← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 19 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 19 Ch. 451-452

အခန်း(၄၅၁) အဖော်ပြုပေးမယ်

လင်းယုရှန်း၊ ချူးယန်ရှီနဲ့ လက်ဆောင်တွေသယ်ဖို့ ပါလာကြသူတွေအားလုံး ထိုသို့ တွေးလိုက်မိကြသည်။

သို့သော်လည်း သူတို့ မတားနိုင်ခင် သေတ္တာက စူစူလေး လက်ထဲကို ရောက်သွားပါပြီ။

စူစူလေးက သေတ္တာကို မိမိရရ ဆုပ်ကိုင်လိုက်သည်။ အားလုံးထင်ထားကြသလို ဖြစ်မလာခဲ့ပါ။

သူမ… တကယ်ကြီး မ,နိုင်တာလား။

ဒီလောက်လွယ်လွယ်ကူကူနဲ့လေ…။

ဘယ်လိုများ လုပ်လိုက်တာလဲ။

တခြားသူတွေရဲ့ မှင်သက်နေသော အကြည့်ကို စူစူလေး သတိမထားမိဘဲ ရွှေအပြည့်နဲ့ သေတ္တာကို ပိုက်လျက် အိမ်ထဲ ခုန်ဆွခုန်ဆွ ပြန်ဝင်သွားခဲ့ပါသည်။

လမ်းတစ်လျှောက်လုံး နည်းနည်းလေးတောင် အခက်အခဲမရှိခဲ့ပါ။ ထို့အပြင် ခုန်ဆွ ခုန်ဆွပါ သွားနေတာကြောင့် သေတ္တာထဲက ရွှေတွေက တကယ့်ရွှေအစစ်တွေ ဟုတ်ရဲ့လားဆိုတာတောင် သံသယဖြစ်ချင်စရာပင်။

အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြတော့ဘဲ ကြက်သေသေကုန်ကြပါသည်။

ခဏကြာတော့ လင်းယုရှန်းက အဘိုးချင်းတို့ဘက်သို့ ပြန်လှည့်လာပြီး အံ့အားသင့်စွာ မေးလိုက်သည်။

“စူစူလေးက… အရင်ကတည်းက ဒီလောက်သန်မာတာလား”

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလောက်သန်မာနေတာ ဆန်းကြယ်မှုတစ်ခုဖြစ်သည်။

“ဟုတ်တယ်။ သမီးလေးက အရင်ကတည်းက သန်မာတာ”။ အဘွားချင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

“အမှန်ပဲ!”။ ဆရာကြီးရှုယီက ထောက်ခံပါသည်။ စကားပြောနေသော်လည်း လက်တစ်ဖက်ဖြင့် ခါးကို ထောက်ထားရသေးသည်။ အောင်မယ်လေးလေး… နာလိုက်တာ…

လင်းယုရှန်း ရယ်မောကာ ပြောလိုက်သည်။ “တိုက်ဆိုင်တယ်နော်။ ကျွန်မတို့ ကျန်းယွီလေးကမှာလည်း ထူးခြားတဲ့ စွမ်းရည်တချို့ရှိတယ်။ အဲ့တာကြောင့် သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာကြတာ။ ရေစက်ပါတာလို့ပဲ ဆိုရမှာပေါ့!”

စူစူလေး၏ ခွန်အားကို မျက်မြင်တွေ့လိုက်ရသဖြင့် ချူးယန်ရှီ အံ့အားသင့်နေသော်လည်း လင်းယုရှန်း၏ စကားကြောင့် ဒေါသထွက်သွားပါသည်။

ဒီမိန်းမက ဘာဖြစ်နေတာလဲ။ ဘာလို့ ချင်းမိသားစုကို အဲ့လောက် ရင်းနှီးပြနေတာလဲ။ ဒီလို ဆက်ဆံပုံမျိုးကို မြင်သွားရင် ချင်းမိသားစုကို အာဏာကြီးတဲ့ မိသားစုလို့ သူများတွေ ထင်ကုန်ဦးမယ်!

--- --- ---

စူစူလေး အခန်းထဲမှာ ရွှေတွေ သိမ်းဆည်းပြီးနောက် အောက်ထပ် ပြန်ဆင်းလာခဲ့သည်။ သို့သော်လည််း လင်းယုရှန်းတို့ ပြန်သွားကြပါပြီ။

ထို့ကြောင့် စူစူလေး အပေါ်ထပ် ပြန်တက်သွားကာ သူမရဲ့ အထူး Tablet လေးကို ကိုင်ပြီး ကာတွန်းကားကြည့်ဖို့ ချင်းယုဟွမ်၏အခန်းထဲ ဝင်သွားလေသည်။

ချင်းယုဟွမ်က စူစူလေးကို ကြောင်စီစီဖြင့် ကြည့်နေပါသည်။

သူ့အခန်းထဲ ခုန်ပေါက်ဝင်လာပြီး သူ့ခြေထောက်အောက်က ကောဇောပေါ်မှာ လာထိုင်လေသည်။

ထို့နောက် သူမရဲ့ Tablet လေးကို ဖွင့်ပြီး ကာတွန်းကား ငြိမ်ငြိမ်သက်သက် ကြည့်နေလေသည်။

ချင်းယုဟွမ် : “ဒေါ်လေး”

စူစူလေး : “ဟမ်”

ချင်းယုဟွမ် : “ဒီထဲ ဘာလာလုပ်တာလဲ”

စူစူလေး : “SpongeBob SquarePants ကာတွန်းကား ကြည့်နေတာ”

ချင်းယုဟွမ် : “အဲ့တာဆို ကိုယ့်အခန်းထဲမှာကိုယ် ဘာလို့မကြည့်တာလဲ”

စူစူလေး : “တူလေးကို အဖော်လာပြုပေးတာလေ”

ချင်းယုဟွမ် : “ငါ့ကို အဖော်လာပြုပေးတာ ဟုတ်လား”

စူစူလေး : “ဟုတ်တယ်!”

ချင်းယုဟွမ် : “ဘာလို့ ငါ့ကို အဖော်လာပြုပေးရတာတုန်း”

စူစူလေး : “တူလေးက အိမ်ပြန်‌ရောက်တာ မကြာသေးဘူးဆိုတော့ နေသားကျဦးမှာ မဟုတ်ဘူးလေ။ ဒေါ်လေးတစ်ယောက်အနေနဲ့ ငါ့တူလေး အထီးမကျန်အောင် အဖော်လာပြုပေးရတာပေါ့”

ချင်းယုဟွမ် : “ငါ့ကို အထီးကျန်နေတယ် ထင်လို့လား”

စူစူလေး : “အွန်း”

ချင်းယုဟွမ် : “ငါအထီးမကျန်ပါဘူး။ စိတ်မပူနဲ့နော်”

စူစူလေး : “ဒါမယ့် နင်က အမြဲတမ်း အိမ်မှာပဲနေပြီး အပြင်လည်း မထွက်ဘူး။ သူငယ်ချင်းတွေလည်း မရှိတော့ ဝမ်းနည်းနေမှာပေါ့”

ချင်းယုဟွမ် : “မဟုတ်ပါဘူးဟ ငါ့မှာ သူငယ်ချင်းရှိပါတယ်။ အပြင်မှာ သိပ်မတွေ့ဖြစ်ကြတာလေးတစ်ခုပဲ။ ငါဆိုလိုတာက ငါ့သူငယ်ချင်းတွေနဲ့ငါ ဖုန်းပြောရင်း၊ ဗီဒီယိုကောပြောရင်းပဲ ဆက်သွယ်ကြတာများတယ်။ အပြင်လောကမှာ သိပ်မတွေ့ဖြစ်ကြဘူး”

စူစူလေး : “နင်တကယ် အထီးမကျန်ဘူးလား”

စူစူလေးရဲ့ ကြည်လင်တောက်ပနေသော မျက်လုံးလေးများကို ကြည့်ရင်း ချင်းယုဟွမ် ရီဝေသွားသည်။

ထိုမျက်လုံးတွေထဲမှာ သူ့အပေါ် စူစူလေး ဂရုစိုက်မှန်း မြင်နေရသည်။

ဖြူစင် ရိုးသားပြီး ဟန်ဆောင်မှုကင်းသော ဂရုစိုက်မှုမျိုးဖြစ်၏။

ထိုစဉ် ချင်းယုဟွမ် နှလုံးသားထဲ တစ်ခုခု ခံစားလိုက်ရသည်။

ဒီလို သာမန်အခြေအနေမျိုးမှာ သာမန်စကားလေးတစ်ခွန်းတည်းနဲ့…။

… … …

အခန်း(၄၅၂) စီးတော်မြင်းကြီး မဲလုံး

ချင်းယုဟွမ် ရယ်မောမိသည်။ ဒီလောက်ချစ်ဖို့ကောင်းသည့် ကလေးမျိုးကို သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဆုံဖူးခြင်း ဖြစ်သည်။

သမီးမိန်းကလေးတွေက အနွေးထည်လိုပဲဟူသည့် ဆိုရိုးစကားကိုပါ နားလည်လာခဲ့သည်။

ချင်းယုဟွမ်ကြည်နူးသွားပြီး စူစူလေးကို ပြန်ပြောလိုက်သည်။ “တကယ်ပြောတာပါ! ငါအထီးမကျန်ပါဘူး။ အရင်တုန်းကလည်း မကျန်ခဲ့ဘူး။ အခု ငါ့ကို ဂရုစိုက်ပေးမယ့် ချစ်စရာဒေါ်လေးတစ်ယောက် ရလာတော့ ပိုလို့တောင် အထီးမကျန်ဘူး!”

စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “အဲ့တာဆို ပြီးရော!”

စူစူလေး သက်ပြင်းချလိုက်မိပါသည်။ သူမရဲ့ အပြုအမူလေးများကြောင့် ချင်းယုဟွမ် ရယ်မောမိသွားသည်။ သူ့ဘယ်ဘက်လက်နဲ့ စူစူလေးရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်။ “ငါ့ကို အများကြီး ဂရုစိုက်ပေးလို့ ကျေးဇူး တင်ပါတယ်နော်”

“ရပါတယ်။ ငါက နင့်ဒေါ်လေး၊ နင်က ငါ့တူလေးပဲဥစ္စာ! ပြီးတော့ နင်က အရမ်းလည်း လိမ္မာတယ်။ အဲ့တာကြောင့် ဂရုစိုက်ပေးရမှာပေါ့!”။ စူစူလေး ထပ်ပြောလိုက်သည်။ “ဒါပေမယ့် နောက်တစ်ခါ ငါ့ခေါင်းကို လာမကိုင်နဲ့နော်!”

ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါမည်။

“ဘာလို့ ကိုင်လို့မရတာလဲ”

“ငါက နင့်ထက် ဝါရင့်တယ်။ ကိုင်လို့မရဘူး”။ စူစူလေး ရှင်းပြလိုက်သည်။

“ဟားဟားဟား အဓိပ္ပာယ်တော့ ရှိသားပဲ”

“ဒါပေါ့!”။ သူမ ပြောတာမှန်သမျှ အဓိပ္ပာယ်ရှိရမည်။

နှစ်ယောက်သား စကားကောင်းနေစဉ် စူစူလေးရဲ့ Tablet ထဲ ဖုန်းဝင်လာလေသည်။

စူစူလေးရဲ့ Tablet လေးထဲကို အဘိုးချင်းနဲ့ အဘွားချင်းတို့က ဖုန်းနံပါတ် Contact တွေ ထည့်ပေးထားပါသည်။ သို့သော် စူစူလေး ဘယ်သူ့ကိုမှ ဖုန်းမဆက်ဖူးပါ။ မဆက်တတ်သေးတာကြောင့် ဖြစ်သည်။

သူမ တစ်ယောက်ယောက်ကို ဖုန်းခေါ်ချင်တိုင်း ဖေဖေနဲ့ မေမေတို့ ကူညီပေးလေ့ရှိသည်။

ယခု ဖုန်သားပြင်ပေါ် ဖုန်းတစ်လုံးဝင်လာသောအခါ စူစူလေး စာမဖတ်တတ်သေးတာကြောင့် ဘယ်သူခေါ်တာဖြစ်မှန်း မသိသေးပါ။

ထို့ကြောင့် ချင်းယုဟွမ်ကို အကူအညီတောင်းလိုက်သည်။

ချင်းယုဟွမ်က Tablet ကို လှမ်းကြည့်လိုက်ပြီး စူစူလေးအား ပြောပြလိုက်သည်။ “နင့်တူမလေး ခေါ်နေတာ။ ဒီမှာ ‘တူမလေး’လို့ ရေးထားတယ်”။

သူမ ဖေဖေနဲ့ မေမေ ရေးမှတ်ပေးထားတာဖြစ်မည်။

စူစူလေးရဲ့ တူမလေးဆိုတော့ ယွင်ယွင် ဖြစ်လိမ့်မည်။

ချင်းလောင်ယွင်ကို ချင်းယုဟွမ် အနည်းငယ် မှတ်မိပါသည်။ ပုံစံလေလးက ချစ်ဖို့ကောင်းသော်လည်း သူမရဲ့ စရိုက်ကို သိပ်သဘောမကျပေ။

နှစ်ယောက်စလုံးက သမီးမိန်းကလေးတွေ ဖြစ်ကြသော်လည်း စူစူလေးလို တက်ကြွပြီး ပွင့်လင်းသည့် ကလေးမျိုးကိုသာ ချင်းယုဟွမ် ပိုသဘောကျပါသည်။

“အဲ့တာဆို ဖုန်းကိုင်လိုက်”။ စူစူလေး ခိုင်းလိုက်သည်။

“အိုကေ”။ ချင်းယုဟွမ်က စူစူလေးအတွက် ဖုန်းကိုင်ပေးလိုက်ပါသည်။

ဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်နက် ကလေးမလေးတစ်ယောက်၏ ငိုသံထွက်ပေါ်လာသည်။

“ဒေါ်လေးစူစူ ကယ်ပါဦး! သမီးကို ဖေကြိး သတ်တော့မယ်… အီးဟီးဟီး…”

“ယွင်ယွင် ဘာဖြစ်လို့လဲ!”။ ချင်းယုဟွမ်က ဝင်မေးလိုက်သည်။

“ဒေါ်လေးစူစူ… ဒေါ်လေးစူစူနဲ့ တွေ့ချင်တယ်… ဖေကြီး သမီးကို ရိုက်တော့မယ်… မေကြီးကိုလည်း ဘိုးဘိုးနဲ့ ဘွားဘွားက ရိုက်တော့မယ်… သမီးကို ကယ်ပါဦး ဒေါ်လေးစူစူ”

ဖုန်းတစ်ဖက်မှ ချင်းလောင်ယွင်လေး ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေပြီး ချင်းယုဟွမ် မေးတာကိုတောင် မကြားနိုင်ဘဲ စူစူလေးကိုသာ အဆက်မပြတ်ခေါ်နေပါသည်။

“မကြောက်နဲ့!”။ စူစူလေးက Tablet ထဲကို အော်ပြောလိုက်သည်။ “ငါ့ကိုစောင့်! အခုချက်ချင်း လာကယ်မယ်!”

ထိုသို့ပြောပြီးနောက် စူစူလေး ချက်ချင်း မတ်တပ်ရပ်ကာ ပြေးထွက်သွားလေသည်။

“စူစူ!”။ ချင်းယုဟွမ်လည်း အနောက်က အမြန်ပေးလိုက်ရလေသည်။

ထို့နောက် သူမရဲ့ အရုပ်ပုံတွေထဲက ပလတ်စတစ် ဓားလေးတစ်ချောင်းကို စူစူလေး ဆွဲထုတ်လိုက်ပါသည်။

စူစူလေး သဘောကျသည့် မီးဖိုချောင် အရုပ်လေးတွေထဲက ဓားလေးဖြစ်သည်။

ပလတ်စတစ်ဓားလေးကို ကိုင်လျက် စူစူလေး အောက်ထပ်သို့ ပြေးဆင်းသွားခဲ့ပါသည်။

စူစူလေး ဘာတွေကြံနေတာလဲ ချင်းယုဟွမ် နားမလည်သော်လည်း သူမကို အမြန်တားဖို့ ကြိုးစားလိုက်ပါသည်။

သို့သော် စူစူလေးက ခြေတံတိုသော်လည်း အလွန်အပြေးမြန်သည်။

ချင်းယုဟွမ်က အိမ်တွင်းအောင်းသူဖြစ်သဖြင့် ပြေးလွှားရတာ သူ့အားနည်းချက်ဖြစ်သည်။

စူစူလေးက လျှပ်စီးလို အလျှင်မျိုးနဲ့ အိမ်ထဲမှ ပြေးထွက်သွားသည်။

“မဲလုံးကြီး!”

ခြံထဲရောက်သွားသောအခါ မဲလုံးကြီးကို စူစူလေး အော်ခေါ်လိုက်သည်။

သူမ အသံကို ကြားတော့ မဲလုံးကြီးလည်း အမြန်ဆုံး ပြေးလာလေသည်။

ထို့နောက် စူစူလေးက မဲလုံးကြီးရဲ့ ကျောပေါ် ခွတက်လိုက်သည်။

“သွားကြစို့!”

စူစူလေးရဲ့ အမိန့်သံကို ကြားသောအခါ မဲလုံးကြီးလည်း စူစူလေးကို ကျောပေါ်ပိုးလျက် ခြံအပြင် ပြေးထွက်သွားလေတော့သည်။

ချင်းယုဟွမ် ခြံထဲ ရောက်သောအခါ မဲလုံးကြီးပေါ် တက်စီးပြီး အပြင်ထွက်သွားသည့် စူစူလေးကို အရိပ်မျှသာ မြင်လိုက်ရလေသည်။

Tibetan Mastiff ခွေးမျိုးစိတ်ပုံ

… … …

All Chapters