← Chapters

အခန်း (၄၅၇-၄၅၈)

Vol. 19 Ch. 457-458

အခန်း (၄၅၇-၄၅၈)

Vol. 19 Ch. 457-458

အခန်း(၄၅၇) ဓားယူလာတာ အသုံးဝင်တယ်

ချင်းချန်းကျစ်၏ မေးခွန်းကို ပြန်မဖြေတော့ဘဲ ကျန်းဝမ်ဝမ် မျက်နှာလွှဲပစ်လိုက်သည်။

သူမရဲ့ အပြုအမူကြောင့် ချင်းချန်းကျစ် ဒေါသပေါက်ကွဲသွားပါသည်။

“သောက်ကောင်မ အဲ့တာ ဘာအချိုးချိုးတာလဲ”

ပြောပြောဆိုဆိုနဲ့ ချင်းချန်းကျစ် ဒေါသထိန်းမရတော့ဘဲ ကျန်းဝမ်ဝမ်ဆီ လျှောက်လာခဲ့သည်။

အကြွေးရှင်တစ်ယောက်က သူ့ခြေထောက်တစ်ဖက်ကို ရိုက်ချိုးသွားသဖြင့် ဒုက္ခိတတစ်ယောက်လို ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေရသည်။

ဆေးရုံမှ ဆင်းလာခဲ့ပြီဖြစ်သော်လည်း သူ့ခြေထောက်တစ်ဖက်ကတော့ ရာသက်ပြန် ပျက်စီးသွားပြီဖြစ်ကာ တစ်သက်လုံး ဒုက္ခိတလို နေထိုင်ရပါတော့မည်။

ထို့ကြောင့်လည်း ကျန်းဝမ်ဝမ်နဲ့ သူ့သမီးချင်းလောင်ယွင်ကို ချင်းချန်းကျစ် အသည်းအသန် လာခေါ်ရခြင်းဖြစ်သည်။

ဒုက္ခိတတစ်ယောက်အနေဖြင့် သူ့ကို တစ်သက်လုံး လုပ်ကျွေးမည့်လူတွေကို လိုအပ်နေပါသည်။

“ရပ်လိုက်စမ်း!”။ စူစူလေးက ပလတ်စတစ်ဓားဖြင့် ရွယ်ကာ ထပ်သတိပေးလိုက်သည်။

ချင်းချန်းကျစ်လည်း ချက်ချင်း ရပ်တန့်သွားပါသည်။ တုပ်တုပ်မျှ မလှုပ်ရဲတော့ဘဲ ရုတ်တရက်ကြီး မာန်ဖီသံ ထွက်လာသည့် မဲလုံးကြီးအား ချောက်ချားစွာ ကြည့်နေမိသည်။

တခြားသူတွေလည်း ဘယ်သူမှ မလှုပ်ရှားရဲတော့ပါ။

စူစူလေး ကြည့်မနေစဉ် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့က အခွင့်ကောင်းယူပြီး စူစူလေးနောက်မှာ ရပ်နေသည့် ချင်းလောင်ယွင်အား တိတ်တိတ်လေးသွားခေါ်ဖို့ ကြိုးစားကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ မြေးမလေးကို ပြန်ခေါ်ရမှဖြစ်မည်။

“နင်တို့ ဘာလုပ်နေကြတာလဲ!”။ စူစူလေးက မျက်စိလျင်သဖြင့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို တန်းမြင်သွားပြီး ပလတ်စတစ်ဓားလေးနဲ့ ရွယ်ကာ မေးလိုက်သည်။

ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့လည်း ချက်ချင်း ရပ်တန့်သွားကြ၏။

“ဘာ… ဘာမှ မလုပ်ပါဘူး” ။ ချင်းကျင်းဖန်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရှင်းပြလိုက်ပါသည်။

“မလှုပ်နဲ့နော်! လှုပ်ရင် ဓားနဲ့ လွင့်ထွက်သွားအောငသ် ရိုက်ချပစ်လိုက်မှာ! ခြေတွေ လက်တွေ အကုန်ကျိုးပြီး ဖင်ပြဲသွားအောင် ရိုက်ပစ်လိုက်မယ်!”။ စူစူလေးက ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

မဲလုံးကြီးကလည်း တစ်ချက်ဟောင်လိုက်ပြီး အားလုံးကို ချွေးစေးများ ပြန်သွားစေခဲ့သည်။

“နားလည်ပါဘူး မလှုပ်တော့ပါဘူး မလှုပ်တော့ဘူး…”

စူစူလေးက သူမလက်ထဲက ပလတ်စတစ်ဓားလေးကို ဂုဏ်ယူဝံ့ကြွားစွာ ခါရမ်းလိုက်သည်။ သူမ ဓား‌လေးကို ယူလာတာ အသုံးဝင်သည်ဟု ထင်သွား၏။ အားလုံးက သူမရဲ့ ပလတ်စတစ်ဓားလေးကို ကြောက်နေကြပုံပေါ်သည်။

ချင်းယုဟွမ်လည်း နောက်ဆုံးတော့ လီထိုက်ဟိုတည်ကို ရောက်လာကြပါပြီ။ ဝင်ပေါက်မှာ ကားကို ဖြစ်သလို ရပ်ပြီး အမြန်ပြေးဝင်လာခဲ့သည်။

လော်ဘီထဲက မြင်ကွင်းကြောင့် ချင်းယုဟွမ် ချက်ချင်း ကြက်သေသေသွားသည်။

သတင်းကောင်းက သူထင်ထားတာ မှန်ပါသည်။ သူ့ဒေါ်လေး လီထိုက်ဟိုတည်မှာ ရောက်နေသည်။

သတင်းဆိုးကတော့ သူ့ဒေါ်လေးကြောင့် လူတွေအကုန် ချောက်ချားကုန်ကြလေပြီ။

ကြောက်စရာကောင်းသည့် Tibetan Mastiff ခွေးကြီးက မာန်ဖီနေပြီး သူ့ဒေါ်လေးနဲ့အတူ လူတိုင်းကို ခုန်အုပ်ဖို့ အသင့်ဖြစ်နေသည့်အလား ရှိနေသည်။

ချင်းယုဟွမ်လည်း ကြောက်ရွံ့သဖြင့် ဖြည်းဖြည်းချင်းသာ ချဉ်းကပ်လာရဲပါသည်။

“ဒေါ်-ဒေါ်-ဒေါ်လေး…”။ စူစူလေးကို ချင်းယုဟွမ် လှမ်းခေါ်လိုက်သည်။

စူစူလေးက ချင်းယုဟွမ်ကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်ပါသည်။ “တူလေးပါလား။ ဒီမှာကြည့်စမ်း။ အားလုံးကို ငါကြောက်အောင် လုပ်ထားတယ်။ ဒီမီးဖိုချောင် ဓားလေးက အရမ်းအသုံးဝင်တာပဲ!”

“အမ်…”။

ကြောက်စရာကောင်းတာက နင့်လက်ထဲက ပလတ်စတစ်ဓားမှ မဟုတ်တာ…။ နင်တက်စီးထားတဲ့ Tibetan Mastiff ခွေးကြီးကို သတိမရတော့ဘူးလား။

“ဒေါ်-ဒေါ်လေး… နင့်အောက်က ခွေးမဲကြီးကို နည်းနည်းလောက် ငြိမ်အောင် ထားလိုက်ပါလား။ အဘိုးနဲ့ အဘွားတို့ သင်ပေးထားမလားတော့မသိဘူး။ ဒါပေမယ့် ခွေးကိုက်ခံရတာ အရမ်းအန္တရာယ်များတယ်…”

“အင်း သိတယ်။ ငါလည်ပတ်ကြိုး ကိုင်ထားပါတယ်!”။ စူစူလေးက ဘယ်ဘက်လက်ကို မြှောက်ပြလိုက်ပြီး သူမ ခွေးလည်ပတ်ကြိုး ကိုင်ထားကြောင့် သက်သေပြလိုက်ပါသည်။

အပြင်ထွက်လျှင် ခွေးတွေကို လည်ပတ်ကြိုး ပတ်ပေးသင့်မှန်း သူမ နားလည်သည်။ သူမ စည်းကမ်း မချိုးဖောက်ပါ။

… … …

အခန်း(၄၅၈) ဓားနဲ့ ရိုက်မယ်!

“အဲ… အဲ့တာဆိုလည်း ပြီးတာပါပဲ”။ ချင်းယုဟွမ် အပြုံးက တောင့်တင်းနေပါသည်။

ယုတ္တိရှိရှိ ပြောရလျှင် သူ့ဒေါ်လေးက ဘာစည်းမျဉ်းစည်းကမ်းမှ မချိုးဖောက်ပါ။

သို့သော်လည်း သူမြင်သလောက်တော့ ထိုလည်ပတ်ကြိုး ဆွဲထားရင်တောင် တခြားသူတွေအတွက် စိတ်အေးစရာ မဟုတ်ပါ။

“တူလိမ္မာလေး။ ယွင်ယွင်နဲ့ ယွင်ယွင်ရဲ့မေကြီးကို ဒေါ်လေးတို့အိမ် ပြန်ခေါ်သွားလိုက်! ဒေါ်လေး လူဆိုးတွေကို ရိုက်ဖို့ ပြင်လိုက်ဦးမယ်! လူဆိုးတွေကို ရိုက်နှက်တာ ကလေးတွေ မကြည့်သင့်ဘူး။ အဲ့တာကြောင့် ယွင်ယွင်လေးကို ခေါ်သွားလိုက်”။ ချင်းယုဟွမ်အား စူစူ‌လေး ပြောလိုက်ပါသည်။

သူမအသံက အလွန်ချိုမြိန်နေသော နွားနို့လေး တစ်ခွက်လိုပင်။ သို့သော်လည်း သူမစကား အဓိပ္ပာယ်ကတော့ သိပ်မချိုမြိန်လှပါ။ သူမဲ့ ကလေးအသံလေးနဲ့ အရှိန်အဝါကြီးမားစွာ အမိန့်ပေးခဲ့သည်။

ချင်းယုဟွမ်က စူစူလေးကို ကြည့်သာကြည့်နေမိပြီး ဘာပြောရမှန်း မသိတော့ပါ။ ‘ကလေးတွေ မကြည့်သင့်ဘူး’ ဆိုတဲ့စကားကို သူ့ဒေါ်လေး နားကော လည်ရဲ့လား။

သူ့ဒေါ်လေးက ယွင်ယွင်ထက် အသက် ၆ လ ပိုငယ်တာ မဟုတ်ဘူးလား။ ပြီးတော့ ၅ စင်တီမီတာလောက်လည်း အရပ်ပိုပုသေးတယ်!

“ဒေါ်လေး ဘယ်ကလူဆိုးတွေကို ပြောနေတာလဲ”။ ချင်းယုဟွမ် ဇာတ်ကြောင်းအစုံအလင်ကို နားလည်အောင် မေးမြန်းလိုက်ပါသည်။

“ဒီကောင်ရယ် ဒီကောင်ရယ် ဒီကောင်ရယ်”။ စူစူလေးက ချင်းကျင်းဖန်၊ ဟုံပေါင်ကျူးနဲ့ ချင်းချန်းကျစ်တို့ကို လက်ညှိုးဖြင့် ထိုးပြလိုက်သည်။

လူဆိုးတွေဆိုတာ ဒင်းတို့ကိုး! ဒါကိုတော့ ချင်းယုဟွမ် ထောက်ခံပါသည်။ သူ့ဒေါ်လေးက အမြင်ကောင်းသည်ဟု ထင်မိသည်။

“ဒါဆို ဘယ်လို ရိုက်မှာတုန်း”။ ချင်းယုဟွမ်က ထပ်မေးလိုက်ပါသည်။

ထိုလူ ၃ ယောက်ကို စူစူလေး တကယ် ရိုက်နှက်နိုင်လိမ့်မည်ဟု ချင်းယုဟွမ် မယုံကြည်ပါ။

လော်ဘီထဲကလူတွေ အကုန် အသက်ကျယ်ကျယ် မရှူရဲတာ သူ့ဒေါ်လေးကြောင့် မဟုတ်ဘဲ သူမ ခေါ်လာသည့် ခွေးကြီးကြောင့်ဖြစ်မှန်း ချင်းယုဟွမ် သိပါသည်။ စူစူလေးရဲ့ အမိန့်ကြောင့် ခွေးကြီးရဲ့ သားကောင်တွေ ဖြစ်သွားကြမှာ ကြောက်ရွံ့နေကြတာဖြစ်သည်။

“ဓားနဲ့ ရိုက်မှာ!”။ စူစူလေးက ဖြန်ဖြေလိုက်သည်။

“ဒါပေမယ့်… အဲ့တာက ပလတ်စတစ် ဓားကြီးလေ။ ပလတ်စတစ် ဓားကြီးက လူတွေကို အနာတရ မဖြစ်စေနိုင်ဘူး”။ ချင်းယုဟွမ် ရှင်းပြလိုက်ပါသည်။

ချင်းယုဟွမ်၏ ရည်ရွယ်ချက်က သူများကို ရိုက်နှက်ဖို့ စိတ်အားထက်သန်နေသည့် စူစူလေးအား စိတ်လျှော့အောင် ပြောဖို့ဖြစ်သည်။

စူစူလေး သူများကို တကယ်သွားရိုက်လိမ့်မည်ဟု ချင်းယုဟွမ် မထင်ပါ။ ထိုအတွေးက အလွန်ရိုးအပြီး ချစ်ဖို့ကောင်းသည်ဟုတောင် ထင်မိပါသည်။

“သိတယ်။ ဓားနဲ့ခုတ်မလို့ မဟုတ်ဘူး။ ဓားနဲ့ ရိုက်မှာလို့ ပြောနေတာလေ!”

ဓားနဲ့ ခုတ်လို့ပဲ ရတယ်လို့ ဘယ်သူပြောလဲ။ ရိုက်လို့လည်း ရတာပဲ!

ထို့နောက် ချင်းယုဟွမ်အား စူစူလေး အတည်ပေါက် ပြောလိုက်သည်။ “ဓားအစစ်နဲ့ လျှောက်သွားနေလို့ မဖြစ်ဘူးလေ တူလိမ္မာလေးရဲ့။ သူများကို ဓားအစစ်နဲ့ မရွယ်သင့်ဘူး အဲ့တာ ရိုင်းတယ်! သေချာမှတ်ထားနော် တူလိမ္မာလေး။ ဒေါသထွက်တဲ့အချိန်၊ တစ်ယောက်ယောက်ကို ကူညီချင်တဲ့အချိန်ကျရင် ဓားအစစ်တွေ မသုံးရဘူး”

ချင်းယုဟွမ်ကို စူစူလေး ဆုံးမလိုက်ပါသည်။

သူ့ဒေါ်လေး ပြောတာ အဓိပ္ပာယ်ရှိသဖြင့် ချင်းယုဟွမ် ပြန်ချေပလို့တောင် မရပါ။

“နား… နားလည်ပါပြီ”။ ချင်းယုဟွမ် ပြောလိုက်သည်။ “ဒါပေမယ့် စူစူလေး၊ ဓားအတုနဲ့ ရိုက်ချင်တယ်ဆိုရင်တောင် နင်က ကလေးပဲရှိသေးတယ် သူတို့က လူကြီးတွေလေ။ ပြီးတော့ နင်က တစ်ယောက်တည်း သူတို့က သုံးယောက်တောင်၊ သူတို့ကို ရိုက်ရမှာ ပင်ပန်းပါတယ်”

ချင်းယုဟွမ်က ရိုက်နှက်ဖို့ အတွေးတွေကို ဖျောက်ပြီး တခြားနည်းလမ်း ရှာစေချင်တာဖြစ်သည်။

“မပင်ပန်းဘူး။ ငါက ရိုက်နှက်တဲ့နေရာမှာ အရမ်းတော်တာ! အဲ့နှစ်ယောက်ကို အရင်တုန်းက ရိုက်ဖူးတယ်! အာ့ကြောင့် အတွေ့အကြုံရှိတယ်!”။ စူစူလေးက ချင်းကျင်းဖန်နဲ့ ချင်းချန်းကျစ်တို့အး လက်ညှိုးထိုးကာ ပြောလိုက်ပါသည်။

လက်ညှိုးထိုးခံလိုက်ရသည့် ချင်းကျင်းဖန်နဲ့ ချင်းချန်းကျစ်တို့ သားအဖ ခေါင်းနပန်းကြီးကာ ကျောချမ်းသါားကြသည်။

စူစူလေး ဆုံးမတာကို ခံခဲ့ရသည့် မှတ်ဉာဏ်များက ထင်ထင်ရှားရှားရှိနေဆဲပင်။ အထူးသဖြင့် အရင်တစ်ခေါက်က ကျားကိုက်ခံရလုနိးပါး ဖြစ်ခဲ့သည့် ချင်းချန်းကျစ်က ပိုဆိုးပါသည်။

“သူ… သူတို့ကို အရင်က ရိုက်ဖူးတယ်ဟုတ်လား”။ ချင်းယုဟွမ်က မယုံကြည်နိုင်စွာ မေးလိုက်ပါသည်။

သူ့ဒေါ်လေးက… သူများတွေကို လိုက်ရိုက်ဖူးတယ်ပေါ့…။

ဒီလောက်ချစ်ဖို့ကောင်းပြီး နူးညံ့နေတာ… ပလတ်စတစ်ဓားလေးကို ကိုင်ပြီး ခြိမ်းခြောက်နေတာ ချစ်ဖို့ကောင်းပေမယ့် သူများတွေကို တကယ်လိုက်ရိုက်နိုင်ပါ့မလား…။

… … …

All Chapters