← Chapters

ကောင်းကင်တာအို၏ လက်ချောင်း

Vol. 3 Ch. 39

ကောင်းကင်တာအို၏ လက်ချောင်း

Vol. 3 Ch. 39

ဝမ်ရွှမ်ကျန့်သည် အလွန် စပ်စုသည့် တစ်ကောင်အား ရိုက်နှက်ပြီးသည့်နောက်တွင် နောက်တစ်ကောင်သည့် လက်စားချေဖို့ အတွက် ရောက်ရှိလာလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထင်ထားခဲ့ဖူးပေ။

ပို၍ အရေးကြီးသည်မှာ ထိုလူသည် စပ်စပ်စုစု နိုင်လှသည့် ကောင်ကြောင့် လက်စားချေလိုနေခြင်း ဖြစ်သည်။

ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်သလဲ။

ထို့အပြင် လူနှင့်ခွေး အတွဲ ဖြစ်သည်။ ဒီကောင်တွေက ဘယ်ကများ ရောက်လာကြတာလဲ။

ဝမ်ရွှမ်ကျန့်သည် ဒေါသထွက် လွယ်သူ ဖြစ်သဖြင့် သူ့မေးရိုးများသည် ဒေါသကြောင့် အံကို တင်းတင်းကြိတ် ထားရသည်။ သူသည် ဒဏ္ဍာရီလာ သားရဲ အကောင်တစ်သောင်း လောက်၏ နင်းခြေခြင်း ခံနေရသလိုမျိုး ခံစားနေရပြီး ထိုခံစားချက်အား မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ။

“ပထမနှစ် တန်းခွဲ၁မှ အန်လင်း … သင်ပြပေးပါဦး …”

“အန်လင်း ကိုယ်ပိုင်သားရဲ တပိုင် … သင်ပြပေးပါဦး … ဝုတ် …”

“ဝမ်ရွှမ်ကျန့် …”

ဝမ်ရွှမ်ကျန့်သည် ထိုနှစ်ယောက်အား လှံဖြင့် တစ်ချက်တည်း ထိုးကာ အဆုံးသတ်ပေးပြီး ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးရန် ဆုံးဖြတ်ထားသည်။

သို့ပေမဲ့လည်း တိုက်ပွဲဖြစ်ပွားကာ နီးမှာပင် ဝမ်ရွှမ်ကျန့်နှင့် အန်လင်းတို့ အကြား ပုံရိပ်တစ်ခု ပြေးဝင်လာခဲ့သည်။

ရုတ်တရက် ပေါ်လာသည့် ထိုပုံရိပ်ကြောင့် ဝမ်ရွှမ်ကျန့်နှင့် အန်လင်းတို့ နှစ်ဦးစလုံး ရပ်တန့်လိုက်ရသည်။

“စီနီယာ … ကျွန်တော့်ကို တားဖို့ မကြိုးစားနဲ့ … မြန်မြန်လေး ဘေးကို ဖယ်လိုက် …” အန်လင်းက စိုးရိမ်စွာဖြင့် ပြောသည်။

“ဝမ်ရွှမ်ကျန့်နဲ့ ငါက ဒီနေရာမှာ တိုက်ခိုက်ဖို့အတွက် သဘောတူထားပြီးသား … မင်းဘယ်လောက်ပဲ စိုးရိမ်နေပါစေ အရင်ရှိနေတဲ့သူကို ဦးစားပေးရမယ်ဆိုတဲ့ စည်းမျဉ်းကို လိုက်နာဖို့ လိုတယ်ကွ … မင်းဘာပြောချင်သေးလဲ အန်လင်း …”

ချန်းချန်းက ယဉ်ကျေး ပျူငှာစွာဖြင့် ပြောပြီးနောက် အန်လင်းအား ကြည်လင်နေသည့် မျက်လုံးများဖြင့် ကြည့်လာသည်။

ထိုသည်ကို ကြားလိုက် ရသည့်အခါတွင် အန်လင်း မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။ “စီနီယာ … ခင်ဗျားရဲ့ အဆင့်က တာအိုခန္ဓာ အဆင့်၈ပဲ ရှိသေးတာရယ် … တကယ်ကြီး စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ရောက်နေတယ် စီနီယာနဲ့ တိုက်ခိုက်ချင်တာလား …”

ချန်းချန်းက တည်ကြည်စွာဖြင့် ခေါင်းညိတ် လိုက်သည်။ သူ့မျက်နှာတွင် ဆုံးဖြတ်ချက် မပြင်တော့ပါဟု ရေးထားသယောင်ပင် ရှိနေသည်။

အန်လင်း အနေဖြင့် သူနှင့်ငြင်းဆိုရန် အကြောင်းမရှိပေ။ ထို့ကြောင့် ဒေါသကို ထိန်းကာ တပိုင်နှင့်အတူ ဘေးသို့ ရွှေ့လိုက်သည်။

ဝမ်ရွှမ်ကျန့်သည် သူမြင်လိုက် ရသည့်အရာကြောင့် အလွန်အမင်း ကျေနပ် အားရလျက် ရှိနေသည်။ ချန်းချန်း၏ တက်ကြွစွာ တိုက်ခိုက်လိုခြင်းအား သူဘယ်တုန်းကမှ မမျှော်လင့်ထားမိချေ။

သူအခုခံစားနေရသည်မှာ …

သူက ဝက်တစ်ကောင်နှင့် လက်ထပ်တော့မည့် အချိန်တွင် ကောင်းကင်ဘုံမှ နတ်မိမယ်တမျှ ချောမော လှပသည့် မိန်းမပျိုလေး တစ်ဦး ရုတ်တရက် ပေါ်လာပြီး ထိုဝက်အား ဘေးသို့ ကန်လိုက်သည်။ ထို့နောက် ထိုမိန်းမပျိုလေးသည် သတို့သမီး ဝေါယာဉ်အတွင်း ဝင်ရောက်လိုက်သည် …

“စီနီယာချန်း … ခင်ဗျား အခုပြောတာက အမှန်ပဲလား …”

ဝမ်ရွှမ်ကျန့်၏ တိုက်ပွဲ၌ အာရုံစိုက် လိုက်တော့သည်။ သူ့နဂါးကြီးသည် လှိုင်းလုံးများ အကြားမှ ဒေါသတကြီး ရုန်းထလာသည်နှင့် တူနေပြီး စူးရှသည့် မျက်လုံးများဖြင့် ချန်းချန်းအား ကြည့်လိုက်သည်။

“အမှန်ပဲ … လာလေ …” ချန်းချန်းက သက်ပြင်းအသာချ လိုက်သည်။

အန်လင်းအား တားဆီခြင်း မပြုခဲ့လျှင် အန်လင်းသည် ရွှမ်ယွမ်ချန်နှင့် တစ်ပုံစံတည်း ခံစားသွားရမည် ဖြစ်သည်။

လူများက သူ့အား ဆက်တိုက် ကာကွယ်ပေး နေခြင်းသည် အတော်လေး မသက်မသာ ခံစားရစေသည်။

သူ့စိတ်ထဲတွင် အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။ အနည်းဆုံးတော့ ထိုနှစ်လိုဖွယ် ကျောင်းသားများအား သူ့ကြောင့်နှင့် သေတွင်းသို့ ပြေးဆင်းရန် ခွင့်မပြုနိုင်ပေ။

“ကောင်းပြီ …”

ချန်းချန်း၏ တုံ့ပြန်စကားကို ကြားလိုက်သည့်အခါတွင် ဝမ်ရွှမ်ကျန့်သည် စတင် ပေါက်ကွဲ တော့သည်။

သုံးနှစ်ကျော်ကြာအောင် မျိုသိပ်ထားခဲ့ရသည့် တိုက်ပွဲအား သူ့အနေဖြင့် ဆင်နွဲနိုင်ခဲ့ပြီ ဖြစ်သည်။

ဘုန်း…

ဝမ်ရွှမ်ကျန့် ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် တုန်ခါ နေကြသည်။ ရွှေရောင် မျက်လုံးများ ပိုင်ဆိုင်ထားသည့် ဧရာမ နဂါးကြီးသည် အရာအားလုံးအား မနှစ်မြို့ဟန်ဖြင့် ကြည့်လာသည်။ ရှေးဟောင်း နဂါးသွေး စွမ်းအင်အား အလုံးစုံ ထုတ်လွှတ်လိုက်ပြီ ဖြစ်သည်။

သူ၏တိုက်ပွဲ စွမ်းရည်အား ထုတ်ဖော်ပြီးသည့် နောက်တွင် လေသည် ကြောက်မက်ဖွယ် ကောင်းစွာ တိုက်ခတ်လာသည်။ ကောင်းကင်တွင် တိမ်မည်းများ စုဆုံလာသည်။ နဂါး အော်သံများနှင့် မိုးချုန်းသံများကို ဝိုးတိုးဝါးသား ကြားနေရသည်။

ထိုသည်ကို မြင်သည့်အခါတွင် မြေကမ္ဘာအင်မော်တယ် ချန်ချင်၏ မျက်နှာတွင် အလွန်အံ့အားသင့်မှုများ ပေါ်လာသည်။ “ဒါ … ဒါက ကောင်းကင်ဘုံ ဖြစ်စဉ်များလား …”

အရှေ့ပင်လယ် နဂါးမင်း ပိုင်နက်တွင် ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ရှိ နဂါးမင်းများ သည်သာလျှင် နဂါးသွေး စွမ်းအင်ကို အသုံးပြုနိုင်ပြီး ကောင်းကင်ဘုံ ဖြစ်စဉ်ကို နှိုးဆွပေးနိုင်သည်။ ဝမ်ရွှမ်ကျန့်သည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်နှင့်ပင် ထိုသည်ကို ဖြစ်ပေါ်စေနိုင်သည်။ မြေကမ္ဘာ အင်မော်တယ် ချန်ချင်သည်ပင်လျှင် ကြောက်ရွံ့ ထိတ်လန့်မိသည်။

“ဘယ်သူမှ မသေသေးဘူး မဟုတ်လား …” မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် နဖူးပေါ်ရှိ ချွေးအေးများကို သုတ်လိုက်ပြီး ချန်းချန်းအား စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။

ချန်းချန်း၏ ခွန်အားသည် လျှို့ဝှက်လွန်းသည်။ လွန်ခဲ့သည့် ငါးနှစ်လုံးလုံးတွင် သူသည် တာအိုခန္ဓာ အဆင့်၈ တွင်သာ ရှိနေခဲ့သော်လည်း မည်သူကမျှ မယုံကြည်ခဲ့ပေ။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများထံမှ လွတ်မြောက်ရန် သူအသုံးပြုခဲ့သည့် နည်းလမ်းများကို ကြည့်ခြင်းအားဖြင့် ထိုနည်းလမ်းများသည် သာမန်တာအိုခန္ဓာ အဆင့်၈ ကျောင်းသား တစ်ယောက်၏ နည်းစနစ်များ မဟုတ်သည်မှာ ရှင်းလင်း လွန်းလှသည်။ ထိုနည်းစနစ်များအား ဆရာများသည် ပင်လျင် နားမလည်နိုင်ကြချေ။

ဝမ်ရွှမ်ကျန့်၏ ခွန်အား သည်လည်း သေနတ်အားလုံး ပစ်ဖောက် လိုက်သကဲ့သို့ပင် မယုံနိုင် လောက်အောင် ကြောက်မက်ဖွယ် အဆင့် တစ်ခုသို့ ရောက်ရှိနေပြီး ဖြစ်သည်။ ချန်းချန်းသည့် သူ့ခွန်အားများအား ဖုံးကွယ်ထားသည် ဆိုလျှင်ပင် သူ၏ အစစ်အမှန် ခွန်အားသည် ကောင်းကင်အား ဆုတ်ဖြဲနိုင်ခြင်း ရှိမည် မဟုတ်။

ချန်းချန်းသာ ဝမ်ရွှမ်ကျန့်ရဲ့ အားကုန်သုံးပြီး တိုက်ခိုက်ခံရလို့ သေသွားမယ် ဆိုရင် ငါဘာလုပ်ရမလဲ …

မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် ခေါင်းပင် ကိုက်လာသည်။ ခေတ္တမျှ တွေးဆပြီး နောက်တွင် နောက်ဆုံးသော ရွေးချယ်မှုအား ဆုံးဖြတ်ချက် ချလိုက်သည်။ ကျောက်စိမ်းပြားအား ထုတ်ယူကာ ခွဲလိုက်ခြင်း ဖြစ်သည်။

မာရီယိုအား ဆင့်ခေါ်ခြင်း …

အာ … မှားလို့ … ငါပြောတာက ဒုကျောင်းအုပ် ယူဟွာကို ဆင့်ခေါ်ခြင်း …

တိမ်မည်းများ ဆီမှနေ ကြီးမားသည့် လျှပ်စစ်စီးကြောင်း တစ်ခု ဆင်းသက်လာကာ ဝမ်ရွှမ်ကျန့်၏ လှံအား ရိုက်ခတ် သွားသည်။

ချက်ချင်း ဆိုသလိုပင် လှံပတ်လည်တွင် မိုးကြိုးလျှပ်စီး နဂါးတစ်ကောင် လှည့်ပတ်နေပြီး ကောင်းကင်နှင့် မြေပြင်တို့မှ ကြောက်မက်ဖွယ် စွမ်းအားများကို ပေးအပ်ထားသယောင် ဖြစ်သည်။

“ငါ့ရဲ့ ဒီတိုက်ကွက်ကို မိုးကြိုးလျှပ်စီးနဂါးလှံလို့ ခေါ်တယ် … ဘယ်လိုလဲ … လက်ခံဖို့ အဆင်သင့်ပဲလား …”

ချက်ချင်းဆိုသလိုပင် ဝမ်ရွှမ်ကျန့်သည် စစ်နတ်ဘုရား တစ်ယောက်အသွင် ဖြစ်လာသည်။ စကားပြောသည့်အခါတွင် မိုးခြိမ်းသည်နှင့် တူပြီး ထိုသို့ပြောရာမှ ထွက်ပြောလာသည့် ဆူညံသံသည် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါစေသည်။

ချန်းချန်းသည် တိတ်ဆိတ်လျက်ရှိပြီး သူ့အား ဆက်လက် လှုပ်ရှားရန် အချက်ပြ နေသယောင်ပင်။

ဝမ်ရွှမ်ကျန့် လှုပ်ရှားလိုက်သည်။ မိုးကြိုးလျှပ်စီးနဂါး လိမ်ယှက်နေသည့် လှံကို လက်တွင်ကိုင်ကာ ချန်းချန်းဆီသို့ ဆောင့်ထိုး လိုက်သည်။

သူလှုပ်ရှားလိုက်သည့် အမြန်နှုန်းသည် ဖော်ပြလို့ပင် မရနိုင်ချေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဝမ်ရွှမ်ကျန့်သည် ချန်းချန်းထံသို့ ချက်ချင်း ဆိုသလို ရောက်ရှိသွားသည်။

လှံသည် သူ့ရှေ့တွင် ရှိနေပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားကာ အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်စေသည်။

ချန်းချန်း၏ အမူအရာသည် ပြောင်းလဲခြင်း မရှိချေ။ သူ့လက်ကို မလိုက်ပြီး လက်ညှိုးကို ဆန့်လိုက်ကာ ဝမ်ရွှမ်ကျန့် မျက်ခုံး နှစ်ခုကြားသို့ ညွှန်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် မြေပြင်သည် ချန်းချန်း၏ လက်ညှိုး ထိပ်တွင် ငြိမ်သက်သွားသည်။ ဝမ်ရွှမ်ကျန့် ခန္ဓာကိုယ်သည် ရပ်နေသည့် နေရာမှာပင် တောင့်ခဲသွားပြီး ချန်းချန်း၏ လက်ညှိုးထိပ်အား ဖော်ပြလို့ မရနိုင်သည့် ကြောက်ရွံ့ ထိတ်လန့်မှုမျိုးဖြင့် ကြည့်နေမိသည်။ ထိုလက်ညှိုးသည် ပို၍ ပို၍ ကြီးလာပြီး ကောင်းကင်တာအို၏ စွမ်းအားသည် ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဝမ်ရွှမ်ကျန့် ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင် နေသည်။ ကောင်းကင်ကိုပင် ဆုတ်ဖြဲနိုင်စွမ်း ရှိသည့် လက်ချောင်း တစ်ခုသည် သူ့အား ဖိနှိပ်ထားလျက် ရှိသည်။ ထိုလက်ချောင်းသည် သူ့ဆီသို့ ကျရောက်လာပါက သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တို့သည် သေချာပေါက် ပျက်စီး သွားမည် ဖြစ်သည်။

ကောင်းကင်ဘုံကို ဖိခြေနိုင်သည့် ထိုလက်ချောင်းရှေ့တွင် သူသည် ပုရွက်ဆိတ် တစ်ကောင်မျှသာ …။

ကျွတ် … ကျွတ် …

သူ့လှံပေါ်တွင် ရှိနေသည့် မိုးကြိုးလျှပ်စီး နဂါးသည် အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်နေဟန်ဖြင့် အလျင်အမြန် ပြိုကွဲ ပျက်စီးကာ များပြားလှသည့် လျှပ်စီးကြောင်းများ အဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးသွားသည်။

ဝမ်ရွှမ်ကျန့်သည် ချက်ချင်းဆိုသလို တိုက်ပွဲစိတ်ဆန္ဒ အားလုံး ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။ ကြောက်ရွံ့ ထိတ်လန့်သည့် အမူအရာဖြင့် ဆုတ်ခွာ လိုက်ပြီးနောက် နဖူးမှနေ ချွေးအေးများ တစ်စက်စက် စီးကျလာသည်။

ကောင်းကင်ပေါ်ရှိ တိမ်မည်းများ ပျောက်ကွယ် သွားပြီးနောက် နေရောင်ခြည်သည် ကမ္ဘာမြေပြင်သို့ ပြန်လည် ထွန်းလင်းလာသည်။

ချန်းချန်းသည် ယခင်ကထက်ပင် တောက်ပလျက် ရှိနေပြီး သူ့သွင်ပြင်သည် သန့်စင်လျက်ရှိသည်။

“ဘာ … ဘာ နည်းစနစ်လဲ အဲဒါက …” ဝမ်ရွှမ်ကျန့်၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေသည်။

“ကောင်းကင်တာအိုရဲ့ လက်ချောင်း …” ချန်းချန်းသည် ထိုသို့ ပြောပြီးနောက် အရိုအသေ ပေးလိုက်သည်။

ပြီးနောက်တွင် ထွက်ခွာ သွားတော့သည်။

ဝမ်ရွှမ်ကျန့်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ချန်းချန်းအားကြည့်ကာ တားဆီးဖို့ အတွေးတစ်ခု တစ်လေတောင် ရှိမနေတော့ချေ။

သူ၏ တိုက်ပွဲ စိတ်ဆန္ဒသည်လည်း ပျက်စီးသွားပြီ ဖြစ်သည်။ ကောင်းကင်နှင့် မြေပြင်ကိုပင် ဖြဲဆုတ်နိုင်သည့် ထိုလက်ချောင်း အကြောင်း ပြန်တွေးမိသည့်အခါ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့က မြင့်တက်လာသည်။

“အဟက် … ငါက ပြက်လုံးတစ်ခု သာသာပါလား …” သူက တီးတိုး ရေရွတ်လိုက်သည်။

ဝမ်ရွှမ်ကျန့်သည် မြေပြင်တွင် ထိုင်လျက်နှင့်ပင် သူ့ကိုယ်သူ ရယ်မော နေမိသည်။ ရှုံးနိမ့်သွားလေပြီ။

အဝေးမှနေ တိုက်ပွဲအား ကြည့်ရှူနေသည့် အန်လင်းသည် ချန်းချန်း သူ့လက်ချောင်းကို ဆန့်ထုတ် လိုက်သည်ကို မျက်မြင် တွေ့လိုက်ရသဖြင့် နှလုံးသားထဲတွင် အလင်းပွင့် လာသည်။ မရှေးမနှောင်းမှာပင် သူ့ခေါင်းသည် ကွဲထွက်တော့မတတ် နာကျင်လာသည်။

“အာ့ … နာလိုက်တာ …”

အန်လင်းသည် မြေပြင်တွင် လဲလျောင်းနေရင်း ခေါင်းကို အုပ်ကိုင်ကာ နာကျင်လွန်းသဖြင့် အော်ဟစ်နေသည်။

ထိုနာကျင်မှုသည် စိတ်ကူးဖြင့်ပင် ဖော်ပြလို့ မရနိုင်အောင် ဖြစ်ပြီး သူ့ဦးခေါင်း တစ်ခုလုံး ပွင့်ထွက်သွားတော့မတတ် ခံစားနေရသည်။

သူ့စိတ်ထဲတွင်မူ စစ်နတ်ဘုရား စနစ်သည် တောက်ပနေသည်။

“ကောင်းကင်တာအို၏ လက်ချောင်း … ကောင်းကင်နှင့် မြေပြင်၏ မူလ မဟာတာအိုအား ပိုင်ဆိုင်ထားသည့် လက်ချောင်း …”

“ကနဦး အဆင့်တွင် လက်ချောင်း တစ်ချောင်းနှင့်ပင် သက်ရှိ အားလုံးကို အမြစ်ဖြတ် ချေမှုန်းနိုင်သည်။ အမြင့်ဆုံးသော အဆင့်တွင် ဗလာနယ်ကိုပင် ကွဲကြေစေနိုင်ပြီး အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်း သွားလာနိုင်သည်။ မဟာတာအိုကိုပင် ဖျက်စီးနိုင်သည်။”

“ကောင်းကင်တာအိုသည် ပြည့်စုံမှု မရှိချေ။ ကောင်းကင်ဘုံ ပျက်သုဉ်းခြင်း ဂိုဏ်းနှင့် ကောင်းကင်ဘုံ ပြင်ဆင်ခြင်း ဂိုဏ်းတို့သည် အစစ်အမှန်တာအိုအား အောင်မြင်နိုင်ရန် ရည်ရွယ်ထားသည်။ ကောင်းကင်တာအို၏ လက်ချောင်းသည် ကောင်းကင်ဘုံ ပျက်သုဉ်းခြင်း ဂိုဏ်း၏ နည်းစနစ်တစ်ခု ဖြစ်သည်။”

သတင်း အချက်အလက် များစွာသည် အန်လင်း စိတ်ထဲသို့ စီးဆင်းလာကြသည်။ သို့ပေမဲ့လည်း သူ့ဦးခေါင်းသည် အလွန်တရာ နာကျင်နေသည့် အတွက်ကြောင့် ထိုအချက်အလက် များအား မှတ်သားဖို့ရန် မဖြစ်နိုင်ပေ။ သူလုပ်နိုင်သည့် အရာမှာ နာကျင်နေသည့် ဦးခေါင်းအား ဆုပ်ကိုင်ထားခြင်းသာ ဖြစ်သည်။

တပိုင်သည် နံဘေးတွင် ရပ်နေလျက်နှင့်ပင် ဝေခွဲ မရနိုင်အောင် ဖြစ်မိသည်။ ချန်းချန်းသည် သာမန်အပြုအမူနှင့်ပင် သူ့လက်ချောင်းအား ဆန့်ထုတ် လိုက်ပြီးနောက်တွင် ဝမ်ရွှမ်ကျန့်သည် အဘယ်ကြောင့် တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်ကာ ကြောက်ရွံ့စွာဖြင့် မြေပေါ်တွင် လဲကျသွားခြင်းအား သူနားမလည်နိုင်ချေ။

ထိုလက်ချောင်းအား မြင်လိုက်သည့်နောက်တွင် အန်လင်းသည် ရုတ်တရက် ဆိုသလို မြေပြင်တွင် လူးလှိမ့်နေခြင်းအားလည်း သူနားမလည်နိုင်ပါ။

***

ကျောက်စိမ်းဖြူရင်ပြင်ရှိ သောင်းနှင့်ချီသော ကျောင်းသားများ သည်လည်း စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။

တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။ အများစုသည် ဖန်သားပြင်အား ပြန်မကြည့်ခင် မျက်လုံးများကိုပင် ပွတ်လိုက် ကြသေးသည်။

ယခုဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်ပြီး သူတို့က တစ်ခုခုကို ပြင်းပြစွာ ပြောဆိုလိုကြသည်။

သူတို့သည် ထိုအခြေအနေအား မည်သို့ ရှင်းလင်းရမည် မသိကြောင်း အလျင်အမြန်ပင် နားလည် သဘောပေါက် လိုက်ကြသည်။

သူတို့မြင်တွေ့လိုက် ရသည်မှာ စွမ်းအား ကြီးမားလှသည့် ဝမ်ရွှမ်ကျန့်သည် ချန်းချန်း၏ လက်ချောင်းဖြင့် ထိုးခံလိုက် ရသည့်အခါတွင် ကြောက်ရွံ့မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုမြင်ကွင်းသည် အလွန်တရာ ထူးဆန်းလွန်း လှသည်။ မည်သည့်ရှုထောင့်မှနေ လေ့လာ သုံးသပ်ရမည်ကို မသိ။ ချန်းချန်းသည် သူ့နည်းစနစ်အား အသုံးပြရာ၌ အထူးစွမ်းအင်များ ထည့်သွင်းဖို့ရန် မေ့လျော့သွားခြင်း ဖြစ်နိုင်သည်။

တစ်ယောက်ယောက်ကသာ ထိုအကြောင်းကို ခန့်မှန်း သုံးသပ်လာခဲ့ပါက ဂုဏ်ပြုဖို့ရန်သာ တတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၏ မှန်းဆချက်များတွင် အမှန်တရား တစ်ဝက်ခန့်ပင် မပါနိုင်ပါ။

ချန်းချန်းသည် ထိုနည်းစနစ်အား အသုံးပြုသည့်အခါတွင် ဝမ်ရွှမ်ကျန့် တစ်ဦးတည်း အပေါ်တွင်သာ သက်ရောက် စေခဲ့သည်။ အခြားသူများ မြင်တွေ့ဖို့ရန် ကံတရား ရှိမနေခဲ့ပေ။

အကာအကွယ် အပေါ်ဘက်တွင် မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် သူမြင်တွေ့ လိုက်ရသည့် အရာများကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။ ထိုမြင်ကွင်းသည် သူ၏ မုတ်ဆိတ်ဖြူများကိုပင် အကြောင်းမဲ့ ဆွဲနှုတ် နေစေမိသည်။

“လခွမ်းကွာ … ကမ္ဘာကြီးက ဘာတွေ ဖြစ်ပျက်နေတာတုန်း … တစ်ယောက်ယောက်ကများ ငါ့ကို ရှင်းပြလို့ ရမလား …”

မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် စိတ်ရှုပ်ထွေးကာ မျက်ရည်များပင် ကျလာတော့သည်။

ကျောင်းသားများ နားမလည် နိုင်ခြင်းသည် လက်ခံပေးနိုင်သည့်အရာ ဖြစ်သည်။ သို့ပေမဲ့လည်း သူသည် ကျောင်းသားများ၏ တိုက်ခိုက်နိုင်စွမ်းကို သတ်မှတ် အကဲဖြတ်ရသည့် တာဝန်ရှိသူ ဖြစ်သည်။

ဝမ်ရွှမ်ကျန့်က ချန်းချန်းကို ရှုံးသွားတာ … ဟုတ်တယ်မလား …

အဲဒါဆို ချန်းချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကျုပ်ကဘယ်လိုမျိုး မှတ်သင့်သလဲ တစ်ယောက်ယောက်ကများ ပြောပြနိုင်မလားဗျာ …

သူသည် ချန်းချန်း၏ လက်ချောင်းကို လုံးဝ နားမလည်ပါ။ ထို့ကြောင့် သူသည် မည်သည့်အခွင့်နှင့် ချန်းချန်း၏ တိုက်ခိုက်နိုင်စွမ်းကို သတ်မှတ် ရမည်နည်း။

မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် သူ့ဘေးတွင် ရပ်နေသည့် အမျိုးသားကြီးဆီသို့ လှည့်ကြည့် လိုက်သည်။ သူ့မျက်လုံးများတွင် အသနားခံသည့် အကြည့်များနှင့် ဖြစ်သည်။

ထိုအမျိုးသားကြီးတွင် နက်မှောင်ထူထဲသည့် မျက်ခုံးနှင့် မုတ်ဆိတ်ထူထူတို့ ရှိသည်။ သူ့သွင်ပြင်သည် အလွန်တရာ ပျော်ရွှင် ကြည်နူး နေပုံရသည်။

ဟုတ်သည်။ ထိုလူကြီးသည် မြေကမ္ဘာအင်မော်တယ် ချန်ချင်မှ သူ့ကျောက်စိမ်းပြားအား ချိုးပစ်လိုက်မှုကြောင့် အပြေးအလွှား ရောက်ရှိလာသူ ဖြစ်သည်။ ဒုကျောင်းအုပ် ယူဟွာ …။

ဒုကျောင်းအုပ် ယူဟွာ သည်လည်းပဲ ထိုမြင်ကွင်းအား မျက်မြင် တွေ့ရှိလိုက်ရသည်။

“ဟူး … ချန်ချင် …”

“ငါ့နတ်ဘုရား အာရုံတွေက တခြား တိုက်ပွဲတွေကို စောင့်ကြည့် နေမိလိုက်တယ် … အခုဘာတွေ ဖြစ်သွားတယ်ဆိုတာ မင်းငါ့ကို ပြောပြနိုင်မလား …” ကောင်းကင် အင်မော်တယ် ယူဟွာသည် ထိုသို့ပြောရင်း မျက်နှာတွင် တည်ငြိမ်မှု အပြည့်နှင့် ဖြစ်သည်။

ချန်ချင်၏ မျက်နှာသည် ရှုံ့မဲ့သွားသည်။

ဒုကျောင်းအုပ် … ခင်ဗျား ဒီထက်ပိုကောင်းတဲ့ အကြောင်းအရင်း ရှာလို့မရဘူးလား … ကျုပ် မုတ်ဆိတ်တွေက ဖြူနေပေမဲ့လည်း အဲဒါက ကျုပ်ရူးသွပ်နေတယ်လို့ မဆိုလိုဘူးဗျ …

***

All Chapters