← Chapters

အခန်း (၄၄၂-၄၄၃)

Vol. 18 Ch. 442-443

အခန်း (၄၄၂-၄၄၃)

Vol. 18 Ch. 442-443

အခန်း(၄၄၂) ယုဟွမ်နဲ့ ယုကျီးတို့ ညီအစ်ကို

ချင်းယုကျီးက စူပုပ်ပုပ်နဲ့ လျှောက်လာပါသည်။

သူ့ဘဝက သနားစရာကောင်းလိုက်တာ…။

အစ်ကိုကြီးက သူ့ကို စာမေးပွဲအစမ်းမေးခွန်းတွေ၊ ပုစ္ဆာတွေ ဖြေခိုင်းတယ်။ အစ်ကိုလတ်ကျတော့လည်း သူငတုံးဖြစ်သွားလည်း ကိစ္စမရှိဘူးတဲ့! သူ့အစ်ကိုအရင်းတွေတောင် ဟုတ်ရဲ့လား။

“အဟွတ်အဟွတ်၊ မတွေ့တာကြာပြီ ငါ့ညီယုကျီး။ အရပ်တောင် ပိုရှည်လာသလိုပဲ”။ ချင်းယုဟွမ် ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်ပါသည်။

“အစ်ကိုလတ်၊ ငါမနှစ်တုန်းက နှစ်သစ်ကူးမှာ အရပ် ၁.၈ မီတာရှိတယ်။ အခု ၁.၈၁ မီတာ ရှိနေပြီ။ ၁ စင်တီမီတာလေး တက်လာတာကို မင်းဘယ်လို သိတာလဲ”။ ချင်းယုကျီး”ဒီနေ့ မေးလိုက်ပါသည်။

“အဲ့တာဆို ၁ စင်တီမီတာ ပိုရှည်လာတယ်ပေါ့! ငါသိသားပဲ! အဲ့တာကြောင့် မင်းအရပ်ပိုရှည်လာပါတယ်လို့”

ချင်းယုဟွမ်မှာ ခံယူချက်တစ်ခုရှိသည်။ တခြားသူတွေ ရှက်သွားအောင်လုပ်ဖို့ဆို ကိုယ်တိုင်က အရှက်မရှိမှဖြစ်မည်။

“ဒီနေ့ ကမ္ဘာကြီးဘာတွေဖြစ်နေတာလဲ မသိဘူးနော်။ 2D ကမ္ဘာထဲက ငါ့အစ်ကိုလတ် နောက်ဆုံးတော့ 3D ကမ္ဘာထဲ ပြန်ရောက်လာပြီပေါ့”။ ချင်းယုကျီးက ပြောလိုက်ပါသည်။

“အဲ့တာက…”။ ချင်းယုဟွမ် ခေါင်းငုံ့လျက် စူစူလေးကို ကြည့်လိုက်ပါသည်။ “ငါ့ဒေါ်လေးက ဆွဲခေါ်လာလို့ပါ”

“ဟုတ်တယ် ဟုတ်တယ်! ဒေါ်လေး ဆွဲခေါ်လာတာ!”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

“အဲ့တာကြောင့်ကိုး။ ငါတို့ ဒေါ်လေးရဲ့ ချစ်စရာဆွဲဆောင်မှုကြောင့် ပါလာတာကိုး။ ဒီနေ့ ငါ့အစ်ကိုလတ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်နေတာလည်း စူစူလေးကြောင့်ပဲမလား။ မင်းဖာသာဆိုရင် ဒီလောက်ထိ စတိုင်ကျကျ ဝတ်တတ်မှာ မဟုတ်ဘူး”

ညီအစ်ကိုအချင်းချင်း တစ်ယောက်အကြောင်းတစ်ယောက် သိပြီးသားဖြစ်သည်။

“ဟုတ်တယ် ဟုတ်တယ်! ဒေါ်လေးသူ့ကို အလှပြင်ပေးထားတာ! လှတယ်မလား!”။ ချင်းယုဟွမ်ရဲ့ ပုံစံအသစ်ကို စူစူလေး အလွန်သဘောကျပြီး စိတ်ကျေနပ်မှုရှိပါသည်။

“လှပါတယ် လှပါတယ်။ ငါတို့ စူစူလေးကိုယ်တိုင် ကြီးကြပ်ပေးထားတာဆိုတော့ ဘယ်လောက် ပုံတုံးတဲ့ကောင်ဖြစ်ဖြစ် ရုပ်ရှင်မင်းသားလို ချောသွားမှာပဲ!”။ ချင်းယုကျီးက စူစူလေးကို မျက်နှာလို မျက်နှာရ ဖားလိုက်လေသည်။

ညီအစ်ကိုနှစ်ယောက်နဲ့ စူစူလေးတို့ ရယ်ရယ်မောမော စကားပြောရင်း ချင်းအိမ်တော်ကြီး တဖန်သက်ဝင်လာခဲ့ပြန်သည်။

အဘွားချင်းက အပြုံးဖြင့် ပြောလိုက်၏။ “နင်တို့ ညီအစ်ကိုနှစ်ယောက်က မိသားစုထဲမှာ အပျော်တတ်ဆုံးပဲ။ နင်တို့ ဒုတိယဦးလေးနဲ့ ဒေါ်လေးတို့သာ ပေကျင်းမြို့ကို မပြန်သေးရင် တစ်အိမ်လုံး ဆူညံနေတော့မှာ”

“လူခွဲပြီး လာလည်တာ ပိုကောင်းပါတယ်။ မဟုတ်ရင် တစ်အိမ်လုံး အသံတွေကျယ်လွန်းလို့ အဘွား နားလေးသွားလောက်တယ်”။ ချင်းယုဟွမ်က စနောက်လိုက်ပါသည်။

“ငါ့မေမေကို မထိနဲ့နော်”။ စူစူလေးက သတိပေးလိုက်သည်။ “ငါ့မေမေကို ထိရင် ဖင်ကို ရိုက်မှာ!’

သူတို့က တူလေးတွေဖြစ်နေရင်တောင် သူမမေမေကို စိတ်ညစ်အောင်လုပ်လျှင် တင်ပါးကို နာကျင်သွားအောင် ရိုက်ပစ်ပါမည်။

“ဟုတ်ကဲ့ပါ!”

ချင်းယုဟွမ်နဲ့ ချင်းယုကျီးတို့ တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြပါသည်။

သူတို့ညီအစ်ကိုနှစ်ယောက်က အပြုအမူကော အနေအထိုင်ကော အတော်လေး ဆင်တူကြပါသည်။

ချင်းယုဟွိုင်းကတော့ ဘေးမှာ ဒီတိုင်းရပ်ကြည့်နေပြီး ဘာမှ ဝင်မပြောခဲ့ပါ။

အရင်ကတည်းက စကားနည်းတတ်တာဖြစ်သော်လည်း ဒီနေ့ကျမှ အတော်လေး အေးတိအေးစက်နိုင်နေသလိုပင်။

“မင်းတို့ စကားပြောနှင့်ကြဦး။ ငါအလုပ်ကိစ္စ ရှိလို့ သွားလုပ်လိုက်ဦးမယ်”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ တက်သွားခဲ့ပါသည်။

ချင်းယုဟွိုင်း မရှိတော့သောအခါ ချင်းယုကျီးက ချင်းယုဟွမ်ကို မေးလိုက်ပါသည်။ “အစ်ကိုလတ်၊ ဒီနေ့ အစ်ကိုကြီး ဘာဖြစ်နေတာလဲ။ ပုံစံက သိပ်မဟုတ်သလိုပဲ”

“ငါလည်းမသိဘူး။ စူစူလေးနဲ့ ငါနဲ့ တတိယဘီးမဖြစ်အောင် ဒီလောက် သိတတ်ပေးထားတာကို”။ ချင်းယုဟွမ်က တီးတိုး ပြန်ပြောလိုက်ပါသည်။

“ဘယ်က တတိယဘီးတုန်း”။ ချင်းယုကျီးက မေးလိုက်ပါသည်။

ချင်းယုဟွမ် : “သူနဲ့ အစ်မမုရှင်းတို့ကြားက တတိယဘီးပေါ့ကွာ။ အစ်မမုရှင်းကို အစ်ကိုကြီးကြည့်တဲ့ပုံစံက သာမန်မဟုတ်ဘူး။ အချစ်ဒရမ်မာတွေ နှစ်ပေါင်းများစွာ ကြည့်ထားတဲ့ ငါ့အတွေ့အကြုံအရ သူချစ်မိနေတာ ၉၇.၅% လောက် သေချာတယ်!”

ချင်းယုကျီး : “ဖြစ်နိုင်ချေကို ဘယ်လိုတောင် တွက်လိုက်တာလဲ…”

ချင်းယုဟွမ် : “အသေချာကြီး မဟုတ်ပေမယ့် ဖြစ်နိုင်ချေများတယ်လို့ ပြောချင်တာ!”

ချင်းယုကျီး : “…”

… … …

အခန်း(၄၄၃) စူစူလေး ဝယ်လိုက်တဲ့ စတော့ခ်ရှယ်ယာတွေ တန်ဖိုးထိုးတက်သွားပြီ

ချင်းယုဟွမ်က ဆက်ပြောသည်။ “အဲ့တာ အရေးမကြီးဘူး။ အရေးကြီးတာက စူစူလေးနဲ့ငါနဲ့ ၂ နာရီလောက် ရှောင်ပေးလိုက်တာကွာ။ အစ်ကိုကြီးအတွက် အချိန်လုံလောက်မယ်လို့ ထင်တာပဲ။ ငါတို့အတွက် တူမသေးသေးလေးတွေ မွေးပေးဖို့တောင် လုံလောက်နိုင်တယ်!”

ချင်းယုကျီး : “ရလဒ်က ဘာဖြစ်သွားလဲ။ မင်းပြန်လာတော့ အစ်မစန်းကျစ်ကို တွေ့ခဲ့လား”

ချင်းယုဟွမ် : “မတွေ့ပါဘူးကွာ။ အစ်ကိုကြီးမျက်နှာ မှုန်ကုပ်နေတာပဲ တွေ့တယ်။ ဘာတွေဖြစ်ခဲ့တာလဲ ငါလည်း မပြောတတ်ဘူး”

ချင်းယုကျီး : “အခြေအနေ မကောင်းဘူးနဲ့တူတယ်။ ဒီရက်ပိုင်းထဲ ငါတို့နှစ်ကောင် သူ့ကို သွားမထိတာ ပိုကောင်းမယ်”

ချင်းယုဟွမ် : “ထောက်ခံတယ်”

ညီအစ်ကိုနှစ်ယောက် သဘောတူညညီချက် ယူလိုက်ကြလေသည်။

--- --- ---

မိသားစုနဲ့ ညစာအတူတူစားပြီးနောက် ယုဟွမ် ချင်းအိမ်တော်မှာပဲ ညအိပ်ခဲ့ပါသည်။

ညဘက်နောက်ကျမှ အိပ်တတ်သူဖြစ်သဖြင့် သူငယ်ချင်းတွေနဲ့ ဂိမ်းအကြောင်းတွေ ဆွေးနွေးရင်း မနက် ၂ နာရီထိုးမှ အိပ်ပျော်သွားခဲ့ပါသည်။

နောက်တစ်နေ့ မနက် ၁၁ နာရီထိုးမှ အိပ်ရာနိုးလာခဲ့သည်။

မျက်လုံးတွေတောင် မပွင့်သေးခင် ခေါင်းအုံးအောက်က ဖုန်းကို လက်ဖြင့် နှိုက်ယူလိုက်သည်။

ဖုန်းထဲမှာပေါ်နေသည့် Notification ကို ချင်းယုဟွမ် ရီဝေစွာ ကြည့်လိုက်ပါသည်။

ထို့နောက် တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။

ဒါဘယ်လိုအခြေအနေကြီးလဲ။

စတော့ခ်ရှယ်ယာတန်ဖိုးများ ရုတ်တရက် ထိုးတက်သွားတာကိုကြည့်ရင်း ယုဟွမ် ကြက်သေသေနေမိသည်။

တန်ဖိုးတက်သွားတဲ့ စတော့ခ်ရှယ်ယာကို သူမြင်ဖူးသလိုလိုပဲ…

မနေ့က စူစူလေး သူ့အတွက် သန်း ၅၀ နဲ့မတော်တဆ ဝယ်ပေးသွားတဲ့ စတော့ခ်ပဲ!

တစ်မနက်တည်းနဲ့ Daily Limit ပြည့်သွားခဲ့တာလား

နှစ်ပေါင်းများစွာ မလှုပ်မရပ်ရှိနေခဲ့တဲ့ စတော့ခ်က ညတွင်းချင်း Daily Limit ပြည့်တဲ့အထိ တက်လာခဲ့တာလား!

သူ သန်း ၅၀ ရင်းနှီးမြှုပ်နှံလိုက်တဲ့ နေ့မှာ ဒီလိုဖြစ်သွားရတယ်လို့!

မဆန်းကြယ်လွန်းဘူးလား

သူ အမြင်မှားတာတွေ ဘာတွေမဖြစ်ဖို့ ချင်းယုဟွမ် သူ့စတော့ခ်အကောင့်ထဲ လော့အင်ဝင်လိုက်သည်။

ထင်ထားသည့်အတိုင်း သူ့အကောင့်ထဲမှာ ၅ သန်းရောက်ရှိနေပါပြီ။

စတော့ခ်ဈေးကွက် စည်းမျဉ်းများအရ စတော့ခ်တစ်ခုမှာ တစ်ရက်ကို ၁၀ ရာခိုင်နှုန်းအထိ အမြင့်ဆုံးတက်နိုင်သည်။ ချင်းယုဟွမ်က သန်း ၅၀ ရင်းနှီးမြှုပ်နှံထားသဖြင့် ၁၀ ရာခိုင်နှုန်း မြင့်တက်သွားမှုကြောင့် အခွန်မဆောင်ရသေးခင် ဝင်ငွေ ၅ သန်း ရရှိသွားပါသည်။

ချင်းယုဟွမ် ချက်ချင်းဆိုသလို Browser ဖွင့်ပြီး သက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေကြည့်လိုက်ပါသည်။

မနေ့ညက အင်တာနက်ပေါ်ကို သတင်းကောင်းတွေ တန်းစီပြီး တက်လာခဲ့မှန်း သူအခုမှ သိလိုက်ရလေသည်။ တစ်ချိန်တုန်းက ဒေဝါလီခံရလုနီးပါးဖြစ်နေသည့် ကုမ္ပဏီတစ်ခုက ညတွင်းချင်း တကျော့ပြန်လာနိုင်ခဲ့သည်။

သန်း ၅၀ ရရှိဖူးသည့် ချင်းယုဟွမ်အတွက် ၅ သန်း ထပ်ရတာ သိပ်ပြီး အံ့ဩစရာမရှိပါ။

သို့သော် ထို ၅ သန်း ရရှိရခြင်းနောက်ကွယ်က အကြောင်းအရင်းက အံ့ဩဖို့ကောင်းလွန်းနေတာဖြစ်သည်။

စူစူလေး မတော်တဆ ပြုလုပ်လိုက်မိသည့် အမှားက ဝမ်းနည်းစရာကောင်းရမှာဖြစ်သည်။ သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွှေတွင်းတူးမိသလိုမျိုး ကံကောင်းသွားခဲ့လေသည်။

အရှုံးမရှိတော့သဖြင့်အပြင် အမြတ်တွေပါ အများကြီး ရရှိတော့မည်။

ချင်းယုဟွမ် လက်ပ်တော့ကို အမြန်ချလိုက်ပြီး ခေါင်းတောင် မဖြီးအားတော့ဘဲ အိမ်စီးဖိနပ်စီးလျက် အောက်ထပ်သို့ ပြေးဆင်းလာခဲ့ပါသည်။

၁၁ နာရီတောင်ခွဲနေပြီဖြစ်သဖြင့် နေ့လယ်စာစားချိန်တောင် ရောက်နေပါပြီ။

အဘိုးချင်းနဲ့ အဘွားချင်းတို့ လက်ဘက်ရည်အခန်းထဲမှာထိုင်လျက် လက်ဘက်ရည်သောက်ရင်း သတင်းစာ ဖတ်နေကြပါသည်။

ဒစ်ဂျစ်တယ်ခေတ်မှာတောင် အဘိုးချင်းနဲ့ အဘွားချင်းတို့က သတင်းစာဖတ်ရတာကိုသာ သဘောကျဆဲဖြစ်သည်။

ဝမ်ချင်းလည်း ‌ယောဂလေ့ကျင့်ပြီးကာ အဘိုးချင်းအဘွားချင်းတို့နဲ့အတူ ထိုင်နေပြီး အဖော်ပြုပေးနေပါသည်။

အပေါ်ထပ်မှ ယုဟွမ် အသည်းအသန်ပြေးဆင်းလာတာကိုမြင်ပြီး လူကြီး ၃ ယောက် အံ့အားသင့်သွားကြသည်။

“ဘာတွေအလောတကြီး ဖြစ်နေတာတုန်း ယုဟွမ်”။ အဘွားချင်း လက်ထဲက သတင်းစာကို ချပြီး မေးလိုက်ပါသည်။

“အဘွား။ စူစူလေး အဆန်းကြီး လုပ်လိုက်ပြီ!”။ ချင်းယုဟွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။

… … …

All Chapters