အခန်း (၄၆၇-၄၆၈)
Vol. 19 Ch. 467-468
အခန်း(၄၆၇) မထိသင့်ဆုံးလူကိုမှ သွားထိမိတာကိုး (၂)
ခုနက သူ့ကို ဘယ်သူထိုးလိုက်တာလဲ။ သူ့လုပ်ဖော်ကိုင်ဖက်တွေကိုကော ဘယ်သူထိုးလိုက်တာလဲ။
လူမိုက်မှာ ရှေ့ကို အူကြောင်ကြောင်နဲ့ စိုက်ကြည့်နေမိပြီး သူတွေ့မိတာဆိုလို့ အသက်ကြီးကြီး၊ ခပ်ဝဝ အိမ်တော်ထိန်းကြီး တစ်ယောက်ရယ်၊ ဝှီးချဲပေါ်မှာထိုင်နေသည့် ဒုက္ခိတကောင်လေး တစ်ယောက်ရယ်သာ ရှိသည်။
နှစ်ယောက်စလုံးက အန္တရာယ်ရှိပုံလည်း မပေါ်ပါ။
သို့သော် သူတို့လို သန်မာထွားကြိုင်းသည့် ယောက်ျားရင့်မာကြီး ၁၂ ယောက်က စက္ကန့် ၂၀ - ၃၀ အတွင်း မှောက်ကုန်ကြသည်။
သူကိုယ်တိုင်လည်း ဘယ်သူက ဘာအတွက်တွေ ထုတ်သုံးသွားတာလဲဆိုတာ မမြင်လိုက်ပါ။
လုကျန်းယွီ ခေါင်းမော့လာပြီး သူ့ရှေ့က ဗရုသုက္ခမြင်ကွင်းကို ကြည့်ကာ အိမ်တော်ထိန်းကျန်းအား ပြောလိုက်သည်။ “အရင်ကထက် ပိုထိန်းထိန်းသိမ်းသိမ်း ရှိလာသားပဲ”
သူ့ရှေ့က လူတွေမှာ ခြေတွေလလက်တွေ အဆစ်လွဲသွားရုံသာရှိသည်။ ကျိုးကြေသွားတာမျိုးတော့ မရှိချေ။
အိမ်တော်ထိန်းကျန်းက အပြုံးမပျက်သေးဘဲ ပြောလိုက်ပါသည်။ “ဟုတ်ပါတယ်။ ရန်ဖြစ်တာ မကောင်းဘူးလေ”
“စူစူလေးဆီက သင်ထားတာပေါ့ ဟုတ်လား”
“ဟားဟားဟား အမှန်ပဲ။ သခင်မလေးစူစူ အဲ့လိုပြောဖူးတယ်။ သူပြောတာလည်း အဓိပ္ပာယ်ရှိတယ်။ ရန်ဖြစ်တာ မကောင်းဘူး။ ဒါပေမယ့် သခင်မလေးစူစူကိုယ်တိုင်ကတော့ ခဏခဏ ရန်ဖြစ်သလိုပဲ”။ အိမ်တော်ထိန်းကျန်း ရယ်မောလျက် ပြောလိုက်ပါသည်။
စကားပြောနေရင်း လုကျန်းယွီက သူ့ Tablet ကို System ပြောင်းကာ ရှေ့ကလူမိုက်တွေရဲ့ မျက်နှာတွေကို ကင်မရာဖြင့် ရိုက်ကာ အချက်အလက်များရှာဖွေကြည့်လိုက်သည်။
အချိန်သိပ်မယူလိုက်ရဘဲ ထိုလူမိုက်တွေအကြောင်းကို သိလိုက်ရပါသည်။
ဒီလူတွေက ရေကြောင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီများမှ အရောင်းဝန်ထမ်းများ၊ ကလေကချေများ၊ ဂိုထောင် မန်နေဂျာများစသည်ဖြင့် စုံလင်လို့နေသည်။
သို့သော်လည်း ဒါတွေက အပေါ်ယံ အယောင်ဆောင်အလုပ်တွေသာဖြစ်ပြီး သူတို့မှာ တူညီသည့် အချက်တစ်ချက်တော့ ရှိနေပါသည်။ သူတို့အားလုံး ရှုထျန်းဖေး ကိုင်တွယ်ထားသည့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီနဲ့ ဆက်နွယ်နေကြသည်။
သူတို့အားလုံးကို ကြိုးကိုင်ထားသူက ဘယ်သူဘယ်ဝါဖြစ်မှန်း ထင်ရှားနေပါပြီ။
ရှုထျန်းဖေးက လုမိသားစုနဲ့ ပတ်သတ်မှုလုံးဝ မရှိပါ။ လုကျန်းယွီတို့ရဲ့ သရုပ်မှန်ကိုတောင် သိသူမဟုတ်ပါ။
ထို့အပြင် ရှုထျန်းဖေးနဲ့ ချင်းမိသားစုတို့ ရန်ငြှိုးရှိခဲ့တာ အတော်ကြာပါပြီ။ အထူသဖြင့် စူစူလေးကြောင့် ဖြစ်သည်။
လုကျန်းယွီရဲ့ Tablet ပေါ်က အကြောင်းအရာတွေကို မြင်သောအခါ အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ပြောလိုက်သည်။ “ကြည့်ရတာ သခင်လေးနဲ့ သခင်မလေးစူစူတို့ကို တစ်ဖွဲ့တည်းလို့ တစ်ယောက်ယောက်က ထင်နေတဲ့ပုံပဲ!”
သူ့သခင်လေး ပြဿနာတက်တာကို အိမ်တော်ထိန်းကျန်းက စိတ်ညစ်ပုံမပေါ်ပါ။ ထို့အစား စိတ်တောင် ရွှင်နေပါသေးသည်။
ဘယ်လောက်တောင် ကောင်းလိုက်သလဲ! ဒါဆို တခြားသူတွေရဲ့ အမြင်မှာ သခင်လေးနဲ့ သခင်မလေးစူစူတို့က အရမ်းရင်းနှီးနေကြတာပေါ့!
“ပြန်ကြစို့”။ လုကျန်းယွီက တည်တံ့သော မျက်နှာဖြင့် ပြောလိုက်သည်။ သူ့ပုံစံက စိတ်ဖိစီးနေပုံမပေါ်သော်လည်း အိမ်တော်ထိန်းကျန်းလိုတော့ အရွှမ်းမဖောက်နိုင်ပါ။
ရှုထျန်းဖေးက ဒီလိုလုပ်ရပ်မျိုးတောင် လုပ်ရဲနေပြီဖြစ်သဖြင့် ကျဉ်းထဲကျပ်ထဲ ရောက်နေသည့်အဓိပ္ပာယ်ဖြစ်သည်။
ဒီလူက အစကတည်းက စရိုက်ကောင်းသူမဟုတ်သဖြင့် ချောင်ပိတ်မိသည့်အခါ ဘယ်လို အောက်တန်းကျသည့် လုပ်ရပ်မျိုးကိုမဆို လုပ်လာနိုင်သည်။
စူစူလေးအတွက် မကောင်းဘဲ အန္တရာယ်ရှိနိုင်ပါသည်။
“ဟုတ်ပြီ ဟုတ်ပြီ ပြန်ကြစို့”။ အိမ်တော်ထိန်းကျန်းက ရယ်မောရင်း သဘောတူလိုက်သည်။ လုကျန်းယွီ၏ ဝှီးချဲကို Manual စနစ်အဖြင့် ပြန်ပြောင်းပြီး တောလမ်းလေးထဲမှ ခေါ်ထုတ်သွားလေတော့သည်။
နောက်မှာ မှောက်လျက်သား ကျန်ခဲ့သည့် လူမိုက်တွေကို သူတို့ လျစ်လျူရှုခဲ့ကြပါသည်။
လုအိမ်တော်သို့ ပြန်ရောက်သောအခါ သခင်ကြီးလုက ဧည့်ခန်းထဲမှာထိုင်နေပြီး ပေကျင်းမြို့က ကိစ္စတွေအကြောင်း သူ့လက်အောက်ငယ်သားတွေ အစီရင်ခံတာကို နားထောင်နေပါသည်။
သူ့မြေးနဲ့ နီးနီးကပ်ကပ်နေရဖို့အတွက် သခင်ကြီးလု ဟွာချန့်မြို့သို့ မကြာခဏလာလည်ပြီး ရက်ပိုင်းလောက် နေတတ်သည်။ သို့သော်လည်း ပေကျင်းမြို့က ကုမ္ပဏီကို စီမံဖို့ လိုအပ်ပါသေးသည်။
လက်အောက်ငယ်သားများအား ညွှန်ကြားချက်ပေးပြီးနောက် သခင်ကြီးလုက အိမ်ပြန်ရောက်လာသည့် လုကျန်းယွီကို ကြည့်ကာ ဝမ်းပန်းတသာ မေးလိုက်ပါသည်။ “ဒီနေ့ လမ်းလျှောက်ရတာ ပျော်ရဲ့လား ကျန်းယွီ။ မူကြိုမှာ စူစူလေးနဲ့ကော တွေ့ခဲ့သေးလား”
“မတွေ့ခဲ့ဘူး”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။ “ဒါပေမယ့် ကျွန်တော့်ကိုဒုက္ခပေးချင်တဲ့ လူတစ်စုနဲ့တော့ တွေ့ခဲ့တယ်”
“ဘာကွ”။ ထိုစကား ကြားသောအခါ သခင်ကြီးလု မျက်နှာ ချက်ချင်း ပြောင်းလဲသွားပါသည်။
… … …
အခန်း(၄၆၈) မထိသင့်ဆုံးလူကိုမှ သွားထိတာကိုး (၃)
သူ့မြေးကို ဘယ်ကောင်က ဒုက္ခပေးရဲတာလဲ။
“ဘယ်သူလဲကွ။ ငါ့မြေးကို ဘယ်ကောင် လာထိရဲတာလဲ”။ သခင်ကြီးလု ဒေါသတကြီး မေးလိုက်သည်။
“ရှုထျန်းဖေး”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။
“အဲ့တာ ဘာကောင်လဲ”။ သခင်ကြီးလုက ထိုနာမည် မကြားဖူးသဖြင့် ထပ်မေးလိုက်သည်။
“ဟွာချန့်မြို့က ဘာကောင်မှ မဟုတ်တဲ့လူ။ ကြည့်ရတာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုခုရဲ့ စီအီးအို ထင်တယ်”။ လုကျန်းယွီက တည်ငြိမ်စွာ ပြန်ဖြေလိုက်ပါသည်။
“ဒီလို ဘာမဟုတ်တဲ့ကောင်က မင်းကို လာထိရဲတယ်ပေါ့”။ သခင်ကြီးလု ဒေါသတွေ ပြင်းထန်နေသည်။
ရန်သူက သူ့မြေးခေါင်းပေါ်က ဆံပင်တစ်မွေးကိုတောင် မထိနိုင်မှာသိသော်လည်း ဒီလိုလုပ်ဝံ့တာနဲ့တင် သခင်ကြီးလု မကျေမနပ်ဖြစ်ရပါသည်။
“ထိရဲတာ မထိရဲတာအရေမကြီးဘူး။ အခု ထိပြီးသွားပြီ”။ လုကျန်းယွီက ပြောလိုက်၏။
“မင်းကို ဘာလို့ပစ်မှတ်ထားတာလဲဆိုတာ သိလား”။ သခင်ကြီးလုက မေးလိုက်သည်။
“အရင်တစ်ခေါက်က သူ့ကို နည်းနည်းဝေဖန်တိုက်ခိုက်ခဲ့မိလို့ဖြစ်မယ်”။ လုကျန်းယွီက ပြန်ဖြေလိုက်ပါသည်။
အိမ်တော်ထိန်းကျန်းက လုကျန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
သခင်လေးလုက ရှုထျန်းဖေးကို ဘယ်တုန်းက ဝေဖန်တိုက်ခိုက်ခဲ့တာလဲ။ မဖြစ်နိုင်တာ! သခင်လေးလု အပြင်ထွက်တိုင်း သူအမြဲတမ်း ပါနေကျပဲဥစ္စာ! ရှုထျန်းဖေးနဲ့ သခင်လေးလုတို့ ပြဿနာတစ်ခုခုဖြစ်ရင် သူမသိဘဲ နေပါ့မလား။
သို့သော်လည်း အချိန်သိပ်မယူလိုက်ရဘဲ ပါးနပ်သည့် အိမ်တော်ထိန်းကျန်းက အဖြစ်မှန်ကို နားလည်သွားသည်။
သခင်လေးလုက သခင်မလေးစူစူကို ကာကွယ်ပေးနေတာပဲ! သခင်မလေးစူစူကြောင့် သူအန္တရာယ်ကြုံခဲ့ရတာကို သူ့အဘိုးသိသွားမှာ စိုးရိမ်နေတာ! ဒါ့ကြောင့် သူနဲ့ ရှုထျန်းဖေးတို့ နဂိုကတည်းက အငြှိုးရှိသလို ဖန်တီးလိုက်တာ။
ဒါကိုနားလည်သွားသောအခါ အိမ်တော်ထိန်းကျန်းလည်း လုကျန်းယွီကို ကူညီပြောဆိုပေးလိုက်သည်။ “တကယ်တော့ အဲ့ဒီလူကို သခင်လေးလုက ဒီတိုင်း စကားနည်းနည်းပြောခဲ့တာပါ။ ဘာမှ ရိုင်းစိုင်းတာ မပါဘူး။ အဲ့အတွက်နဲ့များ ဒီလို အငြှိုးထားရတယ်လို့…”
“ဒီကောင့်ကို ကျန်းယွီ ဝေဖန်တာ ဘာဖြစ်လဲ။ ငါ့မြေးလိုလူမျိုးရဲ့ ဝေဖန်မှုကို ခံရတာ ကျေးဇူးတောင် တင်သင့်တယ်! ဒီခွေးသားက လူလွှတ်ပြီး ပြဿနာရှာရဲတယ်ပေါ့!”
သခင်ကြီးလု ဒေါသထိန်းမရတော့ပေ။ ပြောပြောဆိုဆိုနဲ့ သူ့တပည့်တစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
“သွားစမ်း။ အဲ့ဒီ မျိုးမစစ်ကောင်ကို ဒီကို ဆွဲခေါ်လာခဲ့။ ပြီးတော့ တစ်လက်စတည်း အဲ့ကောင်ရဲ့ ကုမ္ပဏီကိုပါ ဒေဝါလီ ခံသွားအောင်လုပ်ပစ်လိုက်။ ရှုနာမည်ပါတဲ့ ကုမ္ပဏီကို စာရင်းမှာ မမြင်ချင်တော့ဘူးနော်!”
အဘိုးဖြစ်သူရဲ့ စိတ်က အမြဲတမ်း ဒီလိုပဲဖြစ်သည်။ သူ့မြေးကို တစ်ချက်လာထိလျှင် အဆ ၁,၀၀၀ လောက် ပြန်တုန့်ပြန်မည်ဖြစ်သည်။
သူ့အတွက်တော့ ဒီလို သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအသေးစားလေးတစ်ခုကို ဖျက်ဆီးရတာ ပုရွက်ဆိတ် သတ်ရသလောက်တောင် မခက်ခဲပါ။
“အဲ့ဒီလူ ဒီကိုရောက်လာရင် ကျွန်တော် စာရင်းရှင်းလို့ရလား”။ လုကျန်းယွီက မေးလိုက်သည်။
“ရတာပေါ့! ငါ့မြေး လုပ်ချင်သလိုသာလုပ်”။ သခင်ကြီးလုက လိုက်လျောလိုက်ပါသည်။
“အင်း… အဲ့တာဆို ကျွန်တော် စာကြည့်ခန်းထဲဝင်ဦးမယ်။ သူရောက်လာရင် ခေါ်လိုက်ပါ”။ လုကျန်းယွီ ပြေလာိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ”။ သခင်ကြီးလုက လုကျန်းယွီ၏ လက်ရှိအခြေအနေကို အလွန်စိတ်ကျေနပ်နေပါသည်။
လုကျန်းယွီ အပေါ်ထပ် တက်သွားသောအခါ အိမ်တော်ထိန်းကျန်းလည်း လိုက်သွားဖို့ ပြင်လိုက်သည်။ သို့သော် သခင်ကြီးလုက လှမ်းတားလိုက်ပါသည်။
“အိမ်တော်ထိန်းကျန်း ဒီကိုလာစမ်းပါဦး”
“ကျွန်တော့်ကို ဘာတာဝန်ပေးစရာရှိလို့လဲ သခင်ကြီး”။ အိမ်တော်ထိန်းကျန်းက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
“ငါ့ကို အမှန်အတိုင်းပြောစမ်း။ ရှုထျန်းဖေးနဲ့ ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ”
“ဘာတွေမေးနေတာလဲ သခင်ကြီးလု။ ကျွန်တော် သိပ်နားမလည်ဘူး”။ အိမ်တော်ထိန်းကျန်း အ,ချင်ယောင် ဆောင်လိုက်သည်။
“အဲ့ကောင်လေးအတွက် ကာပြောပေးမနေနဲ့။ သူက သူများကို ဝေဖန်တိုက်ခိုက်မယ့်လူမျိုးလား။ ပြောစမ်း ဒီကိစ္စက ဟိုဘက်အိမ်က ကောင်မလေးနဲ့ ပတ်သတ်နေတယ်မလား။ ကျန်းယွီကို ရှုထျန်းဖေး ဒုက္ခလာပေးတာ ဟိုဘက်အိမ်က ကောင်မလေးနဲ့ ရင်းနှီးနေလို့မလား”
သခင်ကြီးလုက အရူးလုပ်ဖို့ လွယ်ကူသူ မဟုတ်ပေ။ သူ့မြေးကို လျစ်လျူရှုပေးလိုက်ခြင်းသာဖြစ်သည်။
လုကျန်းယွီရဲ့ လိမ္မာပါးနပ်မှုက သူ့အဘိုးကို မမှီနိုင်ပေ။
… … …