အခန်း (၄၅၃-၄၅၄)
Vol. 19 Ch. 453-454
အခန်း(၄၅၃) ခွေးစီးတာကို ခွင့်ပြုပေးသင့်တယ်
ချင်းယုဟွမ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဒါ… ဒါဘယ်လိုအခြေအနေကြီးလဲ။
Tibetan Mastiff ခွေးကြီးကို စီးပြီး ထွက်ပြေးသွားတာလား။
စူစူလေးအကြောင်း ချင်းယုဟွမ် သိပ်နားမလည်သေးပါ။
သူ့စိတ်ထဲမှာ စူစူလေးက ချစ်ဖို့ကောင်းပြီး နူးညံ့သိမ်မွေ့ရုံသာရှိသည်။ တစ်ခါတလေ ကံလည်းကောင်းတတ်သေးသည်။
သူတို့အိမ်မှာ ရောက်နေသည့် Tibetan Mastiff ခွေးကြီးကို ချင်းယုဟွမ် ခပ်ခွာခွာကနေတောင် မကြည့်ရဲပါ။ အနားကပ်ဖို့ဆို ပိုဝေးသည်။
ချင်းယုဟွမ် ရီဝေနေဆဲဖြစ်သည်။
ထိုစဉ် စူစူလေး ထိုခွေးကြီးကို စီးလျက် ခြံထဲ ပြန်ဝင်လာသည်။
သူပြန်ဝင်လာတာလား…။
ချင်းယုဟွမ် စိတ်မအေးနိုင်သေးခင် မဲလုံးကြီးက သူ့ခွေးအိမ်ဘေးသို့ ပြေးသွားသည်။ စူစူလေးက ခွေးအိမ်ဘေးရှိ လည်ပတ်ကြိုးကို လှမ်းယူလိုက်ပြီး ခြံပြင် ပြန်ထွက်သွားလေသည်။
ခွေးကြီးပေါ်က ခဏလေးတောင် မဆင်းပါ။ ချက်ချင်း ပြန်လှည့်ထွက်သွားသည်။
အလွန်လျှင်မြန်လွန်းသဖြင့် ချင်းယုဟွမ် ဘာမှတောင် မလုပ်လိုက်နိုင်ပေ။
ချင်းယုဟွမ်က သူ့ကိုယ်သူ နှေးကွေးသည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပါ။ ငယ်စဉ်အရွယ်မှ ကြီးလာသည့်အချိန်ထိ ပညာရေးမှာကော တခြားကဏ္ဍတွေမှာကော အတွေးအခေါ်မြန်ဆန်သည်ဟု ကိုယ့်ကိုယ်ကိုယ် ခံယူထားသူ ဖြစ်သည်။
သို့သော်လည်း ဒီနေ့တော့ သူဘယ်လောက် နှေးကွေးမှန်း မျက်မြင်သိခဲ့ရပါပြီ။
အသိစိတ်ပြန်ကပ်လာပြီးနောက် သူမနောက်သို့ ချင်းယုဟွမ် ပြေးလိုက်သွားခဲ့သည်။
လမ်းဆုံလမ်းခွတစ်ခုမှာ မဲလုံးကြီးကို စီးထားသည့် စူစူလေး လမ်းတစ်ဖက်သို့ ချိုးဝင်သွားတာကို ချင်းယုဟွမ် လှမ်းမြင်လိုက်သည်။ ခွေးလည်ပတ်ကြိုးက မဲလုံးကြီးရဲ့ လည်ပင်းပေါ်မှာ ရောက်နေပြီဖြစ်ပြီး ကြိုးအဆုံးကို စူစူလေးက လက်ထဲမှာ ကိုင်ထားပါသည်။
သူမ စိတ်တွေပူထူပြီး အပြင်ပြေးထွက်သွားသည့်အခါမှာတောင် ခွေးလည်ပတ်ကြိုးကို ယူဖို့ မမေ့ပါ။
ဒါပေမယ့် ကြိုးကိုအဲ့လိုကိုင်ထားတော့… ဘာထူးခြားမှာလဲ။
လူတွေက ခွေးတွေ ထွက်ပြေးမသွားအောင် လည်ပတ်ကြိုး တပ်ပေးထားတတ်ကြတာ။ စူစူလေးကတော့ လည်ပတ်ကြိုးကို မြင်းဇက်ကြိုးလို ဆွဲထားတာပါလား…။
စူစူလေးနောက်ကို ခြေလျင်လိုက်ဖို့ မမှီနိုင်တော့မှန်း သိသဖြင့် ချင်းယုဟွမ် အိမ်ပြန်ပြေးပြီး ဂိုထောင်ထဲက ကားတစ်စီး ထုတ်လိုက်ပါသည်။
သူ့တက္ကသိုလ်တက်နေရင်း ကားမောင်းသင်ထားလို့ တော်သေးတာပေါ့…။
စူစူလေးကို ဘယ်မှာမှ မမြင်ရတော့သဖြင့် ချင်းယုဟွမ် ခေါင်းနပန်းကြီးသွားသည်။ စူစူလေးကို ရှာမတွေ့တော့ပါက လီထိုက်ဟိုတည်ကို သွားဖို့သာ ရှိတော့သည်။
ချင်းလောင်ယွင်တို့ သားအမိ လီထိုက်ဟိုတည်မှာ နေထိုင်နေကြမှန်း ချင်းယုဟွမ်သိပါသည်။ ချင်းချန်းကျစ်တို့တွေ သောင်းကျန်းနေတာဆိုလျှင် ထိုဟိုတည်မှာ ဖြစ်ဖို့များသည်။
ထိုဟိုတည်ကို စူစူလေး သွားကော သွားတတ်ရဲ့လား။
သူမ လမ်းတောင် သိရဲ့လား။ ချင်းယုဟွမ်ကတော့ မထင်ပါ။
ထို့အပြင် ချင်းလောင်ယွင်တို့သားအမိ လီထိုက်ဟိုတည်မှာ နေထိုင်နေတာကိုတောင် စူစူလေး သိပါ့မလား။
အတွေးပေါင်းစုံဖြင့် ချင်းယုဟွမ် ခေါင်းကိုက်သွားသည်။
ကားမောင်းရင်းနဲ့ သူ့အစ်ကို ချင်းယုဟွိုင်းထံ ဖုန်းဆက်ပြီး စူစူလေး ထွက်ပြေးသွားကြောင်း အသိပေးလိုက်သည်။
သူ့အဘိုးနဲ့ အဘွားကိုတော့ သွေးတက်သွားမှာစိုးတာကြောင့် အသိမပေးရဲသေးပါ။
ချင်းယုဟွမ်ထံမှ ဖုန်းဝင်လာသောအခါ ချင်းယုဟွိုင်းတစ်ယောက် အစည်းအဝေးထိုင်နေတာဖြစ်သည်။ စူစူလေးအကြောင်းကြားတာနဲ့တစ်ပြိုင်နက် အစည်းအဝေးကို ချက်ချင်းရွှေ့ဆိုင်းကာ ဟိုတည်သို့ အပြေးထွက်လာခဲ့ပါသည်။
ထိုစဉ် စူစူလေးမှာ အတော်ဝေးဝေးကို ရောက်နေပြီဖြစ်သည်။ သို့သော် ချင်းယုဟွမ်ထင်တာ မှန်ပါသည်။ စူစူလေး လမ်းမသိပါ။ ချင်းလောင်ယွင် လီထိုက်ဟိုတည်မှာ ရှိနေကြောင်းလည်း သူမ မသိပါ။
သို့သော် သူမမှာ မဲလုံးကြီးရှိသည်။
မဲလုံးကြီး ချင်းလောင်ယွင်နဲ့ အတူတူကစားဖူးသဖြင့် သူမရဲ့ အနံ့ကို မှတ်မိနေပါပြီ။ ထို့ကြောင့် မဲလုံးကြီးကို အနံ့ခံခိုင်းကာ လမ်းရှာခိုင်းလိုက်သည်။
“မြန်မြန်လုပ် မဲလုံး! ယွင်ယွင်ရဲ့ အနံ့ကိုမြန်မြန်ရှာစမ်း!”။ စူစူလေး အမိန့်ပေးလိုက်သည်။
“ဝုတ် ဝုတ်!”။ မဲလုံးကြီးက ယုံကြည်ချက် အပြည့်ရှိပါသည်။
ခွေးတစ်ကောင်ဖြစ်သည့်အပြင် ခွေးဘုရင်ဟုပါ ဆိုနိုင်သဖြင့် မဲလုံးကြီးက သူ့အနံ့ခံစွမ်းရည်ကိုသူ ယုံကြည်ချက် အပြည့်ရှိပါသည်။
လူအနံ့ကို ခြေရာခံရတာ သူ့အတွက် အလွန်လွယ်ကူသည်။
… … …
အခန်း(၄၅၄) ခွေးကြီးစီးလာတဲ့ သူရဲကောင်းမလေး
မဲလုံးကြီးလည်း စူစူလေးလိုပဲ အလောတကြီးဖြစ်နေပြီး ဖြတ်လမ်းပေါင်းစုံ သုံးကာ လမ်းမတွေ၊ လမ်းကြိုလမ်းကြားထဲ ပြေးဝင်သွားသည်။
လမ်းမှာ ကြောက်စရာကောင်းသည့် Tibetan Mastiff ခွေးကြီးတစ်ကောင် လျှောက်ပြေးနေတာကို လမ်းသွားလမ်းလာတွေ မြင်သွားကြပြီး ကြောက်လန့်ကုန်ကြပါသည်။
Tibetan Mastiff ခွေးကြီးပေါ်မှာတက်စီးနေသည့် ချစ်စရာကလေးမလေးကို မြင်သောအခါ တချို့တွေက အံ့အားသင့်ကုန်ကြသည်။ တချို့တွေက စိတ်ပူကုန်ကြ၏။ တချို့တွေကတော့ စိတ်မထိန်းနိုင်ဘဲ ဖုန်းတွေထုတ်ပြီး ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ယူကြပါသည်။
၁၅ မိနစ်အတွင်း လီထိုက်ဟိုတည် ဝင်ပေါက်သို့ စူစူလေး ရောက်ရှိသွားခဲ့သည်။
ဟိုတည်လုံခြုံရေးအစောင့်က ခွေးကြီးကိုမြင်ပြီး အကြောက်လွန်ကာ လုံခြုံရေးအခန်းတံခါးကိုပါ တစ်ခါတည်း ပိတ်ချပစ်လိုက်သည်။
ထို့နောက် ပြူတင်းပေါက်မှန်မှတဆင့် အပြင်ကို မဝံ့မရဲ ခိုးကြည့်လိုက်သည်။
ဧရာမခွေးကြီးက ဟိုတည်လော်ဘီထဲ တန်းဝင်သွားခဲ့သည်။
ဟိုတည်ထဲ စူစူလေးရောက်သွားမှ လုံခြုံရေးအစောင့်လည်း စကားပြောစက်သုံးပြီး အထဲကလူတွေကို အသိပေးဖို့ သတိရပါသည်။
“အားလုံးသတိ! ဌာနအားလုံး သတိ! ခွေးကြီးတစ်ကောင်စီးပြီး ဓားတစ်လက်ကိုင်ထားတဲ့ ကလေးမလေးတစ်ယောက် ဟိုတည်ထဲ ပြေးဝင်သွားပြီ!”
ထူးထူးဆန်းဆန်း စကားတစ်ခွန်းကို အားလုံး ကြားလိုက်ရသည်။
“အစ်ကိုကြီးဝမ် ဘာတွေပြောနေတာလဲ။ လိုင်းကျနေတာလား ကျွန်တော် နားကြားမှားတာလား”
“နေ့ခင်းကြောင်တောင်ကြီး ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ ခင်ဗျား အလုပ်ချိန်မှာ အရက်သောက်နေတာတော့ မဟုတ်ပါဘူးနော်။ ကလေးတစ်ယောက်က ခွေးကြီးစီးပြီး ဝင်လာတယ်ပေါ့။ ဟယ်ရီပေါ်တာ တံမြက်စည်းပျံစီးပြီး ဝင်လာတယ်လို့ပါ ပြောဦးမလား”
“ပြီးတော့ ဓားလည်း ကိုင်ထားသေးတယ်တဲ့။ ဟားဟားဟားဟား”
လီထိုက်ဟိုတည် လော်ဘီထဲတွင် လူတစ်အုပ် ဆွဲလားရမ်းလားနဲ့ စကားများ ရန်ဖြစ်နေကြသည်။
လုံခြုံရေးအစောင့်တချို့က သောင်းကျန်းနေသော ချင်းချန်းကျစ်အား ဝိုင်းဆွဲနေကြပါသည်။
ဒဏ်ရာတွေ ပြန်ကောင်းလာပြီး ဆေးရုံဆင်းတာနဲ့တစ်ပြိုင်နက် လီထိုက်ဟိုတည်သို့ ချင်းချန်းကျစ် ချက်ချင်း ထွက်လာခဲ့သည်။
သူ့မိန်းမ ကျန်းဝမ်ဝမ်က လီထိုက်ဟိုတည်မှာ အလုပ်လုပ်နေသည်ဟု ကြားခဲ့ရသည်။ ထို့ကြောင့် သူ့မိဘတွေနဲ့အတူ လီထိုက်ဟိုတည်ကို ရောက်လာပြီး အလုပ်လုပ်နေသည့် ကျန်းဝမ်ဝမ်ကို ဆွဲခေါ်ကာ သတ်ပစ်မည်ဟုပင် ခြိမ်းခြောက်နေပါသည်။
အမေဖြစ်သူ ရိုက်နှက်ခံနေရတာကို မြင်သောအခါ ချင်းလောင်ယွင် ဝင်တားချင်သော်လည်း ချင်းကျင်းဖန်တို့ လင်မယားက သူမကို ဆွဲထားကြသည်။
လောင်ယွင်လေး ကြောက်လည်းကြောက် စိတ်လည်းဖိစီးနေကာ ငိုကြွေးနေပါသည်။ သူမ ခိုကိုးရာမဲ့ ဖြစ်နေသည့်အချိန်တိုင်း အာရုံထဲမှာ စူစူလေးရဲ့ ပုံရိပ်တွေ ပေါ်လာတတ်သည်။
စူစူလေးက သူမရဲ့ ကယ်တင်ရှင်ဖြစ်သည်။ ချင်းလောင်ယွင် ပြဿနာတစ်ခုခု ကြုံလာလျှင် သူမကို လာပြောလို့ ရသည်ဟု စူစူလေးက မှာထားသည်။ သူမက ဒေါ်လေးဖြစ်သဖြင့် ချင်းလောင်ယွင် လိမ္မာလျှင် ကျိန်းသေပေါက် ကာကွယ်ပေးပါလိမ့်မည်။
သူမ ခုတလော လိမ်လိမ်မာမာ နေခဲ့သဖြင့် ဒေါ်လေးစူစူ လာကာကွယ်ပေးလောက်သည်။
ထို့ကြောင့် သူမအဘိုးအဘွားတွေနဲ့ အမေဖြစ်သူ စကားများနေတာကို အခွင့်အကောင်းယူပြီး စူစူလေးဆီ ဖုန်းဆက်ခဲ့ပါသည်။
ဖုန်းချပြီးနောက် ဟိုတည်ဝင်ပေါက်ကိုသာ လောင်ယွင်လေး ငေးကြည့်နေခဲ့ပြီး စူစူလေးရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
စူစူလေး တကယ် ရောက်လာခဲ့ပါသည်။
စူစူလေးက ဧရာမ ခွေးနက်ကြီးကို စီးလျက် ဓားကြီးကို ကိုင်ထားပြီး သူရဲကောင်းဆန်စွာ ဝင်လာခဲ့သည်။
အရမ်းမိုက်တာပဲ!
လောင်ယွင်လေး ငိုဖို့တောင် မေ့သွားပြီး စူစူလေးကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။
ဟိုတည်လော်ဘီထဲ ရောက်တာနဲ့တစ်ပြိုင်နက် မဲလုံးကြီးက တောရိုင်းသားရဲတစ်ကောင်လို ကျယ်လောင်စွာ ဟိန်းလိုက်လေသည်။
ထိုဟိန်းသံကြီးကြောင့် ဟိုတည်လော်ဘီထဲကလူတွေအားလုံး ကြက်သေသေကုန်ကြပါသည်။
အသံပိုင်ရှင်ကို မြင်သောအခါ အားလုံး လုပ်လက်စ အလုပ်တွေကို ရပ်လိုက်ကြသည်။
ရန်ဖြစ်နေသူတွေက ရန်ဖြစ်နေတာ ရပ်သွားကြပြီး ဝင်ဆွဲနေသူတွေလည်း ဝင်ဆွဲနေတာ ရပ်လိုက်ကြပါသည်။
အားလုံး အူကြောင်ကြောင်ဖြစ်ကာ မဲလုံးကြီးကို စိုက်ကြည့်နေကြသည်။
ဒါ… ဒါဘာကောင်ကြီးလဲ။
“Tib… Tibetan Mastiff ခွေးကြီး!!”
လူတစ်ယောက်က ကြောက်လန့်တကြား ထအော်လေသည်။
ဘာခွေးမျိုးစိတ်လဲဆိုတာ သိလိုက်ရပြီးနောက် အားလုံး ချောက်ချားသွားကြသည်။
Tibetan Mastiff ဆိုတာ ခွေးမျိုးဖြစ်သော်လည်း သာမန် ခွေးမဟုတ်ပါ။
ကျားတွေ၊ ခြင်္သေ့တွေနဲ့တောင် ယှဉ်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။
ဒီလိုအန္တရာယ်အလွန်များသည့် သတ္တဝါကြီးက သူတို့နဲ့ လက်တစ်ကမ်းအလိုမှာ ရောက်ရှိနေလေသည်။
… … …