အခန်း (၄၇၁-၄၇၂)
Vol. 19 Ch. 471-472
အခန်း(၄၇၁) ရန်လာစတဲ့အတွက် ပြန်ပေးဆပ်ရတာ (၃)
“ဟုတ်တယ်!” စူစူလေး ဒေါသကြောင့် ပါးတွေဖောင်းနေပြီး ခေါင်းငြိမ့်လိုက်ပါသည်။
အခုချိန်ထိ ပြန်တွေးမိတိုင်း ဒေါသထွက်ရသည်။
“ဘယ်သူတုန်း။ သူအခု ဘယ်မှာလဲ” လုကျန်းယွီက မေးသည်။
“မသိဘူး”။ စူစူလေးက ပြောလိုက်၏။ “ဒါပေမယ့် စိတ်မပူနဲ့ ကိုကြီး။ သမီးသူ့ကို ကျိန်စာတိုက်ပြီးသွားပြီ”
“ဟုတ်လား။ ဘယ်လို ကျိန်စာတိုက်လိုက်တာလဲ”။ လုကျန်းယွီက အပြုံးဖြင့် မေးလိုက်သည်။
“စက်ဝိုင်းကြီးဆွဲပြီး ကျိန်စာတိုက်လိုက်တာ။ သမီးကို ကန်တဲ့ခြေထောက် ကျိုးသွားပါစေလို့။ အဲ့တာမှ သမီးကို ထပ်ပြီး ကန်မထုတ်နိုင်တော့မှာ!”။ စူစူလေး အတည်ပေါက် ပြန်ဖြေလိုက်ပါသည်။
“ဘယ်ခြေထောက်နဲ့ ကန်တာမို့လို့လဲ”
“မမှတ်မိဘူး။ အဲ့တာကြောင့် နှစ်ဖက်စလုံးကို ကျိန်စာတိုက်လိုက်တယ်”။ စူစူလေးက သူမလုပ်ရပ် မှန်သည်ဟု ယုံကြည်ကာ ပြောလိုက်ပါသည်။
ဟွန်း! အနိုင်ကျင့်ရဲသေးလား! ပိုင်ကျဲနတ်သားရဲက အရမ်း အငြှိုးကြီးတာနော်!
“တော်တယ်။ စူစူလေး တော်ပါတယ်”။ လုကျန်းယွီက အပြုံးဖြင့် ချီးကျူးလိုက်သည်။
စူစူလေးရဲ့ ကလေးတစ်ယောက်လို တဲ့တိုးဆန်မှု၊ ချစ်စရာကောင်းသော အပြုအမူလေးများက လုကျန်းယွီအတွက် စိတ်ကြည်နူးစရာ ဖြစ်နေသည်။
ထို့နောာက် လုကျန်းယွီက ရုပ်ပြစာအုပ် ဆက်ဖတ်ပြလိုက်သည်။
ထိုစဉ် တံခါးခေါက်သံထွက်ပေါ်လာ၏။
“သခင်လေး။ ဟိုလူ့ကို ခေါ်လာခဲ့ပါပြီ။။ သခင်လေး ဘယ်တော့ တွေ့ချင်လဲ”
“၁၀ မိနစ်နေရင် တွေ့မယ်”။ လုကျန်းယွီက စူစူလေးကို ရုပ်ပြစာအုပ်ပြီးအောင်ဖတ်ပြဖို့ ၁၀ မိနစ်ခန့်လိုပါသေးသည်။
“ဟုတ်ကဲ့ပါ”။
အခန်းအပြင်ကလူလည်း စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့ပါသည်။
စူစူလေးက လုကျန်းယွီကို မေးလိုက်သည်။ “ကိုကြီး အလုပ်တွေရှိလို့လား”
“ရှိတယ်။ ဒါပေမယ့် စူစူလေးနဲ့ ပတ်သတ်နေတဲ့ အလုပ်တွေ”။
“သမီးနဲ့ ပတ်သတ်တာ ဟုတ်လား”။ စူစူလေးက သူ့မျက်နှာလေးသူ လက်ညှိုးထိုးလျက် မေးလိုက်ပါသည်။
“ဟုတ်တယ်။ စူစူလေး ဒီမှာနေပြီး အတူတူကြည့်ရမယ်နော်”။
“ဪ ဟုတ်ပါပြီ”
ဘာကိစ္စလဲ မသိသော်လည်း ကိုကြီးက ပြောသဖြင့် သူမ ဒီမှာပဲ ဆက်နေလိုက်ပါမည်။
၁၀ မိနစ်ခန့်ကြာသောအခါ ရုပ်ပြစာအုပ် ဖတ်ပြီးသွားပြီဖြစ်ကာ လုကျန်းယွီ စာအုပ်ပိတ်လိုက်ပါသည်။
ထို့နောက် အပြင်ကလူတွေကို ဝင်လာခိုင်းလိုက်သည်။
တံခါးပွင့်သွားပြီး လူတချို့က ရှုထျန်းဖေးကို ဖမ်းချုပ်လျက် ဝင်လာခဲ့ကြသည်။
ရှုထျန်းဖေးကို မြင်သောအခါ စူစူလေး မတ်တပ် ထရပ်လိုက်ပါသည်။ “အား!! လူဆိုးကောင်ကြီး!!”
လုကျန်းယွီနဲ့ စူစူလေးတို့ကို တစ်ခန်းတည်းမှာ တွေ့လိုက်ရသဖြင့် ရှုထျန်းဖေးမျက်နှာ အရောင်အသွေးများ ကင်းမဲ့သွားလေတော့သည်။
အခုချိန်ထိ ဒီဒုက္ခိတကောင်လေးရဲ့ သရုပ်မှန်ကို ရှုထျန်းဖေး နားမလည်ခဲ့သေးပါ။
သို့သော်လည်း သူအရင်တုန်းက ထင်ထားတာထက် လုကျန်းယွီက အများကြီး ပိုကြောက်ဖို့ကောင်းနေမှန်း ရှုထျန်းဖေး သိလိုက်ရပါသည်။
လုကျန်းယွီက ရှုထျန်းဖေးကို အေးစက်စွာ ကြည့်လိုက်သည်။ “ဒီနေ့ ကျွန်တော့်ကို ဒုက္ခပေးဖို့ လူတွေလွှတ်လိုက်တာ ခင်ဗျားလား”
ရှုထျန်းဖေး ချက်ချင်း ငြင်းလိုက်သည်။ “မဟုတ်ပါဘူး သခင်လေး! သခင်လေးကို ကျွန်တော် သိတောင် မသိပါဘူး။ ဘာလို့ လူလွှတ်ပြီး ဒုက္ခပေးခိုင်းရမှာလဲ”
“ဒီနေ့ ကျွန်တော့်ကို ကြံစည်တဲ့လူတွေ အကုန်လုံးက ခင်ဗျားရဲ့ ဆိပ်ကမ်းက အလုပ်သမားတွေချည့်ပဲ”။ လုကျန်းယွီက တည်ငြိမ်စွာ ပြောလိုက်သည်။
“သခင်လေး နားလည်မှုလွဲနေတာဖြစ်မှာပါ။ ကျွန်တော့် လက်အောက်ငယ်သားတွေရဲ့ လုပ်ရပ်က ကျွန်တော်နဲ့ မသက်ဆိုင်ဘူး ကျွန်တော်ခိုင်းတာလည်း မဟုတ်ဘူး။ သူတို့ကို ကျွန်တော့် စက်ရုံမှာ အလုပ်လုပ်ဖို့ပဲ ခန့်ထားတာ။ သူတို့ဖာသာ ရူးရူးမိုက်မိုက်လျှောက်လုပ်တဲ့ လုပ်ရပ်တွေအတွက် ကျွန်တော့်ခေါင်းပေါ် လာပုံချလို့မရဘူးလေ!”
ရှုထျန်းဖေး ရူးချင်ယောင်ဆောင်ပြီး လုကျန်းယွီ ယုံကြည်အောင် လျှောက်ပြောလိုက်သည်။
လုကျန်းယွီ မယုံသေးမှာစိုးသဖြင့် ရှုထျန်းဖေး စိုးရိမ်တကြီး ဆက်ပြောလိုက်ပါသည်။ “သေချာစဉ်းစားကြည့်ပါဦး သခင်လေးလု။ သခင်လေးအပေါ် ကျွန်တော် ဘာအငြှိုးအတေးမှလည်း မရှိပါဘူး။ သခင်လေးက ဘယ်သူဘယ်ဝါမှန်းတောင် ကျွန်တော်မသိဘူး။ သခင်လေးကို ဒုက္ခပေးလို့ ကျွန်တော် အကျိုးမရှိနိုင်ဘူး။ အဲ့တာကြောင့် ကျွန်တော်က ဘာလို့ အကောက်ကြံစည်ရမှာလဲ”
“ခင်ဗျားရှင်းပြတာကို လက်မခံဘူး။ ကျွန်တော်က မျက်စိနဲ့တပ်အပ်မြင်တဲ့ သက်သေကိုပဲ ယုံတယ်”။ လုကျန်းယွီက ရှုထျန်းဖေး၏ အကြောင်းပြချက်ကို ငြင်းဆန်လိုက်သည်။
“သခင်လေးလု ကျွန်တော့်ကို စိတ်ကြိုက် စုံစမ်းစစ်ဆေးပါ။ သခင်လေးလု တကယ်မှားနေပြီ။ ကျွန်တော် မလုပ်တဲ့ ကိစ္စအတွက် ကျွန်တော့်ကို အပြစ်လာတင်လို့ မရဘူးလေ! ကျွန်တော်ပြောတာ ယုံပေးပါ သခင်လေးလု! သခင်လေးကို တကယ်ထိခိုက်အောင် မလုပ်ခဲ့ပါဘူး”။ ရှုထျန်းဖေးက ကြောက်လန့်တကြား တောင်းပန်လိုက်ပါသည်။
… … …
အခန်း(၄၇၂) ရန်လာစတဲ့အတွက် ပြန်ပေးဆပ်ရတာ (၄)
“နင်က လူဆိုးကောင်ကြီး! နင့်စကားတွေကို ယုံလို့မရဘူး!”
စူစူလေးကပါ ရုတ်တရက် ဝင်ပြောလိုက်သည်။
ရှုထျန်းဖေး စိတ်ထဲ ဒေါသကော စိတ်ရှုပ်မှုကိုပါ ခံစားလိုက်ရသည်။
လခွီးထဲမှ ဒီဟာမလေး ပါးစပ်ကို ပိတ်မထားနိုင်ဘူးလား! စကားကောင်းကောင်း မပြောတတ်ရင် ဝင်ကို မပြောသင့်တာ!
ထို့နောက် စူစူလေးက လုကျန်းယွီကို လှည့်ပြောလိုက်သည်။ “လူဆိုးကောင်ကြီး ပြောတာကို မယုံနဲ့နော် ကိုကြီး! သူတို့အပြောဘယ်လောက် ကောင်းကောင်း ယုံလို့မဖြစ်ဘူး!”
လုကျန်းယွီ ခေါင်းငြိမ့််လိုက်ပါသည်။ “စူစူလေး ပြောတာမှန်တယ်။ သူပြောတာ ကိုကြီး နားမထောင်ပါဘူး”
တကယ်တော့ ဒီနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုတည်းကြောင့် ရှုထျန်းဖေးကို လုကျန်းယွီ ခေါ်လိုက်တာ မဟုတ်ပါ။
စူစူလေးကို အမြဲ ပြဿနာရှာတတ်သော ရှုထျန်းဖေးအား ဒီအခွင့်အရေးကို အသုံးချပြီး တစ်ခါတည်း အပြတ်ရှင်းဖို့ ဖြစ်သည်။
စူစူလေးကို အငြှိုးထားမှာစိုးသဖြင့် အရင်က ရှုထျန်းဖေး ကျူးလွန်ခဲ့ဖူးသော ပြစ်မှုတွေကို လုကျန်းယွီ တမင်တကာ ထုတ်မပြောခြင်း ဖြစ်သည်။
“အွန်း! ကိုကြီးတော်တယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
ရှုထျန်းဖေးက စူစူလေးကို အမြန်မေးလိုက်သည်။ “ငါမလိမ်ဘူး။ သခင်လေးလုကို ငါထိစရာအကြောင်းမရှိဘူးလို့ ရှင်းပြပြီးသွားပြီ။ ချင်းမိသားစုက ကလေးမလေးက ဘာသက်သေရှိလို့ အဲ့စကား ပြောရတာလဲ”
နို့နံ့တောင် မစင်သေးသည့် ကလေး ၂ ယောက်ကို သူရှုံးနိုင်မှာမဟုတ်ဘူးဟု ရှုထျန်းဖေး ယုံကြည်နေသည်။
“သက်သေတော့မရှိဘူး။ ဒါမယ့် နင်က လူဆိုးကောင်! လူဆိုးကောင်ရဲ့ စကားကို နားထောင်လို့ မဖြစ်ဘူး!”။ စူစူလေး ပြန်ပြောလိုက်သည်။
သူမရဲ့ တွေးပုံခေါ်ပုံလေးက ရိုးရှင်းပြီး နားလည်ရလွယ်သည်။
“ဟုတ်တယ်။ စူစူလေး မမှားပါဘူး”။ လုကျန်းယွီက ချစ်မြတ်နိုးသော လေသံလေးဖြင့် ထောက်ခံလိုက်သည်။
တခြားသူတွေ စူစူလေးရဲ့ သီအိုရီကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ လုကျန်းယွီကတော့ ကျိန်းသေပေါက် ယုံကြည်သည်။
ရှုထျန်းဖေး ကြက်သေသေနေပါပြီ။ ဒီကလေးစုတ်နှစ်ယောက်ကို စကားလုံးလှလှလေးတွေနဲ့ ဖြောင်းဖြလို့ ရလိမ့်မည်ဟု သူထင်ထားခဲ့သည်။ သို့သော်လည်း ဒီကလေးနှစ်ယောက်က ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်တတ်ကြသူတွေ ဖြစ်နေကြသည်။
လုကျန်းယွီက စူစူလေးကို မေးလိုက်၏။ “စူစူလေး၊ ဒီလို လူဆိုးမျိုးကို ဘယ်လိုနည်းနဲ့ အပြစ်ပေးသင့်တယ်လို့ ထင်လဲ။ စူစူလေးကို ကန်ခဲ့တဲ့လူဆိုးကို အပြစ်ပေးသလိုမျိုး လမ်းမလျှောက်နိုင်တော့အောင် လုပ်လိုက်ရမလား”
“အဲ့လိုလုပ်ဖို့ မလိုပါဘူး။ သူက သမီးကို မကန်ဘူး။ ပြီးတော့ ကန်လည်းကန်နိုင်မှာ မဟုတ်ဘူး”
သူမက အလွန်သန်မာတာပဲ ဥစ္စာ။ ဒီလို လူဆိုးမျိုးက အလွယ်တကူ ကန်နိုင်ပါ့မလား။
ယခုဆို အရင်ကထက်တောင် ပိုသန်မာလာပြီဖြစ်သဖြင့် ထိုနတ်ယုတ်မာကောင်ကြီးတောင် သူမကို ကန်နိုင်တော့မှာ မဟုတ်ပါ။
“ဒါဆို သူစကားမပြောနိုင်တော့အောင် လုပ်လိုက်ရမလား”။ လုကျန်းယွီက မေးလိုက်သည်။
“အဲ့တာလည်း မကောင်းဘူး…။ ဖေဖေက ပြောတယ်။ သူများတွေကို မလိုအပ်ဘဲ ဒုက္ခမပေးရဘူးတဲ့”။ စူစူလေး လေးလေးနက်နက်စဉ်းစားကာ ပြန်ပြောလိုက်သည်။ “ဒီလိုလုပ်မယ်လေ ကိုကြီး။ သူ့ကို ရဲအစ်ကိုကြီးတွေဆီ ပို့ပေးလိုက်မယ်။ ရဲအစ်ကိုကြီးတွေက သူ့ကို ထောင်ထဲထည့်ပြီး သူ့ပစ္စည်းတွေအကုန် ယူသွားမှာမလား။ ဖေဖေက ပြောဖူးတယ်။ မကောင်းတာ လုပ်တဲ့ လူဆိုးတွေကို အဲ့လို အပြစ်ပေးတာ အကောင်းဆုံးပဲတဲ့!”
“ဟုတ်လား…။ ဒါဆိုလည်း သူမကောင်းတာ လုပ်ထားတဲ့ သက်သေတွေ အကုန် ရဲလက်ထဲ အပ်လိုက်မယ်။ သူ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခိုင်းလိုက်မယ်။ ပြီးရင် သူ့သား ၂ ယောက်နဲ့အတူတူ ထောင်ထဲမှာ တစ်သက်လုံး သွားနေခိုင်းလိုက်မယ်” လုကျန်းယွီ ဆုံးဖြတ်လိုက်သည်။
ဟုတ်ပါသည်။ စူစူလေးရှေ့မှာ အကြမ်းပတမ်းတွေ လုပ်လို့မဖြစ်ပါ။ စူစူလေးက သူ့ကို တရားဥပဒေအတိုင်း အပြစ်ပေးချင်နေသဖြင့် စူစူလေးသဘောအတိုင်း လုကျန်းယွီ ဆုံးဖြတ်ပါမည်။
“အွန်း အွန်း!”။ လုကျန်းယွီ၏ ဆုံးဖြတ်ချက်ကို စူစူလေး အလွန်ကျေနပ်သည်။
သူ့ကံကြမ္မာကို ပေါ့ပေါ့ပျက်ပျက် ဆုံးဖြတ်နေကြသည့် ကလေးနှစ်ယောက်ကို ကြည့်ရင်း ရှုထျန်းဖေး မျက်နှာ ဖြူဖပ်သွားခဲ့သည်။
သူ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်မယ် ဟုတ်လား။ ထောင်ထဲမှာ တစ်သက်လုံး နေရမယ် ဟုတ်လား။
သူလုပ်ခဲ့ဖူးသမျှ ရာဇဝတ်မှုသက်သေတွေကိုသာ ရဲလက်ထဲအပ်လိုက်လျှင် သူတို့ပြောသလိုပဲ တစ်သက်လုံး ထောင်ထဲ နေနိုင်သည်။
သို့သော် ရှုထျန်းဖေးက ဘာပဲလုပ်လုပ် ခြေရာလက်ရာမကျန်အောင် လုပ်တတ်သည်။ ထို့အပြင် သူ့မှာလည်း အဆက်အသွယ်ကောင်းကောင်း ရှိပါသည်။ သစ္စာဖောက်ခံရမှာမျိုး မဖြစ်နိုင်ပါ။
ထို့ကြောင့် ဒီကလေးနှစ်ယောက် ပေါက်ကရတွေ ပြောနေတာ ဖြစ်နိုင်တယ်မလား။ သူ့ရာဇဝတ်မှု သက်သေတွေကို အလွယ်တကူ ရှာတွေ့သွားတာ လုံးဝ မဖြစ်နိုင်ဘူးမလား။
ရှုထျန်းဖေး ချောက်ချားစွာ တွေးလိုက်မိပါသည်။
… … …