← Chapters

အခန်း (၄၇၆-၄၇၇)

Vol. 20 Ch. 476-477

အခန်း (၄၇၆-၄၇၇)

Vol. 20 Ch. 476-477

အခန်း(၄၇၆) ငါ့ညီမ မဟုတ်ဘူးကွ!

“ဟုတ်တယ်! ဒါပေမယ့် အကောင်းဆုံးတော့ ကြိုးစားရမယ်နော်။ ကြိုးစားပြီးမှ ဖြစ်မလာလည်း ကြိုးစားထားလို့ အရမ်းတော်တာပေါ့! ဝမ်းမနည်းနဲ့!”။ စူစူလေးက ပြောလိုက်ပါသည်။

ချင်းယုကျီး နှလုံးသားကို မြှားတစ်စင်း လာမှန်သလို ခံစားလိုက်ရသည်။ ဒေါ်လေးက ဂရုစိုက်တတ်လိုက်တာ!!

ထို့နောက် စူစူလေးက ခေါင်းငုံ့လိုက်ပြီး သူမ အိတ်ကပ်ထဲ နှိုက်ကာ သကြားလုံး တစ်လုံးထုတ်လျက် ချင်းယုကျီးကို ပေးလိုက်ပါသည်။ “ဒီမှာ တူလေးအတွက် သကြားလုံး”

သူ့ရှေ့က သကြားလုံးလေးကို ကြည့်ရင်း ချင်းယုကျီး ဆွံ့အသွားခဲ့သည်။

“ငါ့… ငါ့ကို သကြားလုံး တကယ်ပေးတာလား”

အရင်တုန်းက စူစူလေးထံမှ သူသကြားလုံး တောင်းခဲ့ဖူးသည်။ သို့သော်လည်း သူက မလိမ္မာသဖြင့် စူစူလေး မပေးခဲ့ပါ။

“တကယ်ပေါ့!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ “အခု တူလေးက အရမ်းလိမ္မာနေပြီ! လိမ္မာတဲ့ တူလေးတိုင်း သကြားလုံး စားရမယ်!”

ချင်းယုကျီး မျက်ရည်ဝဲမတတ် ကြည်နူးသွားသည်။

သူရခဲ့ဖူးသမျှ လက်ဆောင်တွေထဲ စူစူ‌လေးရဲ့ သကြားလုံးက အကောင်းဆုံး လက်ဆောင်ဖြစ်သည်။

“ဒေါ်လေးက အရမ်းသဘောကောင်းတာပဲ!”။ ချင်းယုကျီး သကြားလုံးကို လက်ခံကာ ပြောလိုက်ပါသည်။

ထူးခြားတဲ့သကြားလုံးလေး… သူများ လုမစားခင် အမြန်သိမ်းထားမှ!

“ရပါတယ် ရပါတယ်”။ စူစူလေးက ပြုံးလျက် ချင်းယုကျီး၏ မျက်နှာကို လက်ဖြင့် ပုတ်ပေးနေပါသည်။ ခေါင်းကို ပုတ်ပေးချင်တာဖြစ်သော်လည်း ချင်းယုကျီးပွေ့ချီထားစဉ်မှာတောင် စူစူလေးရဲ့ လက်ကလေးက ချင်းယုကျီး၏ ခေါင်းကို မမှီသဖြင့် မျက်နှာလေးကိုသာ ပုတ်ပေးလိုက်ရခြင်းဖြစ်သည်။

စူစူလေး ရောက်လာသောအခါ စာသင်ခန်းထဲရှိ တခြားကျောင်းသားတွေပါ အာရုံစိုက်မိသွားကြသည်။

ထိုကလေးမလေးက အလွန်ချစ်ဖို့ကောင်းပြီး ပွေ့ဖက်ချင်စရာကောင်းသည်။ ထို့အပြင် မျက်နှာလေးကလည်း ဖြူဖွေး နူးညံ့ပြီး မျက်လုံးပြူးပြူးလေးများက ကြယ်လို တောက်ပနေသည်။

စူစူလေးရဲ့ ချစ်ဖို့ကောင်းမှုကြောင့် အတန်းဖော်တွေ ညှို့ယူခံလိုက်ရပြီး ချင်းယုကျီးကို ဝန်းရံကာ မေးမြန်းလိုက်ကြသည်။ “ချင်းယုကျီး အဲ့တာ မင်းညီမလေးလား။ ချစ်ဖို့ကောင်းလိုက်တာကွာ!”

ချစ်ဖို့ကောင်းရုံတင်မဟုတ်ဘူး စကားလည်း တတ်သေးတယ်! စာမေးပွဲကျလည်း ဘာမှမဖြစ်ဘူးဆိုပြီး အားတောင် ပေးနေသေးတယ်!

ဒီလောက်ချစ်စရာ ကောင်းတဲ့ ကလေးမလေး ဒီကမ္ဘာမှာ တကယ်ရှိလို့လား။

“ဒါငါ့ညီမ မဟုတ်ဘူး။ ငါ့ဒေါ်လေးကွ”။ ချင်းယုကျီးက ပြန်ဖြေလိုက်သည်။

“ဒေါ်လေးဟုတ်လား တကယ်ကြီးလား”

ထိုအဖြေကြောင့် အတန်းဖော်တွေ အားလုံး မှင်သက်သွားကြသည်။

“တကယ်ပေါ့ဟ။ ငါက မင်းတို့ကို လိမ်မလား”။ ချင်းယုကျီးက စာသင်ခန်းတံခါးဝကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။ “ဟိုကစတိုင်ကျကျ အမျိုးသမီးကြီးကို မြင်လား။ အဲ့တာ ငါ့အဘွား၊ စူစူလေးရဲ့ အမေပဲ!”

သူ့စကားကြောင့် အားလုံး တံခါးပေါက်ဆီ လှည့်ကြည့်လိုက်ကြသည်။

စာသင်ခန်းတံခါးပေါက်နားတွင် ချုံဆမ်းဝတ်ဆင်ထားသည့် သက်ကြီးပိုင်း အမျိုးသမီးကြီးတစ်ဦး ရပ်နေသည်။

သူမကို အဘွားအိုဟု ခေါ်ရမှာတောင် အားနာဖို့ ကောင်းပါသည်။ သူမ ဆံပင်တွေ အနည်းငယ် ဖြူနေသော်လည်း အသားအရည်၊ အရှိန်အဝါတို့က အိုမင်းနေပုံမရပါ။

“အဲ့တာ မင်းအဘွားဟုတ်လား။ ဟုတ်ပါ့မလား။ မင်းအမေလို့ ပြောရင်တောင် ငါတို့ယုံမှာ!”

“ချင်းယုကျီး၊ မင်းအဘိုး ဒါမှမဟုတ် မင်းအဖေကို ထောင်ထဲထည့်ဖို့တော့ မလိုလောက်ပါဘူးနော်”

မျိုးဆက်တစ်ခုက ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ထားတာကြောင့်သာ မဟုတ်လျှင် ချင်းယုကျီးလို ငယ်ရွယ်သည့်် မြေးမျိုး မွေးနိုင်ပါ့မလာ။

“ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲကွ။ ငါ့မိသားစုဝင်အကုန်လုံး အသက်ပြည့်ပြီးမှ အိမ်ထောင်ပြုကြတာ! ပြီးတော့ ငါက ညီအစ်ကိုတွေကြားထဲမှာ အငယ်ဆုံးပဲ။ ငါ့အစ်ကိုအကြီးဆုံးဆို အသက် ၃၀ ပြည့်ခါနီးနေပြီ”။ ချင်းယုကျီးက ရှင်းပြလိုက်သည်။

“အဲ့တာဆို နင့်အဘွားက အသက်ဘယ်လောက်လဲ”။ မိန်းကလေး အတန်းဖော် တစ်ယောက်က စိတ်ဝင်တစား မေးလိုက်ပါသည်။

“၇၇ နှစ်”။ ချင်းယုကျီးက ပြန်ဖြေသည်။

“ဘုရားရေ! ၇၇ နှစ်ဟုတ်လား။ မထင်ရဘူးနော်! ၅၇ နှစ်လောက်လို့ ထင်ရတယ်။ ဒါပေမယ့် ငါ့ကို ၄၇ နှစ်လို့ လာပြောရင်တောင် ယုံမှာ!”

အတန်းဖော်တွေအားလုံး အဘွားချင်းရဲ့ အသက်ကို မယုံကြည်နိုင်ဖြစ်နေသည်။

“မင်းတို့ နားမလည်ပါဘူးကွာ။ ငါ့အဘိုးနဲ့အဘွားက တောင်ပေါ်ဒေသမှာ ၁၀ နှစ်လောက် သွားနေတာ။ တောတောင် ရေမြေတွေ အကုန်အေးချမ်းတဲ့နေရာဆိုတော့ လူတွေကို နုပျိုစေတာပေါ့။ အဲ့တာကြောင့် ငါ့အဘိုးနဲ့ ငါ့အဘွားလည်း ကျန်းမာသန်စွမ်းပြီး ချစ်ဖို့ကောင်းတဲ့ စူစူလေးကို မွေးပေးနိုင်ခဲ့တာပေါ့”။

အတန်းဖော်တွေရဲ့ မေးခွန်းတွေကို ပြန်ဖြေနေရင်း သူ့လက်ထဲက စူစူလေးကိုပါ ချင်းယုကျီး ချီးကျူးလိုက်ပါသည်။

… … …

အခန်း(၄၇၇) ကိုယ့်အဘိုးအဘွားကိုယ် ကလေးမွေးခိုင်းကြ

“ပြီးတော့ သန်မာပြီး ကြောက်ဖို့ကောင်းတယ်!”။ စူစူလေးက ဝင်ပြောလိုက်သည်။ အသံက ချိုမြိန်သော်လည်း အရှိန်အဝါ ကြီးပါသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ စူစူလေးက သန်မာပြီး ကြောက်စရာကောင်းပါတယ်!”။ ချင်းယုကျီးက ချက်ချင်း စကားပြင်ပြောလိုက်သည်။ သူ့ဒေါ်လေးကို ချီးကျူးသည့်အခါ ထိုစကားလုံး ၂ လုံးကျန်ခဲ့လို့ မဖြစ်ပါ။

ထို့နောက် စူစူလေးက ကျောင်းသူကျောင်းသားများကို ကြည့်ကာ မိတ်ဆက်လိုက်ပါသည်။ “သမီးနာမည် ချင်းစူစူပါ။ သမီးက ဒီတူလေးရဲ့ ဒေါ်လေးပါ။ သမီးတူလေးကို အနိုင်မကျင့်ကြနဲ့နော်။ အနိုင်ကျင့်ရင် ဒေါသထွက်မှာ”

ထိုစကားကြားသောအခါ ကျောင်းသူကျောင်းသားတွေ အားလုံး ခေါင်းငြိမ့်လိုက်ပါသည်။

“ဟုတ်ကဲ့ပါ!”

“အွန်း အွန်း!”

“သူ့ကို အနိုင်မကျင့်ဘူးဆိုတော့ အစ်ကိုကြီးတို့ကို ဖက်ခွင့်ပေးပါလား”

“အစ်ကိုကြီးတို့လည်း လိမ္မာတာ ဆုမရဘူးလား”

“ညီမလေး မမကို အာဘွားလေး ပေးပါလား။ တစ်ခါတည်းပါ”

“…”

ချစ်စရာကောင်းသော ကလေးလေးးကို မြင်လိုက်ရသောအခါ ကျောင်းသား ကျောင်းသူအားလုံး စိတ္တဇဖြစ်ကုန်ကြပါသည်။

ချင်းယုကျီးက စူစူလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပြီး သူ့အတန်းဖော်တွေရဲ့ လက်တွေကို ရိုက်ထုတ်လိုက်ပါသည်။

“သွားစမ်း သွားစမ်း! သူ့ကို ထိချင်တိုင်း ထိလို့ရမယ်ထင်နေလား။ သူက ငါ့ဒေါ်လေးကွ! မင်းတို့ လိုချင်ရင် အိမ်ပြန်ပြီး မင်းတို့ အဘိုးအဘွားတွေကို ပူဆာလိုက်ပေါ့!”

ဒီကောင်တွေ အကုန်လုံးက လက်ရဲဇက်ရဲတွေ၊ ပြီးတော့ ကလေးချီဖူးတဲ့ အတွေ့အကြုံလည်း ရှိတာမဟုတ်ဘူး။ သူ့ဒေါ်လေး မတော်တဆ ထိခိုက်ဒဏ်ရာ ရသွားရင် ဘယ်လိုလုပ်မလဲ။

“ချင်းယုကျီး မင်းကတော့ ကပ်စေးနဲနေပြန်ပြီ။ ငါ့အဘိုးအဘွားတွေကို သွားပူဆာဖို့မပြောနဲ့ ငါ့မိဘတွေကိုတောင် ညီမလေး လိုချင်တယ်လို့ ပူဆာလို့မရဘူး”

ညီမလေးတစ်ယောက် အမြဲလိုချင်ခဲ့သည့် ကောင်လေးတစ်ယောက်က ဝင်ပြောသည်။

ညီမလေးတွေကို ချစ်တတ်သဖြင့် ချင်းယုကျီးလက််ထဲက ဖြူဖွေးနူးညံ့ ချစ်ဖို့ကောင်းသော စူစူလေးကို မြင်သောအခါ အလွန်အားကျရသည်။

“အဲ့တာ မင်းမိဘတွေ ကိစ္စလေ။ ငါ့ကိစ္စမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ် ဒါ ငါ့ဒေါ်လေးပဲ”

ချင်းယုကျီးက စူစူလေးကို တင်းကြပ်စွာ ဆက်ဖက်ထားပြီး သူ့အတန်းဖော်တွေလက်ထဲ ထည့်ပေးဖို့ လုံးဝ အစီအစဉ်မရှိပါ။

ချင်းယုကျီးကို နားချလို့မရသဖြင့် ကျောင်းသားတချို့က စူစူလေးဘက်လှည့်ကြသည်။

“ညီမလေး မမတို့ကို ချီခွင့်ပေးပါလား”။ ကောင်မလေးတစ်ယောက်က မျှော်လင့်တကြီး မေးလိုက်သည်။

“မရဘူး မရဘူး။ သမီးတူလေး ခွင့်မပြုဘူး!”။ စူစူလေးက ပြန်ပြောသည်။

“ညီမလေးက ဒေါ်လေးလေ။ သူက ညီမလေးရဲ့ တူလေးဆိုတော့ ညီမလေးက ဝါရင့်တယ်။ သူ့စကား နားထောင်စရာ မလိုဘူး!”

စူစူလေးကို ချီခွင့်ရဖို့အတွက် ကျောင်းသားတွေက ဒေါ်လေးနဲ့ တူလေးတို့ နှစ်ယောက်အကြား သွေးထိုးဖို့ ကြိုးစားလာကြသည်။

“ဟူး သမီးက သူ့ဒေါ်လေးမှန်း သိပါတယ်”။ စူစူလေးက လူကြီးလေးလို သက်ပြင်းချလိုက်ကြသည်။ “အဲ့တာကြောင့် သူ့ကို နည်းနည်း အလိုလိုက်ရတာပေါ့။ သူသမီးကိ ချီထားချင်ရင် ချီခွင့်ပြုရမှာပေါ့”

စူစူလေး၏ လေသံက အရှိန်အဝါကြီးပါသည်။

ကျောင်းသားတွေ ၂ စက္ကန့်လောက် ရပ်တန့်သွားပြီး တစ်ခန်းလုံး ဝါးလုံးကွဲ ရယ်မောသွားကြသည်။

“ဟားဟားဟားဟား”

“ချင်းယုကျီး မင်းဒေါ်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ!”

“ဟားဟားဟားဟား ရယ်ချင်စရာကြီး!”

“နင့်မှာ ဒီလောက်ချစ်တတ်တဲ့ ဒေါ်လေးရှိတာ ကံကောင်းတယ်နော် ချင်းယုကျီး”

“…”

အိမ်မှာ သမီးမိန်းကလေးတွေ အလိုလိုက်ခံရလေ့ရှိသော်လည်း သမီးမိန်းကလေးတစ်ယောက်က တခြားတစ်ယောက်ကို အလိုလိုက်နေတာကိုတော့ အခုမှ မြင်ဖူးကြခြင်းဖြစ်သည်။

ဒီကလေးလေးက ချစ်ဖို့လည်းကောင်းပြီး ရယ်ချင်စရာလည်း ကောင်းပါသည်။

“ဒါပေါ့ကွ! ငါဘယ်လောက်ကံကောင်းလိုက်သလဲ မင်းတို့ အားကျလို့ပဲရမှာ!”။ ချင်းယုကျီးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

အတန်းဖော်တွေက ချင်းယုကျီး ကြွားလုံးထုတ်နေတာကို မနာလိုဖြစ်ပြီး ကြည့်နေရုံသာရှိသည်။ သူတို့ ဘာမှ မလုပ်နိုင်ကြပါ။

ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးက သူ့မိသားစုဝင်ဖြစ်နေတာကိုး။

ကျောင်းခေါင်းလောင်းတီးသံတစ်ချက်ကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်လေး အဆုံးသတ်သွားရသည်။

“ဒေါ်လေး ငါအတန်းတက်ရတော့မယ်”။ ချင်းယုကျီးက စူစူလေးကို အဘွားချင်းလက်ထဲ မထည့်ချင်ထည့်ချင်နဲ့ ထည့်ပေးလိုက်ပြီး ပြောလိုက်ပါသည်။

“အွန်းအွန်း အတန်းထဲမှာ လိမ်လိမ်မာမာနေနော်။ နေ့လယ်စာအတူတူစားဖို့ မေမေနဲ့ ဒေါ်လေးနဲ့ စောင့်နေမယ်!”။ စူစူလေးက ပြောသည်။

“ငါနဲ့ နေ့လယ်စာအတူတူစားမယ် ဟုတ်လား”။ ချင်းယုကျီး မျက်လုံးများ တောက်ပသွားရပြန်သည်။

… … …

All Chapters