← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 18 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 18 Ch. 448-450

အခန်း(၄၄၈) စူစူလေးလက်ထဲ ရွှေတွေ ရောက်သွားတာကို ငေးကြည့်နေရခြင်း (၂)

“ဦးလေးပိုင်ဟူကျစ်~”

“အောင်မယ်လေး စူစူလေး။ ဒီနေ့ ရုပ်ပြစာအုပ် ဖတ်ပြီးသွားပြီလား”။ ဆရာကြီးရှုယီက စူစူလေးကို ပွေ့ချီကာ ချစ်မြတ်နိုးစွာ မေးလိုက်ပါသည်။

“ပြီးသွားပြီ”။ စူစူလေးက ပြန်ဖြေလိုက်၏။ “ဦးလေးပိုင်ဟူကျစ်၊ သမီး ပြဿနာတစ်ခု ကြုံနေရလို့။ ဦးလေးပိုင်ဟူကျစ် ဖြေရှင်းပေးနိုင်တယ်လို့ ဖေဖေက ပြောတယ်”

“ဒါပေါ့။ စူစူလေး ဘာပြဿနာပဲ ကြုံနေရကြုံနေရ ဦးလေးပိုင်ဟူကျစ်ကိုပြောလိုက်။ ဦးလေးပိုင်ဟူကျစ်က အရမ်း အစွမ်းအစရှိတာ သိတယ်မလား။ စူစူလေးကို ကျိန်းသေပေါက် ကူညီပေးမယ်”။ ဆရာကြီးရှုယီ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။

စူစူလေးက ဘာပဲတောင်းဆိုပါစေ သူ လိုက်လျောပေးရမည်။

“သမီးကိုကြီးကို ကူညီပေးလို့ သမီးကို‌ ကျေးဇူးလာတင်နေတဲ့ ဒေါ်လေးတစ်ယောက်ရှိတယ်။ ဒါမယ့် ကိုကြီးက သမီးရဲ့ သူငယ်ချင်းဆိုတော့ လက်ဆောင်တွေ ယူလို့မဖြစ်ဘူးလေ”။ စူစူလေးက သေချာ ရှင်းပြလိုက်သည်။

“ဒါပေါ့ ဒါပေါ့။ ငါတို့ စူစူလေးတွေးတာ မှန်တယ်”

“ဒါမယ့် သမီးကို ကျေးဇူးမတင်ရမချင်း အဲ့ဒေါ်လေးက စိတ်မအေးနိုင်ဘူးလို့ ပြောတယ်။ သမီးကို တစ်ခုခု ပေးရမှ ဖြစ်မယ်တဲ့။ မဟုတ်ရင် ညဘက်တွေ အိပ်ပျော်မှာမဟုတ်ဘူးတဲ့”။ စူစူလေး ဆက်ပြောသည်။

“ဟုတ်လား… အဲ့တော့ ဦးလေးပိုင်ဟူကျစ်က ဘယ်လိုကူညီပေးရမလဲ”

“ဖေဖေက ပြောတယ်။ ကိုကြီးကို ဆေးကုပေးတာ ဦးလေးပိုင်ဟူကျစ်က သမီးထက် ပိုပြီး ပင်ပန်းရတယ်တဲ့။ အဲ့တာကြောင့် အဲ့လက်ဆောင်ကို ဦးလေးပိုင်ဟူကျစ်ကို ပေးသင့်တာတဲ့! ဦးလေးပိုင်ဟူကျစ် လက်ခံပေးပါလား”။ စူစူလေး တောင်းဆိုလိုက်ပါသည်။

“ဪ အဲ့လိုလား”။ ဆရာကြီးရှုယီ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါပြီ။ ဦးလေး လက်ခံပေးမယ်နော်”

ငွေကြေးတွေ လက်ဆောင်တွေကို သူဂရုမစိုက်ခဲ့တာ ကြာပါပြီ။ လိုချင်ရင်လည်း သူကြိုးစားပမ်းစား ရှာစရာ မလိုပါ။

“အွန်း! ကျေးဇူးတင်ပါတယ် ဦးလေးပိုင်ဟူကျစ်!”

“ငတုံးမလေး၊ သူငယ်ချင်းတွေဆိုတာ ကျေးဇူးမတင်ရဘူးလို့ မှာထားတယ်လေ။ ဦးလေးပိုင်ဟူကျစ်ကကော စူစူလေးရဲ့ သူငယ်ချင်း မဟုတ်ဘူးလား။ အခု အစ်ကိုကြီးတစ်ယောက် ရသွားပြီဆိုတော့ ဒီအဘိုးကြီးကို မေ့လိုက်တာတော့ မဟုတ်ပါဘူးနော်”။ ဆရာကြီးရှုယီက သဝန်တိုသော မျက်နှာဖြင့် ကျီစယ်လိုက်ပါသည်။

“မဟုတ်ပါဘူး! ကိုကြီးက သမီးရဲ့ သူငယ်ချင်း၊ ဦးလေးပိုင်ဟူကျစ်ကလည်း သမီးရဲ့ သူငယ်ချင်း။ အားလုံး သမီးရဲ့ သူငယ်ချင်းပဲ!”။ စူစူလေးက အမြန် စကားပြင်လိုက်ပါသည်။

ဒုက္ခတွေများလိုက်တာ~ အားလုံးကို လိုက်ချော့နေရတယ်!

“ဒီလိုမှပေါ့”။ ဆရာကြီးရှုယီ ရယ်မောကာ ပြောလိုက်လေသည်။

ထိုစဉ် အဘိုးချင်းတို့လင်မယားနဲ့ လင်းယုရှန်းတို့ လိုက်လာကြပြီး စူစူလေးနဲ့ဆရာကြီးရှုယီတို့ကို မြင်သွားကြပါသည်။

စူစူလေးကို ဆရာကြီးရှုယီ ဘယ်လောက် ချစ်မြတ်နိုးသလဲဆိုတာ အဝေးကတောင် အားလုံး မြင်နိုင်ကြသည်။

ထိုမြင်ကွင်းကြောင့် ချူးယန်ရှီ မျက်နှာ မှောင်မိုက်သွားပါသည်။

ဒီကိုလာရာလမ်းမှာ ထိုအဘိုးကြီး လက်မခံပါစေနဲ့ဟု အကြိမ်ကြိမ် ဆုတောင်းခဲ့တာဖြစ်သည်။

သို့သော် လင်းယုရှန်းကို မြင်ပြီး စူစူလေး ပြေးလာကာ ပြောလိုက်သည်။ “ဒေါ်လေး! သမီးဦးလေး ပိုင်ဟူကျစ်က လက်ခံမယ်တဲ့!”

ထိုစကားတစ်ခွန်းတည်းနဲ့ ချူးယန်ရှီ၏ မျှော်လင့်ချက်တွေ အကုန်ပျက်သုဉ်းသွားလေသည်။

သူမ မျက်နှာ ပိုပြီး ဖြူရော်သွားခဲ့သည်။

သို့သော် လင်းယုရှန်းကတော့ အပျော်လွန်နေပါသည်။ “တကယ်လား။ အဲ့တာဆို စူစူလေးကို ကျေးဇူးအများကြီး တင်ရမှာပေါ့!”

“ရပါတယ်!”။ စူစူလေးက ခေါင်းငြိမ့်လိုက်ပါသည်။

ထို့နောက် လင်းယုရှန်းက ဆရာကြီးရှုယီကို ပြောလိုက်သည်။ “ဆရာကြီးရှုယီ၊ ကျွန်မက လုကျန်းယွီရဲ့ ဒေါ်လေးပါ။ သူ့ကို ဆေးကုသပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်နော်။ ကျွန်မ တကယ်ကို ကျေးဇူးတင်မိပါတယ်”။

ထိုသို့ပြောပြီးနောက် ဆရာကြီးရှုယီကို သူမ ဦးညွှတ်လိုက်ပါသည်။

ဆရာကြီးရှုယီက လင်းယုရှန်းကို သေချာအကဲခတ်လိုက်ပါသည်။

သူမရဲ့ မျက်နှာပေါ်က ပျော်ရွှင်မှုမှာ စစ်မှန်ပြီး မျက်လုံးတွေကလည်း ရိုးသားသည်။ ဦးညွှတ်မှုတိုင်းက ဟန်ဆောင်မှု မပါဝင်ပါ။

ထိုအခါမှ ဆရာကြီးရှုယီ သဘောကောင်းစွာ ပြုံးပြလိုက်ပါသည်။ “အေးပါ အေးပါ။ ဆက်ပြီး ဦးညွှတ်နေတာတွေ ရပ်လိုက်တော့။ ငါအသက်ရှည်ရှည်နေချင်သေးတယ်။ နင်အဲ့လောက် ဦးညွှတ်ချင်နေရင် စူစူလေးကိုသာ ဦးညွှတ်လိုက်”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ကျွန်မ ရပ်လိုက်ပါ့မယ်”။ လင်းယုရှန်း ချက်ချင်း ခါးမတ်သွားပါသည်။

ထို့နောက် သူမ ပြင်ဆင်ထားသည့် လက်ဆောင်တွေကို ယူလာခိုင်းလိုက်ပြီး ဆရာကြီးရှုယီရှေ့မှာ ချပေးလိုက်ပါသည်။ “အသေးအဖွဲ လက်ဆောင်လေးတွေပါ။ တန်ဖိုးသိပ်မရှိပါဘူး။ ဆရာကြီးရှုယီ လက်ခံပေးဖို့ မျှော်လင့်ပါတယ်”။

ထိုသို့ပြောပြီးနောက် ဆရာကြီးရှုယီကို လင်းယုရှန်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ပါသည်။

… … …

အခန်း(၄၄၉) စူစူလေးလက်ထဲ ရွှေတွေ ရောက်သွားတာကို ငေးကြည့်နေရခြင်း (၃)

လင်းယုရှန်းပေးသည့် လက်ဆောင်တွေကို ဆရာကြီးရှုယီ အကဲခတ်လိုက်ပြီး လုံးဝ စိတ်ဝင်စားပုံမပေါ်ပါ။

နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သူဖြစ်သဖြင့် သူ မမြင်ဖူးတာ ဘာမှမရှိတော့ပါ။ တောင်လိုပုံနေတဲ့ ဂျင်ဆင်းတွေ မမြင်ဖူးဘဲ နေမလား။ ဧရာမ လင်ကျီးမှိုကြီးတွေကိုကော မမြင်ဖူးဘူး ထင်နေတာလား။

လင်းယုရှန်း ယူလာသည့် လက်ဆောင်တွေက တန်ဖိုးကြီးပါသည်။ အဖိုးတန်ပါသည်။ သို့သော် သူ့အမြင်မှာတော့ သူစိုက်ပျိုးထားသည့် ဆေးပင်ပေါက်လေးတွေလောက်တောင် တန်ဖိုးမရှိပါ။

ဆရာကြီးရှုယီ တန်ဖိုးကြီး ဆေးဝါးတွေ၊ အားဆေးလက်ဆောင်တွေကို တစ်ခုချင်းစီ အကဲခတ်နေစဉ် ချူးယန်ရှီ စိတ်ထဲမှ တိတ်တခိုး ဆုတောင်းနေမိသည်။ ဆရာကြီးရှုယီက တရုတ်တိုင်းရင်းဆေးဆရာကြီး ဖြစ်သဖြင့် ဆေးလက်ဆောင်တွေနဲ့သာ ကျေနပ်ပြီး ရွှေတွေကို မယူပါစေနဲ့ဟူ၍ ဆုတောင်းနေမိပါသည်။

နောက်ဆုံးတော့ ရွှေချောင်းတွေထည့်ထားသည့် သေတ္တာဆီ ဆရာကြီးရှုယီ အကြည့်ရောက်သွားသောအခါ ချူးယန်ရှီ အသက်ပင် အောင့်ထားမိလိုက်သည်။

ဆရာကြီးရှုယီလည်း ရပ်တန့်သွားသည်။

ထိုအချိန်တွင် လင်းယုရှန်းနဲ့ ချူးယန်ရှီတို့နှစ်ယောက်စလုံဂ ရင်တွေ တဒိတ်ဒိတ်ခုန်နေကြသည်။

လင်းယုရှန်းက ဒီလိုလက်ဆောင်တွေကို ဆရာကြီးရှုယီ သဘောမကျမှာစိုးရိမ်နေတာဖြစ်သည်။

ချူးယန်ရှီကတော့ လက်ဆောင်တွေကို ဆရာကြီးရှုယီ သဘောကျသွားမှာ စိုးရိမ်နေတာဖြစ်ပါသည်။

သားအမိနှစ်ယောက်ရဲ့ သောကအကြည့်တွေအောက်မှာ ဆရာကြီးရှုယီ ပြုံးလိုက်ပြီး စူစူလေးကို ပြောလိုက်ပါသည်။

“စူစူလေး ဟိုမှာကြည့်စမ်း။ စူစူလေး ကြိုက်တတ်တဲ့ အဝါရောင်လေးတွေလေ!”

“ဘယ်မှာလဲ ဘယ်မှာလဲ!”။ စူစူလေး ချက်ချင်း တက်ကြွသွားပြီး ပစ်မှတ်ကို အမြန်ရှာဖွေလိုက်ပါသည်။

၂ စက္ကန့်အကြာမှာ သူမ ရှာတွေ့သွားခဲ့သည်။

ဟိုမှာပဲ! သူမ ကြိုက်တဲ့ အဝါရောင်ပစ္စည်းလေးတွေ!

“ဟားဟားဟားဟား”။ ဆရာကြီးရှုယီ အားရပါးရ ရယ်မောလိုက်ပြီး လင်းယုရှန်းကို ပြောလိုက်ပါသည်။ “လာကြ လာကြ အဲ့ဒီ အဝါရောင်ပစ္စည်းတွေ ဒီကိုလာချကြစမ်း!”

ဆရာကြီးရှုယီ ပြုံးပျော်နေတာကိုမြင်မှ လင်းယုရှန်း အသက်ဝဝ ရှူရဲလေတော့သည်။ သေတ္တာ အမြန်ရွှေ့ပေးလိုက်ဖို့ သူမ လူတွေကို အမိန့်ပေးလိုက်သည်။

လင်းယုရှန်းက ပျော်ရွှင်နေသော်လည်း ချူးယန်ရှီ မျက်နှာကတော့ အလွန်အကျည်းတန်နေလေသည်။

စူစူလေးရှေ့သို့ ရွှေတွေ ရောက်လာသောအခါ စူစူလေး အလွန်ပျော်ရွှင်သွားပါသည်။

ဆရာကြီးရှုယီက ပြောလိုက်၏။

“ဒီလက်ဆောင်‌လေးကို စူစူလေး သိမ်းထားလိုက်ပါလား”

“မယူပါဘူး။ ဒါက ဦးလေးပိုင်ဟူကျစ်အတွက်လေ။ သမီးအတွက်မှ မဟုတ်တာ”။

သူမ သဘောကျသော်လည်း ယူဖို့တော့ ငြင်းဆန်ပါသည်။

“ဒီလက်ဆောင်က ဦးလေးပိုင်ဟူကျစ်ကို ပေးထားတာဆိုရင် ဦးလေးအပိုင်ဖြစ်သွားပြီလေ ဟုတ်တယ်မလား။ အခု ဦးလေးက စူစူလေးကို ပြန်ပေးနေတာ။ ဦးလေးပိုင်ဟူကျစ်နဲ့ စူစူလေးက သူငယ်ချင်းတွေဆိုတော့ အားနာစရာမလိုဘူး။ အဲ့တာ စူစူလေးကိုယ်တိုင် ပြောထားတာ မဟုတ်ဘူးလား”

“အဲ့လိုလား…”။ စူစူလေး ခေတ္တစဉ်းစားကာ ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပြီလေ။ အဲ့တာဆိုလည်း ပေး!”

ဒါကိုကြားတော့ ဆရာကြီးရှုယီ ရယ်မော ပျော်ရွှင်သွားပါသည်။

လင်းယုရှန်းလည်း ပျော်ရွှင်နေပါသည်။ သူမအတွက် ရွှေတွေက ဆရာကြီးရှုယီလက်ထဲ ရောက်သွားသည်ဖြစ်စေ၊ စူစူလေး လက်ထဲ ရောက်သွားသည်ဖြစ်စေ သူတို့ ၂ ယောက် စိတ်ကျေနပ်လျှင် သူမ ဆန္ဒ ပြည့်ဝပြီဖြစ်သည်။

သို့သော် ချူးယန်ရှီကတော့ ဒီလို မမြင်ပါ။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။

သောက်တလွဲ ပတ်လည်ရိုက်နေကြပြီး နောက်ဆုံးကျတော့လည်း ရွှေတွေက ချင်းစူစူလက်ထဲ ရောက်သွားတာပဲ! ဒီချင်းမိသားစုဝင်တွေက တော်တော် ဟန်ဆောင်ကောင်းကြပါလား! စကားချိုချိုတွေပြောပြီး တကယ်တမ်း ရွှေတွေ လိုချင်နေကြတာပဲ မဟုတ်လား!

“လာလာ စူစူလေးအခန်းထဲ ကူသယ်ပေးမယ်”။ ဆရာကြီးရှုယီက ပြောလိုက်သည်။

“မလိုပါဘူး။ သမီးက သန်မာပြီးသား! ကိုယ့်ဖာသာကိုယ် သယ်လိုက်မယ်!”။ ဆရာကြီးရှုယီပေါ်မှ စူစူလေး ခုန်ဆင်းလိုက်ပြီး ရွှေသေတ္တာဆီ ပြေးသွားလေသည်။

ရွှေသေတ္တာကို ကိုင်ထားသူက ကြံ့ကြံ့ခိုင်ခိုင်နဲ့ ယောက်ျားကြီးတစ်ယောက်ဖြစ်သည်။ စူစူလေး ပြေးလာတာကို မြင်သောအခါ ထိုလူက သေတ္တာကို မပေးချင်ပါ။

မပေးချင်လို့ မပေးတာတော့ မဟုတ်ပေ။

ရွှေချောင်းတွေက ၅၀ ကျင်း (၂၅ ကီလိုဂရမ်ခန့်) လေးပြီး သစ်သားသေတ္တာကြီးက ၁၀ ကျင်းဝန်းကျင် လေးသည်။ ထို့ကြောင့် စုစုပေါင်း အလေးချိန်က ၆၀ - ၇၀ ကျင်းဝန်းကျင် (၃၀ - ၃၅ ကီလိုဂရမ်ခန့်) ရှိပါသည်။ စူစူလေးကို ကလေး သေးသေးလေးတစ်ယောက်က ထိုအလေးချိန်ကို ဘယ်လိုမှ မ,နိုင်မှာ မဟုတ်ပါ။

သာမန်လူတစ်ယောက်က ဒီလောက် ရူးမိုက်သည့်လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ပေ။

“ငါ့ကို ပေး!”။ သေတ္တာသယ်ထားသည့် ယောက်ျားကြီးက သူမကို မပေးမှန်း မြင်သောအခါ စူစူလေး တောင်းလိုက်ပါသည်။

သို့သော်လည်း ယောက်ျားကြီးက အရပ်ရှည်လွန်းသဖြင့် သူမ ခြေဖျားထောက်တာတောင် မမှီနိုင်ပါ။

သူမ ရင်ထဲ သက်ပြင်းချလိုက်မိ၏။

ဒုက္ခတွေ များလိုက်တာ…။ နေ့တိုင်း အချိန်မှန်မှန်စားပေမယ့် အခုချိန်ထိ အရပ်ရှည်မလာသေးဘူး။ တစ်ချိန်တုန်းက ကြီးမြတ်တဲ့ နတ်သားရဲ အသွင်ကို ပြန်တောင်ရနိုင်ပါဦးမလား…။

… … …

အခန်း(၄၅၀) သေတ္တာက လေးလို့ မ,နိုင်မှာ မဟုတ်ဘူး။

ဒါကိုမြင်တော့ လင်းယုရှန်း ရှေ့ထွက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ စူစူလေးကို စိတ်ရှည်ရှည် ရှင်းပြလိုက်ပါသည်။

“စူစူလေး မ,လို့မဖြစ်ဘူး။ အရမ်းလေးတယ်။ သမီး မိသားစုဝင်တွေကို ကူညီခိုင်းလိုက်‌လေ နော်”။

စူစူလေးက ပြန်ရှင်းပြလိုက်ပါသည်။ “ဒေါ်လေး စိတ်မပူနဲ့။ သမီးသယ်နိုင်တယ်!”

သေတ္တာကိုင်ထားသည့်လူကြီးအရပ်ကို သူမ မမှီတာကြောင့်သာမဟုတ်လျှင် စူစူလေး အလုပ်နဲ့ သက်သေပြပြီးပါပြီ။

“စူစူလေးက ချစ်ဖို့ကောင်းလိုက်တာ။ ဒါပေမယ့် ဒီသေတ္တာကိုသယ်ရင် ပင်ပန်းလိမ့်မယ်။ တခြားတစ်ယောက်ယောက်ကို သယ်ခိုင်းလိုက်လေ နော်”။ လင်းယုရှန်းက စူစူလေးရဲ့ စကားကို မဆန့်ကျင်ရက်ပါ။ ထို့ကြောင့် အကြောင်းပြချက် ကောင်းကောင်းပေးပြီး သူမစိတ်ကို ပြောင်းလဲဖို့ ကြိုးစားပါသည်။

“ရပါတယ်။ သမီးက မပင်ပန်းတတ်ဘူး!”။ စူစူလေးရဲ့ မျက်နှာလေးက နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းသည်။ သို့သော် သူမ လေသံကတော့ အလွန် သူရဲကောင်းဆန်နေပါသည်။

ဆရာကြီးရှုယီက ရယ်မောလိုက်ပြီး စူစူလေးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ပါသည်။ “ဟုတ်တယ် ဟုတ်တယ်။ ငါတို့ စူစူလေးက ဘယ်တော့မှ မပင်ပန်းတတ်ဘူး။ တစ်ခါတလေ သတိမပေးဘဲ အိပ်ပျော်သွားတတ်တာပဲ ရှိတာ”

“ဦးလေးပိုင်ဟူကျစ်!”

စူစူလေး နှုတ်ခမ်းစူကာ ခါးထောက်လျက် ‌အော်လိုက်ပါသည်။

သူမရဲ့ လျှို့ဝှက်ချက်တွေကို ဘာလို့ ဖော်ထုတ်နေရတာလဲ။ သူမ တကယ် မပင်ပန်းတတ်ပါ။ တစ်ခါတလေ ဘာကြောင့် ရုတ်တရက် အိပ်ပျော်သွားရသလဲဆိုတာကိုလည်း မသိပါ။

သူမက ဖွံ့ဖြိုးဆဲဖြစ်တာကြောင့်ဖြစ်သည်ဟု မေမေက ပြောသည်။ ထို့ကြောင့် သူမက လူကြီးတွေထက် အိပ်ချိန် ပိုလိုအပ်နေသည်ဟု ဆို၏။

သို့သော်လည်း… သူမ ထင်သလောက် အရွယ်ရောက်မလာသေးပါ။

“အဟမ်း အဟမ်း”။ ဆရာကြီးရှုယီ စကားပြင်ပြောလိုက်ပါသည်။ “ငါမှားပါတယ် ငါမှားပါတယ်။ ငါတို့ စူစူလေးက အရမ်း သက်လုံကောင်းတယ်‌နော်။ အရမ်းလည်း သန်မာတယ်! အိပ်ပျော်သွားတတ်တာ ဒီအဘိုးကြီးပါ! ဟူး အသက်ကြီးလာတော့လည်း အားအင်တွေ သိပ်မရှိတော့ဘူးပေါ့။ အဲ့တာကြောင့် အမြဲတမ်း အိပ်ငိုက်နေတာ!”

ပြောပြောဆိုဆိုနဲ့ ဆရာကြီးရှုယီ တမင်သက်သက် သန်းပြလိုက်ပါသည်။

ထိုမြင်ကွင်းကို ကြည့်နေကြသည့် လင်းယုရှန်းတို့ ဘာပြောရမှန်းတောင် မသိတော့ပါ။

ချူးယန်ရှီလည်း မျက်စပစ်လိုက်မိ၏။

ဒီအဘိုးကြီးက တကယ့် နတ်ဆေးသမားတော် ဆရာကြီးရှုယီကော ဟုတ်ရဲ့လား။ လုမိသားစုဆီက ပိုက်ဆံတွေ လိမ်ယူဖို့ ဘယ်ကမှန်းမသိတဲ့ အဘိုးကြီးကို ချင်းမိသားစု ခေါ်ထားတာကော မဖြစ်နိုင်ဘူးလား။

ထိုစဉ် ဆရာကြီးရှုယီ ရွှေသေတ္တာဆီ လျှောက်သွားတာကို ချူးယန်ရှီ မြင်လိုက်ရသည်။

သူ့လက်ကို ဆန့်တန်းလျက် သေတ္တာကို ယူဖို့ ပြင်လိုက်ပါသည်။

“ဆရာကြီးရှုယီ။ ကိုယ်တိုင်သယ်စရာမလိုပါဘူး။ ဘယ်နား ထားပေးရမလဲ ကျွန်တော့်ကိုသာ ပြောပါ”။ သေတ္တာသယ်ထားသည့်လူက အဘိုးကြီးတစ်ယောက်ကို အလေးအပင် မသယ်ခိုင်းချင်သဖြင့် ပြောလိုက်ပါသည်။

ဂုဏ်သရေရှိ ဆရာကြီးရှုယီကို သေတ္တာသယ်ခိုင်းလို့ ဖြစ်ပါ့မလား။

“ဟုတ်ပါတယ် ဟုတ်ပါတယ်!”။ လင်းယုရှန်းကလည်း အမြန်ထောက်ခံလိုက်ပါသည်။ “ဆရာကြီးရှုယီ ကျေးဇူးပြုပြီး အပင်ပန်းမခံပါနဲ့နော်”

“ဘာလဲကွ။ ဒီအဘိုးကြီးရဲ့ ခန္ဓာကိုယ်ကို အထင်သေးနေကြတာလား။ ငါ့ပုံစံက ဒီလိုသေတ္တာလေးတောင် မ,မနိုင်တဲ့ ပုံစံ ဖြစ်နေပြီလား”။ ဆရာကြီးရှုယီ ခက်ထန်စွာ မေးလိုက်သည်။

ဆရာကြီးရှုယီ မျက်နှာပြောင်းသွားသဖြင့် လင်းယုရှန်းနဲ့ သူမလူတွေ ဘာမှဆက်မပြောရဲကြတော့ပါ။

ဘယ်သူမှ မကန့်ကွက်ကြတော့သဖြင့် ဆရာကြီးရှုယိလည်း ခပ်တည်တည်ဖြင့် သေတ္တာကို ယူလိုက်ပြီး စူစူလေး လက်ထဲ ထည့်ပေးဖို့ ခါးကုန်းလိုက်သည်။

သို့သော် ခါးကုန်းလိုက်တာနဲ့တစ်ပြိုင်နက် သူ့ရဲ့ခါးအိုကြီး စူးခနဲနာကျင်သွားသည်။

“အောင်မယ်လေးဗျ!”။ ဆရာကြီးရှုယီ အော်မိသွားသည်။

စူစူလေး အမြန်မေးလိုက်၏။ “ဦးလေးပိုင်ဟူကျစ် ဘာဖြစ်တာလဲ!”

“ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ပါဘူး!”။ ဆရာကြီးရှုယီ အမြန် ငြင်းလိုက်သည်။

လူတွေအများကြီး ဝိုင်းကြည့်နေတယ်! သိက္ခာကျလို့မဖြစ်ဘူး! ကိုယ့်အရှက်ကိုယ် ခွဲလို့မဖြစ်ဘူး!

သို့သော်လည်း သူ့မျက်နှာကတော့ ဟန်မဆောင်နိုင်ပါ။

ဆရာကြီးရှုယီ စိတ်ထဲမှာ တတွတ်တွတ် ရေရွတ်နေသည်။ မြန်မြန်ပြန်ပြီး ခါးကို ဆေးလေးဘာလေး လိမ်းဦးမှ!

အသက်အရွယ်ရလာပြီဖြစ်သဖြင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါ။ သူ့ဆေးပညာစွမ်းရည်က ဘယ်လောက်ပဲ ကောင်းကောင်း သဘာဝကို တားဆီးလို့ မရနိုင်ပေ။

သူ့ဆေးတွေက အလွန်ဆုံး ဟိုနားဒီနား ကုသပေးနိုင်ရုံသာရှိမည်။ အသက်အရွယ်ကြီးရင့်ခြင်းကို မတားဆီးနိုင်ပါ။

ဆရာကြီးရှုယီ နာကျင်မှုကို သည်းခံပြီး စူစူလေးလက်ထဲ ရွှေသေတ္တာထည့်ပေးဖို့ ပြင်လိုက်ပါသည်။

ဒီလောက်လေးတဲ့ သေတ္တာကို စူစူလေးလက်ထဲ ဆရာကြီးရှုယီ တကယ်ထည့်ပေးမလို့လား။

ဒီအဘိုးကြီး ရူးနေတာလား!

… … …

All Chapters