အခန်း (၄၅၅-၄၅၆)
Vol. 19 Ch. 455-456
အခန်း(၄၅၅) စူစူလေး သောင်းကျန်းခြင်း (၁)
Tibetan Mastiff ခွေးကြီးရဲ့ အမြန်နှုန်း၊ ကိုယ်အလေးချိန်၊ ခွန်အားနဲ့ ကိုက်အားတွေကြောင့် စက္ကန့်ပိုင်းအတွင်း ဒီလိုအကွာအဝေးမှာ သူတို့ အသက် ဆုံးရှုံးသွားနိုင်သည်။
ထိုခွေးကြီးဘက်က တစ်ချက်လောက် ခုန်အုပ်လိုက်ဖို့သာလိုသည်။
ဒီလိုခွေးမျိုးက အလွန်မြင်ရခဲပါသည်။ အလွန်ရှားပါးပြီး ဈေးလည်းကြီးကာ ပြုစုပျိုးထောင်ဖို့ ခက်ခဲသည်။
တစ်ကောင်မွေးထားရင်တောင် ဒီလို လွယ်လွယ်ကူကူနဲ့ အပြင်ခေါ်ထုတ်လို့ မရနိုင်ပါ။
သူစိမ်းတွေပဲကြောက်ကြတာမဟုတ်ဘဲ မွေးထားသည့် သခင်တွေကပါ အပြင်ရောက်လျှင် ထိန်းချုပ်နိုင်ပါ့မလား မသေချာတာကြောင့်ဖြစ်သည်။
ယခုတော့ သူတို့ရှေ့မှာ ဒီလိုခွေးမျိုး ရောက်နေလေပြီ။ Tibetan Mastiff ခွေးမျိုးစစ်စစ် ဖြစ်ပုံရသည်။
ထို့အပြင် ထို ခွေးကြီးအပေါ်မှာ ကလေးမလေးတစ်ယောက်က ထိုင်နေပြီး ဘေးနားကလူတိုင်းကို အရှိန်အဝါကြီးစွာ လိုက်ကြည့်နေလေသည်။
စူစူလေးကို အားလုံး အာရုံစိုက်မိသွားကြသည်။
သူမရဲ့ သေးငယ်ပျော့ပြောင်းသော ခန္ဓာကိုယ်လေး၊ ချစ်စရာကောင်းသော မျက်နှာလေးက ကြောက်စရာ Tibetan Mastiff ခွေးကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်လို့နေသည်။
ဘာတွေဖြစ်နေတာလဲ။
ဒီကလေးလေးနဲ့ ခွေးကြီးက ဘယ်ကရောက်လာတာလဲ။
ဘာမဆိုင်ညာမဆိုင် ဘေးလူတွေပါ အားလုံး ဇဝေဇဝါဖြစ်ကုန်ကြသည်။
“ဒေါ်လေးစူစူ”။ ချင်းလောင်ယွင်လေးက လှမ်းခေါ်လိုက်သည်။
စူစူလေး သူမဘက်သို့ ခေါင်းလှည့်လာပြီး ပြောလိုက်သည်။ “မကြောက်နဲ့ ငါကာကွယ်ပေးမယ်!”
“အီးဟီးဟီး… ဒေါ်လေးစူစူ… သမီးကို လာကယ်တာလား…”။ ချင်းလောင်ယွင် ပျော်လွန်းသဖြင့် မျက်ရည်တွေ စီးကျလာပါသည်။
“မငိုနဲ့ မငိုနဲ့။ နင့်ကို အနိုင်ကျင့်တဲ့လူတိုင်းကို ငါဆုံးမမယ်!”
စူစူလေးက ပလတ်စတစ်ဓားလေးကို ရမ်းပြပြီး အတည်ပေါက် ပြောလိုက်သည်။
“အွန်း! ဒေါ်လေးစူစူကို ယုံတယ်!”။ ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်သည်။ စူစူလေးကို သူမ အကြွင်းမဲ့ယုံကြည်ပါသည်။
“ဒါဆို ငါ့ဘေးနားမှာ လာနေ”။ စူစူလေးက ပြောလိုက်သည်။
ချင်းလောင်ယွင်လည်း စူစူလေးနဲ့ မဲလုံးကြီးတို့ဘေးသို့ အမြန်ဆုံးပြေးသွားလိုက်ပါသည်။
ချင်းကျင်းဖန်၊ ဟုံပေါင်ကျူးနဲ့ ချင်းချန်းကျင်းတို့ အလွန်နှေးကွေးကြသဖြင့် သူတို့ မသိလိုက်ခင်မှာပဲ ချင်းလောင်ယွင်က စူစူလေးဘေးကို ရောက်ရှိသွားပါပြီ။
ချင်းကျင်းဖန်၊ ဟုံပေါင်ကျူးနဲ့ ချင်းချန်းကျစ်တို့ကို ပလတ်စတစ်ဓားဖြင့် ရွယ်လိုက်ပြီး စူစူလေး သတိပေးလိုက်သည်။ “ငါ့တူမလေးကို ငါကာကွယ်ပေးထားတာ။ နင်တို့ အနိုင်ကျင့်လို့ မရဘူး!”
ချင်းချန်းကျစ်က ငေါက်လိုက်လေသည်။ “နင်ရူးနေလား။ နင့်တူမဆိုပေမယ့် ငါ့သမီးလည်း ဟုတ်တယ်! ငါ့သမီးအရင်းဟ! ငါ့ထက်နင်က အာဏာပိုရှိမယ်ထင်နေတာလား”
“နင်က ငါ့တူမလေးရဲ့ အဖေဖြစ်နေရင်တောင် မလုံလောက်ဘူး! နင်က ငါ့လောက်မှ မချောတာ!”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
သူမက ရုပ်ပိုချောသည်။ ဘာမှ ဆွေးနွေးစရာမရှိပါ။
“လခွီးပဲ။ ငါ့ကို လာမရှုပ်နဲ့နော်။ ဒီနေ့ ငါ့သမီးကို အိမ်ပြန်ခေါ်သွားဖို့ လာခဲ့တာ!”။ ချင်းချန်းကျစ်က ဒေါသတကြီး ပြောလိုက်ပါသည်။
အရင်တစ်ခေါက် သူဆေးရုံမဆင်းရသေးခင် သူ့မိဘတွေ ကြိုးစားပြီးပါပြီ။ သို့သော် မအောင်မြင်ခဲ့ဘဲ သူ့ဦးလေးတို့ မိသားစု မောင်းထုတ်တာကို ခံခဲ့ရသည်။
သူ့မိဘတွေ အသုံးမကျတာကြောင့် မအောင်မြင်ခဲ့တာဟု ချင်းချန်းကျစ် ယုံကြည်သည်။ သူ့မိဘတွေက အကြမ်းပတမ်း မလုပ်နိုင်ကြတာကြောင့် သူ့သမီးကို ပြန်မခေါ်နိုင်ခဲ့ကြတာဖြစ်မည်။
ဒီတစ်ခေါက် သူကိုယ်တိုင် လိုက်လာပြီး သူ့ဦးလေးတို့ မိသားစုကို ဝင်ရှုပ်ခွင့်ပေးမှာ မဟုတ်ပါ။
“မခေါ်သွားရဘူး! ယွင်ယွင် ဒီမှာပဲနေရမယ်! ငါ့တူကြီး ပြောထားတယ်!”။ စူစူလေး ပြန်အော်လိုက်သည်။
“နင်တို့မှာ ငါ့ကို တားပိုင်ခွင့်ရှိလား။ ငါက သူ့အဖေအရင်းနော်! ဘယ်သူမှ လာတားလို့မရဘူး!”။ ချင်းချန်းကျစ်က ကြုံးဝါးလိုက်သည်။
“အဲ့တာဆို ဆွဲထိုးပစ်မှာ!”။ စူစူလေး ခြိမ်းခြောက်လိုက်သည်။
မယုံဘူးလား။ မယုံရင် လာခဲ့လေ!
စူစူလေး စကားပြောနေစဉ် မဲလုံးကြီးထံမှ မာန်ဖီသံသဲ့သဲ့ထွက်လာပြီး တစ်ယောက်ယောက်ကို ခုန်အုပ်ဖို့ ပြင်နေပုံ ပေါက်လာသည်။ ထို့ကြောင့် လော်ဘီထဲကလူတွေအားလုံး အသက်တောင် မရှူရဲကြတော့ပါ။
စူစူလေးရဲ့ ခြိမ်းခြောက်စကားကို ကြားသောအခါ ချင်းချန်းကျစ်လည်း စူစူလေးဆုံးမတာကို ခံရဖူးသဖြင့် အနည်းငယ် ကြောက်လန့်သွားပါသည်။ စူစူလေး ကန်တာကို ခံခဲ့ရသည့် မှတ်ဉာဏ်များက သူ့ဦးနှောက်ထဲ ထင်ထင်ရှားရှား ရှိနေဆဲဖြစ်သည်။
ထို့အပြင် ဒီတစ်ခေါက် စူစူလေးနဲ့အတူ မဲလုံးကြီးပါ ပါလာသေးသည်…။
… … …
အခန်း(၄၅၆) စူစူလေး သောင်းကျန်းခြင်း (၂)
ချင်းချန်းကျစ်ရဲ့ အကြည့်ကို သတိထားမိတာကြောင့်လားမသိ၊ မဲလုံကြီးရဲ့ မျက်လုံးနက်နက်တွေ စူးရှသွားပြီး အသံကလည်း ပိုမိုလေးလံသွားပါသည်။
မိုးကြိုးပစ်ခါနီး မိုးချုန်းခပ်အုပ်အုပ် ကြားရသလိုမျိုး အလွန်ကြောက်ဖို့ကောင်းလွန်းသည်။
ချင်းချန်းကျစ်တစ်ယောက်တည်းမဟုတ်ဘဲ ဘေးမှ ဝိုင်းကြည့်နေကြသူတွေပါ ကျောပြင်တစ်လျှောက် စိမ့်တက်သွားသည်။
ချင်းချန်းကျစ် ကြောက်လန့်နေပါပြီ။ တိုက်ရည်ခိုက်ရည်အရ သူ မယှဉ်နိုင်ပါ။
“ဒေါ်လေးစူစူ။ သူတို့ သမီးမေကြီးကို ရိုက်ကြဦးမှာ”။ ချင်းလောင်ယွင်က စူစူလေးကို အမြန်တိုင်လိုက်သည်။
“အွန်း။ ငါသိတယ်။ မကြောက်နဲ့ မကြောက်နဲ့”။ စူစူလေး နှစ်သိမ့်ပေးလိုက်ပါသည်။
ထို့နောက် လုံခြုံရေးအစောင့် ၂ ယောက်အနောက်တွင် ကျန်းဝမ်ဝမ်ကို စူစူလေးမြင်လိုက်ရသည်။ ဆံပင်တွေကော အဝတ်အစားတွေကော အလွန် တွန့်ကြေရှုပ်ပွနေပါသည်။
“ငါ့တူမလေးရဲ့မေကြီး ဒီကို လာခဲ့”။ စူစူလေးက လှမ်းခေါ်လိုက်သည်။
စူစူလေးရဲ့ ခေါ်သံကို ကြားသောအခါ ကျန်းဝမ်ဝမ် ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီဂ စူစူလေးထံ တုန်တုန်ယင်ယင်ဖြင့် လျှောက်သွားလေသည်။
ဒါကိုမြင်တော့ ချင်းချန်းကျစ် စိတ်ချောက်ချားသွား၏။ သူကျန်းဝမ်ဝမ်ကို လှမ်းပြောလိုက်သည်။ “ဝမ်ဝမ် ငါတို့ ပေါင်းလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ ငါ့ကို ဒီတိုင်း ကွာရှင်းလိုက်တော့မလို့လား။ အရင်တုန်းက ငါတို့ အတူတူ ဘယ်လောက်ပျော်ခဲ့ရသလဲ မေ့သွားပြီလား။ မင်းအတွက် ငါပိုက်ဆံတွေ ဘယ်လောက် ဖြုန်းခဲ့ရသလဲ မင်းမေ့သွားပြီလား”
စူစူလေးရှိနေသဖြင့် ကျန်းဝမ်ဝမ်နဲ့ ချင်းလောင်ယွင်တို့ကို ချင်းချန်းကျစ် အကြမ်းနည်းနဲ့ ပြန်ခေါ်မရတော့ပါ။ ထို့ကြောင့် ဖြောင်းဖြသည့် နည်းလမ်းကိုသုံးပြီး ကျန်းဝမ်ဝမ်ကို စိတ်ပြောင်းအောင် ကြိုးစားလိုက်သည်။
ကျန်းဝမ်ဝမ် အနည်းငယ် လန့်သွားသော်လည်း သတ္တိမွေးကာ တုန့်ပြန်လိုက်ပါသည်။ “ယွင်ယွင်လေးကို နင်လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ငါ လုံးဝ ခွင့်မလွှတ်ဘူး! နင့်လို ခွေးစိတ်ပေါက်နေတဲ့ကောင်နဲ့ တစ်ကုတင်တည်း အတူတူ မအိပ်နိုင်ဘူး!”
“ဝမ်ဝမ် အဲ့လိုမပြောပါနဲ့ကွာ။ ငါ ယွင်ယွင်လေးအပေါ် မကောင်းခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် မင်းကိုတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပဲလေ! သေချာစဉ်းစားကြည့်စမ်းပါ ငါတို့ အိမ်ထောင်ရေး သက်တမ်း တစ်လျှောက်လုံး မင်းကိုငါ ဘယ်လို ဆက်ဆံခဲ့သလဲဆိုတာ စဉ်းစားကြည့်စမ်းပါ”
ချင်းချန်းကျစ်က စိတ်ခံစားချက်ကို အသုံးချဖို့ ဆုံးဖြတ်လိုက်ပါသည်။
ကျန်းဝမ်ဝမ်သာ စိတ်ယိုင်သွားလျှင် သူ့ဦးလေး မိသားစု ဘယ်လိုပဲဝင်ရှုပ်ရှုပ် အသုံးဝင်မှာမဟုတ်မှန်း သူသိသည်။
“ဘာမှလာမပြောနဲ့!”။ ကျန်းဝမ်ဝမ် ဖြတ်ပြောလိုက်သည်. “အရင်တုန်းက ငါ တုံးအခဲ့လို့ နင့်နောက်လိုက်ပြီး ဘာအကျိုးရှိတာမှ မလုပ်ခဲ့ဘူး! လောင်းကစားပါ စွဲသွားတယ်! အခု ကိုယ်တိုင် ကြိုးစားပမ်းစား ရှာလို့ရလာတဲ့ ငွေကမှ တကယ်တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမှန်း ငါနားလည်သွားပြီ! ငါ့သမီးကို ငါ့လက်နဲ့ ကိုယ်တိုင်ကြိုးစားပြီး ပျိုးထောင်မယ်။ ငါ့လိုလူမျိုး ဖြစ်မလာစေရဘူး!”
ကျန်းဝမ်ဝမ် ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။
ထိုနေ့က အဖြစ်အပျက်ကြောင့် သူမ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုတာဝန်မကျေခဲ့ကြောင်း နားလည်ခဲ့ရသည်။ သူမ ယောက်ျားဖြစ်သူကလည်း တိရိစ္ဆာန်ထက် အသိဉာဏ်ကင်းမဲ့ကြောင်းကိုပါ သိခဲ့ရပါသည်။
ထို့နောက် လီထိုက်ဟိုတည်မှာ အလုပ်ဝင်လုပ်သောအခါ ကမ္ဘာကြီးကို မြင်သည့် သူမရဲ့ အမြင်တွေ ပြောင်းလဲသွားခဲ့ရသည်။ ယခုတော့ ချင်းချန်းကျစ်ရဲ့ စကားချိုချိုတွေကို သူမ မယုံကြည်တော့ပါ။
ကျန်းဝမ်ဝမ် အသက် ၁၈ နှစ်ပြည့်ခါစမှာပဲ ချင်းချန်းကျစ်နဲ့ ဆုံခဲ့တာဖြစ်သည်။ ထိုအချိန်တုန်းက သူမ ငွေမက်ပြီး အပျော်အပါးလည်းမက်သည်။
ချင်းချန်းကျစ်က ငွေတွေသုံးနိုင်ဖြုန်းနိုင်ပြီး သူမကို အဆင့်အတန်းမြင့်သည့်ဘဝမျိုးဖြင့် ထားနိုင်သဖြင့် ကျန်းဝမ်ဝမ် စိတ်ပါခဲ့ရသည်။
ယခု သေချာ ပြန်စဉ်းစားကြည့်တော့မှ သူမ အလွန်ရူးမိုက်ပြီး တုံးအခဲ့ပါသည်။
ထိုစကားကြားသောအခါ ချင်းချန်းကျစ်လည်း ဟန်မဆောင်နိုင်တော့ဘဲ ကျန်းဝမ်ဝမ်ကို ဒေါသတကြီး ငေါက်လိုက်သည်။ “မင်းဘာဖြစ်နေတာလဲ။ ရူးသွားပြီလား။ သခင်မချင်းဆိုတဲ့ ဂုဏ်ကို စွန့်ပြီး ဟိုတည်မှာ သန့်ရှင်းရေးသမား လာလုပ်တော့မလို့လား”
ယခင်တုန်းက သူ့နောက်ကိုလိုက်ပြီး ကျန်းဝမ်ဝမ် သောက်စားပျော်ပါးလျက် မိသားစုစည်းစိမ်ကို ဖြုန်းခဲ့သည်။
အခု သူမက ဟိုတည်မှာ သန့်ရှင်းရေးလာလုပ်နေသဖြင့် ချင်းချန်းကျစ် မယုံကြည်နိုင် ဖြစ်ခဲ့ရပါသည်။
သူမကို သေချာဖြောင်းဖြလိုက်လျှင် သူ့ဆီ ပြန်လာလိမ့်မည်ဟု ချင်းချန်းကျစ် ထင်နေပါသည်။
… … …