အခန်း (၄၇၈-၄၇၉)
Vol. 20 Ch. 478-479
အခန်း(၄၇၈) ငါ့တူလေးကို အဲ့လိုမပြောနဲ့!
သူ့ကို လာတွေ့ပြီးနောက် စူစူလေး အိမ်ပြန်သွားလိမ့်မည်ဟု ချင်းယုကျီး ထင်ထားခဲ့သည်။ သို့သော်လည်း သူနဲ့ နေ့လယ်စာအတူတူစားဖို့ပါ အစီအစဉ်ရှိကြောင်း သိလိုက်ရသည်။
“အွန်းအွန်း တူချောလေးက ဒေါ်လေးတို့အတွက် ထမင်းဘူးပြင်ပေးလိုက်တယ်။ အရသာရှိတာတွေ အများကြီး ထည့်ပေးလိုက်တယ်! အတူတူစားကြမယ်လေ!”။ စူစူလေးက ပြောသည်။
“အောင်မယ်လေး… ဒေါ်လေးက ငါ့အပေါ် အရမ်းကောင်းတာပဲ!”။ ချင်းယုကျီး ကြည်နူးလွန်းသဖြင့် ဘာပြောရမှန်း မသိတော့ပါ။ ထို့ကြောင့် စူစူလေး၏ ပန်းရောင်သမ်းနေသော ပါးလေးများကိုသာ နမ်းရှိုက်လိုက်သည်။ “အဲ့တာဆို အဘွားနဲ့အတူ ကျောင်းထဲမှ ခဏလျှောက်ကြည့်နှင့်နော်။ ဒီအတန်းက မိနစ် ၄၀ ပဲ ကြာမှာ။ သိပ်မကြာပါဘူး”
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် ချင်းယုကျီး ထိုင်ခုံမှာ ပြန်ထိုင်နေလိုက်ပါသည်။ ထိုင်ခုံမှာ ထိုင်ပြီးနောက် စာသင်ခန်းတံခါးဝသို့ လှမ်းကြည့်လိုက်ရာ သူ့အဘွားနဲ့ စူစူလေးတို့ ထွက်သွားပြီဖြစ်မှန်း တွေ့လိုက်ရသည်။
ထိုအခါမှ ချင်းယုကျီး စိတ်အေးလက်အေးနဲ့ ဖတ်စာအုပ်ကို အာရုံပြန်စိုက်နိုင်ပြီး စာသင်တာကို နားထောင်နိုင်ပါသည်။
ဒီအတန်းချိန််အတွင်း ချင်းယုကျီး အာရုံတွေ များနေခဲ့သည်။ စူစူလေးများ ရှိနေဦးမလားအတွေးဖြင့် အတန်းပြင်သို့ မကြာခဏ ကြည့်နေမိသည်။
ပုံမှန်ဆို မိနစ် ၄၀ အတန်းချိန်က သိပ်မကြာပါ။ အခုတော့ မိနစ်တိုင်းက ၁ နာရီနဲ ညီမျှနေသလိုခံစားရသည်။
စူစူလေး စောင့်ရတာ စိတ်မရှည်များဖြစ်နေမလား။ ကျောင်းက သိပ်မကြီးတော့ စူစူလေး လျှောက်ကြည့်ရတာ မပျော်ဘဲ ပျင်းနေမလား။ ဒီနေ့ နေကလည်း ပူနေတယ်။ စူစူလေး နေပူထဲ လမ်းလျှောက်နေလို့ ဖြစ်ပါ့မလား။
ချင်းယုကျီးခေါင်းထဲ အတွေးပေါင်းစုံ ဝင်လာပါသည်။ သို့သော်လည်း စူစူလေးကတော့ အဘွားချင်းနဲ့အတူတူ သင်ကြားရေး အဆောက်အုံပြင်ပရှိ မြင်ခင်းပြင်တွေပေါ်မှာထိုင်ရင်း နေပူစာလှုံနေကြသည်။
အဘွားချင်းက စူစူလေးကို အနီးနားရှိ ပန်းပင်များ၊ သစ်ပင်များကို အခေါ်အဝေါ်သင်ပေးနေသည်။ သဘာဝ တရားကြီးကို ခံစားတတ်စေရန် သင်ပေးနေခြင်းဖြစ်ပါသည်။
သားအမိနှစ်ယောက် အလွန်အေးချမ်းသာယာနေပြီး ချင်းယုကျီးတွေးထားသလို ပျင်းနေတာမျိုး၊ စိတ်မရှည်တာမျိုး မရှိကြပေ။။
စူစူလေးက သူမရဲ့ ဖိနပ်လေးတွေကိုတောင် ချွတ်လိုက်ပြီး နေရောင်အောက်မှာ နေပူစာ လှုံလိုက်ပါသည်။
နေပူစာလှုံတာက အရပ်ပိုရှည်စေသည်ဟု သူမ မေမေ ပြောသည်။ ထို့ကြောင့် သူမ အရပ်မြန်မြန် ရှည်လာစေဖို့အတွက် ခြေထောက်လေးတွေကို နေပူစာများများ လှုံရပါမည်။
ကြိုးစားထား ခြေထောက်လေး! ငါ သန်မာထွားကြိုင်းတဲ့ နတ်သားရဲအသွင် ပြန်ရနိုင်မလားဆိုတာ နင့်အပေါ်မှာပဲ မူတည်တယ်!
ထိုအချိန်တွင် နွယ်သာကီပန်းပင်များအနောက်၌ ဆရာမ ၂ ယောက် စကားပြောနေကြသည်။
သူတို့က စူစူလေးတို့နဲ့နီးသဖြင့် သူတို့ စကားတွေကို စူစူလေး ကြားနေရပါသည်။
“ကောလိပ်ဝင်ခွင့်စာမေးပွဲကြီး မကြာခင် ဖြေရတော့မယ်။ ၂ ရက်လောက်နေရင် ကျွန်မတို့အားလုံး အနားယူနိုင်ပြီပေါ့။ ဒီနှစ်က တော်တော် ပင်ပန်းရပါတယ်”
“နောက်ဆုံး ရလဒ်တွေက ဘယ်လိုနေမလဲ မသိဘူး။ ရှင့်အတန်းကို အရမ်းအားကျတာပဲ။ ကျောင်းသားတွေ အကုန်လုံးက လိမ္မာပြီး စာတော်ကြတယ်။ အတန်းရဲ့ ပျမ်းမျှအမှတ်ကို ဆွဲချမယ့် လူမျိုးမရှိဘူး”
“အားမကျပါနဲ့ရှင်။ ရှင့်အတန်းကလည်း မဆိုးပါဘူး။ ထိပ်တန်းကျောင်းသားတွေ အများကြီးရှိနေတာ။ ကောလိပ် ဝင်ခွင့် စာမေးပွဲမှာ ရှင့်အတန်းက အမှတ်အများဆုံးတွေ ထွက်လာနိုင်တယ်။ တကယ် ဆိုးတာက အတန်း ၅ ထင်တယ်”
“အတန်း ၅ ဟုတ်လား။ ထုံးစံအတိုင်း အောက်ဆုံးမှာပဲပေါ့။ အဲ့ဒီ အတန်းထဲက ပြဿနာကောင် ချင်းယုကျီးကတော့ တကယ်ပါပဲ။ သူ့လောက် စာညံ့ပြီး ဆိုးသွမ်းတဲ့ ကျောင်းသားမျိုး မမြင်ဖူးသေးဘူး။ သူ့ဆရာမကတော့ သူ့ကို လိမ္မာနေပြီလို့ ပြောတာပဲ။ စာလည်းကောင်းကောင်း လုပ်နေပြီတဲ့။ ဒါပေမယ့် ကျွန်မကတော့ မယုံပါဘူး။ အဲ့လို ဂျလေဘီလေးက စာကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ ဟာသလိုပဲ”
“ဟုတ်တယ်နော်။ သူတို့မိသားစု ချမ်းသာပြီး အာဏာရှိတာကြောင့်သာ မဟုတ်ရင် သူကျောင်းထုတ်ခံရတာ ကြာပြီ။ သူ့မိသားစုက ကျောင်းကို လှူဒါန်းထားတာတွေ အများကြီးရှိလို့ အခုထိ ကျွန်မတို့ကျောင်းမှာ သူရှိနေသေးတာတဲ့”
“ဟုတ်တာပေါ့။ ပြီးတော့ သူ့လိုလူမျိုးကို ကျောင်းရဲ့ တကယ့် သိုးမည်းပဲ။ အဲ့လိုကျောင်းသားမျိုး လူ့ပတ်ဝန်းကျင်ထဲ ခြေဆန့်ရပြီဆိုတာနဲ့ ပြဿနာရှာဖို့ပဲ သိမှာ။ သူ အနှေးနဲ့အမြန် ထောင်ကျမှာပဲလို့ ကျွန်မ လောင်းရဲတယ်! အတန်း ၅ ရဲ့ အတန်းပိုင်ဆရာမကတော့ သူ့လိုကျောင်းသားမျိုးကို ရထားတာ ကံဆိုးတာပဲ”
“အဲ့တာတော့ ဟုတ်တယ်။ ကျွန်မသာ အဲ့အတန်းပိုင်ဆရာမဆိုရင် ဒေါသအရမ်းထွက်မိမှာ”
ဆရာမ ၂ ယောက် အတင်းတုပ်နေစဉ် ခြေဗလာနဲ့ ကလေးမလေးတစ်ယောက်က ရုတ်တရက် ပြေးလာလေသည်။
“ငါ့တူလေးကို အဲ့လိုမပြောနဲ့!”။ စူစူလေးက ခါးထောက်ပြီး မျက်မှောင်ကြုတ်လျက် သူတို့ ၂ ယောက်ကို သတိပေးလိုက်ပါသည်။
… … …
အခန်း(၄၇၉) ငါ့တူလေးကို ပြန်တောင်းပန်ရမယ်!
ဆရာမ ၂ ယောက်စလုံး ကြက်သေသေသွားပြီး သူတို့ထံ ပြေးလာသည့် ကလေးမလေးကို ကြောင်စီစီ ကြည့်လိုက်ကြပါသည်။
အဘွားချင်းကလည်း ဆရာမ ၂ ယောက်ထံ ရောက်လာပြီး မကျေမနပ် ပြောလိုက်သည်။ “ကျွန်မတို့ ယုကျီးက ကျောင်းသားကောင်း မဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ရှင်တို့ ဆရာမတွေက ကလေးကို ပြောင်းလဲပြုပြင်ဖို့ အခွင့်အရေးပေးသင့်တယ်။ အတိတ်က အမှားတွေကြောင့် ကလေးရဲ့ အနာဂတ်ကို မဝေဖန်ပါနဲ့”
အဘွာားအို၏ စကားကိုကြားပြီးနောက် သူတို့ရှေ့က လူ ၂ ယောက်မှာ ချင်းယုကျီး၏ မိသားစုဝင်တွေဖြစ်ကြမှန်း ဆရာမ ၂ ယောက် သိသွားကြလေသည်။
ရှက်ကိုးရှက်ကန်းဖြင့် ဆရာမ တစ်ယောက်က ရှင်းပြလိုက်သည်။ “အဘွား ကျွန်မတို့ ပြောတာ မမှားဘူးလေ။ အဘွားတို့ ချင်းယုကျီးက စာသေချာကြိုးစားမယ်ဆိုရင်် ကျွန်မတို့က မချီးကျူးဘဲ မနေပါဘူး။ ဒါပေမယ့် ကျွန်မတို့ စာသင်တာတွေကို သူနားမထောင်ဘူး။ အမှားတွေလည်း အများကြီးလုပ်တယ်။ အဲ့တာကြောင့် ကျွန်မတို့က ဒီလို ပြောရတာပါ”
သူမတို့ ပြောခဲ့သည့်စကားက အနည်းငယ် အတင်းအဖျင်းဆန်မှန်း နားလည်ပါသည်။ သို့သော် အမှန်တရားဖြစ်သဖြင့် သူမတို့ လိပ်ပြာမလုံစိတ်မရှိပါ။
“ငါ့တူလေးက ပြောင်းလဲသွားပြီ! အရင်တုန်းက ဆိုးတယ်ဆိုပေမယ့် အမြဲတမ်း ဆိုးသွားမယ်လို့ ပြောလို့မှ မရတာ!”။ စူစူလေးက ဒေါသကြောင့် ပါးတွေဖောင်းနေပြီး ကလေးအသံလေးနဲ့ ပြောလိုက်ပါသည်။
“အဲ…” စူစူလေး၏ ကလေးဆန်သော စကားကို ဆရာမ ၂ ယောက် ဘယ်လိုတုန့်ပြန်ရမှန်း မသိကြတော့ပါ။
စူစူလေးက ဆက်ပြောသည်။ “နင်တို့က ငါ့တူလေးရဲ့ ဆရာမတွေလေ! ဆရာမတွေက အရမ်းတော်တဲ့လူတွေ! ငါ့တူလေးကို နင်တို့က စာသင်ပေးရမှာ! သူကောင်းကောင်းမလုပ်နိုင်ရင် နင်တို့က သူ့ကို ယုံကြည်ပြီး အားပေးရမှာလေ! သူ့ကို ကောင်းမလာနိုင်ဘူးလို့ ပြောရမှာ မဟုတ်ဘူး!”
စူစူလေးက သူမ တူလေးကို ကာကွယ်ပေးလိုက်သည်။ သူမတူလေးက ခုတလော လိမ္မာနေသဖြင့် သူများတွေကို ဒီလိုပြောခွင့် မပေးနိုင်ပါ။
ကလေးတစ်ယောက်၏ ဆုံးမမှုကိုခံလိုက်ရသဖြင့် ဆရာမ ၂ ယောက်မျက်နှာ ပျက်သွားကြသည်။
“အမှတ်တွေခြစ်ရဦးမယ်နော်။ သွားကြစို့”။ ဆရာမ တစ်ယောက်က ပြောလိုက်ပါသည်။
အဘွားအိုနဲ့ ဒီကလေးမလေးတို့ကို စကားဆက်မပြောချင်တော့ဘဲ ကလေးမလေးကိုလည်း မတောာင်းပန်ချင်သဖြင့် ပြဿနာကိုရှောင်ဖို့ ဆရာမ ၂ ယောက် ကြိုးစားလိုက်ပါသည်။
ဆရာမ ၂ ယောက် လှည့်ထွက်သွားဖို့ ပြင်လိုက်စဉ် စူစူလေးက သူတို့ရှေ့ကို ပြေးလာပြီး လမ်းပိတ်ထားလိုက်သည်။
စူစူလေးက လက်နှစ်ဖက်ကို ဆန့်တန်းကာ ပြောလိုက်သည်။ “နင်တို့ သွားလို့မရဘူး! ပြန်တောင်းပန်ရမယ်!”
ဆရာမ ၂ ယောက် အတော်လေး ရှက်သွားပြီး တစ်ယောက်ကိုတစ်ယောက်တွဲလျက် ခြေလှမ်းတွေ မြန်မြန် လျှောက်လိုက်ကြသည်။ “ဟိုဘက်က သွားကြစို့”
ခြေလှမ်း ၂ လှမ်းလောက်သာ လှမ်းလိုက်ရပြီး တစ်စုံတစ်ယောက်က သူမတို့ ၂ ယောက်၏ အင်္ကျိစများကို အနာက်မှ လှမ်းဆွဲထားလိုက်သည်။
ဆရာမ ၂ ယောက် တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ရာ စူစူလေးက လက်တစ်ဖက်စီဖြင့် သူမတို့ အင်္ကျီစများကို ဆွဲထားတာဖြစ်မှန်း တွေ့လိုက်ရပါသည်။
သူမရဲ့ မျက်နှာလေးက အလွန်ခက်ထန်ပြတ်သား၏။ “ငါ့တူလေးကို ပြန်တောင်းပန်!
“ဟိတ် လွှတ်စမ်း!”
ဆရာမတစ်ယောက်က သူမရဲ့ အင်္ကျီစကို စူစူလေးလက်ထဲမှ ဆွဲထုတ်ဖို့ ကြိုးစားသည်။
“အရင်တောင်းပန်! မတောင်းပန်ရင် မသွားရဘူး!”
စူစူလေးက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ စူစူလေးနဲ့ အပြိုင်ဆွဲပြီးနောက် ဆရာမရဲ့ အင်္ကျီ ချောင်ကျသွားလေသည်။
အသစ်ဝယ်ထားသည့် အင်္ကျီလေး ပျက်စီးသွားတာကို မြင်သောအခါ ဆရာမ မျက်နှာ မှောင်မိုက်သွားပြီး ဒေါသ ထောင်းခနဲ ထသွားသည်။ “နင်နဲ့ ချင်းယုကျီးတို့က အတူတူပဲ! အကုန်လုံး အရိုင်းအစိုင်းလေးတွေ! နင်တို့မိသားစုက ဆုံးမ သွင်သင်မှု လုံးဝ မရှိကြဘူး!”
“ပြန်တောင်းပန်!”။ စူစူလေးက ထပ်ပြီး သတိပေးလိုက်သည်။
အဘွားချင်းလည်း သူတို့နား ရောက်လာပြီး ပြောလိုက်သည်။ “ငါ့သမီးလေးပြောတာ မှန်တယ်။ ငါတို့ ယုကျီးပြောင်းလဲသွားတာကို လျစ်လျူရှုမိတဲ့အတွက် နင်တို့ တောင်းပန်ရမယ်။ ပြီးတော့ ငါတို့ ယုကျီး ကြီးလာရင် ဘာမှ ဖြစ်မြောက်မှာ မဟုတ်ဘူးလို့ ပြောတဲ့အတွက်လည်း ပြန်တောင်းပန်ရမယ်”
အဘွားချင်း၏ စကားကို ကြားသောအခါ ဒေါသထွက်နေသည့် ဆရာမက ပြန်တောင်းပန်ဖို့ စိတ်ကူးမရှိဘဲ အဘွားချင်း၏ ‘သမီးလေး’ဟူသည့် စကားကို အသုံးချကာ ပြန်ချေပလိုက်သည်။
“ကျွန်မ ပြောခဲ့သလိုပဲ ရှင်တို့ မိသားစုတစ်စုလုံးက အဆင့်အတန်းမရှိကြဘူး! အမြစ်ကနေ ယိုယွင်းပျက်စီးနေကြတာ! ဒီအသက်အရွယ်နဲ့ သမီးထပ်မွေးထားတာ ဘယ်လိုတောင်လဲ!”
… … …