← Chapters

အခန်း (၄၄၆-၄၄၇)

Vol. 18 Ch. 446-447

အခန်း (၄၄၆-၄၄၇)

Vol. 18 Ch. 446-447

အခန်း(၄၄၆) ကျေးဇူးတင်ဖို့ လင်းယုရှန်း လာလည်ခြင်း

လင်းယုရှန်းက အားဆေးလက်ဆောင်တွေ အများကြီး ယူလာခဲ့ပြီး ရွှေအပြည့် သေတ္တာတစ်လုံးတောင် ပါပါသေးသည်။

စူစူလေးက ရွှေကြိုက်တတ်မှန်း သူမ စုံစမ်းပြီးသိခဲ့ရသဖြင့် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

သေတ္တာက သိပ်မကြီးသော်လည်း အလွန်လေးလံပါသည်။ တန်ဖိုးက အနည်းဆုံး သန်းချီရှိလောက်သည်။

ချင်းမိသားစုလို မိသားစုအတွက်တောင် ဒီလက်ဆောင်က အတော်လေး တန်ဖိုးကြီးသည်ဟု ဆိုနိုင်သည်။

ထိုရွှေသေတ္တာကို အဘွားချင်းရှေ့ ချပေးလိုက်သောအခါ ချူးယန်ရှီ မျက်လုံးများ ပြူးသွားရသည်။

သူမ မိထွေးက စူစူလေးကို လက်ဆောင်ပေးဖို့အတွက်နဲ့ ပိုက်ဆံတွေ အများကြီးသုံးပြီး ရွှေတွေ ဝယ်ခဲ့တာလား။

ချူးယန်ရှီ စိတ်ထဲ မကျေမနပ် ဖြစ်လာသည်။

လင်းယုရှန်းက သူ့ပိုက်ဆံသူ သုံးခဲ့တာဖြစ်မှန်း ချူးယန်ရှီသိပါသည်။ သူမတို့ ချူးမိသားစုနဲ့ ဘာမှ မသက်ဆိုင်ပါ။ သူမကော သူမအဖေကော ကန့်ကွက်ခွင့် မရှိပေ။ သို့သော် အရင်ဘဝတုန်းက အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရသဖြင့် သူမတို့ ချူးမိသားစုရဲ့ အခြေအနေက သိပ်မပြည့်စုံမှန်း ချူးယန်ရှီသိသည်။ ထိုငွေတွေကို သူမတို့ မိသားစုအတွက်သာ အသုံးချလိုက်ပါက အများကြီး ပြောင်းလဲသွားနိုင်သည်။

ချင်းစူစူအတွက် လက်ဆောင်ပေးဖို့က သာမန် လက်ဆောင်တစ်ခုခုဆို လုံလောက်ပါပြီ။ ဒီလို သန်းချီ တန်သည့် ရွှေသေတ္တာ ပေးဖို့ မလိုပါ။

ချူးယန်ရှီက ထိုရွှေသေတ္တာကို စိုက်ကြည့်နေမိပြီး ချင်းစူစူအား လုံးဝ မပေးချင်ပါ။

ချင်းစူစူကို ဘာလက်ဆောင် ပေးမှာလဲဆိုတာ လင်းယုရှန်းက သူမကို ကြိုမပြောခဲ့ပေ။ အခု ချင်းအိမ်တော်ကိုတောင် ရောက်နေပြီ ဖြစ်သဖြင့် ချူးယန်ရှီ ဘာမှ မလုပ်နိုင်တော့ပါ။

ရွှေတွေ ချင်းစူစူလက်ထဲ မရောက်အောင် ဘယ်လို တားရမလဲဆိုတာ ချူးယန်ရှီ အကြံထုတ်နေစဉ် အဘိုးချင်းက စူစူလေးကို ချီပြီး အပေါ်ထပ်မှ ဆင်းလာခဲ့ပါသည်။

“စူစူလေး”။ လင်းယုရှန်းက တောက်တောက်ပပ အပြုံးဖြင့် နှုတ်ဆက်လိုက်ပါသည်။

“ဒေါ်လေး သမီးကို လာတွေ့တာလို့ ဖေဖေက ပြောတယ်”။ စူစူလေးက ဆိုသည်။

“ဟုတ်တယ်။ စူစူလေးကို လာတွေ့တာပါ။ စူစူလေးက ဒေါ်လေးကို အများကြီး ကူညီပေးထားတော့ ကျေးဇူး တင်ချင်လို့ လာခဲ့တာပါ”။ လင်းယုရှန်း ရှင်းပြလိုက်ပါသည်။

“ဒေါ်လေးကို သမီးမကူညီခဲ့ပါဘူး”။ စူစူလေး ရိုးရိုးသားသား ပြောလိုက်ပါသည်။ ဒီအဒေါ်ကို သူမ ဘာမှ မကူညီဖူးပါ။

“ဒေါ်လေးတူလေးအတွက် ဆေးကုသပေးဖို့ သမီးရဲ့ မုတ်ဆိတ်ဖြူဘိုးဘိုးကြီးကို တောင်းဆိုခဲ့တယ်မလား။ အဲ့တာက ဒေါ်လေးအတွက် အရမ်းကို အရေးပါတဲ့ ကိစ္စပါ။ ဒီလို ကျေးဇူးမျိုးကို နှုတ်နဲ့ ကျေးဇူးတင်ရုံနဲ့ ကျေအောင် ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး”။ လင်းယုရှန်းက စိတ်ရှည်ရှည်ထားပြီး ရှင်းပြလိုက်သည်။’

“သမီးကို ကျေးဇူးတင်စရာမလိုပါဘူး။ ကိုကြီးက သမီးရဲ့ သူငယ်ချင်းလေ။ သူငယ်ချင်းတွေဆိုတာ တစ်ယောက်ကို တစ်ယောက် အမြဲတမ်း ကူညီရမှာ။ ဖေဖေက အဲ့လို သင်ပေးထားတယ်။ သူငယ်ချင်း အချင်းချင်း ကျေးဇူးတင်စရာ မလိုဘူးတဲ့”။ စူစူလေးက အတည်ပေါက်လေး ရှင်းပြလိုက်သည်။

ဒါကိုကြားတော့ ချူးယန်ရှီ အကြံတစ်ခု ရသွားခဲ့ပါသည်။

စူစူလေးရဲ့ စကားနောက်မှ သူမ သံယောင်လိုက်ကာ ဝင်ပြောလိုက်သည်။ “ဟုတ်တယ် ဟုတ်တယ်! သမီးတို့ ဆရာမက အဲ့လိုသင်ပေးထားတာ။ ခင်မင်မှုဆိုတာ အဖိုးမဖြတ်နိုင်တဲ့အရာတဲ့! ငွေနဲ့ တန်ဖိုးဖြတ်လို့မရဘူးတဲ့!”

“ဟုတ်ပါတယ်။ ခင်မင်ရင်းနှီးမှုကို ငွေနဲ့ တိုင်းတာလို့ မရဘူး။ ဒါပေမယ့် ဒါက ဒေါ်လေး အသိအမှတ်ပြုတဲ့ အနေနဲ့ လက်ဆောင်ပေးတာပါ။ တခြားနည်းလမ်းနဲ့ ဘယ်လို ကျေးဇူးတင်ရမလဲ ဒေါ်လေးလည်း မစဉ်းစားတတ်လို့”။ လင်းယုရှန်းက အမှန်အတိုင်း ပြောလိုက်ပါသည်။

“တကယ် မလိုပါဘူး! အားမနာနဲ့ ဒေါ်လေး! သမီးနဲ့ ကိုကြီးရဲ့ ခင်မင်မှုက အရမ်းခိုင်မာတာ!”။ စူစူလေးက ရင်ဘတ်လေး ပုတ်လျက် ကြွေးကြော်လိုက်ပါသည်။

“ဒေါ်လေးသိပါတယ်။ ကျန်းယွီမှာ စူစူလေးလို သူငယ်ချင်းမျိုးရှိတာ တကယ် ကံကောင်းတယ်”။ လင်းယုရှန်း ချိုမြိန်စွာ ပြောလိုက်သည်။ “ဒါပေမယ့် ဒေါ်လေး ကျေးဇူးတင်ကြောင်းကို တစ်နည်းနည်းနဲ့ ထုတ်မပြရရင် ဒေါ်လေး ကောင်းကောင်း နေနိုင်မှာ မဟုတ်ဘူး။ ညဘက်တွေလည်း အိပ်ပျော်မှာ မဟုတ်ဘူး။ ဒေါ်လေး အိပ်ပျော် စားဝင်အောင် ဒီလက်ဆောင်လေးကို ယူပေးပါနော် စူစူလေး”

လင်းယုရှန်း၏ စကားကိုကြားပြီး ချူးယန်ရှီ ဒေါသပေါက်ကွဲမတတ်ဖြစ်သွားသည်။

ချင်းစူစူကိုယ်တိုင်က မလိုချင်ဘူးလို့ ပြောနေတာကို ဘာလို့ အဲ့လောက် ခေါင်းမာနေရတာလဲ!

ငွေတွေ အဲ့လောက်ပေါနေတာလား။ ပေါနေရင်လည်း သူမနဲ့ သူမ အဖေတို့အတွက် ဘာလို့ အသုံးမချတာလဲ!

… … …

အခန်း(၄၄၇) စူစူလေးလက်ထဲ ရွှေတွေ ရောက်သွားတာကို ငေးကြည့်နေရခြင်း (၁)

သူစိမ်းလက်ထဲ ငွေတွေ ဘာလို့ အဲ့လောက်ထည့်ပေးချင်နေရတာလဲ!!

“အဲ့လိုလား…”။ စူစူလေး အတွေးများနက်နဲသွားသည်။

ဒုက္ခတွေများလိုက်တာ…။ ဒီဒေါ်လေးက ညဘက်တွေ အိပ်လို့တောင် မပျော်ဘူးတဲ့။ သနားစရာပဲ…။

သို့သော်လည်း သူငယ်ချင်းတစ်ယောက်ကို ကူညီပေးပြီး လက်ဆောင်ယူရမှာက စူစူလေးရဲ့ ခံယူချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

သူမက ခံယူချက် ခိုင်မာတဲ့ နတ်သားရဲမလေး မဟုတ်လား။

ချူးယန်ရှီ အလွန်သောကရောက်နေသည်။ သူမ မျက်လုံးများက စူစူလေးကိုသာ စိုက်ကြည့်နေပြီး သူမမိထွေးရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပါစေဟု ဆုတောင်းနေမိ၏။

စူစူလေး အဖြေမပေးနိုင်ဘဲ တွန့်ဆုတ်နေတာကိုမြင်သောအခါ ချူးယန်ရှီ စိတ်ပိုဖိစီးသွားပြီး မီးလောင်ရာ လေပင့်ဖို့ ဆုံးဖြတ်လိုက်သည်။

“အဲ့မေးခွန်းက ခက်လိုက်တာ! သမီးဆိုရင်လည်း အဲ့လက်ဆောင်ကို လက်ခံမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သမီးသူငယ်ချင်းကို ကူညီပေးထားလို့ လက်ဆောင်ယူရမယ်ဆိုရင် သမီးသူငယ်ချင်းကို သူငယ်ချင်းလို့ ဘယ်ခေါ်လို့ ရတော့မလဲ!”

ချူးယန်ရှီ ကလေးဆန်သော အသံလေးဖြင့် ပြောလိုက်သည်။ စူစူလေး၏ ရှုထောင့်မှ ဝင်တွေးပေးသည့် ပုံစံမျိုးဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် သမီးဖြစ်သူ အခက်တွေ့နေတာကိုမြင်ပြီး အဘိုးချင်း ရယ်မောကာ ဝင်ပြောလိုက်ပါသည်။ “သမီးလေး ဒီလိုလုပ်လိုက်ပါလား။ အဲ့ဒီလက်ဆောင်တွေကို သမီး မလိုချင်ရင် မယူနဲ့လေ။ သမီးရဲ့ ဦးလေးပိုင်ဟူကျစ်ကို ပေးလိုက်ပေါ့။ သူက သမီး ကိုကြီးကို ဆေးကုပေးဖို့ ပင်ပင်ပန်းပန်း ကြိုးစားပေးထားရတာပဲဥစ္စာ”။

ဒီလိုဆို စူစူလေးလည်း အခက်မတွေ့တော့ဘဲ လင်းယုရှန်းလည်း စိတ်ကျေနပ်သွားလိမ့်မည်။

“ဟုတ်သားပဲ!”။ စူစူလေး မျက်လုံးများ အရောင်တောက်သွား၏။ သူမ ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။ “ဦးလေး ပိုင်ဟူကျစ်ကို ပေးမယ်!”

ထိုစကားကြားသောအခါ ချူးယန်ရှီ မျက်နှာ ဖြူဖပ်သွားသည်။

ချင်းစူစူကိုပေးတာပဲဖြစ်ဖြစ် ယန်ရှုယီကို ပေးတာပဲဖြစ်ဖြစ် သူမအတွက်ကတော့ ရလဒ်က အတူတူပဲ ဖြစ်သည်။ သူမ ဖြစ်စေချင်တာက ထိုရွှေတွေ လင်းယုရှန်းလက်ထဲမှာပဲ ဆက်ရှိနေဖို့ဖြစ်၏။ ဒါမှ ထိုရွှေတွေကို အနှေးနဲ့အမြန် ချူးမိသားစု ပိုင်ဆိုင်ရမှာ ဖြစ်ပါသည်။

ချူးယန်ရှီ အံကြိတ်လျက် စူစူလေးကို အကြံပေးလိုက်သော သခင်ကြီးချင်းအား စိုက်ကြည့်လိုက်ပါသည်။

ဒီမြေခွေးအိုကြီးကတော့! သူ့အကြံကို မသိဘူးများထင်နေလား! အဲ့ဒီ ဆရာကြီးရှုယီက အခု သူတို့အိမ်မှာ နေနေပြီး ချင်းမိသားစုဘက်မှာ လုံးဝ ရှိနေတာ။ ဆရာကြီးရှုယီကို ပေးလိုက်တာက ချင်းမိသားစုကို ပေးလိုက်တာနဲ့ ဘာမှ မကွာဘူး! ဒါမှ လုမိသားစုက သူ့ သမီးလေးကို အမြင်မစောင်းမှာ၊ သူတို့ ချင်းမိသားစုလည်း ဆရာကြီးရှုယီဆီက ဝေစုတွေ ခွဲယူနိုင်မှာ မဟုတ်လား!

လင်းယုရှန်းက စိတ်ပူစွာ မေးလိုက်သည်။ “ဒါပေမယ့်… ဆရာကြီးရှုယီက လက်ခံပါ့မလား”

သူမ ထိုအကြံကို မကန့်ကွက်ပါ။ သို့သော်လည်း သူမ သိထားသလောက် ဆရာကြီးရှုယီ၏ စိတ်က အလွန်ထူးဆန်းသည်။ လူနာတွေကို သူ့စိတ်အခြေအနေကောင်းမှ ကုပေးတာဖြစ်ပြီး ဆေးကုသမှုစရိတ်ကိုလည်း သူ့စံနှုန်းနဲ့သူ တောင်းတာဖြစ်သည်။ တစ်ယောက်ယောက်က သူ့ကို လက်ဆောင်အတင်းအကြပ်ပေးလိုက်လျှင် ဒေါသတောင် ထွက်သွားနိုင်သည်။

တစ်ချိန်တုန်းက လူနာတစ်ယောက်ကို ဆေးကုသပေးနေစဉ် လူနာရှင်တွေက လက်ဆောင် အတင်းအကြပ်ပေးသဖြင့် ဆရာကြီးရှုယီ မကျေမနပ်ဖြစ်ပြီး ဆေးကုသမှုကို တန်းလန်းကြီး ရပ်တန့်ခဲ့သည်။ ထို့နောက် သူ့ကို ဘယ်လောက်ပဲ ပြန်တောင်းပန်ပါစေ ဆက်မကုသပေးတော့ပါ။

လင်းယုရှန်း ဘယ်လောက်ပဲ ကျေးဇူးတင်နေပါစေ ဆရာကြီးရှုယီအား လွယ်လင့်တကူ လက်ဆောင် မပေးရဲချေ။

“သမီးသွားမေးလိုက်မယ်!”

ပြောပြောဆိုဆိုနဲ့ စူစူလေး အဘိုးချင်းလက်ထဲမှ ခုန်ချပြီး နောက်ဖေးခြံထဲ ပြေးထွက်သွားခဲ့သည်။

ချင်းမိသားစုရဲ့ နောက်ဖေးခြံမှာ ဆရာကြီးရှုယီရဲ့ ဆေးပင်စိုက်ပျိုးရေးခြံအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

ပန်းတွေ၊ အလှစိုက်အပင်တွေအားလုံးကို ဆွဲနှုတ်ပြီး ဆရာကြီးရှုယီရဲ့ ဆေးပင်တွေနဲ့ အစားထိုးထားပါသည်။

လုကျန်းယွီနဲ့ ဝမ်ချင်းတို့ကို ဆေးကုပေးချိန်ကလွဲပြီး တခြားအချိန်တွေမှာ ဆရာကြီးရှုယီ ဆေးပင်တွေ ပျိုးထောင်ရင်းသာ အချိန်ဖြုန်းလေ့ရှိသည်။

စူစူလေး ပြေးလာတာကို မြင်သောအခါ ဆရာကြီးရှုယီ လက်ထဲက ဆေးပင်မျိုးစေ့တွေကို ပစ်ချပြီး စူစူလေးကို ပွေ့ချီဖို့ လက်အသင့်ပြင်လိုက်ပါသည်။

… … …

All Chapters