အခန်း (၄၃၆-၄၃၇)
Vol. 18 Ch. 436-437
အခန်း(၄၃၆) နီးစပ်ချင်တယ်
စန်းကျစ် ခေါင်းကိုငုံ့ထားပြီး ချင်းယုဟွိုင်းရဲ့ မျက်လုံးတွေကို တိုက်ရိုက်မကြည့်ရဲပါ။
သူမ ဘာကြောင့် ကြောက်နေမိတာလဲ နားမလည်ပေ။ သူမ ဘာအမှားမှ လုပ်ထားတာလည်း မဟုတ်ပါ။ သို့သော် သူမကို ချင်းယုဟွိုင်း ဒီလို စူးစူးရှရှ စိုက်ကြည့်လာတိုင်း စန်းကျစ် ကြောက်ရွံ့မိသည်။
ခဏကြာတော့ စန်းကျစ်လည်း မနေနိုင်တော့ဘဲ ချင်းယုဟွိုင်းကို မေးလိုက်ပါသည်။ “ခုနက… ရှင့်ညီပြောသွားတာ… ရှင်သဝန်တိုနေတယ်ဆို”
“အဲ့ဒီကောင် မဟုတ်တာတွေပြောနေတာ။ သူ့ကို စိတ်ထဲမထားနဲ့”။ ချင်းယုဟွိုင်းက ပြန်ပြောလိုက်ပါသည်။
စိတ်ပြန်လည် တည်ငြိမ်သွားခါမှ သူ့ညီနဲ့ စန်းကျစ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်မှန်း ချင်းယုဟွိုင်း နားလည်သွားပါသည်။
ခုနက သူတို့နှစ်ယောက် ပျော်ရွှင်နေကြတာကို ကြည့်ပြီး သူသဝန်တိုစိတ်ဖြစ်သွားမိတာဖြစ်သည်။ ကိုယ့်ညီအရင်းကို မနာလိုဖြစ်ရလိမ့်မည်ဟု ချင်းယုဟွိုင်း ဘယ်တုန်းကမှ မထင်ခဲ့ပါ။
“ဪ တော်သေးတာပေါ့”။ စန်းကျစ် သက်ပြင်းချလိုက်မိပါသည်။ မဟုတ်လို့ တော်သေးတာပေါ့။ “အဲ့တာဆို… ခုနက…”
စန်းကျစ် စကားမဆုံးခင် ချင်းယုဟွိုင်းက သူမနား အလွန်ကပ်လာပါသည်။
သူတို့နှစ်ယောက်ရဲ့ အကွာအဝေးက ၃ မီတာမှ ၃၀ စင်တီမီတာအထိ ကျုံ့သွားလေသည်။
နှစ်ယောက်သား နီးကပ်လွန်းနေသဖြင့် ချင်းယုဟွိုင်းရဲ့ အသက်ရှူသံတွေကိုတောင် စန်းကျစ် ကြားနေရပါသည်။
အခန်းထဲမှာ တခြား ဘာသံမှမကြားရသဖြင့် စန်းကျစ် ရင်ခုန်သံတွေ ကျယ်လောင်လာတာကို ခံစားမိသည်။
“ရှင်… ရှင်ဘာလုပ်မလို့လဲ”။ စန်းကျစ် စိတ်ဖိစီးစွာ မေးလိုက်လေသည်။
“မသိဘူး။ ငါ့ခေါင်းထဲမှာ မင်းနဲ့ နီးစပ်ချင်တယ်ဆိုတဲ့ အသံတွေကြားရလို့”။ ချင်းယုဟွိုင်းက ပြန်ပြောလိုက်သည်။
သူမနဲ့ နီးစပ်ချင်လွန်းသဖြင့် ဒီနေ့ စူစူလေးကို လာခေါ်ဖို့ အကြောင်းပြချက်ဖြင့် သူ ရောက်လာခဲ့ခြင်းဖြစ်သည်။
စန်းကျစ် မျက်လုံးပြူးသွားပြီး ချင်းယုဟွိုင်းကို ရီဝေစွာ စိုက်ကြည့်နေမိသည်။
အဲ့တာ ဘာအဓိပ္ပာယ်လဲ။ သူမနဲ့ နီးစပ်ချင်တယ်ဟုတ်လား။
စန်းကျစ်ရဲ့ ဇဝေဇဝါ မျက်လုံးလေးတွေကို ကြည့်ရင်း ရင်ထဲက ခံစားချက်နောက်လိုက်ကာ ချင်းယုဟွိုင်း ပိုပြီး တိုးကပ်လာခဲ့သည်။
စန်းကျစ် နှလုံးခုန်နှုန်းတွေ အဆမတန် မြင့်တက်နေပါပြီ။
“အား!!! စူစူလေးကို သွားရှာတော့မယ်!”။ စူစူလေး ရုတ်တရက် အော်လျက် ထွက်ပြေးသွားလေသည်။
ချင်းယုဟွိုင်းတစ်ယောက်တည်း မျက်နှာမှောင်မိုက်လျက် ကျန်ခဲ့ပြီး အခွင့်အရေးတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရလေတော့သည်။
--- --- ---
ချင်းယုဟွမ်ကို ခေါ်ပြီး စူစူလေး အဆင့်မြင့် အလှအပရေးရာ စင်တာ ‘ကျန့်မှုံ့’အတွင်းသို့ ဝင်ရန် ပြင်လိုက်သည်။
“စူစူလေး! အဲ့ထဲ ဝင်လို့မရဘူးလေ”။ ချင်းယုဟွမ် ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားပါသည်။
ဒီဆိုင်ကြီးက အရမ်း ဈေးကြီးတာ! သာမန်လူတွေ ဒီထဲ လွယ်လွယ်ကူကူ ဝင်ဖို့ မဖြစ်နိုင်ဘူး!
သူ့မှာ သန်း ၅၀ ရှိခဲ့တုန်းကတော့ စူစူလေးပျော်ဖို့ဆို သွားချင်သည့်နေရာ ချင်းယုဟွမ် လိုက်ပိုပေးမှာဖြစ်သည်။
ယခုတော့ သူလည်း မွဲတေသွားပြီဖြစ်ကာ ဒီလို ဆိုင်ကြီးထဲ မဝင်ရဲတော့ပါ။
“ဘာလို့လဲ”။ စူစူလေးက မေးလိုက်သည်။
“သာမန်လူတွေ ဒီကိုလာလို့မရဘူး”။ ချင်းယုဟွမ်က ရှင်းပြလိုက်ပါသည်။
“စိတ်မပူနဲ့ ဒေါ်လေးမှာ ကတ်ရှိတယ်!”။ စူစူလေးက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။
ထို့နောက် သူမရဲ့ မူကြို ကျောင်သားကတ်လေးကို ထုတ်ပြလိုက်သည်။
အမ်…
အဲ့တာ မူကြိုကျောင်းသားကတ်လေး မဟုတ်ဘူးလား။ ဒီမှာ ဘယ်လိုလုပ်သုံးလို့ရမှာလဲ…။
စူစူလေးကို ချင်းယုဟွမ် သေချာရှင်းပြဖို့ ကြံလိုက်စဉ် ဆိုင်ဧည့်ကြိုဝန်ထမ်းက စူစူလေး၏ ကျောင်းသားကတ်ကို မြင်ပြီး နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါသည်။ “ကြိုဆိုပါတယ် သခင်မလေးစူစူ! ကျေးဇူးပြုပြီး VIP ကတ်လေးကို သေချာ သိမ်းထားပြီး ဝင်ခဲ့ပါ”
ဟမ်…။
ချင်းယုဟွမ် မျက်လုံးများပြူးသွားပြီး ဧည့်ကြိုဝန်ထမ်းမလေးကို ကြည့်လိုက်သည်။ သူမ မျက်လုံးကော ကောင်းသေးရဲ့လား။
ဒီကတ်က ဟုံဖုန်းမူကြိုကျောင်းသားကတ်ကြီးကို ဘယ်လိုလုပ် VIP ကတ်ဖြစ်သွားရတာလဲ။
သူအမြင်မှားတာ မဖြစ်စေဖို့အတွက် ချင်းယုဟွမ် ခြေလှမ်း ၂ လှမ်းလောက် နောက်ပြန်ဆုတ်ပြီး ဆိုင်းဘုတ်ကို သေချာ ကြည့်ရှုလိုက်သည်။
သေချာပါသည်။ အဆင့်မြင့် အလှအပရေးရာ စင်တာ ‘ကျန့်မှုံ့’ဟု ရေးသားထားသည်။
ချင်းယုဟွမ်က ဧည့်ကြိုဝန်ထမ်းမလေးကို သေချာ မေးမြန်းကြည့်လိုက်၏။ “ဟုံဖုန်းမူကြိုကျောင်းနဲ့ ပါတနာအဖြစ် လက်တွဲထားလို့လား”
… … …
အခန်း(၄၃၇) VIP စူစူလေး
ဝန်ထမ်းမလေးက ပြုံးကာ ပြန်ဖြေလိုက်ပါသည်။ “သခင်မလေးစူစူက ကျွန်မတို့ရဲ့ VIP ကတ်စတမ်မာ တစ်ယောက်ပါ”
တကယ်ကြီးလား!
ချင်းယုဟွမ် အလွန်နားလည်ရခက်သွားပါသည်။
သူမှတ်မိတာ မမှားလျှင် ဒီဆိုင်က မန်ဘာစနစ်ဖြင့် လည်ပတ်တာဖြစ်သည်။ မန်ဘာကြေးက တစ်နှစ်ကို ယွမ် ၁၀၀,၀၀၀ ကျော်သည်။
ထို့အပြင့် သူ့မိသားစုထဲမှာလည်း မန်ဘာစနစ်လျှောက်ထားသူ မရှိပါ။
“VIP ကတ်ကကော”။ ချင်းယုဟွမ် ထပ်မေးလိုက်သည်။
သူ့မိသားစုဝင်တစ်ယောက်ယောက်က မန်ဘာဝင်လျှောက်ထားသည်ဆိုရင်တောင် စူစူလေးရဲ့ ကျောင်းသားကတ်က VIP ကတ် မဖြစ်နိုင်ဘူးမလား။
ဧည့်ကြိုဝန်ထမ်းမလေးက ပြုံးသာ ပြုံးပြလိုက်ပြီး ချင်းယုဟွမ်ရဲ့ မေးခွန်းကို ပြန်မဖြေပါ။
ချင်းယုဟွမ် ကြောင်စီစီဖြစ်နေစဉ် စူစူလေးက ယုံကြည်ချက်အပြည့်ဖြင့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး အရှိန်အဝါကြီးစွာ အမိန့်ပေးလိုက်သည်။ “ငါ့တူလေးကို ရုပ်ချောပြီး ကြည့်ကောင်းအောင် လုပ်ပေးလိုက်!”
သူမ တူလေးက လိမ္မာပါသည်။ သို့သော် ဆံပင်တွေက ရှုပ်ပွနေသဖြင့် ကြည့်ကောင်းသွားအောင် သန့်ရှင်းရေး လုပ်ပေးရမည်။
“ဟုတ်ကဲ့ပါ”။ ဆိုင်ဝန်ထမ်းက တလေးတစား ပြန်ပြောလိုက်ပါသည်။
ထိုစဉ် ရုတ်တရက်ဆိုသလို ချင်းယုဟွမ်အား ဆိုင်ဝန်ထမ်းများစွာ ဝန်းရံလိုက်ကြသည်။
“ဘာ… ဘာလုပ်ကြမလို့လဲ”။ ချင်းယုဟွမ် အနည်းငယ် စိတ်ချောက်ချားသွားသည်။ သူဒါမျိုး တစ်ခါမှမ ကြုံဖူးပါ။
“မကြောက်ပါနဲ့ သခင်မလေးစူစူရဲ့ တူလေး။ ကျွန်မတို့က ပရော်ဖက်ရှင်နယ်တွေပါ။ သခင်မလေးစူစူ တောင်းဆိုထားတဲ့အတိုင်း လှပသွားအောင် ပြုပြင်ပေးမလို့ပါ”။
“တကယ်ကြီး လုပ်တော့မလို့လား။ ကျွန်တော်တို့မှာ ရှင်းစရာ ပိုက်ဆံမရှိဘူး…”
သူ့အစ်ကိုကြီးကို ဖုန်းဆက်ပြီး ဒီဆိုင်ထဲမှ လာကယ်ထုတ်ပေးရန် အကူအညီတောင်းဖို့တောင် ချင်းယုဟွမ် စဉ်းစားနေမိပါပြီ။
သူ့အစ်ကိုကြီး အခြေအနေကောင်းနေတာကို နှောင့်ယှက်မိမှာစိုးလို့သာ စိတ်ထိန်းထားခြင်းဖြစ်သည်။ သူ့အိမ်မှာ အခြေအနေကောင်းနေကြရင် ဖုန်းဆက်ခေါ်ရမှာ မသင့်တော်ဘူးမလား။
ချင်းယုဟွမ် စိတ်ထဲမှာ ဇာတ်လမ်းအစအဆုံးကို မြင်ယောင်နေပါပြီ။
ဆိုင်ဝန်ထမ်းများက သူ့ကို အာမခံလိုက်ပါသည်။ “စိတ်မပူပါနဲ့ သခင်မလေးစူစူရဲ့ တူလေး။ သခင်မလေးစူစူက ကျွန်မတို့ ဆိုင်ရဲ့ VIP မန်ဘာပါ။ ကုန်ကျစရိတ်တွေအားလုံး ကျွန်မတို့ဘက်ကပဲ ကျခံမှာပါ”
“အမှားအယွင်းဖြစ်တာ မဟုတ်မှန်း သေချာအောင် နောက်တစ်ခါ စစ်မကြည့်ချင်ကြဘူးလားဟင်”
ဆိုင်ဝန်ထမ်းတွေ အချက်အလက်တစ်ခုခု မှားဖတ်တာဖြစ်လိမ့်မည်ဟု ချင်းယုဟွမ် ထင်နေဆဲဖြစ်သည်။
သို့သော်လည်း ချင်းယုဟွမ်ရဲ့ မေးခွန်းတွေကို ဆက်မဖြေတော့ဘဲ ဆိုင်ဝန်ထမ်းများက သူ့ကို ဆွဲခေါ်သွားကြပါသည်။
ထိုစဉ် ဆိုင်ဝန်ထမ်းတစ်ဦးက စူစူလေးကို ဧည့်ခံနေပါသည်။
“သခင်မလေးစူစူ ဘာသောက်ချင်လဲ။ အရင်တစ်ခေါက်က သခင်မလေးစူစူအတွက် ဖောက်ပေးထားတဲ့ နို့မှုန့်ဘူးလေး ရှိသေးတယ်။ အဲ့တာပဲ သောက်မလား”
“အွန်း တစ်ခွက်ပေးပါ”။ စူစူလေးက လူကြီးလေးလို အမိန့်ပေးလိုက်ပါသည်။
“ဟုတ်ကဲ့ပါ”။ ဆိုင်ဝန်ထမ်းလည်း စူစူလေးအတွက် နို့မှုန့်အမြန်သွားဖျော်လိုက်ပါသည်။
သူတို့ဆိုင်မှာ ဒီလိုနို့မှုန့်ဘူးလေး တစ်ဘူးသာ ရှိသည်။ သူတို့ဆိုင်မှာ နို့မှုန့်သောက်သည့် တစ်ဦးတည်းသော ကတ်စမ်မာဖြစ်သော စူစူလေးအတွက် သိမ်းဆည်းပေးထားခြင်းဖြစ်သည်။
စူစူလေးက သူတို့ဆိုင်ရဲ့ မန်ဘာဝင်တစ်ယောက် ဖြစ်ရုံသာမကဘဲ သေသေချာချာ ဂရုစိုက်ပေးဖို့ သူတို့ဘော့စ်ကြီး မှာထားသော အထူးကတ်စတမ်မာတစ်ယောက်လည်း ဖြစ်သည်။
သူတို့က သာမန် ဆိုင်ဝန်ထမ်းများဖြစ်ကြသဖြင့် အလွန်ဆုံး ကိုယ့်ဆိုင်ခွဲ မန်နေဂျာကိုသာ မြင်ဖူးကြပါသည်။ တကယ့် ပိုင်ရှင်အစစ်အမှန် ဘော့စ်ကြီးကိုတော့ မျက်နှာမြင်ဖူးဖို့နေနေသာသာ အသံတောင် မကြားဖူးကြပါ။
သူတို့ ဘော့စ်ကြီးက လုပ်ငန်းနယ်ပယ်တိုင်းမှာ ထူးချွန်သည်ဟုသာ သိထားကြသည်။ အရင်တစ်ခေါက် စူစူလေး သူတို့ ဆိုင်ကို ရောက်လာတုန်းက စူစူလေးကို သေသေချာချာ ဂရုစိုက်ပေးဖို့ သူတို့ဘော့စ်ကြီး ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဆိုင်ဝန်ထမ်းတွေလည်း နည်းနည်းလေးတောင် ရေသာမခိုရဲဘဲ စူစူလေးကို လိုလေသေးမရှိအောင် ပြုစုပေးနေရခြင်း ဖြစ်ပါသည်။
စူစူလေးက နွားနို့အေးဆေးသောက်ရင်း ဆိုင်ဝန်ထမ်း ကာတွန်းစာအုပ်ဖတ်ပြနေတာကို နားထောင်နေပြီး သူမ တူလေးအလှပြင်ပြီးမည့်အချိန်ကို အေးအေးဆေးဆေး စောင့်နေပါသည်။
နာရီဝက်ခန့်ကြာသောအခါ စူစူလေးရှေ့သို့ ချင်းယုဟွမ် ပြန်ရောက်လာသည်။ ထို့နောက် မှန်တင်ခုံတစ်ခုံရှေ့မှာ ထိုင်ခိုင်းလိုက်ပြီး ဆံသဆရာက ချင်းယုဟွမ်ရဲ့ ဆံပင်များကို စတင် ညှပ်ပေးလေသည်။
… … …