← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 19 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 19 Ch. 459-460

အခန်း(၄၅၉) Tibetan Mastiff ခွေးကြီးကို ပျော့ညံ့တယ် ထင်နေတာလား

“ဟုတ်တယ်! မယုံရင် သူတို့ကို မေးကြည့်လိုက်!”။ စူစူလေးက ပြောလိုက်သည်။

ဒါကိုကြားတော့ ချင်းယုဟွမ်က ချင်းကျင်းဖန်နဲ့ ချင်းချန်းကျစ်တို့အား လှည့်ကြည့်လိုက်ပါသည်။

အံ့အားသင့်ဖို့ကောင်းလောက်အောင် နှစ်ယောက်စလုံးက စူစူလေးကို အကြောက်တရားများဖြင့် ကြည့်နေကြသည်။

စူစူလေး ခေါ်လာသည့် Tibetan Mastiff ခွေးကြီးကိုပဲ ကြောက်နေကြတာ မဟုတ်ဘဲ စူစူလေးကိုယ်တိုင်ကိုပါ ကြောက်ရွံ့နေကြတာဖြစ်သည်။

ဒါဆို… သူ့ဒေါ်လေးစူစူက တကယ်ရိုက်ဖူးတာပေါ့…။

ချင်းယုဟွမ် မယုံကြည်နိုင်ပေ။

ဒီလောက်ချစ်ဖို့ကောင်းပြီး နူးညံ့သည့် ဒေါ်လေးက သူများကို ရိုက်နှက်တာ လုံးဝ လုံးဝ မဖြစ်နိုင်ပါ။

ချင်းယုဟွမ် အတွေးလွန်နေပြီး ချင်းချန်းကျစ်တို့တွေ စူစူလေးကြောင့် ကြောက်လန့်နေကြစဉ် ကျန်းဝမ်ဝမ်က အခွင့်ကောင်းယူပြီး စူစူလေးဘေးသို့ အမြန်ပြေးသွားလိုက်သည်။

ထို့နောက် ချင်းလောင်ယွင်လေးကို ပွေ့ချီလိုက်ပါသည်။ သူမ မျက်လုံးတွေ နီမြန်းနေသော်လည်း မျက်ရည်မကျအောင် ထိန်းထားသည်။

ယခု သူမက ယွင်ယွင်လေး အားထားရမည့်လူဖြစ်သည်။ ယွင်ယွင်လေးရှေ့မှာ ငိုလို့မဖြစ်ပါ။

“ယွင်ယွင်လေး ဘာမှမဖြစ်ပါဘူး။ မကြောက်နဲ့နော်”။ ကျန်းဝမ်ဝမ်က ချင်းလောင်ယွင်ကို ချော့ပြောလိုက်ပါသည်။

“အွန်း။ မကြောက်ပါဘူး! ဒေါ်လေးစူစူရှိတယ် မကြောက်တော့ဘူး!”။ ချင်းလောင်ယွင် ယုံကြည်ချက် ပြည့်ဝစွာ ဖြေလိုက်ပါသည်။

စူစူလေး ရောက်မလာခင်တုန်းက ချင်းလောင်ယွင် ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့သည်။ စူစူလေး ရောက်လာချိန်မှာတော့ ချင်းလောင်ယွင် လုံးဝ မကြောက်ရွံ့တော့ပါ။

“ဟုတ်တယ် စူစူလေးရှိရင် ဘာမှကြောက်စရာမလိုတော့ဘူးနော်”။ ကျန်းဝမ်ဝမ်က ပြောလိုက်သည်။ သူမနဲ့ သူမ သမီးလေးကို ကာကွယ်ဖို့ ရောက်လာသည့် စူစူလေးအား အလွန်ယုံကြည်သွားပါသည်။

ကျန်းဝမ်ဝမ်နဲ့ ချင်းလောင်ယွင်တို့ ဘေးကင်းမှန်း သေချာသောအခါ စူစူလေးက ပြောလိုက်သည်။ “ဘေးဖယ်နေကြ။ ငါ ချတော့မှာ!”

“ဟုတ်ပြီ”။ ကျန်းဝမ်ဝမ် ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် စူစူလေးက မဲလုံးကြီးကိုလည်း ပြောလိုက်သည်။ “နင်လည်း ဘေးဖယ်နေ။ နင်က ပျော့ညံ့လွန်းတော့ ငါ့နား အရမ်းကပ်လို့မဖြစ်ဘူး။ ယွင်ယွင်လေးနဲ့ ငါ့တူလိမ္မာလေးနား သွားနေလိုက်။ မဟုတ်ရင် နင်ပါ ထိသွားမယ်”

စူစူလေးအမြင်မှာတော့ မဲလုံးကြီးက သူမရဲ့ GPS စနစ်နဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်သာ ဖြစ်သည်။ မဲလုံးကြီးကို စီးရတာ မြန်ဆန်ပြီး ချင်းလောင်ယွင်ကိုလည်း အနံ့ခံ ရှာဖွေနိုင်တာကြောင့် ခေါ်လာခဲ့ခြင်းဖြစ်ပါသည်။

တိုက်ခိုက်ဖို့အတွက်တော့ မဲလုံးကြီးကို စူစူလေး အသုံးချမှာ မဟုတ်ပါ။ သူက အလွန်ပျော့ညံ့ပြီး တိုက်ဖို့ခိုက်ဖို့ မသင့်တော်ပေ။

ထိုအချိန်တွင် ချင်းယုဟွမ်နဲ့ လော်ဘီထဲက လူတွေ အားလုံး အတွေးတူသွားကြသည်။

ဒီကလေးမလေး Tibetan Mastiff ခွေးကြီးကို ပျော့ညံ့တယ်လို့ တကယ်ကြီးထင်နေတာလား။ သူတို့အားလုံး မလှုပ်ရဲကြတဲ့ အကြောင်းအရင်းကို တကယ်မသိတာလား။

“ဝုတ် ဝုတ်” မဲလုံးကြီးက တိုးညှင်းစွာ ဟောင်လိုက်ပြီး စကားနားထောင်စွာနဲ့ ဘေးဖယ်ပေးလိုက်ပါသည်။

ထို့နောက် စူစူလေး အမိန့်ပေးထားသည့်အတိုင်း ကျန်းဝမ်ဝမ်နဲ့ ချင်းလောင်ယွင်တို့ ရှိရာဆီ သွားလိုက်သည်။

နောက်ဆုံးတော့ တူဖြစ်သူ ချင်းယုဟွမ်ကိုလည်း စူစူလေး အမိန့်ပေးလိုက်ပါသည်။ “တူလိမ္မာလေး။ နင်လည်း ယွင်ယွင်တို့နားမှာ သွားနေ။ ငါ့နားမှာ အန္တရာယ်များတယ်!”

စူစူလေး အတည်ပေါက် ပြောနေတာဖြစ်သည်။ သူမ မျက်နှာသေးသေးလေးပေါ်မှာ ကြမ်းကြုတ်မှုဟူသော စကားလုံးပါ ပေါ်နေသည်။

“ဒါပေမယ့် ဒေါ်လေး… ငါတို့ သူများကို တကယ်ရိုက်မလို့လား။ ငါတို့… နည်းနည်းလောက် ပြန်စဉ်းစားသင့်တယ် ထင်တယ်နော်”။ ချင်းယုဟွမ်က စူစူလေးကို ဖြောင်းဖြဖို့ ကြိုးစားပါသည်။

သူများကို ရိုက်နှက်မည့် စူစူလေး၏ အစီအစဉ် မအောင်မြင်လောက်ပါ။

သို့သော် စူစူလေးကို ဘယ်လိုတားရမလဲ ချင်းယုဟွမ် မသိပေ။

“ဘာမှစဉ်းစားစရာမလိုဘူး။ လူဆိုးတစ်ကောင်နဲ့ တွေ့ရင် ရိုက်သာရိုက်ပစ်လိုက်။ အရမ်းဆိုးတဲ့ လူဆိုးတွေဆိုရင် ခြေတွေ လက်တွေချိုးပစ်လိုက်! ဒါမှ မကောင်းတာတွေ ထပ်မလုပ်နိုင်မှာ!”။ စူစူလေးက ပြောလိုက်ပါသည်။

“မဟုတ်… လူဆိုးတွေကို ရိုက်နှက်တာ ကောင်းပါတယ်။ ဒါပေမယ့် ဒေါ်လေး…”။ ချင်းယုဟွမ် ပြောစရာစကား ပျောက်ဆုံးနေပါသည်။

ဘယ်လိုလုပ်ရမလဲ…။ ကလေးမလေးတစ်ယောက်က သူ့အစွမ်းအစသူ ယုံကြည်မှုလွန်ကဲပြီး မဟုတ်တဲ့အတွေးတွေ ဝင်နေရင် သူ့မာနကို မထိခိုက်စေအောင် ဘယ်လို ဖြောင်းဖြရမလဲ။

… … ….

အခန်း(၄၆၀) အစ်ကိုကြီးက ကလေးချော့တတ်တယ်

စူစူလေးကို ချင်းယုဟွမ် ဘယ်လိုတားရမှန်းမသိ ဖြစ်နေစဉ် ချင်းယုဟွိုင်း ရောက်ရှိလာခဲ့သည်။

စူစူလေးရဲ့ လုပ်ရပ်တွေကို ပိုပြီးနားလည်ထားသူဖြစ်တာကြောင့် ချင်းယုဟွမ်ထက် သူက ပိုပြီး တည်ငြိမ်ပါသည်။

ချင်းယုဟွိုင်း စူစူလေးဆီ တန်းလျှောက်သွားကာ ချက်ချင်း ပွေ့ချီလိုက်သည်။

“တူကြီးပါလား”။ စူစူလေးက ချင်းယုဟွိုင်းကို လှည့်ကြည့်လိုက်ပါသည်။

“တောင်းပန်ပါတယ။ ယွင်ယွင်တို့ကိစ္စကို ငါသေချာ မကိုင်တွယ်ခဲ့ဘူး။ ငါ့အပြစ်ကြောင့် ဒီနေ့ ဒီလောက်ထိ ပြဿနာ ကြီးသွားတာ။ အားလုံးကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်”။ ချင်းယုဟွိုင်းက စူစူလေးကို တောင်းပန် လိုက်ပါသည်။

“ရပါတယ်။ ငါကိုင်တွယ်နိုင်တယ်!”။ စူစူလေးက အမြန်ပြန်ပြောလိုက်သည်။

ချင်းယုဟွိုင်းက ပြောလိုက်၏။ “ဒီနေ့ ပြဿနာက ငါ့တာဝန်ပါ။ အဲ့တာကြောင့် ကျန်တာ ငါပဲ ဆက်ပြီး တာဝန်ယူပါရစေနော်။ ဒီလူဆိုးတွေနဲ့ ငါစာရင်းရှင်းလိုက်မယ်။ ဟုတ်ပြီလား စူစူလေး”

သေချာစဉ်းစားပြီးနောက် စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပြီ”

သူမ တူကြီးက ဒီလိုပြောမှတော့ သူ့အစွမ်းအစကို ထုတ်ပြခွင့်ပေးရမှာပေါ့!

စူစူလေးထံမှ သဘောတူညီချက်ရပြီးနောက် ချင်းချန်းကျစ်၊ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့အား ဖမ်းချုပ်ဖို့ လုံခြုံရေး အစောင့်တွေကို ချင်းယုဟွိုင်း အမိန့်ပေးလိုက်သည်။

သူတို့ ၃ ယောက် ဒီလောက်ထိ သောင်းကျန်းခွင့်ရခဲ့သည့် အကြောင်းအရင်းက လုံခြုံရေးအစောင့်တွေလည်း ဘယ်သူအမှန် ဘယ်သူအမှားမှန်း ဝေခွဲမရခဲ့ကြတာကြောင့်ဖြစ်သည်။ အော်ဟစ်ဆူညံနေတာတွေကို နားထောင်ပြီး ဘယ်သူ့ကို ကူညီရမှန်းမသိဖြစ်ခဲ့ကြသည်။

ယခု သူတို့ စီအီးအို ချင်းယုဟွိုင်းကိုယ်တိုင်က အမိန့်ပေးလာသဖြင့် ဘာမှ စဉ်းစားနေစရာ မလိုတော့ပါ။

နောက်ထပ်အကြောင်းအရင်းတစ်ခုက စူစူလေးရဲ့အမိန့်ကြောင့် မဲလုံးကြီးလေး ဘေးထွက်သွားပြီဖြစ်သဖြင့် သူတို့ အသက်ဝဝ ပြန်ရှူရဲကြပြီဖြစ်သည်။

“ချင်းယုဟွိုင်း! လခွီးပဲ ဟေ့ကောင်! ငါက မင်းဦးလေးနော်! မင်းဘာလုပ်ဖို့ ကြံနေတာလဲ”။ ချင်းချန်းကျစ်က ဒေါသတကြီး ငေါက်လိုက်ပါသည်။

ယခု မဲလုံးကြီးလည်း မရှိတော့သဖြင့် ချင်းချန်းကျစ် သတ္တိတွေ ပြန်ကောင်းလာပါပြီ။

“ခင်ဗျားနောက်တစ်ခွန်း ထပ်ပြောရဲရင် စူစူလေးကို မဲလုံးကြီး ပြန်ခေါ်ခိုင်းလိုက်မယ်”။ ချင်းယုဟွိုင်းက သွေးအေးစွာ ခြိမ်းခြောက်လိုက်ပါသည်။

စီးပွားရေးသမား တစ်ယောက်ဖြစ်တာကြောင့် ချင်းယုဟွိုင်းက အသုံးချနိုင်တာမှန်သမျှကို အသုံးချရဲသည်။ ယခု မဲလုံးကြီးရှိနေသဖြင့် မဲလုံးကြီးရဲ့ အရှိန်အဝါကို အပြည့်အဝ အသုံးချဖို့ ဆုံးဖြတ်ထားသည်။

“ဟုတ်တယ် ဟုတ်တယ်! မဲလု့းကြီးကို ခေါ်လိုက်မှာ!”။ စူစူလေးကလည်း သံယောင်လိုက်ကာ ပြောလိုက်သည်။

သူမရဲ့ ပလတ်စတစ်ဓားလေးက ပိုပြီး အသုံးဝင်မည်ဟု ခံစားရသော်လည်း တူကြီးက ဒီလိုပြောမှတော့ သူမ ထောက်ခံပေးဖို့လိုပါသည်။

ချင်းယုဟွိုင်းရဲ့ ခြိမ်းခြောက်စကားက အာနိသင်ရှိသည်။ ချင်းချန်းကျစ် ချက်ချင်းဆိုသလို စကားမပြောရဲတော့ပေ။ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့လည်း ငြိမ်ကျသွားသည်။

ထို့နောက် ချင်းယုဟွိုင်းက ဟိုတည်ဝန်ထမ်းတွေကို ပြောလိုက်ပါသည်။ “ဒီဆန်ကုန်မြေလေး ၃ ယောက်ကို အပြင် ဆွဲထုတ်လိုက်ကြ။ နောက်တစ်ခါ ဟိုတည်ထဲ ဝင်မလာစေနဲ့။ ဝင်လာတာတွေ့ရင် ချက်ချင်း မောင်းထုတ်ပစ်”

“နားလည်ပါပြီ စီအီးအိုချင်း။ နောက်တစ်ခါ ဝင်ခွင့် မပေးတော့ပါဘူး”။

“အခု မောင်းထုတ်လိုက်ကြတော့။ ငါ့ဟိုတည်ကြမ်းပြင်ကို မညစ်ပတ်စေနဲ့”

ချင်းယုဟွိုင်းက ပြဿနာလာရှာသည် ချင်းကျင်းဖန်တို့မိသားစုကို ပြန်ပေးဆပ်ခိုင်းမှာဖြစ်သည်။ သို့သော် ဟိုတည်အတွင်းမှာတော့ မဟုတ်ပါ။

ချင်းချန်းကျစ်တို့ ၃ ယောက်ကို ဟိုတည်လုံခြုံရေးများက ဆွဲခေါ်သွားကြသည်။ အကြောက်လွန်ပြီး ဆဲတောင် မဆဲနိုင်ကြတော့ဘဲ ချင်းယုဟွမ်ကိုသာ ဒေါသတကြီး ကြည့်သွားကြပါသည်။

ပြဿနာလာရှာသည့် လူ ၃ ယောက်ကို ရှင်းထုတ်ပြီးနောက် အထိတ်တလန့်ဖြစ်သွားသော ဧည့်သည်တော်များအတွက် ချင်းယုဟွိုင်းက ဟိုတည် Membership များ၊ ဘောင်ချာများ လက်ဆောင်ပေးဖို့ စီစဉ်သည်။

ချင်းယုဟွမ်က သူ့အစ်ကိုကြီးကို လေးစားအားကျစွာ ကြည့်လျက် ပြောလိုက်ပါသည်။ “အစ်ကိုကြီး မင်းက ကလေးချော့တဲ့နေရာမှာ အဲ့လောက်တော်မှန်း ငါတကယ်မသိခဲ့ဘူး! ငါ့ကိုကော ယုကျီးကိုကော မင်းအဲ့လိုချော့တာမျိုး မမြင်ဖူးပါဘူး! အိမ်က တခြားညီအစ်ကိုတွေလည်း အဲ့လို တစ်ခါမှ မကြုံဖူးဘူး!”

… … …

All Chapters