← Chapters

အခန်း (၄၃၈-၄၃၉)

Vol. 18 Ch. 438-439

အခန်း (၄၃၈-၄၃၉)

Vol. 18 Ch. 438-439

အခန်း(၄၃၈) တူလေးကို ချောသွားအောင် လုပ်ပေး

ယုဟွမ်က စူစူလေးကို သနားစရာကောင်းစွာ ပြောလိုက်သည်။ “စူစူလေး ငါ့ကို ရေဝိုင်းချိုးပေးလိုက်ကြတယ်…”

“အွန်း သန့်ရှင်းသပ်ရပ်နေမှ ဖြစ်မှာပေါ့”။ စူစူလေးက ထောက်ခံပါသည်။

ထို့နောက် နွားနို့တစ်ငုံထပ်သောက်လိုက်ရာ နှုတ်ခမ်းမှာ နွားနို့အကွက်ကြီး ထင်သွားသည်။

“အမွေးတွေတောင် ရိတ်ပေးလိုက်တယ်…”။ ယုဟွမ် ဝမ်းနည်းစွာ ပြောလိုက်ပါသည်။

သူက အရွယ်ရောက်ပြီးသား ယောက်ျားကြီးပါ။ ဘာလို့ အမွေးတွေ ရိတ်ဖို့လိုတာလဲ!

“နာလို့လား”။ စူစူလေးက မေးလိုက်သည်။

“နာတော့ မနာပါဘူး”

ဒီဆိုင်က ဝန်ဆောင်မှုတွေက အတော်လေး ကောင်းတာကိုတော့ သူ ဝန်ခံရပါမည်။ လေဆာဖြင့် အမွေးအမျှင်တွေ ဖယ်ရှားတာက လုံးဝ မနာကျင်ရပါ။

“မနာရင် မငိုနဲ့လေ”။ စူစူလေးက ပြောလိုက်ပြီး ချင်းယုဟွမ်ရဲ့ ခေါင်းကို ပုတ်ပေးလိုက်ပါသည်။ “မကြောက်နဲ့ မကြောက်နဲ့။ ဒေါ်လေးရှိတယ် ဒေါ်လေး ကာကွယ်ပေးမယ်နော်”

ယုဟွမ် ရယ်ရခက် ငိုရခက်ဖြစ်သွားပါသည်။

သူ့ဒေါ်လေးက သူ့ကို ကလေးလေးတစ်ယောက်သဖွယ် ဆက်ဆံနေသည်။ သူ့ကို စိတ်ပါလက်ပါ အားပေးနေသည့် ပုံစံလေးက အလွန်ချစ်ဖို့ကောင်းပါသည်။ သို့သော် ချင်းယုဟွမ် အလွန်လည်း ရှက်မိပါသည်။

စူစူလေးက ယုဟွမ်၏ ဆံပင်အတွက် တာဝန်ယူထားသော ဆံသဆရာကို သေချာ ညွှန်ကြားလိုက်ပါသည်။ “ငါ့တူလေးကို ကြည့်ကောင်းအောင် သေချာလုပ်ပေးနော်!”

“ဟုတ်ကဲ့ပါ သခင်မလေးစူစူ။ စိတ်ချပါ”

ဆံသဆရာ အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။ ဆံပင်စတိုင်ကို စူစူလေး မကြိုက်မှာ စိုးရိမ်မိသည်။

ယုဟွမ် ဆံပင်ညှပ်ခံနေရစဉ် ဝန်ထမ်းတစ်ယောက် ထပ်ရောက်လာပြီး သူ့ရင်ဘတ်၊ လက်မောင်း၊ ခြေထောက်နဲ့ ခြေဖဝါးတွေကိုတောင် တိုင်းတာသွားပါသည်။

“အဲ့တာဘာလုပ်နေတာလဲ!”။ ယုဟွမ် ထပ်မေးလိုက်ပြန်သည်။

သူယားတတ်တဲ့နေရာတွေကို လိုက်ကိုင်နေတာပဲ!

“စိတ်မပူပါနဲ့ သခင်မလေးစူစူရဲ့ တူလေး။ ရှင့်အတွက် သင့်တော်မယ့် အဝတ်အစားတွေ ပြင်ဆင်ပေးမလို့ ကိုယ်အတိုင်းယူနေတာပါ”

“မလိုပါဘူး။ ကျွန်တော့် အဝတ်အစားနဲ့ ဖိနပ်တွေ အကောင်းတိုင်းရှိပါသေးတယ်”။ ယုဟွမ် ငြင်းဆန်လိုက်ပါသည်။

“သခင်မလေးစူစူရဲ့ တူလေး စိတ်မပူပါနဲ့။ ကျွန်မတို့ ပြပေးတဲ့ အဝတ်အစားတွေကို မကြိုက်ရင် လဲလို့ရပါတယ်”

“အဲ့လိုကြီး မခေါ်ပါနဲ့။ ကျွန်တော့်မှာ နာမည်ရှိတယ်…”

ယုဟွမ် နောက်ဆုံးတော့ သည်းမခံနိုင်တော့ပါ။ သူ့ကို ဝိုင်းခေါ်နေကြသည့် ပုံစံကို အမှန်ပြင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

“ဟုတ်ပါပြီ။ အဲ့တာဆို သခင်မလေးစူစူရဲ့ တူလေးနာမည်က ဘယ်လိုခေါ်လဲသိခွင့်ရမလား”။ ဝန်ထမ်းမလေးက မေးလိုက်ပါသည်။

ချင်းယုဟွမ် နှုတ်ခမ်းတွန့်သွားကာ ပြန်ဖြေလိုက်သည်။ “ချင်းယုဟွမ်ပါ”

“ကောင်းပါပြီပြီ မစ္စတာချင်းယုဟွမ်”

နာရီဝက်ခန့်ကြာသောအခါ ယုဟွမ်ရဲ့ ဆံပင်ကို စတိုင်အသစ် ပြောင်းလဲပြီးသွားပြီဖြစ်သည်။ ထို့အပြင် ဆိုင်က ထုတ်ပေးထားသည့် အဝတ်အား၊ ဖိနပ်တွေကိုလည်း ဆင်မြန်းပြီးသွားပြီဖြစ်သည်။

“စိတ်မရှိပါနဲ့ မစ္စတာချင်း။ ဒီနေ့ အလောတကြီးဖြစ်သွားလို့ ကိုယ်အတိုင်းနဲ့ နည်းနည်းတော်မယ့် အဝတ်အစားလေးတွေပဲ ထုတ်ပေးနိုင်တယ်။ ကျေးဇူးပြုပြီး နောက်တစ်ခါပြန်လာခဲ့ပါဦး။ မစ္စတာချင်းအတွက် သီးသန့် အဝတ်အစားတွေ၊ ရှူးဖိနပ်တွေ ပြင်ဆင်ပေးထားပါ့မယ်”။ ဝန်ထမ်းမလေးက တောင်းပန်လိုက်ပါသည်။

“ရပါတယ် ရပါတယ်!”။ မှန်ထဲက ပြောင်းလဲသွားသော သူ့ပုံသူကြည့်ရင်း ယုဟွမ် နေရထိုင်ရခက်သွားပါသည်။

အဝတ်အစားတွေက ကြည့်လို့ကောင်းသော်လည်း ဝတ်ထားရတာ တစ်မျိုးကြီးဖြစ်နေသည်။

“ကြည့်လို့ကောင်းတယ်!”။ စူစူလေးက ချီးကျူးလိုက်သည်။ “ငါ့တူလေး ချောသွားပြီ!”

“တကယ်လား”။ စူစူလေးရဲ့ ချီးကျူးစကားကြောင့် ယုဟွမ် မျက်နှာတောက်ပသွားသည်။

ဒီစတိုင်ကို သိပ်အသားမကျသေးသော်လည်း စူစူလေး ချီးကျူးတာကိုခံရတာ သဘောကျပါသည်။

အထူးသဖြင့် စူစူလေးက မျက်လုံးတောက်တောက်ပပလေးများဖြင့် စိတ်အားထက်သန်စွာ ချီးကျူးတတ်တာကြောင့် သူအလွန်စိတ်ကျေနပ်ရပါသည်။

“တကယ်ပြောတာ!”။ စူစူလေးက ယုံကြည်ချက်အပြည့်ဖြင့် ဖြေလိုက်ပါသည်။

သူမက မလိမ်တတ်ပါ။ သူမ ကြည့်ကောင်းသည်ဟု ပြောလျှင် တကယ်ကြည့်ကောင်းလို့ဖြစ်သည်။

ဒီဆိုင်ရဲ့ ကုန်ကျစရိတ်တွေက တန်သည်ဟု ယုဟွမ်တွေးလိုက်မိပါသည်။ သူ့လိုလူမျိုးကိုတောင် လူနဲ့သူနဲ့တူသွားအောင် ပြင်ပေးနိုင်သည်။

ယခု ပြဿနာက ငွေချေဖို့ဖြစ်သည်။

သူ့အစ်ကိုကြီး ကိစ္စပြီးပြတ်သွားပြီလား မသိဘူး…။

… … …

အခန်း(၄၃၉) ဘော့စ်ကြီးရဲ့ ညွှန်ကြားမှုအရ

၂ နာရီလောက်ကြာနေပြီဆိုတော့ လုံလောက်ပြီ မဟုတ်လား။

အခုချိန် ဖုန်းဆက်လိုက်ရင် သူ့အစ်ကိုကြီး လာများရိုက်မလား…။

ခေတ္တတွန့်ဆုတ်သွားပြီးနောက် ဆိုင်ဝန်ထမ်းကို ချင်းယုဟွမ် မေးလိုက်ပါသည်။ “ဒီနေ့အတွက် ဘယ်လောက် ပေးရမှာလဲဟင်”

ထိုစကားကြားတော့ ဆိုင်ဝန်ထမ်းမလေး ပြုံးသွားပြီး ပြန်ဖြေလိုက်ပါသည်။ “မစ္စတာချင်းက ဟာသတွေ အရမ်းပြောတာပဲ။ ခုနက ကျွန်မတို့ ပြောပြီးပြီလေ။ သခင်မလေးစူစူက ဒီမှာ VIP မို့လို့ ဘာမှ ရှင်းစရာ မလိုပါဘူးလို့”

“မဟုတ်ဘူးလေ။ ခင်ဗျားတို့ဆိုင်ကို ကျွန်တော် မလာဖူးပေမယ့် စည်းမျဉ်းစည်းကမ်းတွေကိုတော့ ကြားဖူးပါတယ်။ VIP တွေဆိုရင်တောင် အဝတ်အစားဖိုးတော့ ပေးရမယ်လေ။ ပြီးတော့ စူစူလေးက မန်ဘာဝင်ဟုတ်တာ သေချာရဲ့လား။ သူ့… မန်ဘာဝင်ကတ်က ခင်ဗျားတို့ဆိုင်ကမဟုတ်ဘူး ထင်တယ်နော်”။ ချင်းယုဟွမ် ပြောလိုက်ပါသည်။

“စိတ်ချပါ မစ္စတာချင်း။ ကျွန်မတို့ တစ်ခါမှ အမှားမလုပ်ဖူးပါဘူး”။ ဝန်ထမ်းမလေးက အပြုံးဖြင့် ပြောလိုက်ပါသည်။

စူစူလေးကို သေချာပြုစုဖို့ အထက်မှ အမိန့်ပေးထားကြောင်း သူမ ထုတ်ပြောလို့ မဖြစ်သေးပါ။

ဒီအကျိုးခံစားခွင့်တွေက မန်ဘာဝင်တွေ အားလုံးတန်းတူညီမျှရရှိသည့် အကျိုးခံစားခွင့်တွေဖြစ်သည်ဟု စူစူလေး ယုံသွားအောင် လုပ်ရမည်။ သူမတို့ ဆိုင်က အလွန်သဘောကောင်းသည်ဟု ထင်သွားအောင် လုပ်ရပါမည်။

ချင်းယုဟွမ် မျက်မှောင်ကြုတ်လျက် ခေတ္တစဉ်းစားလိုက်ပြီး စူစူလေးကို မေးလိုက်သည်။ “စူစူလေး နင်ဒီကို လာဖူးလား”

ဆိုင်ဝန်ထမ်းတွေက မမှားဘူးဆိုလျှင် စူစူလေးက တစ်ခုခုထူးဆန်းနေတာဖြစ်ရမည်။

“ကိုကြီးနဲ့ လာဖူးတယ်!”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

“ကိုကြီး ဟုတ်လား”

“အွန်း ကိုကြီးလိုက်ပို့ပေးတာ။ ဒီက အဝတ်အစားတွေက ဈေးသက်သာပြီး အရမ်းလှတယ်တဲ့။ ပြီးတော့ ဒီမှာ ဒေါ်လေး ကံကောင်းပြီး မန်ဘာဝင်ကတ် မဲပေါက်သွားတာတဲ့! အဲ့တာကြောင့် အဝတ်အစားတွေ အလကား လာယူလို့ရတယ်”။ စူစူလေးက ရှင်းပြလိုက်ပါသည်။

ဒီလိုကိုး!

နောက်ဆုံးတော့ ပြဿနာက စူစူလေးကို လိုက်ပို့ပေးသည့် ‘ကိုကြီး’ဆိုသည့်လူဖြစ်နေမှန်း ချင်းယုဟွမ် နားလည်လိုက်ရပါသည်။

“ဒေါ်လေး၊ နင့်ကို ဒီခေါ်လာတဲ့ ကိုကြီးဆိုတဲ့လူက ဘယ်သူတုန်း”။ ချင်းယုဟွမ် ထပ်မေးလိုက်သည်။

“ဟိုဘက်အိမ်မှာနေတဲ့ သဘောကောင်းတဲ့ ကိုကြီးလေ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

“မျိုးရိုးနာမည်လုပါတဲ့ အစ်ကိုကြီးလား”။ စူစူလေးပြန်ပေးဆွဲခံရတုန်းက ဘေးအိမ်မှ လုကျန်းယွီဟူသည့် ကောင်လေးက ကယ်တင်ပေးဖူးသည်ဟု မိသားစုဝင်တွေထံမှ ချင်းယုဟွမ် ကြားဖူးပါသည်။

“ဟုတ်တယ်”

“ငါနားလည်သွားပြီထင်တယ်”။ ချင်းယုဟွမ် ရေရွတ်လိုက်သည်။

ချင်းယုဟွမ်က ဝန်ထမ်းတစ်ယောက်ကို စူစူလေးနဲ့ ဝေးရာသို့ ဆွဲခေါ်သွားပြီး တီးတိုးမေးလိုက်ပါသည်။ “မျိုးရိုးနာမည် လုပါတဲ့ ကောင်လေးက ဒီလိုပြောခိုင်းတာမလား။ စူစူလေးအတွက် သူပဲ Membership ခိုးဝယ်ပေးခဲ့တာမလား”

ဆိုင်ဝန်ထမ်းမလေးက ပြုံးကာ ပြန်ဖြေလိုက်ပါသည်။ “မဟုတ်ပါဘူး။ အရင်တစ်ခေါက်က သခင်မလေးစူစူကို လိုက်ပို့တာကတော့ မျိုးရိုးနာမည်လုပါတဲ့ ကောင်လေး ဟုတ်ပါတယ်။ ဒါပေမယ့် Membership ကို အဲ့ကောင်လေး ဝယ်ပေးထားတာ မဟုတ်ပါဘူး”

“အဲ့တာဆို ဒီလို ဘယ်သူလုပ်ခိုင်းတာလဲ။ ကျွန်တော့် ဒေါ်လေးရဲ့ ‌ကျောင်းသားကတ်က တကယ့် VIP မန်ဘာဝင်ကတ်လို့တော့ လာမပြောနဲ့နော်။ ကျွန်တော့် ညီမလေးက ၃ နှစ်ခွဲအရွယ်ဆိုပေမယ့် ကျွန်တော်က ၃ နှစ်သား မဟုတ်ဘူး”။ ချင်းယုဟွမ်က ပြောလိုက်သည်။

“အားလုံးကို ကျွန်မတို့ရဲ့ ဘော့စ်ကြီးက ညွှန်ကြားထားလို့ပါ။ ဒါပေမယ့် စူစူလေး ထုတ်မပြောရဘူးလို့ မှာထားတယ်။ အဲ့တာကြောင့် စူစူလေးကို ကျေးဇူးပြုပြီး ပြန်မပြောပါနဲ့နော်”။ ဆိုင်ဝန်ထမ်းမလေး ဆက်လျှို့ဝှက်ထားလို့ မရတော့သဖြင့် ဝန်ခံလိုက်ပါသည်။

“ခင်ဗျားတို့ ဘော့စ်က ဘယ်သူလဲ”။ ချင်းယုဟွမ် ထပ်မေးလိုက်ပါသည်။

“ကျွန်မက သာမန်ဝန်ထမ်းမို့လို့ ဘာမှမသိပါဘူး။ ကျွန်မတို့ ဘော့စ်က တစ်နိုင်ငံလုံးမှာ ဆိုင်ခွဲတွေဖွင့်ထားတာ။ ကျွန်မက ဟွာချန့်ဆိုင်ခွဲက သာမန်ဝန်ထမ်းတစ်ယောက်ပါပဲ။ နောက်ကွယ်က ဘော့စ်ကြီးအကြောင်း ကျွန်မ ဘယ်လိုလုပ် သိမှာလဲ”။ ဆိုင်ဝန်ထမ်းမလေးက အမှန်အတိုင်း ပြန်ပြောလိုက်ပါသည်။

“အဲ့ဒီဘော့စ်ကြီးဆိုတဲ့လူက ကျွန်တော့်ဒေါ်လေးကို ဘာလို့သိနေတာလဲ”။ ချင်းယုဟွမ် ခေါင်းစားသွားခဲ့သည်။

… … …

All Chapters