမှာ”။ ချင်းယုဟွမ် ရွှင်ရွှင်မြူးမြူး သဘောတူလိုက်သည်။ ထို့နောက် စူစူလေးရဲ့ ဘယ်ဘက် ပါးကို အာဘွားအကြီးကြီးပေးလိုက်ပြီး ညာဘက်ပါးကို နမ်းဖို့ ပြင်လိုက်သည်။
ချင်းယုဟွမ် ရင်ဆိုင်နေရသည့် နည်းပညာအခက်အခဲကို ဖြေရှင်းပြီးနောက် စန်းကျစ်သူ့ကို လာခေါ်လေသည်။
တံခါးကလည်း ပွင့်နေသဖြင့် စန်းကျစ် ဒီတိုင်း တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ တိုက်ခန်းထဲ ရောက်တာနဲ့တစ်ပြိုင်နက် စူစူလေးကို နမ်းနေသောာ ချင်းယုဟွမ်အား မြင်လိုက်ရပါသည်။
“နင်… နင်ဘာလုပ်နေတာလဲ”
ဒီလူက စူစူလေးရဲ့ တူအရင်းဖြစ်မှန်းသာ မသိလျှင် စန်းကျစ် လက်သီးနဲ့ ပြေးထိုးပြီးလောက်ပါပြီ.
သူမရဲ့ စူစူလေးကို ဒီလို နမ်းစရာလား!
ချင်းယုဟွမ်လည်း စူစူလေးကို အမြန် ပြန်လွှတ်ပေးလိုက်ပြီး ရှင်းပြလိုက်ပါသည်။ “အစ်မမုရှင်း နားလည်မှုမလွဲပါနဲ့! သူက ကျွန်တော့် ဒေါ်လေးမှန်း အခုမှ သိလိုက်ရလို့ပါ။ အပျော်လွန်ပြီး နည်းနည်းလောက် နမ်းမိတာပါ။ ကျွန်တော် နှာဘူး မဟုတ်ပါဘူး!”
… … …
အခန်း(၄၃၃) ညီအရင်းကို ချင်းယုဟွိုင်း မနာလိုဖြစ်ခြင်း (၁)
“နင်… နင့်ကို နှာဘူးလို့ ငါမပြောပါဘူး”။ စန်းကျစ်က ပြောလိုက်သည်။
အဲ့စကားက ကိုယ့်ဖာသာကိုယ် လိပ်ပြာမလုံလို့ ပြောတဲ့စကားလား…။
“အဟွတ် အဟွတ်”။ ချင်းယုဟွမ် ချောင်းဆိုးလိုက်ပါသည်။
“ပြီးတော့ စူစူလေးကို ဒေါ်လေးလို့ ခေါ်လိုက်တာလား”။ စန်းကျစ်က မေးလိုက်သည်။
စူစူလေးကို ချင်းညီအစ်ကိုတွေ တစ်ယောက်မှ ဒေါ်လေးဟု မခေါ်ကြမှန်း စန်းကျစ် မှတ်မိပါသည်။
ချင်းယုကျီးသာ တစ်ခါတလေမှ ခေါ်တတ်တာဖြစ်ပြီး အမြဲတမ်း မခေါ်ပါ။
“သူက ကျွန်တော့်ဒေါ်လေးလေ မဟုတ်ဘူးလား။ ဘာထူးဆန်းလို့လဲ”။ ချင်းယုဟွမ်က မေးလိုက်ပါသည်။
“ဘာမှ မထူးဆန်းပါဘူး”
ထူးဆန်းတာတော့ မဟုတ်ပါ။ ချင်းယုဟွိုင်းရဲ့ ခေါင်းမာမှုကို တွေ့နေကျဖြစ်သည့် စန်းကျစ်က ချင်းယုဟွမ်ရဲ့ ပွင့်လင်းမှုကို မြင်လိုက် ရသဖြင့် အသားကျဖို့ ခက်ခဲနေတာဖြစ်သည်။
ချင်းယုဟွမ်က ပြောလိုက်သည်။ “ဒါနဲ့ အစ်မ မုရှင််း။ အလုပ်ပြီးသွားပြီလား”
ချင်းယုဟွမ်က သူ့ဂိမ်းကိုသူ ဂရုစိုက်ပါသေးသည်။
“အင်း ပြီးသွားပြီ။ သွားစစ်ကြည့်လိုက်ဦး”
“ဟုတ်ပြီကွ!”
စူစူလေးကို အောက်ချပေးလိုက်ပြီး ချင်းယုဟွမ် တစ်ဖက်အခန်းသို့ အပြေးထွက်သွားလေသည်။
ကုဒ်တွေကို စစ်ကြည့်လိုက်ပြီးနောက် အရင်က ပြဿနာကြုံခဲ့ရသည့်နေရာမှာ အခု ချောချောမွေ့မွေ့ အဆင်ပြေသွားပြီ ဖြစ်မှန်း တွေ့လိုက်ရသည်။
Bug ကို ဖြေရှင်းနိုင်လိုက်ပြီး နောက်ဆုံး ရလဒ်က သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေပါသည်။
“တော်လိုက်တာ အစ်မုရှင်း! အစ်မက အရမ်း အရမ်း တော်တာပဲ!”။ ချင်းယုဟွမ် အပျော်လွန်ကာ စန်းကျစ်၏ လက်ကို ကိုင်ပြီး ခုန်ပေါက် ပြေးလွှား အောင်ပွဲခံနေလေသည်။
“အခုချိန်ကစပြီး အစ်မုရှင်းကိုပဲ ကိုးကွယ်တော့မယ်! အစ်မက ကျွန်တော်မြင်ဖူးသမျှထဲ အတော်ဆုံး ပရိုဂရမ်မာပဲ!။ ကျွန်တော် အရမ်းကံကောင်းသွားပြီ!!”
စန်းကျစ်လည်း ကိုယ့်စွမ်းရည်ကိုယ် ကျေနပ်ပါသည်။ ထို့အပြင် ချင်းယုဟွမ်၏ ကလေးဆန်သော အပြုအမူများကြောင့် ပြုံးမိသွားသည်။
“ဒါဘာလုပ်နေကြတာလဲ”
ရုတ်တရက် ထွက်ပေါ်လာသော အသံနက်နက်ကြီးကြောင့် သူတို့ရဲ့ ကလေးဆန်သော အပြုအမူများ ရပ်တန့်သွားလေသည်။
နှစ်ယောက်စလုံး အခန်းတံခါးဝကို လှမ်းကြည့်လိုက်ရာ ချင်းယုဟွိုင်းကို မြင်လိုက်ရလေသည်။ ချင်းယုဟွိုင်းက သူတို့ကို မှောင်မိုက်စွာ ရပ်ကြည့်နေပါသည်။
“အစ်ကိုကြီး ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”။ ချင်းယုဟွမ်ကတော့ ပြဿနာ ဘယ်လောက်ကြီးသလဲ နားလည်ပုံ မပေါ်သေးပေ။
ချင်းယုဟွိုင်း ဘာမှ မပြောဘဲ စန်းကျစ်ကိုသာ စိုက်ကြည့်နေပါသည်။
ချင်းယုဟွိုင်း၏ အကြည့်ကို စန်းကျစ် ခံစားမိသော်လည်း ဘာကြောင့် ဒီလိုကြည့်နေသလဲဆိုတာ နားမလည်ပါ။
“အစ်ကိုကြီး”။ ချင်းယုဟွိုင်းကို ကြောင်စီစီကြည့်ရင်း ချင်းယုဟွမ် ထပ်ခေါ်လိုက်ပါသည်။
ထိုအခါမှ ချင်းယုဟွိုင်း သူ့ညီကို လှည့်ကြည့်လိုက်ပြီး ရှုပ်ပွနေသော ဆံပင်များ၊ တွန့်ကြေနေသော အဝတ်အစားများကို မြင်လိုက်ရသည်။ “ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ဘာလို့မနေတာလဲ။ အပေအတေကျနေတာပဲ”
“ငါ သပ်သပ်ရပ်ရပ်နေပါတယ်ဟ! မနက်တုန်းက ခေါင်းတောင်လျှော်ထားသေးတယ်!”။ ချင်းယုဟွမ် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။
ဒီနေ့ သူ့ပုံစံက ကြည့်ပျော်ရှုပျော်ရှိသည်ဟု ချင်းယုဟွမ် ယုံကြည်ပါသည်။
စန်းကျစ်နဲ့ မတွေ့ခင် လေးစားသမှုဖြင့် ခေါင်းပင် လျှော်ထားသေးသည်။
သူ့အစ်ကိုကြီးက သူ့ဝတ်စားဆင်ယင်ပုံကို ဘာကြောင့် ဝေဖန်နေတာလဲ ချင်းယုဟွမ် နားမလည်နိုင်ပါ။
ထို့ကြောင့် စန်းကျစ်ကို ချင်းယုဟွမ် လှည့်မေးလိုက်သည်။ “အစ်မ မုရှင်း။ ကျွန်တော် ဒီနေ့ ဝတ်ထားတာ ပြဿနာ ရှိလို့လား”
စန်းကျစ်က ခေါင်းခါလိုက်ပါသည်။ “မရှိပါဘူး”။
စန်းကျစ်ကိုယ်တိုင်ကလည်း အဝတ်အစားကို လှလှပပ ဝတ်ဆင်တတ်သူ မဟုတ်ပါ။ အမြဲတမ်းလိုလို ရိုးရှင်းပြီး သက်တောင့်သက်သာ ရှိသော အားကစားဝတ်စုံကိုသာ ဝတ်တတ်ပါသည်။
ချင်းယုဟွမ်ကို မြင်ခါစက အံ့အားသင့်သွားမိတာကလည်း အစ်ကိုဖြစ်သူ ချင်းယုဟွိုင်းနဲ့ နှိုင်းယှဉ်မိတာကြောင့် ဖြစ်သည်။
“တွေ့လား အစ်ကိုကြီး။ အစ်မ မုရှင်းကတောင် ဘယ်လိုမှ မထင်ဘူး။ မင်းကိုက အတွေးလွန်နေတာပါ။ ငါနဲ့ အစ်မ မုရှင်းတို့လို နည်းပညာသမားတွေက အဝတ်အစားတွေ ဘာတွေ စိတ်မဝင်စားကြဘူး”
ချင်းယုဟွမ်က သူ့ကိုယ်သူ စန်းကျစ်နဲ့ ယှဉ်တွဲပြလိုက်ပါသည်။
သို့သော်လည်း သူ့ကို ကြည့်နေသည့် ချင်းယုဟွိုင်း၏ အကြည့်က စက္ကန့်တိုင်း ပိုမို အကျည်းတန်လာတာကိုတော့ ချင်းယုဟွမ် မသိခဲ့ချေ။
… … …