အခန်း (၄၆၃-၄၆၄)
Vol. 19 Ch. 463-464
အခန်း(၄၆၃) စူစူလေးဘယ်သွားသွား ပေါ်ပြူလာဖြစ်လာတယ်
တခြားသူတွေအတွဥ◌် ခက်ခဲသည့်အရာတွေကို စူစူလေးက မရည်ရွယ်သည့် လုပ်ရပ်တချို့နဲ့ မတော်တဆ ရရှိနိုင်ခဲ့ပြီး နာမည်ကြီးလာခဲ့သည်။
ချင်းယုကျိုး စိုက်ကြည့်နောကိုမြင်ပြီး စူစူလေးက ပြောလိုက်သည်။
“ဆယ်လီတူလေး။ ငါချောမှန်း သိပါတယ်။ ဒါပေမယ့် အဲ့လောက်ကြီး စိုက်မကြည့်နဲ့လေ။ အခု ကျွေးစရာ သကြားလုံးလည်း မရှိဘူး”
ဒီနေ့ သူမ သကြားလုံး ဆောင်မထားမိပါ။ မဟုတ်ပါက သူတို့ကို သကြားလုံးနဲ့ ဆုချနိုင်သည်။
စူစူလေးရဲ့ အတည်ပေါက်စကားကြောင့် ချင်းယုကျိုး ရယ်သဲ့သဲ့ဖြစ်သွားသည်။ “ဟုတ်ပါတယ်။ ငါတို့ စူစူလေးက ရုပ်ချောလွန်းလို့ မျက်လုံးမခွာနိုင်အောင် စိုက်ကြည့်နေမိတာပါ”
“ဪ ဟုတ်ပါပြီ။ ငါက အရမ်းတော်ပြီး အရမ်းလည်း ချောတာကိုး”။ စူစူလေးက သက်ပြင်းချကာ ပြောလိုက်ပါသည်။ စူစူလေးက သူ့ကိုယ်သူ “ရုပ်ချောသည်”၊ “ခွန်အားကြီးသည်”၊ “အလွန်တော်သည်” စသဖြင့် သတ်မှတ်ထားသူ ဖြစ်သည်။
“ဟုတ်တာပေါ့။ ငါတို့စူစူလေးက အလန်းဆုံး အမိုက်ဆုံးပဲ!”။ ချင်းယုကျိုးက ထောက်ခံလိုက်သည်။ “စူစူလေးရဲ့ ကံကောင်းမှုကြောင့် ငါလည်း ဒရမ်မာအသစ်မှာ ဇာတ်လိုက် Role ရသွားတာ!”
ချင်းယုကျိုးက စူစူလေးအား သတင်းကောင်း ပြောပြလိုက်သည်။
“ဒရမ်မာအသစ်? ဇာတ်လိုက် role ဟုတ်လား အဲ့တာဘာကြီးတွေလဲ”။ စူစူလေးက မေးလိုက်သည်။
စူစူလေး ထိုအခေါ်အဝေါ်တွေကို နားမလည်သေးပါ။
“အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခုပေါ့။ လူတွေအများကြီး လိုချင်ပေမယ့် မရနိုင်တဲ့ တာဝန်။ ဒါပေမယ့် ငါ ရသွားပြီ။ ငါကောင်းကောင်းကြိုးစားရင်း ဆုတွေအများကြီးရပြီး လူတွေကလည်း သဘောကျကြမှာ”။ ချင်းယုကျိုးက စူစူလေးကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပါသည်။
လွန်ခဲ့သည့် ၂ နှစ်၊ သူ ပွဲဦးထွက်ခါစအချိန်ကစလို့ အခုချိန်အထိ ရခဲ့သည့် role တွေထဲ ဒီ role က အကြီးမားဆုံး ဖြစ်သည်။
“ဒါဆို ကြိုးစားရမယ်နော်!” စူစူလေးက အားပေးသည်။
“ကြိုးစားမှာပေါ့”။ ချင်းယုကျိုးက အားတက်သရော ကတိပေးလိုက်ပါသည်။ “ဒါ စူစူလေး ကံကောင်းမှုတွေ ယူဆောင်လာပေးလို့ ရလာတဲ့ အခွင့်အရေးဆိုတော့ အကောင်းဆုံး ကြိုးစားရမှာပေါ့”
မကြာသေးခင်က သူ့ဒုက္ခတွေကို စူစူလေးရဲ့အကူအညီမပါဘဲ ဖြေရှင်းနိုင်ခဲ့မှာ မဟုတ်မှန်း ချင်းယုကျိုး ကောင်းကောင်း နားလည်ပါသည်။ အမှတ်မထင် နာမည်တက်လာခြင်းကလည်း စူစူလေးကြောင့် ဖြစ်သည်။
အလွန်ပေါ်ပြူလာဖြစ်သွားသည့် မဂ္ဂဇင်းကာဗာ ဖိုတိုရှုတင်မှာတောင် ဟူကျစ်ရဲ့ အကူအညီကြောင့် အောင်မြင်ခဲ့တာ ဖြစ်ပါသည်။
အသက် ၃ နှစ်ခွဲအရွယ်သာ ရှိသေးသည့် စူစူလေးက အပေါ်ယံမှာ ဘာမှ မလုပ်ဘူးဟု ထင်ရသော်လည်း သူ့အတွက် အကျိုးကျေးဇူးတွေ အများကြီး ပြုပေးပြီးပါပြီ။
အမှန်ပင်။ စူစူလေးက ကံကောင်းမှုတွေ ဆောင်ကျဉ်းပေးသည့်အပြင် သူ့အပေါ် တူအရင်းဟူသည့် မေတ္တာစစ်ထားသဖြင့် ချင်းယုကျိုး ရင်ထဲ ပိုနွေးထွေးရသည်။
စူစူလေးက တကယ်လည်း ချစ်ဖို့ကောင်းသဖြင့် သူမရဲ့ ချစ်ဖို့ကောင်းမှုတစ်ခုတည်းနဲ့ အချိန်ကြာကြာနေလေလေ နှလုံးသားတွေ အရည်ပျော်လာနိုင်လေလေဖြစ်သည်။
ထို့ကြောင့် ချင်းယုကျိုး ကြိုးစားရမည်။ သူခက်ခက်ခဲခဲ ရရှိထားသည့် role အတွက် အကောင်းဆုံး ကြိုးစားပြီး စူစူလေး မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာစေရပါမည်။
--- --- ---
#TibetanMastiffခွေးကြီးစီးထားသောကလေးမလေး ဟူသည့်အကြောင်းအရာ ရေပန်းစားသွားပြီးနောက် လီထိုက်ဟိုတည်လည်း နာမည်ကြီးသွားခဲ့သည်။
ဧည့်သည်တော်တွေအများကြီး လီထိုက်ဟိုတည်မှာ လာရောက်တည်းခိုကြသည်။
မဲလုံးကြီးကို စူစူလေး စီးခဲ့သည့်အဖြစ်က ဘာကြောင့် ဒီလောက်ထိ ရေပန်းစားသွားပြီး လီထိုက်ဟိုတည်ကပါ ဘာကြောင့် ကျော်ကြားသွားမှန်း ချင်းမိသားစုတောင် မသိကြပါ။
စူစူလေးက မဲလုံးကြီးကို စီးပြီး လီထိုက်ဟိုတည်ကို သွားခဲ့တာကြောင့် အားလုံး စိတ်ဝင်စားသွားကြတာလား။
ဘယ်လိုပဲဖြစ်ဖြစ် ဒီရက်ပိုင်းအတွင် လီထိုက်ဟိုတည် အခန်းတွေ အကုန်ပြည့်သွားခဲ့ပါပြီ။
စူစူလေးကို Live လွှင့်ပြီး ဈေးရောင်းသင့်သည်ဟု ချင်းယုဟွမ်က စနောက်လိုက်သေးသည်။ သူမ ပါဝင်သည့်အရာတိုင်း သို့မဟုတ် သူမ သွားသည့်နေရာတိုင်း ပေါ်ပြူလာဖြစ်သွားတတ်သည်။
ဟွာချန့် စီးပွားရေးလောကရှိ အကျော်အမော်ကြီးများက ချင်းမိသားစုကို အလွန်အားကျနေပါပြီ။
သူတို့မှာတော့ ငွေတွေအပုံလိုက်သုံးပြီး ကြော်ငြာတွေ ပရိုမိုးရှင်းတွေ ဆင်းရသည်။ သို့သော် ချင်းမိသားစုလောက် ရလဒ်မကောင်းကြပါ။
ချင်းမိသားစုနဲ့ သူတို့ကိုယ်သူတို့ နှိုင်းယှဉ်ပြီး အားကျလွန်းသဖြင့် သွားရည်ကျမတတ်ဖြစ်သွားကြပါသည်။
တချို့ဆို အဘိုးချင်းနဲ့ အဘွားချင်းတို့ကို အတုယူပြီး အသက် ၆၀ - ၇၀ ကျော်နေတာတောင် ကလေးယူဖို့ ကြိုးစားရန် စဉ်းစားကြသည်။ သူတို့လည်း ကံကောင်းချင်တာကြောင့် ဖြစ်ပါသည်။
အဘိုးချင်းတို့လင်မယားနဲ့ ရင်းနှီးသူတွေက အဘိုးချင်းတို့ ကျန်းမာသန်စွမ်းနေရခြင်း၏ လျှို့ဝှက်ချက်တွေ၊ မှီဝဲသုံးစွဲနေသည့် ဆေးဝါးတွေကို ညွှန်းပေးဖို့ ဖုန်းဆက်ကာ တောင်းဆိုလာကြသည်။
… … …
အခန်း(၄၆၄) ချင်းမိသားစုရဲ့ ကြီးပွားတိုးတက်မှု၊
အဘိုးချင်း စိတ်ရှုပ်လွန်းသဖြင့် ထိုဖုန်းတွေဝင်လာလျှင် ချက်ချင်း ချပစ်ခဲ့ပါသည်။
သူ့ကို ဘာများထင်နေကြလဲ! ဆေးကောင်းလို့ ကျန်းမာသန်စွမ်းတယ်များ ထင်နေလား!
အဓိပ္ပာယ်မရှိတာ! အရင်ကတည်းက သူဒီလိုပဲ ကြံ့ခိုင်နေပြီးသားပဲဥစ္စာ!
ပြီးတော့ သူတို့သမီးလေးလို ချစ်ဖို့ကောင်းပြီး နူးညံ့တဲ့ ကလေးမျိုး မွေးနိုင်ကြမယ် ထင်နေတာလား။
စိတ်ကူးပဲ ယဉ်နေလိုက်ကြ!
--- --- ---
ဆေးရုံလူနာခန်းတစ်ခုတွင် လီထိုက်ဟိုတည် ပေါ်ပြူလာဖြစ်သွားသော သတင်းကို ကျန်းကျန့်မင် ကြားလိုက်ရပါသည်။
အရင်တစ်ခေါက်က ချင်းယုကျီးထိုးကြိတ်တာကို ခံရပြီးနောက် ကျန်းကျန့်မင် ဆေးရုံတက်ခဲ့ရသည်။
ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကြောင့်ကတစ်ဝက်၊ ဒေါသထွက်လွန်းသဖြင့် သွေးတွေ တက်နေတာကြောင့်တစ်ဝက် ပါသည်။
ချင်းမိသားစု လုပ်ငန်းတစ်ခု ထပ်မံကြီးပွားသွားပြန်တာကို မြင်သောအခါ ကျန်းကျန့်မင် သွေးတွေ ထပ်တက်သွားပါသည်။
ဆေးရုံတက်နေရတာတောင် ချင်းမိသားစုက ဒေါသဖြစ်အောင် လာလုပ်ရဲသေးတယ်!
ကျန်းကျန့်မင် ဒေါသအလွန်ကြီးသွားပြီး ကုတင်ဘေးနားရှိ စားပွဲပေါ်က ပစ္စည်းအားလုံးကို ရိုက်ခွဲပစ်လိုက်ပါသည်။
“ဘော့စ်ကျန်း စိတ်လျှော့ပါဦး! ဘော့စ်ရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ။ သွေးပေါင်ချိန် အရမ်းတက်နေတယ်လို့ ဆရာဝန်က ပြောသွားတာ မဟုတ်ဘူးလား။ ဒီ့ထက် ပိုတက်ရင် အသက်အန္တရာယ်ရှိလာနိုင်တယ်”
ကျန်းကျန့်မင်၏ လုပ်ရပ်ကြောင့် လက်ထောက်ဖြစ်သူ အနည်းငယ် လန့်သွားခဲ့သည်။
“သောက်ပိုတွေ လာမပြောနဲ့! ငါ့ကို ချင်းယုကျီး ထိုးကြိတ်သွားတဲ့ သက်သေရှာဖို့ မင်းကို ပြောမထားဘူးလား။ မင်းဘာမှ မရှာနိုင်သေးဘူး! သောက်စားကျ တဖြဲနှဖြဲစားပြီး ဘာမှ သောက်သုံးမကျဘူး! သာမန် အထက်တန်းကျောင်းသား တစ်ယောက်ကိုတောင် ဘာမှ မလုပ်နိုင်ဘူးတဲ့ကွာ!”။ ကျန်းကျန့်မင် ကျိန်ဆဲလိုက်ပါသည်။
ချင်းယုကျီးရဲ့ လုပ်ရပ်အတွက် သူတို့ဘာကြောင့် သက်သေအခုထိမရှာနိုင်သေးတာလဲ ကျန်းကျန့်မင် တကယ် နားမလည်ပါ။
ချင်းမိသားစုက ကံကောင်းလွန်းလို့ပဲလား။
လက်ထောက်ဖြစ်သူလည်း ဘာမှ ပြန်မပြောနိုင်ဘဲ ဆူငေါက်တာကို ခေါင်းငုံ့ခံလိုက်ရပါသည်။
“ဘော့စ်ကျန်း။ ကိုယ့်တပည့်တွေအပေါ် ဒေါသပုံမချစမ်းပါနဲ့”။ ရှုထျန်းဖေး၏ အသံ ထွက်ပေါ်လာသည်။
ကျန်းကျန့်မင် လူနာခန်းတံခါးဝကို လှမ်းကြည့်လိုက်သောအခါ ရှုထျန်းဖေးအား မြင်လိုက်ရပါသည်။
ရှုထျန်းဖေးက တည်ငြိမ်အေးဆေးပြီး ယုံကြည်ချက်ပြည့်ဝနေသည့်ပုံစံပေါက်သော်လည်း တကယ်တမ်း ဒီလူက သူနဲ့ ဘာမှမကွာမှန်း ကျန်းကျန့်မင်သိပါသည်။ အပေါ်ယံတည်ငြိမ်ပြနေတာသာဖြစ်သည်။
“ဘော့စ်ရှု ဘာမှ ဟန်ဆောင်မနေစမ်းပါနဲ့။ ကျုပ်အခုသေချာ နားလည်သွားပြီ။ ခင်ဗျားလည်း ဘာအစွမ်းအစမှ မရှိဘူး။ ခင်ဗျားကတိပေးထားတဲ့ ရလဒ်တွေ ဘယ်မှာလဲ။ အခု ခင်ဗျားကိုယ်တိုင်လည်း ချင်းမိသားစု လှည့်စားတာကို ခံရပြီး ကိုယ့် ဆိပ်ကမ်းကိုယ်တောင် မထိန်းချုပ်နိုင်တော့ဘူးမလား”။ ကျန်းကျန့်မင်က လှောင်ပြောင်လိုက်ပါသည်။
ရှုထျန်းဖေး မျက်နှာ မှောင်မိုက်သွားပြီး ကျန်းကျန့်မင်၏ စကားကို ချက်ချင်း ပြန်ချေပလိုက်သည်။
“ကျန်းကျန့်မင် မင်းက ငါ့ကို လှောင်ရဲနေပြီပေါ့။ ငါက အခြေအနေ မကောင်းဘူးဆိုရင်တောင် မင်းရယ်စရာ မလိုပါဘူး။ ဟား! အဲ့ဒီ ချင်းယုကျီးဆိုတဲ့ကောင် မင်းကို ကောင်းကောင်းသမလွှတ်လိုက်တယ်ဆို။ မင်းတို့ ဘာသက်သေမှ ရှာမရဘူးဆို။ အဲ့တာကြောင့် တစ်ယောက်တည်း ခါးခါးသီးသီး ဒေါသတွေ မျိုသိပ်နေရတာမလား!”
“မင်းကများ ပြောရတယ်ရှိသေးတယ်။ ငါက ဒဏ်ရာဒဏ်ချက် နည်းနည်းပဲရလိုက်တာ။ မင်းရဲ့ သား ၂ ယောက်စလုံးက ထောင်ထဲမှာ! ဆုံးရှုံးမှုခြင်း ယှဉ်ပြိုင်ရမယ်ဆို မင်းက ငါ့ထက်တောင် အခြေအနေ ပိုဆိုးသေးတယ်ကွ!”
သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ရန်စ စကားများကြလေသည်။
အချိန်အတော်ကြာ စကားများပြီးနောက် နှစ်ယောက်စလုံး ငြိမ်ကျသွားသည်။
နှစ်ယောက်စလုံးက အရှုံးကို ဝန်မခံချင်သော်လည်း လက်တွေ့မှာတော့ ချင်းမိသားစုကို တစ်ယောက်တည်း ယှဉ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်မှန်း သိကြသည်။ ၂ ယောက်ပေါင်းလိုက်ရင်တောင် အခွင့်အရေးက မဆိုသလောက်လေး ဆိုရုံသာ ရှိပါသည်။
“ရှုထျန်းဖေး လက်ရှိ ငါတို့အခြေအနေနဲ့ ချင်းမိသားစုကို စီးပွားရေးအပိုင်းမှာ ယှဉ်ပြိုင်လို့မရတော့ဘူး။ ပြီးတော့ ချင်းမိသားစုက ငါတို့ကို လက်တုန့်ပြန်တော့မယ်။ ငါတို့သာ တစ်ခုခု မလုပ်ရင် အရာရာ ဆုံးရှုံးသွားလိမ့်မယ်နော်”။ ကျန်းကျန့်မင်က ပြောလိုက်သည်။
“အဲ့ကိစ္စကြောင့်ပဲ ငါမင်းကို လာတွေ့တာပေါ့။ မင်းလုပ်ရဲကိုင်ရဲတဲ့စိတ် ရှိသေးလားတော့ ငါမသိဘူး”။ ရှုထျန်းဖေးက ပြောလိုက်သည်။
“ဘာလို့ မလုပ်ရဲရမှာလဲကွ။ ချင်းယုကျီးဆိုတဲ့ကောင်တောင် ငါ့ကို ညစ်တီးညစ်ပတ် လာအနိုင်ယူရဲရင် ငါကကော ဘာမလုပ်နိုင်စရာ အကြောင်းရှိလို့လဲ။ ပြောစမ်း ငါတို့ ဘာလုပ်ရမှာလဲ”
… … …