အခန်း (၄၇၃-၄၇၅)
Vol. 19 Ch. 473-475
အခန်း(၄၇၃) ရန်လာစတဲ့အတွက် ပြန်ပေးဆပ်ရတာ (၅)
လုကျန်းယွီက သူ့လက်ပ်တော့ကို ယူလာခိုင်းလိုက်သည်။
ထို့နောက် ပေါင်ပေါ် လက်ပ်တော့တင်လျက် ကီးဘုတ်ကို လျှင်မြန်စွာ ရိုက်နှိပ်လိုက်ပါသည်။
ဖန်သားပြင်ပေါ်မှာ အင်္ဂလိပ်စာတန်းတွေ ပေါ်လာသည်။
တခြားသူတွေ မရှာဖွေနိုင်သည့် အချက်အလက်တွေကို အင်တာနက်ပေါ်မှာရှာဖွေဖို့ဆိုတာ လုကျန်းယွီအတွက် မခက်ခဲပါ။
ရှုထျန်းဖေးက လူတွေနဲ့ အဆက်အသွယ်ရှိခဲ့သရွေ့၊ သူ့မှာ Chat မှတ်တမ်းတွေ ရှိနေသရွေ့၊ သို့မဟုတ် သူ့ဖုန်းတွေ ကွန်ပျူတာတွေက အင်တာနက်နဲ့ ချိတ်ဆက်ထားသရွေ့ အလွယ်တကူ Hack ဝင်နိုင်ပြီး အချက်အလက်တွေအားလုံး ခိုးယူနိုင်သည်။
လုကျန်းယွီ လက်ပ်တော့ထုတ်ပြီး တတောက်တောက် နှိပ်နေတာကို မြင်သောအခါ ရှုထျန်းဖေး ကြောင်စီစီ ဖြစ်သွားသည်။
ဒီဒုက္ခိတလေး ဘာလုပ်နေတာလဲ။ ရုတ်တရက်ကြီး လက်ပ်တော့ထုတ်ပြီး ဘာလုပ်နေတာလဲ။
သူ့အသက်အရွယ်မျိုးနဲ့ လက်ပ်တော့ပေါ်မှာ ဂိမ်းတွေ ကစားသင့်တာ ဒါမှမဟုတ် Ultraman ကြည့်နေသင့်တာ မဟုတ်ဘူးလား။
စူစူလေးက လုကျန်းယွီ၏ လက်ပ်တော့ဖန်သားပြင်ပေါ်ရှိ စာလုံးများကို လိုက်ကြည့်ရင်း မြင်ဖူးသလိုလို ရှိလာသည်။ “ကိုကြီး။ အဲ့တာ မမလှလှလုပ်တာနဲ့ တူသလိုပဲ”
“ဟုတ်တယ်။ စူစူလေးရဲ့ မမလှလှ လုပ်တဲ့အလုပ်မျိုးပဲ”
စူစူလေး ထင်တာ မှန်ပါသည်။ သူအခု လုပ်နေတာတွေက စန်းကျစ်လုပ်တာနဲ့ ဆင်တူသည်။
လုကျန်းယွီက စန်းကျစ်နဲ့ သိပ်မတွေ့ဖူးသော်လည်း သူမရဲ့ သရုပ်မှန်နဲ့ အစွမ်းအစတွေကို သိထားပါသည်။
“ဪ…”။ စူစူလေး ထပ်မေးလိုက်သည်။ “အာ့ဆို ဘာလုပ်နေတာလဲ”
“သူမကောင်းတာ လုပ်ထားတဲ့ သက်သေတွေ ရှာနေတာလေ။ အဲ့သက်သေတွေကို ရဲတွေကို ပေးလိုက်မှ ရဲတွေက သူမကောင်းတာတွေ လုပ်ထားမှန်းသိပြီး ထောင်ထဲထည့်လိုက်မှာ”
“ဒီထဲမှာ သက်သေရှာလို့ရလို့လား။ သူ့အိမ်မှာ သွားရှာရမှာ မဟုတ်ဘူးလား”။ စူစူလေးက မေးသည်။
“ဒီမှာပဲ ရှာလို့ရပါတယ်”
“ထူးဆန်းလိုက်တာ။ သူက အကုန်လုံးကို ကွန်ပျူတာထဲ ထည့်သိမ်းထားတာလား။ သမီးဆို သမီးပစ္စည်းတွေ အကုန်လုံးကို အခန်းထဲမှာ သေချာ သော့ပိတ်ပြီး သိမ်းထားတာ။ ဟူကျစ်ကိုတောင် စောင့်ကြည့်ခိုင်းထားသေးတယ်”။ စူစူလေးက ပြောလိုက်သည်။
“ဟုတ်တယ်။ သူက စူစူလေးလောက် ဉာဏ်မကောင်းဘူးလေ”။ လုကျန်းယွီ ရှင်းပြလိုက်ပါသည်။
စူစူလေး ပြန်ထိုင်နေလိုက်ပြီး ကိုကြီးဖတ်ပြထားသည့် ရုပ်ပြစာအုပ်ကို ပြန်လှန်ကြည့်နေလိုက်သည်။ စူစူလေး ၂ မျက်နှာလောက် လှန်ပြီးချိန်တွင် လုကျန်းယွီ လိုချင်သည့် ရလဒ်များ ရသွားပြီဖြစ်သည်။
ထို့နောက် အချက်အလက်တွေကို ပရင့်တာနဲ့ ပရင့်ထုတ်လိုက်သည်။ စာကြည့်ခန်းထောင့်ရှိ ပရင့်တာထဲမှ A4 စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ထွက်လာခဲ့သည်။ မကြာမီ A4 စာရွက် အထူကြီးတစ်အုပ်ကို ရသွားခဲ့သည်။
ပရင့်တာဘေးမှ လက်အောက်ငယ်သား တစ်ယောက်က စာရွက်တွေကို ယူပြီး လုကျန်းယွီထံ လာပေးခဲ့ပါသည်။
“ဒီမှာပါ သခင်လေး”
လုကျန်းယွီက စာရွက်စာတမ်းများကို တစ်ချက်စစ်ကြည့်ကာ လက်အောက်ငယ်သားဆီ ပြန်ပေးလိုက်သည်။ “ဒီစာရွက်စာတမ်းတွေနဲ့ ဒီလူ့ကို ရဲစခန်းထိရောက်အောင် ပို့ပေးလိုက်ပါ။ ပထမဆုံး စာရွက်ထဲမှာ လူစာရင်းတစ်ခု ပါတယ်။ အဲ့စာရင်းထဲကလူတွေကိုပါ ရှာပြီး ရဲစခန်းပို့ပေးလိုက်ပါ”
သူတို့ကို ဘယ်လို ပို့ရမလဲဆိုတာကိုတော့ လုကျန်းယွီ အသေးစိတ် ပြောစရာမလိုပါ။ သူတို့တွေ လုပ်တတ်ပါသည်။
“ဟုတ်ကဲ့ပါ”။ လက်အောက်ငယ်သားက စာရွက်စာတမ်းတွေကို ယူပြီး အခန်းပြင်ထွက်သွားလေသည်။ ရှုထန်းဖေး ဘေးမှ ဖြတ်သွားစဉ် ရှုထျန်းဖေးက စာရွက်စာတမ်းတွေကို ခိုးကြည့်လိုက်သည်။
ပထမ စာရွက်ထဲမှာ သူရင်းနှီးနေသည့် နာမည်တွေ ပါနေသည်။ အစွန်အဖျားသာ ကြည့်လိုက်တာဖြစ်သော်လည်း နာမည်တချို့ကို သေချာ တွေ့လိုက်ရပါသည်။
ထိုနာမည်တချို့နဲ့တင် ရှုထျန်းဖေး ဆွံ့အပြီး တုန်လှုပ်သွားရသည်။ ထိုနာမည်ပိုင်ရှင်တွေက သူနဲ့ လျှို့ဝှက် လက်တွဲထားသည့် လူတွေဖြစ်သည်။
တစ်ယောက်ဆို အရင်တုန်းက ရှုထျန်းဖေး နဲ့အတူ လူသတ်မှုတစ်ခုကို ကျူးလွန်ဖူးသည်။
ဒီစာရင်းသာ အစစ်အမှန် ဖြစ်ပါက သက်သေဟူသည့် ကျန်စာရွက်စာတမ်းတွေကလည်း… အစစ်ဖြစ်နိုင်မှာလား…။
ဒီဒုက္ခိတလေးက ကီးဘုတ်တစ်ချက်နှစ်ချက် နှိပ်လိုက်ရုံနဲ့ သူ့လျှို့ဝှက်ချက်တွေ အကုန်လုံးကို ဖော်ထုတ်နိုင်ခဲ့တာလား။
… … …
အခန်း(၄၇၄) ရန်စမိတဲ့အတွက် ပြန်ပေးဆပ်ရတာ (၆)
ရှုထျန်းဖေးတစ်ကိုယ်လုံး အကြောက်တရားများ ဖုံးလွှမ်းသွားသည်။
သူဒီလို မခံစားခဲ့ရတာ နှစ် ၂၀ ကျော်ကြာခဲ့ပါပြီ။ စီးပွားရေးလောကထဲ နာမည်တစ်ခုရလာပြီးနောက်ပိုင်း သူတစ်ခါမှ မကြောက်ရွံ့ခဲ့ပါ။
သို့သော်လည်း ဒီနေ့တော့ နို့နံ့တောင် မစင်သေးးသည့် ဒီလို ကောင်လေးကြောင့် သူအကြောက်တရားကို ခံစားလိုက်ရသည်။ ထို့အပြင် လမ်းတောင်မလျှောက်နိုင်သည့် ဒုက္ခိတလေး ဖြစ်သည်။
စာရွက်စာတမ်းတွေကိုင်ထားသည့် လက်အောက်ငယ်သား ထွက်သွားမှ ရှုထျန်းဖေး အသိစိတ်ပြန်ဝင်လာသည်။ ထိုအခါမှ လုကျန်းယွီကို အသည်းအသန်တောင်းပန်လေသည်။
“သခင်လေးလု! ကျွန်တော် မှားပါတယ်! သခင်လေးကို ကျွန်တော် အသက်အန္တရာယ်ဖြစ်အောင် မလုပ်ခဲ့ဘူးလေ။ ဒဏ်ရာရအောင်တောင် မလုပ်ခဲ့ဘူး။ ကျေးဇူးပြုပြီး ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါဗျာ! တခြားဘာလျော်ကြေးပဲ ပေးရပေးရ ပေးပါ့မယ်!။ ကျေးဇူးပြုပြီး သက်ညှာပေးပါ!”
ရှုထျန်းဖေး သိက္ခာတွေ ဘာတွေ မထိန်းနိုင်တော့ဘဲ ချမ်းသာပေးဖို့ တောင်းပန်လေသည်။ သူအထင်အမြင် သေးခဲ့သည့် ဒုက္ခိတကောင်လေးရှေ့မှာ ဒူးထောက်လိုက်ရ၏။
သက်သေတွေသာ ရဲလက်ထဲ ရောက်သွားလျှင် ဒီ ‘ဒုက္ခိတ’လေး ပြောသလိုပဲ သူ့တစ်ဘဝလုံးကို သံတိုင်ကြားထဲမှာသာ ကုန်ဆုံးရတော့မှာဖြစ်မှန်း ရှုထျန်းဖေး သိနေပါသည်။
“မသက်ညှာနိုင်ဘူး”။ လုကျန်းယွီက ညှာတာမှုကင်းမဲ့စွာ ပြောလိုက်သည်။
“သခင်လေးလု။ ကျွန်တော် မှားတယ်ဆိုရင်တောင် ပေးဆပ်ရမယ့် တန်ဖိုးက များလွန်းနေတယ် မထင်ဘူးလား”
“အဲ့တာ ကျွန်တော့်ကို ရန်လာစလို့ ပေးဆပ်ရဲ့တန်ဖိုးပဲ”။ လုကျန်းယွီက တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။
“သခင်လေးလု! ဒါ တကယ် နားလည်မှုလွဲတာပါ။ ကျွန်တော် သခင်လေးလုကို ရန်စဖို့ ကြိုးစားတာ မဟုတ်ပါဘူး”
ရှုထျန်းဖေး ဆက်တောင်းပန်ဖို့ ကြိုးစားသော်လည်း လုကျန်းယွီ ဖြတ်ပြောလိုက်သည်။ “သူ့ကို ဆွဲထုတ်လိုက်ကြ”
ရှုထျန်းဖေး ကြက်သေသေသွားသည်။ ထို့နောက် ခုနက သူ့ကို ဖမ်းခေါ်လာသည့် ပုဂ္ဂိုလ်ကပဲ သူ့ကို ပြန်ဆွဲထုတ်ဖို့ ချဉ်းကပ်လာပါသည်။
ရှုထျန်းဖေးတစ်ယောက် အခန်းထဲမှ ဆွဲထုတ်ခံနေရစဉ်မှာတောင် စိတ်ချောက်ချားကာ အော်ဟစ်နေဆဲဖြစ်သည်။ “သခင်လေးလု! ကျွန်တော်တကယ် မရည်ရွယ်ပါဘူး…!”
ရှုထျန်းဖေး၏ တောင်းပန်စကားတွေကို လုကျန်းယွီ မကြားချင်ယောင် ဆောင်လိုက်ပါသည်။ ဘာမှမဖြစ်ခဲ့သလိုမျိုး စူစူလေးကို ရုပ်ပြစာအုပ်အသစ် ဖတ်ပြဖို့ ပြင်လိုက်သည်။
“စူစူလေး ဘယ်ဟာ ဖတ်ချင်လဲ”။ လုကျန်းယွီက စူစူလေးကို ရွေးချယ်ခိုင်းလိုက်ပါသည်။
“ဒါလေး ဖတ်မယ်”။ စူစူလေးကလည်း ရှုထျန်းဖေးကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ ရုပ်ပြစာအုပ် ဖတ်ဖို့သာ စိတ်ဝင်စားနေသည်။
“ဟုတ်ပြီ”။ လုကျန်းယွီ နူးညံ့သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။ ထို့နောက် စူစူလေးကို ရုပ်ပြစာအုပ်အသစ် ဖတ်ပြလိုက်ပါသည်။ “ဟိုးရှေးရှေးတုန်းက ကျီးမည်းကြီးတစ်ကောင်ရှိတယ်။ အဲ့ဒီကျီးမည်းကြီးက ကျီးဖြူ ဖြစ်ချင်လို့…”
လုကျန်းယွီ၏ သာယာပျော့ပြောင်းသော အသံမှာ တစ်ခန်းလုံးကို ပဲ့တင်သံထပ်သွားသည်။
စူစူလေးက မျက်တောင်ပင် မခတ်ဘဲ အလွန်စိတ်ပါဝင်စားစွာ နားထောင်နေပါသည်။
လုကျန်းယွီက စူစူလေး၏ မျက်နှာကို မကြာခဏ ကြည့်မိပြီး တစ်စုံတစ်ယောက်ကို ကာကွယ်ပေးချင်သည့်အခါ ဖြစ်ပေါ်လာသည့် သူမ၏ အကြမ်းပတမ်း အပြုအမူလေးများကို စိတ်ထဲ မြင်ယောင်လာမိပါသည်။
--- --- ---
ခုတလော ချင်းယုကျီးက မနက်အစောကြီး အိမ်မှထွက်ကာ ညဘက် နောက်ကျမှ အိမ်ပြန်လာတတ်သည်။ မနက်အစောကြီး သူထွက်သွားသည့်အခါ စူစူလေးက အိပ်ပျော်နေဆဲဖြစ်ပြီး ညဘက် ပြန်လာတော့လည်း စူစူလေးက အိပ်ပျော်သွားပြီဖြစ်သည်။
ထို့ကြောင့် စူစူလေးက ချင်းယုကျီးနဲ့ မျက်နှာချင်းဆိုင် မဆုံရတာ အတော်ကြာနေပါပြီ။
သူမရဲ့ တူလေး ဘာတွေလုပ်နေတာလဲ။ မကောင်းတာတွေ လုပ်နေပြန်ပြီလား။
နောက်ဆုံးတော့ စူစူလေး သည်းမခံနိုင်တော့ဘဲ အဘွားချင်းကို အပြေးသွားမေးလိုက်သည်။ “မေမေ သမီးတူလေး ယုကျီးဘယ်မှာလဲ”
“သမီးတူလေးက ခုတလော အရေးကြီးကိစ္စလေးတွေ ရှိလို့ပါ”။ အဘွားချင်းက ရှင်းပြလိုက်သည်။
“ဘာအရေးကြီးကိစ္စလဲဟင်”။ စူစူလေးက မေးသည်။
“နောက်ရက်ပိုင်းလောက် နေရင် သမီးတူလေး ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမယ်။ ညဘက်တွေ နောက်ကျတဲ့အထိ စာကျက်နေတယ်။ ပြီးတော့ စနေ တနင်္ဂနွေမှာပါ အတန်းပိုတွေ သွားတက်ရတယ်”။ အဘွားချင်းက ရှင်းပြလိုက်ပါသည်။
“ကောလိပ်ဝင်ခွင့် စာမေးပွဲဟုတ်လား။ အဲ့တာဘာကြီးလဲ”။ စူစူလေး နားမလည်စွာ မေးလိုက်ပါသည်။
… … …
အခန်း(၄၇၅) တူလေးကို သွားအားပေးမယ်
နတ်သားရဲမလေးတစ်ကောင်ဖြစ်တာကြောင့် ကောလိပ်ဝင်ခွင့် စာမေးပွဲဆိုတာ ဘာမှန်း စူစူလေး မသိပါ။ သူမ တူလေးတွေ တစ်ခါတလေ ပြောကြတာကို ကြားဖူးသော်လည်း ဘယ်သူမှ အသေးစိတ် ရှင်းမပြကြပါ။
“အရမ်းအရေးကြီးတဲ့ စာမေးပွဲတစ်ခုပေါ့။ သာမန်လူတစ်ယောက်အတွက် ဘဝမှာ အရေးအကြီးဆုံး စာမေးပွဲလို့တောင် ပြောလို့ရတယ်။ သမီးရဲ့တူလေး တက္ကသိုလ်ကောင်းကောင်း တက်နိုင်မလား ပညာကောင်းကောင်း ဆက်သင်နိုင်မလား ဆိုတာ အဆုံးအဖြတ်ပေးမယ့် စာမေးပွဲပဲ”။ အဘွားချင်းက ရှင်းပြလိုက်ပါသည်။
စူစူလေး ခေါင်းငြိမ့်လိုကပါသည်။ သူမ နားလည်သွားပါပြီ။ စာမေးပွဲက အလွန်အရေးကြီးသည်။ အားလုံး စာကြိုးစားရမည်။
စူစူလေးရဲ့ မျက်လုံးလေးများကို ငေးကြည့်ရင်း အဘွားချင်းက ထပ်ပြောလိုက်ပါသည်။ “သမီးတူလေး အမှားအယွင်း တစ်ခုခုဖြစ်သွားရင်လည်း ကိစ္စမရှိဘူးနော်။ ကိုယ်ကျင့်သိက္ခာကောင်းရင် တက္ကသိုလ်တက်ရမှ မဟုတ်ဘူး။ တခြား ရွေးချယ်စရာ လမ်းတွေ အများကြီးရှိတယ်။ ကြိုးစားတာတော့ ကြိုးစားရမှာ မှန်ပေမယ့် ဖြစ်မလာခဲ့ရင်လည်း ဝမ်းနည်းစရာ မလိုဘူး”
“မေမေ တူလေးဆီ သွားကြစို့!”။ စူစူလေးက ပြောသည်။
“ဟင်။ တူလေးကို သွားအားပေးမလို့လား”။
“အွန်း! တူလေးက စာအရမ်းကြိုးစားပြီး လိမ္မာနေတာဆိုတော့ သမီး သကြားလုံးတွေကျွေးပြီး အားပေးချင်လို့!” စူစူလေးက ပြောလိုက်သည်။
“ဟားဟားဟား… ဟုတ်ပါပြီ။ ငါ့သမီးလေးသာ အားပေးလိုက်ရင် ချင်းယုကျီးတော့ အားအင်တွေ ပြည့်ဝသွားတော့မှာပဲ!”
သမီးဖြစ်သူရဲ့ ခေါင်းလေးကို ချစ်မြတ်နိုးစွာ ပွတ်သပ်ရင်း အဘွားချင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။
စူစူလေးက အချိန်မဆွဲဘဲ အဝတ်အစားလဲကာ အဘွားချင်း၏ လက်ကိုဆွဲပြီး အိမ်ပြင်သို့ စတိုင်ကျကျ ထွက်လာခဲ့တော့သည်။
--- --- ---
ချင်းယုကျီးတစ်ယောက် စာသင်ခန်းထဲမှာထိုင်နေပြီး ဆရာ စာသင်နေတာကို နားထောင်နေပါသည်။
သင်္ချာဆရာက အရေးကြီးသည့် အချက်များကို ဝှိုက်ဘုတ်ပေါ်မှာ ရေးပေးထားပြီး ကျောင်းသားများအတွက် နောက်ဆုံးအကြိမ် စာပြန်နွှေးပေးနေသည်။
ကျောင်းသားတွေကလည်း ဘာတစ်ခုမှ မလွတ်အောင် အားကြိုးမာန်တက် လိုက်ကူးနေကြပါသည်။
တခြားကျောင်းသားတွေနဲ့ ယှဉ်လိုက်လျှင် ချင်းယုကျီးက အတော်လေး တည်ငြိမ်အေးဆေးနေပါသည်။
ကျောင်းမှာသင်သည့် စာတွေက သူ့အတွက် မခက်ပါ။ အရင်တုန်းက အမှတ်မကောင်းခဲ့တာက သူစာမလုပ်ချင်လို့သာ ဖြစ်သည်။
ယခု သူတကယ် စာကြိုးစားချင်ပြီး စာမေးပွဲကို ထူးထူးချွန်ချွန် အောင်ချင်သည်။ နာမည်ကြီးတက္ကသိုလ်တစ်ခုခုကို သူအခက်အခဲမရှိ တက်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အတန်းချိန် ပြီးဆုံးသွားသောအခါ ကျောင်းသားတချို့က ပျင်းကြောထဆန့်ကြပြီး တချို့က သန့်စင်ခန်းထဲ ဝင်သွားကြသည်။
ချင်းယုကျီးက သူ့ထိုင်ခုံမှာသူ ပျင်းကြောဆန့်လိုက်ပြီး သူ့မက်ဆေ့တွေကို ယုဝမ်ရှုများ စာပြန်ထားမလား အတွေးဖြင့် ဖုန်းဖွင့်ကြည့်လိုက်သည်။ ထိုစဉ် ချစ်စရာကောင်းသည့် အသံလေးတစ်သံက သူ့နားထဲ တိုးဝင်လာခဲ့ပါသည်။
“တူလေး!”
ချင်းယုကျီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ စူစူလေးက သူ့စာရေးစားပွဲဘေးမှာ မတ်တပ်ရပ်နေပြီး သူ့ကို ပြုံးရွှင်လျက် ကြည့်နေပါသည်။
“စူစူလေးပါလား!”။ ယုကျီးလည်း အံ့အားသင့်သွားပြီး စူစူလေးကို ပွေ့ချီလိုက်သည်။
ထို့နောက် အမြန် မေးကြည့်လိုက်၏။ “ဒီကို ဘယ်လိုရောက်လာတာလဲ။ တစ်ယောက်တည်း ခိုးထွက်လာတာလား”
“မေမေ လိုက်ပို့ပေးတာ!”။ စူစူလေးက စာသင်ခန်းတံခါးဝသို့ လက်ညှိုးထိုးပြလိုက်ပါသည်။
အဘွားချင်းကိုမြင်မှ ချင်းယုကျီး စိတ်အေးသွားသည်။ ထို့နောက် စူစူလေးကို ထပ်မေးလိုက်ပါသည်။ “ဘာလို့ ဒီကို ရောက်လာတာတုန်း”
“တူလေးကို အားပေးဖို့!”။ စူစူလေးက ပြန်ပြောလိုက်သည်။
“ငါ့ကို အားပေးဖို့ ဒီအထိ လာခဲ့တာပေါ့ ဟုတ်လား”။ ချင်းယုကျီး အံ့အားသင့်စွာ မေးလိုက်ပါသည်။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်ပြလိုက်၏။
ချင်းယုကျီး ကြည်နူးသွားကာ ရင်ထဲမှာ နေရခက်သွားသည်။
ဒီကလေးမလေးက အရမ်းချစ်ဖို့ကောင်းတာပဲ!
“စိတ်မပူနဲ့နော်။ ငါအကောင်းဆုံး ကြိုးစားမှာပါ! မအောင်မြင်ရင် အိမ်ပြန်မလာဘူး!”
စူစူလေး ဂရုစိုက်ရကျိုးနပ်အောင် ချင်းယုကျီး ကတိပေးလိုက်ပါသည်။
“မလိုပါဘူး”။ စူစူလေးက ခေါင်းခါသည်။ “အကောင်းဆုံးကြိုးစားခဲ့ပေမယ့် မအောင်မြင်လည်း ကိစ္စမရှိဘူးလို့ မေမေက ပြောတယ်”
“မအောင်မြင်ရင်တောင် ကိစ္စမရှိဘူးဟုလား”။ ချင်းယုကျီး မှင်သက်သွားကာ မေးလိုက်ပါသည်။
… … …