အခန်း (၄၄၀-၄၄၁)
Vol. 18 Ch. 440-441
အခန်း(၄၄၀) တူကြီး ဘာဖြစ်နေမှန်း မသိဘူး
“အဲ့တာတော့… ကျွန်မလည်း တကယ်မသိလို့ပါ”။ ဆိုင်ဝန်ထမ်းမလေး ရှက်ရွံ့စွာ ပြောလိုက်သည်။
ချင်းယုဟွမ် မေးပွတ်လျက် တစ်ယောက်တည်း သုံးသပ်ကြည့်လိုက်သည်။ “ကျွန်တော့်ဒေါ်လေးက အသက် ၃ နှစ်ခွဲပဲ ရှိသေးတာ။ ခင်ဗျားတို့ဘော့စ် သူနဲ့ရင်းနှီးနေတာတော့ မဖြစ်နိုင်ဘူး။ ကျွန်တော့် အဘိုးအဘွားတွေရဲ့ မိတ်ဆွေများလား”
ဆိုင်ဝန််ထမ်းက ရယ်မောလျက် ပြောလိုက်သည်။ “စူစူလေးရဲ့ တူလေးဖြစ်တဲ့ မစ္စတာချင်းတောင် မသိရင် ကျွန်မတို့က ပိုဆိုးတာပေါ့။ မစ္စတာချင်းသိချင်ရင် အိမ်ပြန်ပြီး အဘိုးအဘွားတွေကို မေးကြည့်လိုက်ပါလား”
ဟုတ်တာပဲ…။
ဆိုင်ဝန်ထမ်းတွေကို လိုက်မေးနေလို့ ဘာမှထူးမှာ မဟုတ်ပါ။ ထို့ကြောင့် အခွင့်အရေးရမှ သူ့ဒေါ်လေးရဲ့ ကိုကြီးဆိုသည့် လူထံမှ အချက်အလက်တွေ နှိုက်ထုတ်ကြည့်ပါဦးမည်။
စူစူလေးက ဆိုဖာပေါ်မှာ အေးအေးလူလူထိုင်ရင်း ခြေထောက်လေးများကို လွှဲနေပါသည်။
ချင်းယုဟွမ် ပြန်လာသောအခါ စူစူလေးက မေးလိုက်သည်။ “အဲ့ဒီမမနဲ့ ဘာတွေတိုးတိုးသွားပြောနေတာလဲ”
“ဘာမှမပြောပါဘူး။ ဒီတိုင်း မေးစရာရှိတာလေးတွေ မေးကြည့်တာပါ။ ချင်းယုဟွမ် ရှင်းပြလိုက်ပါသည်။
“အွန်း မေးပြီးသွားပြီလား။ အဲ့တာဆို ပြန်ကြမယ်လေ”။ စူစူလေးက ပြောသည်။
“အိုကေ”
စူစူလေးရဲ့လက်ကိုဆွဲပြီး ချင်းယုဟွမ် သူ့တိုက်ခန်းသို့ ပြန်လာခဲ့ပါသည်။
တံခါးရှေ့ရောက်သောအခါ ချင်းယုဟွမ် တံခါးခေါက်ရကောင်း မခေါက်ရကောင်း ဝေခွဲရခက်နေပါသည်။ သူ့အစ်ကိုကြီး အဆင်ပြေနေတာကို အနှောင့်အယှက်ပေးမိသလို ဖြစ်သွားမှာစိုးတာကြောင့်ဖြစ်သည်။
သူတို့ အခြေအနေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာတောင် ချင်းယုဟွမ် သေချာမသိပါ။
ချင်းယုဟွမ် တွန့်ဆုတ်နေစဉ် တံခါးပွင့်လာခဲ့သည်။
“အစ်ကိုကြီးပါလား တိုက်ဆိုင်လိုက်တာ”။ ချင်းယုဟွမ်က လိပ်ပြာမလုံစွာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ပြီး အခန်းထဲကိုလည်း ချောင်းကြည့်လိုက်ပါသေးသည်။
အစ်မ မုရှင်းဘယ်ရောက်သွားလဲ။ အထဲမှာ မရှိပါလား။
“မင်းတို့နှစ်ယောက် ဘယ်သွားနေတာလဲ”။ ချင်းယုဟွိုင်းက မေးလိုက်ပါသည်။
“ငါ့ဒေါ်လေးက ငါ့ကို အလှအပရေးရာစင်တာ ခေါ်သွားတာလေ။ အစ်ကိုကြီး ငါ့ပုံစံ ဘယ်လိုနေလဲ”။ ချင်းယုဟွမ်က သူ့စတိုင်အသစ်ကို ကြွားလိုက်ပြီး အစ်ကိုကြီးထံမှ ချီးကျူးစကားကြားရမလား စောင့်မျှော်နေပါသည်။
သို့သော်လည်း ချင်းယုဟွမ်က သွေးအေးစွာ ပြန်ဖြေလိုက်သည်။ “လူနဲ့တူတယ်ဆိုရုံလောက်ပဲ”။
“အောင်မယ်လေး… ကိုယ့်ညီအရင်းကို အဲ့လိုပြောရလား”။ ချင်းယုဟွမ် ပွစိပွစိနဲ့ တီးတိုး ပြောလိုက်ပါသည်။
ငယ်ငယ်ကတည်းက အတူတူကြီးပြင်းခဲ့တာဖြစ်သဖြင့် သူ့အစ်ကိုကြီးနှုတ်မှ ချီးကျူူးစကားကြားရဖို့ဆိုတာ မဖြစ်နိုင်မှန်း ချင်းယုဟွမ် သိသည်။ သူ့ကို လူနဲ့တူတယ်ဟု ပြောရုံနဲ့တင် ကျေးဇူးတင်ဖို့ ကောင်းနေပါပြီ။
“မမလှလှကော”။ စူစူလေးက ကလေးဆန်သောအသံလေးဖြင့် ဝင်မေးလိုက်ပါသည်။ “တူကြီး မမလှလှကို ဘယ်ခေါ်သွားတာလဲ။ တူကြီးတို့ လက်ထပ်ကြတော့မှာလို့ ဒီတူလေးက ပြောတယ်။ လက်ထပ်ပြီးကြပြီလား”
“ဟင့်အင်း”။ ချင်းယုဟွိုင်း အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး စူစူလေးကို ပွေ့ချီလိုက်ပါသည်။
“တူကြီး စိတ်ညစ်နေတာလား”။ စူစူလေးက မေးလိုက်သည်။
ဒေါ်လေးတစ်ယောက်အနေနဲ့ သူမ တူလေးတွေကို ဂရုစိုက်ရပါမည်။ စိတ်ညစ်နေသော တူလေးတွေကို ပျော်အောင် အားပေးရမှာ သူမ တာဝန်ဖြစ်သည်။
“မညစ်ပါဘူး”။ ချင်းယုဟွိုင်း ထပ်ငြင်းလိုက်ပါသည်။
သို့သော် ချက်ချင်းဆိုသလို စန်းကျစ်၏ ပုံရိပ်များ သူ့အာရုံထဲ ပေါ်လာခဲ့သည်။ သူမကို ပွေ့ဖက်ဖို့ ကြိုးစားခဲ့စဉ်က ခံစားခဲ့ရသော ခံစားချက်တွေလည်း ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ သူ့စကားသူ မသေချာတော့ပါ။
အခုချိန်မှာ သူ့ကိုယ်သူ ဘာဖြစ်နေမှန်း မသိတော့ပါ။
စန်းကျစ်ဘေးနားကို ရောက်တိုင်း သူပုံမှန်မဟုတ်တော့ဘဲ စဉ်းစားဉာဏ်တွေပါ လျော့နည်းသွားတတ်သည်။
စူစူလေးနှုတ်မှ ‘လက်ထပ်ပြီးပြီလား’ဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ အရင်တုန်းကလို သူ မစက်ဆုပ်တော့ပါ။ ထို့အစား စန်းကျစ်တစ်ယောက် သူမရဲ့ အနက်ရောင် မျက်မှန်လေးကို ချွတ်ပြီး မင်္ဂလာသတို့သမီး ဝတ်စုံအား ဝတ်ဆင်နေသည့် ပုံရိပ်လေးကို မြင်ယောင်လာမိသည်။
… … …
အခန်း(၄၄၁) အသက်ကို ချမ်းသာပေးပါ အဘွား
သူ့ညီ ချင်းယုဟွမ်လို အပေအတေမျိုးတောင် ထိုဆိုင်ကို တစ်ခါသွားပြီး ဆံပင်စတိုင်အသစ် အဝတ်အစားစတိုင် အသစ်တွေနဲ့ ကြည့်ကောင်းသွာားသည်။ စန်းကျစ်ကိုသာ လိုက်ပို့ပေးလိုက်ရင်…။
“ပြီးရော။ တူကြီး ဝမ်းမနည်းရင် ပြီးတာပဲ!”။ စူစူလေးက ခေါင်းငုံ့လျက် သူမ ဗိုက်လေးကို ပုတ်ပြလိုက်သည်။ “အိမ်ပြန်ကြစို့ တူကြီး။ ဒေါ်လေး ဗိုက်ဆာနေပြီ!”
အလှအပရေးရာစင်တာမှာ နို့သောက်လာခဲ့သော်လည်း သူမလို နတ်သားရဲတစ်ကောင်ကို ဗိုက်မပြည့်စေပါ။
သူမ အသားတွေ၊ အသီးအရွက်တွေနဲ့ တခြားအရသာရှိတာတွေ အများကြီး စားချင်သည်။
ချင်းယုဟွိုင်းက သူ့ညီချင်းယုဟွမ်ကို လှည့်ပြောလိုက်သည်။ “မင်းအိမ်ပြန်မလာတာ တော်တော်ကြာပြီနော်။ ဒီနေ့ အတူတူပြန်ရင် အဆင်ပြေတယ်”
“ငါ…”။ ချင်းယုဟွမ် တွန့်ဆုတ်သွားသည်။
သူအိမ်ပြန်ရမှာ ပျင်းလို့မဟုတ်ပါ။ အပြင်ထွက်ရမှာကို ပျင်းနေတာဖြစ်သည်။ ပုံမှန်ဆို မက်ဆေ့လေးပို့ပြီး ပြဿနာတိုင်း ဖြေရှင်းတတ်သူဖြစ်သည်။ မလိုအပ်ဘဲ အိမ်မပြန်ချင်ပါ။
“တူလေး အိမ်အတူတူ ပြန်ကြစို့!”။ စူစူလေးကပါ ဝင်ပြောလိုက်သည်။
“အင်းပါ… ဟုတ်ပါပြီ”။ စူစူလေးရဲ့ စကားကို ကြားပြီး ချင်းယုဟွမ် လိုက်လျောပေးလိုက်ပါသည်။
စူစူလေးက ချစ်ဖို့အလွန်ကောင်းသဖြင့် သူ အပြင်ထွက်ရမှာ မပျင်းတော့ပါ။
ဒီနေ့ သူ့အလုပ်ပြဿနာလည်း ပြေလည်သွားပြီဖြစ်သဖြင့် ခေတ္တ အနားယူလို့ရပါသည်။
--- --- ---
ချင်းယုဟွမ် အိမ်ပြန်ရောက်ကာ တံခါးမှ ဝင်လာတာနဲ့တစ်ပြိုင်နက် အဘွားဖြစ်သူက ချက်ချင်း ဖမ်းဆွဲလိုက်ပါသည်။
“အပေအတေကောင် နင်အိမ်ပြန်လာရကောင်းမှန်း သိသေးတယ်ပေါ့!”။ အဘွားချင်းက ချင်းယုဟွမ်ကို နားရွက်လိမ်ဆွဲလျက် ဆွဲခေါ်သွားသည်။
သူမ လေသံက မာသော်လည်း မြေးဖြစ်သူရဲ့ နားရွက်ကို တကယ်အားမပါဘဲ ခပ်ဖွဖွ ဆွဲထားတာဖြစ်ပါသည်။
“အဘွား ချမ်းသာပေးပါ! အသက်ချမ်းသာပေးပါ!”။ ချင်းယုဟွမ်က တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။
သူ့နားရွက် မနာသော်လည်း အဘွားစိတ်ဆိုးနေသဖြင့် ချော့ရပါမည်။ ထို့ကြောင့် အခွင့်အရေးရှိသေးချိန် တောင်းပန်လိုက်ပါသည်။
“နင့်ကိုယ်နင် ကြည့်စမ်းပါဦး။ ဒီလိုနေလို့ ရမယ်ထင်လား။ နင့်အဘိုးနဲ့ ငါနဲ့ အိမ်ပြန်ရောက်တာ တော်တော်တောင် ကြာနေပြီ။ ငါတို့ကို တစ်ခါလေးတောင် လာမတွေ့နိုင်ဘူးလား။ နင့်ဦးလေးတို့မိသားစုလို နိုင်ငံခြား ရောက်နေတာလည်း မဟုတ်ဘူး။ ဟွာချန့်မြို့မှာပဲ တက္ကသိုလ်တက်နေတာကို တစ်ခါမှ လာမလည်ဘူး!”
“အဘွား စိတ်လျှော့ပါ။ စိတ်လျှော့ စိတ်လျှော့။ ကျွန်တော့်လို ကျေးဇူးမသိတတ်တဲ့ မြေးအတွက် ဒေါသထွက်ရတာ မတန်ပါဘူး! ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ဒေါ်လေးမျက်နှာကို ကြည့်ပါဦး။ သူ့ရှေ့မှာ ဒေါသထွက်ပြတော့မလို့လား”။ ချင်းယုဟွမ်က အမြန် ချော့ပြောလိုက်သည်။
“ဟွန်း!”။ အဘွားချင်း၏ မျက်နှာက ခက်ထန်နေဆဲဖြစ်သည်။
“အဘွားကလည်း။ ကျွန်တော် အဘွားတို့ကို ဂရုမစိုက်လို့မဟုတ်ပါဘူး။ မက်ဆေ့တွေ ပို့ပြီး သတင်းလေးဘာလေး မေးတယ်လေ။ အဘွားတို့ ကျန်းမာနေမှန်းလည်း ကျွန်တော် သိပြီးသား! ကျွန်တော်တို့ညီအစ်ကိုတွေ အတွက် အရမ်း နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ ဒေါ်လေးကိုတောင် မွေးပေးထားတာကို!”
“တော်တော်အပြောကောင်းတယ် ဟုတ်လား! နူးညံ့ပြီး ချစ်ဖို့ကောင်းတယ်ဆိုပြီး ငါ့သမီးလေးကို နင်ကိုယ်တိုင် ဘယ်တုန်းက လာကြည့်ဖူးလို့လဲ”။ အဘွားချင်းက ဒေါသပြေစ ပြုနေပါပြီ။
“ကျွန်တော် အလုပ်မအားလို့ပါဗျ။ ကျွန်တော့်ဒေါ်လေးမှာ ချစ်ပေးမယ့် အဘွားတို့ ရှိနေတာ လုံလောက်ပြီပဲဥစ္စာ။ ကျွန်တော်က ပေပေတေတေ ဖိုသီဖတ်သီနေတတ်တော့ ကလေးထိန်းဖို့ မသင့်တော်ပါဘူး။ ယုကျီးငယ်ငယ်တုန်းကဆို ခေါင်းနဲ့ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး ငတုံးဖြစ်သွားအောင် လုပ်မိတော့မလို့။ ယုကျီးက ယောက်ျားလေးဆိုတော့ ငတုံးဖြစ်သွားလည်း ကိစ္စမရှိပေမယ့် စူစူလေးက ချစ်ဖို့ကောင်းတဲ့ မိန်းကလေးဆိုတော့ သူတစ်ခုခုဖြစ်သွားမှာစိုးလို့ လာမထိန်းတာပါ”
“ဟာားဟားဟား”
ချင်းယုဟွမ်၏ အပြောကောင်းမှုကြောင့် အဘွားချင်း အားရပါးရ ရယ်မောမိသွားပါသည်။
“နင်ကတော့ တော်တော် အပြောကောင်းတယ်။ နင်တို့ ညီအစ်ကိုတွေထဲ နင်စကားအများဆုံးပဲ!”
“ဟဲဟဲဟဲ… ကျွန်တော့်မှာ ကောင်းတာအဲ့တစ်ချက်ပဲ ရှိတာကိုး”။ ချင်းယုဟွမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောလိုက်ပါသည်။
“အစ်ကိုလတ်၊ မင်းငါ့ကို မကောင်းပြောနေတာ ငါကြားတယ်နော်။ ငါငတုံးဖြစ်သွားလည်း ကိစ္စမရှိဘူးဆိုတာ ဘာစကားလဲကွ။ နေပါဦး… ငယ်ငယ်က မင်းလုပ်လို့ ငါအခု အဲ့လောက်ဉာဏ်တုံးနေတာလား”။ ချင်းယုကျီးအသံ ရုတ်တရက် ထွက်လာလေသည်။
… … …