← Chapters

အခန်း (၄၆၉-၄၇၀)

Vol. 19 Ch. 469-470

အခန်း (၄၆၉-၄၇၀)

Vol. 19 Ch. 469-470

အခန်း(၄၆၉) ရန်လာစတဲ့အတွက် ပြန်ပေးဆပ်ရတာ (၁)

သခင်ကြီးလုရဲ့ မျက်လုံးတွေကို မလှည့်ဖျားနိုင်တော့မှန်း သိလိုက်ရသဖြင့် အိမ်တော်ထိန်းကျန်း အပြုံးဖြင့်သာ ပြန်ဖြေနိုင်တော့သည်။

“သခင်ကြီးလု စိတ်မဆိုးပါနဲ့။ ဟုတ်ပါတယ်။ သခင်ကြီးပြောတဲ့အတိုင်းပဲ သခင်လေးကို ရှုထျန်းဖေး ဒုက္ခပေးတာက သခင်မလေးစူစူကြောင့် ဖြစ်နိုင်တယ်။ ဒါပေမယ့် သက်သေခိုင်ခိုင်လုံလုံမရှိတဲ့ ခန့်မှန်းသုံးသပ်ချက်သက်သက်ပါပဲ။ သခင်လေးလုက သခင်မလေးစူစူကို ကာကွယ်ပေးချင်လို့ ဒီလိုပြောခဲ့တာပါ”

“ငါက ဘာလို့ စိတ်ဆိုးရမှာလဲ။ ပျော်တောင် ပျော်သေးတယ်ကွ! ငါ့မြေးက သူများတွေအတွက် စိတ်ပူပေးနေတာကို ငါက ဘာစိတ်ဆိုးရမှာလဲ။ ပြီးတော့ အဲ့ဒီချင်းအိမ်တော်က ကလေးမလေးက ငါတို့ လုမိသားစုကို အများကြီး ကူညီပေးထားရုံတင် မကဘူး ချစ်ဖို့ကလည်း ကောင်းသေးတယ်။ ငါက ကျေးဇူးမသိတတ်တဲ့လူလို့ ထင်နေကြတာလား”

သခင်ကြီးလုက ဒေါသမထွက်သည့်အပြင် ပျော်ရွှင်နေပါသည်။

သူ့မြေးကို အလွန်ချစ်မြတ်နိုးပြီး ကာကွယ်ပေးချင်စိတ်အပြည့်ရှိသော်လည်း အမှားအမှန်ကိုတော့ ခွဲခြားတတ်ပါသေးသည်။ ထို့အပြင် ထိုချင်းမိသားစုမှ ကလေးမလေးက သာမန်လူလည်း မဟုတ်ပေ။

“သခင်ကြီးဒေါသမထွက်လို့ တော်သေးတာပေါ့”။ သခင်ကြီးလု၏ စကားကိုကြားမှ အိမ်တော်ထိန်းကျန်းလည်း စိတ်အေးနိုင်ပါသည်။

သခင်ကြီးလုရဲ့ ခက်ထန်သော မျက်နှာကြောင့် သူထိတ်လန့်သွားတာကိုတော့ ငြင်းမရပေ။ စကားတစ်ချက် မှားသွားတာနဲ့ အရာရာ ဇာတ်သိမ်းသွားနိုင်သည့် အခြေအနေဖြစ်သည်။

“ငါနည်းနည်းတော့ ဒေါသထွက်တယ်ကွ”။ သခင်ကြီးလုက ပြောလိုက်သည်။ “ကျန်းယွီက ငါ့ကို မယုံကြည်သေးဘူး ထင်တယ်။ ငါက အကြောင်းအရင်းမရှိဘဲ သူများတွေကို အပြစ်တင်မယ့် လူစားမျိုးလား။ စူစူလေးကြောင့် ပြဿနာ ဖြစ်တာလို့ အမှန်တိုင်းပြောပြီး ငါ့ကို အကူအညီတောင်းရင် အားလုံး အဆင်ပြေသွားမှာ မဟုတ်ဘူးလား။ အဲ့ဒီ ကလေးမလေးကို ငါကျေးဇူးပြန်ဆပ်ခွင့်လည်း ရသွားမှာ မဟုတ်ဘူးလား”

လုကျန်းယွီက အဘိုးဖြစ်သူ သူ့ကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြသည့် အရာတွေရှိသေးမှန်း သိလိုက်ရသဖြင့် သခင်ကြီးလု အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ ဒါ မိဘအုပ်ထိန်းသူတိုင်း ကြုံလာရမယ့် ကိစ္စပဲကို… သူလည်း ခြွင်းချက်ရှိပါ့မလား။

အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ်။ သခင်ကြီးက ဆင်ခြင်တုံတရား အရှိဆုံး ပုဂ္ဂိုလ်ပါ”

သို့သော်လည်း အိမ်တော်ထိန်းကျန်း စိတ်ထဲမှ ရေရွတ်လိုက်သည်။ သခင်ကြီးလုက ဘာမှ ဆင်ခြင်တုံတရားရှိတာ မဟုတ်ဘူး။ သူဆင်ခြင်တုံတရားရှိတယ်ဆိုတာ လူတချို့အပေါ်မှာပဲ သက်ရောက်မှုရှိတာ…။

“ဟုတ်ပြီ။ ဘာမှပြောစရာမရှိတော့ရင် ငါဘာမှ မသိထားသလိုပဲ ဆက်ဟန်ဆောင်လိုက်။ အဲ့ဒီကောင်လေး သူ့အကြံသူ အောင်မြင်တယ်ပဲ ထင်ပါလေ့စေ”။ သခင်ကြီးလုက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

--- --- ---

ရှုထျန်းဖေး အိမ်မှာ သတင်းကောင်း စောင့်မျှော်နေခဲ့သည်။ သို့သော် အချိန်အတော်ကြာတာတောင် သူ့လူတွေ တစ်ယောက်မှ ပြန်ရောက်မလာသေးပါ။

မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး မျက်နှာလည်း အကျည်းတန်သွားသည်။ သူ့သည်းခံစိတ် အဆုံးစွန်ကို ရောက်နေချိန်တွင် သူ့လက်အောက်ငယ်သား တစ်ယောက်ထံမှ ဖုန်းဝင်လာပါသည်။

“လခွီးထဲမှ! ငါမင်းတို့ကို ရိုးရိုးရှင်းရှင်း တာဝန်တစ်ခုပေးလိုက်တာ ပြန်မလာသေးဘဲ ဘာလုပ်နေကြတာလဲကွ!”

“ဘော့စ်ရှု… ကျွန်တော်တို့အကုန် ဆေးရုံမှာ…”

“ဆေးရုံဟုတ်လား။ မင်းတို့က ဆေးရုံမှာ ဘာသွားလုပ်နေတာလဲ”

“ဘော့စ်ရှု ဒေါသမထွက်ပါနဲ့။ ကျွန်တော်တို့ ခြေထောက်တွေ… အဆစ်လွဲသွားလို့ ပြန်လာလို့ မရတော့ဘူး”

“ဆင်ခြေတွေ မပေးစမ်းနဲ့! မင်းတို့ ၁၂ ယောက်လုံး ခြေထောက်တွေ အဆစ်လွဲသွားတာလို့ လာပြောတာလား”။ ရှုထျန်းဖေးက သူ့လူစကားကို မယုံကြည်ပါ။

“ဟုတ်ပါတယ်… တစ်ယောက်မှ အကောင်းမရှိတော့ဘူး…”

“သောက်ပိုတွေကွာ!”။ ရှုထျန်းဖေး မယုံကြည်နိုင်ပေ။ ဆိပ်ကမ်းမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာတောင် ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံရဖူးပါ။

“တကယ်ပြောတာပါ! ကျွန်တော် ကျိန်ရဲပါတယ် ဘော့စ်ရှု! ဘော့စ်ရှုရဲ့ အမိန့်အတိုင်း နေ့လယ် ၁ နာရီထိုးတော့ ချင်းမိသားစု ဘေးအိမ်က ဒုက္ခိတလေးနဲ့ သူ့အိမ်တော်ထိန်းနောက်ကို ကျွန်တော်တို့ ခြေရာခံလိုက်ခဲ့တယ်။ နောက်ဆုံး သူတို့ လုံခြုံရေးကင်မရာလည်းမရှိ လူသွားလူလာလည်းနည်းတဲ့နေရာကို ရောက်သွားတော့…”

“ဘာဆက်ဖြစ်လဲ ပြောလေ!”။ ရှုထျန်းဖေးက ငေါက်လိုက်သည်။

“အဲ့မှာ…”

ဖုန်းတစ်ဖက်မှ စကားပြောလို့မဆုံးခင် ရှုထျန်းဖေး၏ အခန်းတံခါးကို အပြင်မှ တစ်စုံတစ်ယောက်က ‌ဆောင့်ကန် ဖွင့်လိုက်လေသည်။

ထို့နောက် Suit ကို ကျကျနန ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်က အပြုံးဖြင့် ဝင်လာလေသည်။

“မင်း… မင်း…” ထိုလူ့ကို မြင်သောအခါ ရှုထျန်းဖေး အလွန် အံ့အားသင့် တုန်လှုပ်သွားလေတော့သည်။

… … …

အခန်း(၄၇၀) ရန်လာစတဲ့အတွက် ပြန်ပေးဆပ်ရတာ (၂)

ဒီလူ့ကို ရှုထျန်းဖေး မှတ်မိပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက ပေကျင်းမြို့ရှိ ညစာစားပွဲတစ်ခုကို တက်ရောက်ရင်း ဒီလူ့ကို ခပ်လှမ်းလှမ်းမှ မြင်ဖူးခဲ့သည်။

ထိုအချိန်တုန်းက ရှုထျန်းဖေးထက် အဆင့်အတန်းပိုမြင့်မားသော စီးပွားရေး ခေါင်းဆောင်ကြီးများက ထိုလူ့ကို အလွန် လေးစားသမှုဖြင့် ဆက်ဆံနေခဲ့ကြသည်။

ရှုထျန်းဖေးက မိတ်ဆွေတစ်ဦးရဲ့ မျက်နှာကြောင့်သာ ထိုညစာစားပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘယ်လို ဂုဏ်သရေရှိ ပုဂ္ဂိုလ်မျိုးနဲ့မှ စကားမပြောနိုင်ခဲ့ပါ။

သို့သော် သူတက်ရောက်ဖူးသည့် ညစာစားပွဲတွေထဲ အခမ်းနားဆုံးနဲ့ ဂုဏ်သရေအရှိဆုံး ညစာစားပွဲကြီး ဖြစ်တာကြောင့် သူအားလုံးကို ထင်ထင်ရှားရှား မှတ်မိနေခြင်းဖြစ်သည်။

ဒီလူ့မျက်နှာကို လုံးဝ မှားစရာအကြောင်းမရှိပါ။

သို့သော် ဒီလူ ဘာကြောင့် ဟွာချန့်မြို့ကို ရောက်လာရတာလဲ။ ဒါ့ထက် ဘာလို့ သူ့အခန်းဝကို ရောက်လာရတာလဲ!

“ရှုထျန်းဖေး။ ငါတို့ သခင်ကြီးက မင်းကို အလည်လာဖို့ ဖိတ်လိုက်တယ်”။ သက်လတ်ပိုင်း လူကြီးက အပြုံးဖြင့် ပြောလိုက်ပါသည်။

“မင်းတို့… သခင်ကြီး?”

သက်လတ်ပိုင်း လူကြီးက ဘာမှ ဆက်ရှင်းပြမနေတော့ဘဲ ရှုထျန်းဖေးကို ‘ဖိတ်ကြားဖို့’ သူ့လူတွေကို အမိန့်ပေးလိုက်တော့သည်။

--- --- ---

စူစူလေး ညစာစားပြီးနောက် ဟူကျစ်ကိုခေါ်ပြီး လုကျန်းယွီကို သွားတွေ့ခဲ့ပါသည်။

ဒီနေ့ ကိုကြီးက သူမကို ရုပ်ပြစာအုပ်ဖတ်ပြမည်ဟု ကတိပေးထားသည်။ တစ်နေ့ခင်းလုံံး စိတ်ကူးယဉ်နေခဲ့တာဖြစ်ပြီး ညစာစားပြီးတာနဲ့ ချက်ချင်း ထွက်လာခဲ့ပါသည်။

လုအိမ်တော်ထဲ စူစူလေး ဝင်လာတာနဲ့တစ်ပြိုင်နက် ဧည့်ခန်းထဲမှာ လက်အောက်ငယ်သားများနဲ့ စကားပြောနေသော သခင်ကြီးလုကို မြင်လိုက်ရသည်။

စူစူလေး ဝင်လာတာကို မြင်သောအခါ သခင်ကြီးလုကလည်း သူလူတွေနဲ့ စကားပြောနေတာကို ရပ်တန့်ပြီး စူစူလေးအား အပြုံးဖြင့် နှုတ်ဆက်လိုက်ပါသည်။ “စူစူလေး ကိုကြီးနဲ့ လာတွေ့တာလား”

“ဟွန်း”

စူစူလေးက သခင်ကြီးလုကို လျစ်လျူရှုကာ မျက်နှာလွှဲလိုက်ပါသည်။

သခင်ကြီးလုက ရယ်မောရင်း ဆက်ပြောလိုက်သည်။ “သမီးကိုကြီးက အပေါ်ထပ် စာကြည့်ခန်းထဲမှာ သမီးကို စောင့်နေတယ်”

စူစူလေး လှေကားပေါ် တက်ဖို့ ခြေလှမ်းပြင်လိုက်ပြီးမှ မယှဉ်မကျေးဖြစ်မှာစိုးသဖြင့် လှည့်ပြောလိုက်သည်။ “သိသားပဲ ဟွန်း!”

ထို့နောက် လှည့်ပင်မကြည့်တော့ဘဲ အပေါ်ထပ် ပြေးတက်သွားလိုက်သည်။

စူစူလေး မရှိတော့သောအခါ သခင်ကြီးလုက သူ့ဘေးကလူကို ပြုံးပြုံးရွှင်ရွှင် ပြောလိုက်ပါသည်။ “တွေ့လား စူစူလေးက ငါ့ကို စကားတောင် ပြန်ပြောသွားတယ်။ ငါ့ကို ခွင့်လွှတ်ပေးနိုင်ချေ ရှိတယ်ကွ”

“ဟုတ်ပါတယ်… ဟုတ်ပါတယ်…”။ လက်အောက်ငယ်သားဖြစ်သူက ခပ်တောင့်တောင့် ပြုံးရင်း ပြန်ဖြေလိုက်ပါသည်။

သူတို့ သခင်ကြီးလု သူများကို ဒီလိုကျိုးကျိုးနွံနွံဆက်ဆံတာမျိုး သူတို့ တစ်ခါမှ မမြင်ဖူးပါ။ အဲ့ဒီ ကလေးမလေးက ဘယ်သူများလဲ။

အပေါ်ထပ် စာကြည့်ခန်းထဲတွင် လုကျန်းယွီ ခြေသံများ ကြားလိုက်ရပြီး စူစူလေးရောက်လာပြီဖြစ်မှန်း တန်းသလိုက်ပါသည်။

“ကိုကြီး!”။ စူစူလေးက အခန်းထဲ ခပ်သုတ်သုတ်ဝင်လာပြီး ဟူကျစ်ကို လုကျန်းယွီပေါင်ပေါ် တင်ပေးလိုက်သည်။

“မြောင်~”။ ဟူကျစ်ကလည်း လုကျန်းယွီ၏ ပေါင်ပေါ်မှာ ဇိမ်ကျသွားပုံရပါသည်။ လုကျန်းယွီရဲ့ ပေါင်ကို ခေါင်းနဲ့တောင် ပွတ်သပ်လိက်သေးသည်။

ဟူကျစ်လည်း လုကျန်းယွီကို အလွန်သဘောကျမှန်း သိသာပါသည်။ ထို့အပြင် တခြားသူတွေလို နောက်မှ ရင်းနှီးလာတာ မဟုတ်ဘဲ ဟူကျစ်က လုကျန်းယွီကို စတွေ့ကတည်းက သဘောကျတာဖြစ်သည်။

“ဒီမှာလာထိုင်လေ”။ လုကျန်းယွီက စူစူလေးအတွက် နေရာတစ်ခု ပြင်ပေးထားသည်။

သူ့ဘေးမှာ လုကျန်းယွီ တစ်ရပ်လောက်ရှိသော ထိုင်ခုံတစ်လုံးကို ပြင်ထားပြီး နူးနူးညံ့ညံ့ ကူရှင်လေး ခင်းထားသည်။

စူစူလေးက ထိုင်ခုံပေါ် ခပ်မြန်မြန် တက်သွားပါသည်။

ထို့နောက် သူပြင်ဆင်ထားသည့် ရုပ်ပြစာအုပ်ကို ထုတ်ကာ စူစူလေးအား စတင်ဖတ်ပြတော့သည်။

ဒီနေ့ပုံပြင်လေးက အိမ်မှ ထွက်ပြေးလာသော ကြောင်လေးတစ်ကောင်အကြောင်း ဖြစ်သည်။

စူစူလေးက အာရုံစူးစိုက်ကာ နားထောင်လိုက်သည်။ ဟူကျစ်ကလည်း သူ့ကိုယ်သူ ပုံပြင်ထဲမှ ကြောင်လေးဟု သဘောထားကာ နားရွက်ထောင် နားထောင်နေလိုက်ပါသည်။

“ကြောင်လေးကို လယ်သမားကြီးက ကန်ထုတ်လိုက်တော့ တောင်ကုန်းအောက်ကို လိမ့်ကျသွားတယ်တဲ့…”

ထိုအကြောင်း ဖတ်ပြလိုက်သောအခါ စူစူလေးက ရုတ်တရက် လက်သီးဆုပ်လိုက်ပြီး မျက်နှာလေး ခက်ထန်သွားသည်။

“ဘာဖြစ်လို့လဲ စူစူလေး”။ သူမရဲ့ အပြုအမူကို မြင်သောအခါ လုကျန်းယွီ မေးလိုက်ပါသည်။

“လူဆိုးကြီး! သူများကို ရိုင်းရိုင်းစိုင်းစိုင်း ကန်တယ်!”။ စူစူလေး အလွန်ဒေါသထွက်နေပါသည်။ “သမီးကိုလည်း လူတစ်ယောက်က အဲ့လို ကန်ဖူးတယ်!”

“စူစူလေးကို တစ်ယောက်ယောက်က ကန်ဖူးတယ် ဟုတ်လား”။ လုကျန်းယွီ မေးလိုက်ပါသည်။

… … …

All Chapters