← Chapters

အခန်း (၄၈၀-၄၈၁)

Vol. 20 Ch. 480-481

အခန်း (၄၈၀-၄၈၁)

Vol. 20 Ch. 480-481

အခန်း(၄၈၀) နားငြီးတယ် ရေထဲ ပစ်ချလိုက်မယ်!

ဆရာမ၏ စကားကြောင့် စူစူလေး ဒေါသပိုထွက်သွားသည်။ မျက်မှောင်ကြီးကြုတ်၊ နှုတ်ခမ်းကြီးစူလျက် အချိန်မရွေးပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်နေသည်။

အဘွားချင်းက ပြန်ပြောလိုက်ပါသည်။ “ငါ့ဖာသာ ဘယ်အရွယ်ရောက်မှ ကလေးမွေးမွေး ငါ့လုပ်ပိုင်ခွင့်လေ။ အဲ့တာ ဂုဏ်သိက္ခာနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် ဆရာမတစ်ယောက်ဖြစ်ပြီး သူများ ကလေးယူတဲ့ အသက်အရွယ်ကို ဝေဖန်ရဲတယ််နော်! နင့်စိတ်ဓာတ်က အထင်းသားပေါ်နေပြီ!”

“ကျွန်မစိတ်ဓာတ်က ဘာဖြစ်လို့လဲ။ ကျွန်မ ပြောတာ အမှားပါလား။ ရှင်တို့အကြောင်း မဟုတ်တာတွေ ကောလဟာလတွေ လွှင့်နေလို့လား။ ကျွန်မက အမှန်တရားတွေပဲ ပြောတာလေ! ရှင်တို့တောင် လုပ်ရဲရင် ကျွန်မတို့က ဘာလို့ မပြောရဲရမှာလဲ”။ ဆရာမက ပြန်ရန်တွေ့လိုက်သည်။

“အရင်တုန်းက ယုကျီး မလိမ္မာခဲ့တာ မှန်တယ်။ ဒါပေမယ့် အခုလက်ရှိ ယုကျီးက ပြောင်းလဲသွားပြီ။ သူ့အတန်းပိုင် ဆရာမ ကိုယ်တိုင်ကတောင် သူပြောင်းလဲသွားပြီလို့ ပြောထားတာကို နင်တို့က ဘာဝင်ဆုံးဖြတ်စရာ လိုလို့လဲ။ ပြီးတော့ အနာဂတ်မှာ သူဘာဖြစ်လာမလဲဆိုတာ နင်တို့ ပိုလို့တောင် ဆုံးဖြတ်ခွင့် မရှိသေးတယ်”

“ဆိုရိုးစကားရှိတယ်။ လူတစ်ယောာက် ကြီးလာရင် ဘာဖြစ်လာမလဲဆိုတာ အသက် ၃ နှစ်အရွယ်ကတည်းက မြင်နိုင်တယ်တဲ့။ သူက အခု အသက် ၁၈ နှစ်ဖြစ်နေပြီ။ သူသာ ပြောင်းလဲချင်စိတ်ရှိရင် ပြောင်းလဲခဲ့တာ ကြာပြီပေါ့။ လပတ်စာမေးပွဲတွေမှာ အမှတ် ၂၀ ပဲရတာကို ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ရုတ်တရက်ကြီး အမှတ် ၁၂၀ ရသွားမယ် ထင်နေလို့လား။ ရှင်တို့ကသာ အရှိတရားကို လက်မခံနိုင်ကြတာ! အဲ့တာကို ကျွန်မတို့ ဆရာဆရာမတွေကို လာအပြစ်တင်နေသေးတယ်! တကယ့် ဟာသပဲ!”။ ဆရာမ ရှုယန်ဖျင်က လှောင်ပြောင်သရော်သော လေသံဖြင့် ပြောလိုက်သည်။

ထိုစဉ် ဆရာမ နောက်တစ်ယောက်က ပြဿနာတွေ ကြီးမားလာတာကို သတိထားမိပြီး ကြားဝင်ဖြေပေးဖို့ ကြိုးစားလိုက်ပါသည်။ “ယန်ဖျင် တော်ပါတော့။ သွားကြရအောင် သူတို့နဲ့ စကားထပ်မများနဲ့တော့”။

ဒေါသ ထွက်နေသည့် ဆရာမနာမည်က ရှုယန်ဖျင်ဖြစ်ပြီး အထက်တန်း သမိုင်းဆရာမဖြစ်သည်။ ကြားဝင်ဖြောင်းဖြသည့် ဆရာမက ဟမ်ဖန်ဖြစ်ပြီး တရုတ်ဘာသာဆရာမဖြစ်သည်.

သူမတို့ နှစ်ယောက် တစ်ခါတလေ မကျေနပ်ချက်တွေကို အတင်းအဖျင်းအဖြစ် ပြောလေ့ရှိသည်။ သို့သော် ဒီနေ့ အဖြစ်အပျက်က ဒီလောက်ထိကြီးမားသွားလိမ့်မည်ဟု ဆရာမ ဟမ်ဖန်ထင်မထားခဲ့ပါ။ ဒီတိုင်းသာ ဆက်ပြီး စကားများ ရန်ဖြစ်နေဦးမည်ဆိုလျှင် ခေါင်းဆောင်ပိုင်းတွေ သတိထားမိသွားနိုင်သည်။

“ဘာလို့ စကားမများရမှာလဲ! ငါ့စကားထဲ အမှားပါလား! ချင်းယုကျီး ဘယ်လောက် အခြေအနေဆိုးလဲ တစ်ကျောင်းလုံး သိကြတယ်! ငါက ဘာလို့ ထုတ်ပြောလို့မရရမှာလဲ။ ပြီးတော့ ဒီအဘွားကြီးလည်း ပါတယ်။ သူ့အသက်အရွယ်နဲ့ ကလေး တစ်ယောက် ထပ်မွေးထားတာ သာမန်လို့ထင်လို့လား!”

ရှုယန်ဖျင် ဒေါသလည်းထွက်၊ ရှက်လည်းရှက်နေသဖြင့် ပြဿနာကို ဒီတိုင်း အလျှော့မပေးချင်ပါ။

စူစူလေး မျက်မှောင်အလွန်ကြုတ်နေပါပြီ။

ဒီမိန်းမကြီးရဲ့ စကားက ဒေါသထွက်ဖို့ကောင်းလိုက်တာ!

သူမ တူလေးအကြောင်း မကောင်းပြောပြီးတော့ အခု သူမ အမေကို မကောင်းပြောနေတယ်!

သည်းမခံနိုင်တော့ဘူး!

စူစူလေးက ဟမ်ယန်ကို ဆွဲထားတာ လွှတ်ပေးလိုက်ပြီး ရှုယန်ဖျင်၏ ခြေထောက်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။

ထိုလုပ်ရပ်ကြောင့် ဆရာမ ၂ ယောက်စလုံး ကြောင်စီစီ ဖြစ်သွားကြသည်။

ရှုယန်ဖျင်က အန္တရာယ်ကို မမြင်သေးဘဲ စူစူလေးကို သရော်ပြုံးပြုံးကာ ငုံ့ကြည့်လိုက်သည်။ “ဘာလုပ်တာလဲ။ ငါ့ အင်္ကျီကို ဖျက်ဆီးတာ အားမရသေးလို့ ဘောင်းဘီကိုပါ ဖျက်ဆီးမလို့လား”

သူမ စကားဆုံးပြီး သိပ်မကြာလိုက်ဘဲ ကြီးမားသည့် ခွန်အားတစ်ခုက သူမကို ဆွဲမလိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်း သူမ အဝေးသို့ လွင့်ထွက်သွားပါသည်။

ဗွမ်း-!

ရေတွေ အဘက်ဘက်သို့ ပက်စင်ကုန်သည်။

ရှုယန်ဖျင်အား စူစူလေးက အနီးနားရှိ ရေကန်ထဲသို့ ပစ်ချလိုက်ခြင်းဖြစ်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆရာမဟမ်ဖန် ပါးစပ်အဟောင်းသားဖြစ်ပြီး ဆွံ့အသွားသည်။

ဘာဖြစ်သွားတာလဲ…။ ဒီကလေးမလေးက ဆရာမရှုကို ရေကန်ထဲ ပစ်ချလိုက်တာလား။

ဆရာမရှုပြုတ်ကျသွားသည့် ရေကန်က သူတို့ စကားပြောနေသည့် နေရာနဲ့ ၅ မီတာ၊ ၆ မီတာလောက် ကွာဝေးသည်။

သူမက ရူပဗေဒဆရာမ မဟုတ်သော်လည်း လူတစ်ယောက်ကို ဒီလောက်အဝေးကြီး ပစ်ပေါက်နိုင်တာ သာမန်လူတစ်ယောက် လုပ်နိုင်သည့်အရာမဟုတ်မှန်း သိပါသည်။

ထိုစဉ် အတန်းပြီးလို့ စူစူလေးနဲ့ အဘွားဖြစ်သူတို့ကို အပြေးလာရှာသည့် ချင်းယုကျီးတစ်ယောက် စူစူလေး သူတို့ ဆရာမ တစ်ယောက်ကို ရေကန်ထဲ ပစ်ချလိုက်သည့် မြင်ကွင်းအား အချိန်ကိုက် မြင်သွားလေသည်။

ရေကန်ထဲမှာ ယက်ကန်ကန်ဖြစ်နေသည့် ဆရာမကို ကြည့်ပြီး ပါးလေးဖောင်းကာ မြင်ခင်းပေါ်မှာ ခြေဗလာရပ်နေသည့် စူစူလေးကို ချင်းယုကျီး လှည့်ကြည့်လိုက်သည်။

“စူစူလေး… ဆ…ဆရာမရှုကို ရေကန်ထဲ ပစ်ချလိုက်တာလား”

… … …

အခန်း(၄၈၁) စူစူလေးလုပ်တာ မှန်တယ်

မနက်ခင်း နောက်ဆုံးအတန်းချိန်ပြီးဆုံးသွားပြီဖြစ်သဖြင့် ကျောင်းသားတွေ အားလုံးလည်း စာသင်ခန်းထဲမှ ထွက်လာကြသည်။

မုန့်သွားစားဖို့ စိတ်ကူးထားသည့် ကျောင်းသားတွေ ခြေလှမ်းများ ရပ်တန့်သွားကြရသည်။

တချို့ကျောင်းသားတွေက ဆရာမကို ရေကန်ထဲက ပြန်ဆယ်ဖို့ ကူညီပေးနေကြပြီး တချို့ကတော့ ဒီတိုင်း ရပ်ကြည့်နေကြသည်။ တချို့က ဘာဖြစ်သွားမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေကြ၏။

သိပ်မကြာလိုက်ဘဲ ထိုနေရာမှာ လူတွေဝိုင်းလာကြပါသည်။

ရေကန်ထဲမှ တစ်ကိုယ်လုံးစိုရွှဲပြီး ပြန်တက်လာသော ရှုယန်ဖျင်ကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြသည်။

ရှုယန်ဖျင်ကို ကျောင်းသားအများစုက သဘောမကျကြပါ။ သူမက စည်းကမ်းတင်းကြပ်ပြီး စာအုပ်ကြီးအတိုင်း လုပ်တတ်သူ ဖြစ်သည်။ ကျောင်းသားတွေ ပြဿနာရှာတာနဲ့ မိဘတန်းခေါ်တတ်သူမျိုး ဖြစ်သည်။

သူမ အတန်းထဲမှာ အမှတ်မကောင်းသည့်ကျောင်းသားတွေကို ပန်းသီးပုပ်ဟု ခေါ်ကာ အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း ဆူငေါက်လေ့ရှိသည်။

ထို့ကြောင့် သူမ ရေကန်ထဲပြုတ်ကျသွားတာကို မြင်ပြီး ကျောင်းသားတချို့က ဘာဆက်ဖြစ်မလဲ သိချင်နေကြပါသည်။

စူစူလေးက ချင်းယုကျီး၏ မေးခွန်းကို ခေါင်းငြိမ့်ကာ တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်ပါသည်။ “ဟုတ်တယ်။ ငါ ပစ်ချလိုက်တာ။ သူက အရမ်းနားငြီးတယ်။ ငါမကြားချင်တဲ့ စကားတွေကိုလည်း ပြောတယ်။ နားမထောင်ချင်တော့လို့ ပစ်ချလိုက်တာ”

တ… တကယ် ပစ်ချလိုက်တာပဲ…

ချင်းယုကျီး အံ့အားသင့်သွားသော်လည်း ဒီကိစ္စမှာ စူစူလေး ပါဝင်နေသဖြင့် အကြောင်းအရင်းတစ်ခုခုတော့ ရှိရမည်ဟု တွေးလိုက်မိသည်။

ထို့ကြောင့် အဘွားချင်းကို မေးကြည့်လိုက်ပါသည်။ “အဘွား။ ဆရာမရှုက ဘာပြောလို့ စူစူလေး အရမ်းဒေါသ ထွက်သွားရတာလဲဟင်”။

ချင်းယုကျီးက ရှုယန်ဖျင်၏ ကျောင်းသား မဟုတ်ဘဲ သူမ စာသင်တာကိုလည်း နားမထောင်ဖူးပါ။ ဒီဆရာမက စိတ်ဆတ်သည် ဆိုတာကိုသာ ကြားဖူးပါသည်။ သို့သော် ရန်ငြှိုးရန်စ မရှိခဲ့ပါ။

သို့သော် ရေကန်ထဲ ပစ်ချရလောက်သည့်အထိ စူစူလေးကို ဒေါသထွက်အောင် တစ်ဖက်လူ လုပ်လိုက်တာဖြစ်မည်ဟု ချင်းယုကျီး ယုံကြသည်။

သူတို့ရဲ့ စူစူလေးက သူများကို အကြောင်းအရင်းမရှိဘဲ ရေကန်ထဲ ပစ်ချမှာ မဟုတ်ပါ။

အဘွားချင်းက ပြန်ပြောလိုက်သည်။ “သူက မကောင်းတာတွေ လျှောက်ပြောနေလို့ စူစူလေးက ပြန်တောင်းပန်ခိုင်းတာ။ မတောင်းပန်တော့ စူစူလေးက သူ့ကို ရေကန်ထဲ ပစ်ချလိုက်တာ”

ပြောပြောဆိုဆိုနဲ့ အဘွားချင်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေး၏ လက်ကို လက်ကိုင်ပဝါလေးဖြင့် သုတ်ပေးကာ စိတ်ရှည်စွာ ပြောလိုက်သည်။ “သမီးလေး လိမ္မာတယ်။ မေမေတို့က ဘာအမှားမှ လုပ်မထားဘူး။ ဒါပေမယ့် နောက်တစ်ခါကျရင် စိတ်လိုက်မာန်ပါ မလုပ်ရဘူးနော်။ မေမေ ရှင်းလိုက်မယ်။ မေမေက လူကြီးမို့လို့ ဖြေရှင်းနိုင်တယ် ဟုတ်ပြီလား”

“မရဘူး။ သူထပ်ပြောရင် သမီးဒေါသထွက်မိလိမ့်မယ်။ ရေကန်ထဲ ပစ်ချလိုက်တာ ပိုကောင်းတယ်!”။ စူစူလေးက ပြောလိုက်သည်။

ဘာမှ ထပ်စောင့်မနေနိုင်ပါ။ တွေးကြည့်ရုံနဲ့ စူစူလေး ဒေါသထွက်ရသည်။

အဘွားချင်းက အလိုလိုက်စွာ ပြန်ပြောလိုက်သည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ မေမေ့သမီးလေး သည်းမခံနိုင်ရင်လည်း ပစ်ချလိုက်ပါ။ မေမေ့ သမီးလေး ဒေါထွက်လို့မဖြစ်ဘူး”

“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

အဘွားချင်းက ဆက်ပြောလိုက်သည်။ “သမီးလေး။ လူတွေ အများကြီး ရောက်လာကြတော့မယ်။ ကျောင်းက တာဝန်ရှိတဲ့သတွေလည်း ရောက်လာလိမ့်မယ်။ သူ့ကို ရေထဲပစ်ချပြီးပြီဆိုတော့ ကျန်တာ မေမေ ရှင်းလိုက်မယ်နော် ဟုတ်ပြီလား”

“ဒါပေမယ့် သူက မေမေ့ကို အနိုင်ကျင့်ဦးမှာလား။ မေမေ့ကို အနိုင်ထပ်ကျင့်ရင် သမီးသည်းမခံနိုင်ဘူး!။ ဖေဖေက ဒီမှာ မရှိတော့ သမီးမေ့မေ့ကို ကာကွယ်ပေးရမှာ!”

“စိတ်မပူပါနဲ့။ မေမေ့ သမီးလေးက အရမ်းတော်တော့ မေမေ မရှုံးပါဘူး။ မေမေ ကတိပေးတယ်နော်”။ အဘွားချင်းက စူစူလေးကို အာမခံလိုက်သည်။

“ဟုတ်ပါပြီ”။ စူစူလေးက သဘောတူလိုက်ပါသည်။

ထိုစဉ် ကျောင်းအုပ်ကြီးက သတင်းကြားပြီး ရောက်ရှိလာပါသည်။

ကျောင်းသားတွေလည်း ကျောင်းအုပ်ကြီးအတွက် လမ်းဖယ်ပေးလိုက်ကြသည်။

သူ့ကျောင်းဆရာမတစ်ယောက် ရေတွေစိုရွှဲပြီး ငိုယိုဆဲဆိုရင်း မြက်ခင်းပေါ်မှာ ထိုင်နေတာကို မြင်သောအခါ အမြန် မေးလိုက်သည်။ “ဘာတွေဖြစ်ကြတာတုန်း။ ဆရာမရှုက ဘာလို့ ရေတွေ စိုရွှဲနေတာလဲ”

ရှုယန်ဖျင်က ငိုယိုလျက် တိုင်ကြားလိုက်သည်။ “ကျောင်းအုပ်ကြီး။ သူတို့နှစ်ယောက်… ကျွန်မကို ရေကန်ထဲ ပစ်ချတယ်…”

ကျောင်းအုပ်ကြီးက ရှုယန်ဖျင် ညွှန်ပြသည့်နေရာကို လှည့်ကြည့်လိုက်ပါသည်။

… … …

All Chapters