အခန်း (၄၃၄-၄၃၅)
Vol. 18 Ch. 434-435
အခန်း(၄၃၄) ညီအရင်းကို ချင်းယုဟွိုင်း မနာလိုဖြစ်ခြင်း (၂)
“မင်းတို့နှစ်ယောက် တော်တော် လိုက်ဖက်ကြတယ်နော်”။ ချင်းယုဟွိုင်းက ပြောလိုက်ပါသည်။
သူ့လေသံက အေးစက်ပြီး အရွဲ့တိုက်သည့် အရိပ်အယောင်လည်း ပါသည်။ မျက်နှာထားက အုံ့မှိုင်းနေပြီး ဒေါသတချို့ ထင်ပေါ်နေလေသည်။
သို့သော် ချင်းယုဟွမ်က ဘာမှ မသိပေ။ စန်းကျစ်ကလည်း ချင်းယုဟွိုင်း၏ စိတ်ကို မဖတ်တတ်ပါ။ “ဟားဟားဟား။ အမှန်ပဲ။ အစ်မမုရှင်းကို အစောကြီးကတည်းက မတွေ့ခဲ့တာ နောင်တရတယ်။ မင်းငါတို့ကို အစောကြီးကတည်းက မိတ်ဆက်ပေးခဲ့ရမှာ အစ်ကိုကြီးရာ!”
စူစူလေးက သူတို့ ၃ ယောက်ကို မော့ကြည့်လိုက်သည်။
ထို့နောက် ရုတ်တရက် ဝင်ပြောလိုက်ပါသည်။ “မမလှလှနဲ့ ဒီတူလေးနဲ့က လိုက်ဖက်တယ်လို့ ပြောလိုက်တာလား တူကြီး”
စူစူလေးရဲ့ နားလည်နိုင်စွမ်းက မသေးသဖြင့် သူမတူကြီးစကား အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပါသည်။
ချင်းယုဟွိုင်း စူစူလေးကို ငုံ့ကြည့်လိုက်ပြီး သူမ မေးခွန်းကို ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်သွားလေသည်။
စူစူလေးက ထပ်ပြောလိုက်သည်။ “အဲ့တာဆို မေမေပြောသလို သူတို့ လက်ထပ်လို့ရတာလား”
ချင်းယုဟွိုင်းနဲ့ ချင်းယုချဲတို့အား မိန်းမရှာဖို့ အဘိုးချင်းနဲ့အဘွားချင်း တိုက်တွန်းနေတာကို စူစူလေး ကြားဖူးပါသည်။ သင့်တော်လိုက်ဖက်သည့် လူနဲ့ ဆုံလျှင် အခွင့်အရေးကို အရယူပြီး လက်ထပ်ရမည်ဟု ကြားဖူးသည်။
ဒါ့ကြောင့် လိုက်ဖက်ရင် လက်ထပ်လို့ရတယ်မလား။
ဉာဏ်ကောင်းလိုက်တဲ့ငါ!
ချင်းယုဟွမ် ကြက်သေသေသွားသော်လည်း အကျယ်ကြီး အော်ရယ်လိုက်မိသည်။
သူ့ဒေါ်လေးရဲ့တွေးခေါ်ပုံက အလွန်ရိုးရှင်းသည်ဟု ချင်းယုဟွမ် တွေးမိပြီး ရယ်မိသွားခြင်းဖြစ်သည်။ သို့သော် သူ့ရယ်သံကြောင့် သူ့အစ်ကိုကြီး စိတ်မကျေမနပ်ပိုဖြစ်သွားတာကို သတိမထားမိချေ။
စူစူလေးက အတည်ပေါက် ပြောလိုက်သည်။ “မရယ်နဲ့! လက်ထပ်တယ်ဆိုတာ အရေးကြီးတဲ့ကိစ္စလို့ ဖေဖေနဲ့ မေမေက ပြောတယ်!”
ချင်းယုဟွမ် ပြုံးလိုက်ပြီး စူစူလေးပြောတာကို ထောက်ခံလိုက်ပါသည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စပါ။ အဲ့တာဆို ငါတို့နှစ်ယောက်ကို ဘယ်တော့ လက်ထပ်စေချင်လဲ။ မင်္ဂလာပွဲကို အနောက်တိုင်းစတိုင် ကျင်းပစေချင်လား။ ပြီးတော့ ဘုရားကျောင်းမှာ ကျင်းပရမလား Outdoor ကျင်းပရမလား”
စူစူလေးက အရမ်းစိတ်အားထက်သန်နေသဖြင့် ချင်းယုဟွမ် ဆက်ပြီး ကျီစယ်ချင်သွားပါသည်။
“အာ့က… မမလှလှကို မေးကြည့်လေ။ သူက သတို့သမီးဆိုတော့ သူပြောသမျှ စိတ်ကျေနပ်အောင် လိုက်လုပ်ပေးရမယ် ဟုတ်ပြီလား”။ စူစူလေးက ပြောလိုက်ပါသည်။
“ဟုတ်ပါပြီ။ အဲ့တာဆို မမလှလှကို ဘယ်လိုမင်္ဂလာပွဲမျိုး သဘောကျလဲလို့ မေးကြည့်လိုက်မယ်”။ ချင်းယုဟွမ်က အပြုံးဖြင့် ပြောကာ စန်းကျစ်ကို လှည့်မေးလိုက်သည်။ “ကဲ အစ်မ မုရှင်း။ ဘယ်လို မင်္ဂလာဆောင်ကြမလဲ”
“တော်ပါတော့… အဲ့လိုတွေ လျှောက်မပြောပါနဲ့”။ စန်းကျစ် ရှက်ရွံ့ ပြောလိုက်သည်။
ချင်းယုဟွမ် နောက်နေတာဖြစ်မှန်း သူမ သိသော်လည်း ရှက်သွေးဖြာလာမိပါသည်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ဒေါ်လေးက အစ်မသဘောထားကို သိချင်လို့တဲ။ ဟုတ်တယ်မလား ဒေါ်လေး”
“ဟုတ်တယ် ဟုတ်တယ်!”။ စူစူလေးက ခေါင်းငြိမ့်ပါသည်။
“တွေ့လား ကျွန်တော့်ဒေါ်လေး ထောက်ခံနေတယ်”
ချင်းယုဟွမ်က စူစူလေးကို ပျော်စေချင်သဖြင့် စနောက်ကျီစယ်နေတာဖြစ်သည်။
သို့သော် ချင်းယုဟွိုင်းကတော့ ဒီလိုမမြင်ပါ။
ချင်းယုဟွမ်ကို ခက်ထန်စွာ ကြည့်လိုက်ပြီး သွေးအေးစွာ ပြောလိုက်ပါသည်။ “မင်းတို့ ဒီနေ့မှ တွေ့ဖူးတာ။ စနောက်တယ်ဆိုတာ အတိုင်းအတာတစ်ခုရှိရတယ်။ အရာရာကို ဟာသလုပ်လို့ မကောင်းဘူး”
ချင်းယုဟွမ်က ရှင်းပြလိုက်သည်။ “အစ်ကိုကြီးကလည်း အဲ့လိုတည်တည်တံ့တံ့ကြီး မလုပ်စမ်းပါနဲ့။ ဒီတိုင်း အပျော်သဘော ပြောတာပါ။ ပြီးတော့ တွေ့တာမကြာသေးတာနဲ့ပဲ မေတ္တာမမျှနိုင်ဘူးလို့ ပြောလို့မရဘူးလေ။ မြင်မြင်ချင်း ချစ်သွားတဲ့ ဇာတ်လမ်းတွေ မကြားဖူးဘူးလား”။
ချင်းယုဟွမ်က အခြေအနေကို နားမလည်သေးဘဲ မျက်နှာပြောင်လို့ ကောင်းနေဆဲဖြစ်သည်။
ချင်းယုဟွိုင်း အကြည့်များ စူးရှသွားပြီး သတိပေးလိုက်သည်။ “သူက မင်းစိတ်ကူးလို့ရတဲ့ မိန်းကလေး မဟုတ်ဘူး။ မင်း မိန်းမလိုချင်ရင် တခြားတစ်ယောက်ကို ရှာလိုက်”
ထိုစကားကြားမှ ချင်းယုဟွမ် အံ့အားသင့်သွားပြီး တစ်ခုခု မူမမှန်တာကို သတိထားမိသွားပါသည်။
အလုပ်ကိစ္စကြောင့် သူ့အစ်ကိုကြီး ဒီလိုပုံစံဖြစ်နေတာဟု ထင်ခဲ့မိသည်။ သို့သော်လည်း အခု သူ့အစ်ကိုကြီး ပြောလိုက်သည့် စကားကြောင့် ချင်းယုဟွမ် ထူးထူးဆန်းဆန်း ခံစားလိုက်ရပါသည်။
ချင်းယုဟွမ် ခေါင်းထဲ အတွေးတစ်ခုဝင်လာပြီး ချင်းယုဟွိုင်းမျက်နှာကို အနီးကပ် အကဲခတ်လိုက်ပြီး မေးလိုက်လေသည်။ “အစ်ကိုကြီး မင်းသဝန်တိုနေတာလား”
… … …
အခန်း(၄၃၅) တတိယဘီးလေး မဖြစ်ဖို့
ချင်းယုဟွိုင်းက မျက်နှာကြီး ခက်ထန်နေဆဲဖြစ်ပြီး ဘာမှ ပြန််မပြောပါ။
သူ့အပြုအမူက သဝန်တိုတာကို ပြသနေသလားဆိုတာလည်း နားမလည်ပါ။
သို့သော် ချင်းယုဟွမ်ကတော့ ချင်းယုဟွိုင်း၏ တိတ်ဆိတ်မှုကို အဖြေအဖြစ် မှတ်ယူလိုက်ပါသည်။
သူ့အစ်ကိုကြီး တကယ် သဝန်တိုနေတာပဲ!
သတန်တိုနေတာကြောင့်သာ မဟုတ်ရင် ဟာသလုပ်တာတောင် မခံနိုင်ဘဲ သူ့အစ်ကိုကြီး ဒီလောက် စိတ်တိုနေမှာမဟုတ်ဘူး!
အရင်တုန်းက တည်တည်ကြည်ကြည် ခံ့ခံ့ညားညားနေတတ်တဲ့ သူ့အစ်ကိုကြီးက သဝန်တွေဘာတွေ တိုနေပါလား…။
ဒါဆို… သူ့အစ်ကိုကြီး သူတို့အတွက် မရီးရှာတွေ့သွားပြီဆိုတဲ့သဘောလား။
ချင်းယုဟွမ် စိတ်ကိုအမြန်ထိန်းကာ စူစူလေးကို အမြန် ပွေ့ချီလိုက်ပါသည်။
“စူစူလေးကို အိမ်သာလိုက်ပို့ပေးလိုက်ဦးမယ်။ နွားနို့တွေသောက်ပြီး ရှူးပေါက်ချင်လို့တဲ့!”
တွေ့ကရာ ဆင်ခြေပေးပြီး စူစူလေးကို သယ်ကာ ချင်းယုဟွမ် အခန်းထဲမှ အမြန်ဆုံး ထွက်ပြေးသွားပါသည်။ ထို့အပြင် အခန်းတံခါးကိုလည်း သေချာပိတ်ခဲ့ပြီး သူတို့ကို နှစ်ယောက်တည်း ထားခဲ့လိုက်သည်။
အပြင်ရောက်သောအခါ တံခါးကို မှီလျက် ချင်းယုဟွမ် သက်ပြင်းချလိုက်ပါသည်။ “အရိပ်အကဲကြည့်လိုက်မိလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါစဉ့်တီတုံးပေါ် ရောက်သွားလောက်ပြီ!”
“ငါ ရှူးမပေါက်ချင်ပါဘူး”။ စူစူလေးက ငြင်းသည်။
ဒီတူလေးက မဟုတ်တာတွေ ပြောနေပြန်ပြီ။
“ဟုတ်ပါတယ်။ စူစူလေး ရှူးမပေါက်ချင်မှန်း သိပါတယ်”။ ချင်းယုဟွမ် ပြောလိုက်သည်။
“အဲ့တာဆို ဘာလို့ အပြင်ခေါ်လာတာလဲ”။
“အစ်ကိုကြီးနဲ့ မမလှလှတို့အတွက် အခွင့်အရေး ဖန်တီးပေးဖို့ပေါ့”
“ဘယ်လို အခွင့်အရေးလဲ”
“တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်း စကားပြောလို့ရမယ့် အခွင့်အရေးလေ။ သတိမထားမိဘူးလား။ ငါ့အစ်ကိုကြီး ဒီလောက် သဝန်တိုနေတာကို။ အဲ့တာကြောင့် အစ်မ မုရှင်းကို သဘောကျနေတာဖြစ်မယ်! ငါ့အစ်ကိုကြီး ငယ်ငယ်ကတည်းက ရည်းစားမထားဖူးလို့ အစ်မ မုရှင်းကို ကြိုက်နေမှန်း သူ့ကိုယ်သူတောင် သိမှာမဟုတ်ဘူး”
ချင်းယုဟွမ်က သုံးသပ်ပြလိုက်ပါသည်။
“အဲ့တော့ ဘာဆက်ဖြစ်မှာလဲ”။ စူစူလေးက မေးလိုက်သည်။
“အဲ့တော့ ငါအကွက်ဆင်ပေးလိုက်ပြီလေ။ ငါ့အစ်ကိုကြီးက သဝန်တွေတိုပြီး ဒေါသထွက်နေတာ။ ရင်ထဲမှ ရှိတာတွေ ထုတ်ပြောဖို့ အချိန်ကောင်းပဲ! ငါတို့နှစ်ယောက် အဲ့ထဲမှာ ဆက်နေဖို့ မသင့်တော်တော့ဘူး!”
ချင်းယုဟွမ်က ရည်းစားတစ်ခါမှ မထားဖူးသော်လည်း Romance ဇာတ်လမ်းတွဲတွေ အများကြီး ကြည့်ပြီး ပညာတွေ ယူထားပါသည်။
ထိုပညာတွေကို လက်တွေ့ဘဝမှာ ထုတ်သုံးနိုင်သည်။
“အဲ့လိုလား… ဟုတ်ပြီ ဟုတ်ပြီ!”။ စူစူလေးက ချင်းယုဟွမ် ရှင်းပြတာကို လက်ခံလိုက်ပါသည်။
“နင်က နားလည်လို့လား”။ သူ ရှင်းပြလိုက်သော်လည်း စူစူလေး တကယ် နားလည်လိမ့်မည်ဟု ထင်မထားပါ။
“နားလည်ပါတယ်”
“အဲ့တာဆို ငါဘာပြောတာလဲ ပြန်ပြောပြစမ်း”
“တူကြီးက မမလှလှကို လက်ထပ်ချင်နေတာ။ အဲ့တာ သူတို့နှစ်ယောက် လက်ထပ်လို့ရအောင် ငါ့ကို အပြင်ခေါ်လာပေးတာမလား”
“အင်း…”
စူစူလေးရဲ့ သုံးသပ်ချက်က မှန်သလိုလိုရှိသော်လည်း တစ်ခုခု လွဲနေသလို ခံစားရသည်။
“ထားလိုက်ပါတော့။ ဒီတိုင်းပဲ ထားလိုက်တော့။ ဟိုဘက်အခန်းမှာ ကာတွန်းကား သွားကြည့်ကြမယ်”။ ချင်းယုဟွမ်က ပြောလိုက်သည်။
သူ့အစ်ကိုကြီးအတွက် တတိယဘီးလေး မဖြစ်စေဖို့ စူစူလေးနဲ့အတူ Anime ကြည့်ဖို့သာ ချင်းယုဟွမ် ဆုံးဖြတ်လိုက်ပါသည်။
“ကြည့်လို့မရဘူး။ ငါကာတွန်းကား ကြည့်ချိန်မရောက်သေးဘူး”
သူမက အလွန်လိမ္မာပြီး စည်းကမ်းရှိသော နတ်သားရဲမလေးဖြစ်၏။ ကာတွန်းကား ကြည့်ချိန်မရောက်သေးဘဲ မကြည့်နိုင်ပါ။
“ဟုတ်လား”။ ချင်းယုဟွမ် လက်ခံလိုက်ပါသည်။ ကလေးတွေ ဖန်သားပြင်ရှေ့မှာပဲ တစ်ချိန်လုံးရှိမနေသင့်တာ မှန်ပါသည်။ “အဲ့တာဆို… အောက်မှာ လမ်းဆင်းလျှောက်ကြမယ်လေ”
ချင်းယုဟွမ်က အပြင်ထွက်ရတာ သိပ်မကြိုက်ပါ။ သို့သော်လည်း စူစူလေးအတွက် ခြွင်းချက်ထားပေးနိုင်သည်။
“အွန်း လျှောက်ကြမယ်”။ စူစူလေး သဘောတူလိုက်သည်။ “လာလာ လက်ချင်းတွဲထား”။ စူစူလေးက ချင်းယုဟွမ်၏ လက်ကို တွဲလိုက်ပြီး ဓာတ်လှေကားဆီ ခေါ်သွားလိုကက်ပါသည်။
ချင်းယုဟွမ်နဲ့ စူစူလေးတို့ ထွက်သွားကြသောအခါ အခန်းထဲ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ နှစ်ယောက်တည်းသာ မတ်တပ်ရပ်လျက်သား ကျန်ခဲ့ကြလေသည်။
အခန်းထဲမှာလည်း ချင်းယုဟွမ်ရဲ့ Anime အရုပ်တွေ၊ ကွန်ပျူတာတွေကလွဲပြီး ဘာမှမရှိသဖြင့် စန်းကျစ် ပုန်းစရာ နေရာတောင် ရှာမရချေ။
… … …