← Chapters

အခန်း (၄၈၂-၄၈၃)

Vol. 20 Ch. 482-483

အခန်း (၄၈၂-၄၈၃)

Vol. 20 Ch. 482-483

အခန်း(၄၈၂) သက်သေမလိုဘူး

ကျောင်းအုပ်ကြီးက အဘွားချင်းကို ချက်ချင်း မှတ်မိသွားသည်။

“သခင်မကြီးချင်းပါလား။ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ”။ ကျောင်းအုပ်ကြီးက ရှေ့ထွက်ကာ မေးလိုက်ပါသည်။

“ကျွန်မသမီးလေးနဲ့အတူ ကျွန်မမြေးကို လာကြည့်တာပါ”။ အဘွားချင်းက တည်ငြိမ်စွာ ဂုဏ်သရေရှိရှိ ပြန်ဖြေလိုက်ပါသည်။

“ဪ ဟုတ်သားပဲ။ ခုတလော ချင်းယုကျီး တိုးတက်လာတယ်နော်”။ ကျောင်းအုပ်ကြီးက ချီးကျူးလိုက်လေသည်။

အတန်း ၅ အတန်းပိုင်ဆရာမထံမှ ခုတလော ချင်းယုကျီး အခြေအနေ တိုးတက်လာသည်ဟု သူကြားထားပါသည်။ စာသင်ခန်းထဲမှာ စာသင်တာကို အာရုံစိုက်နားထောင်ပြီး အိမ်စာလည်း မှန်မှန်လုပ်သည်။ အတန်းပြီးသောအခါ ဆရာမတွေကိုတောင် စာလာမေးတတ်ပါသည်။

“ဒါပေမယ့် ယုကျီးရဲ့ အတန်းပိုင်ဆရာမတောင် မဟုတ်တဲ့ တချို့ဆရာမတွေက ယုကျီးကို အပျင်းကြီးပြီး ဆိုးသွမ်းတယ်တို့ ပြောနေကြတယ်။ အနာဂတ်မှာလည်း ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ဘူးတဲ့” ။အဘွားချင်းက ခပ်ပါးပါး ပြုံးလိုက်ပြီး ရှုယန်ဖျင်ကို လှမ်းကြည့်လိုက်ပါသည်။

ကျောင်းအုပ်ကြီး မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။ “သခင်မကြီးချင်း ပြောတာ အမှန်ပဲလား ဆရာမရှု”

ရှုယန်ဖျင် တရားမျှတမှုမရှိသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး! သူတို့က ကျွန်မကို ရေထဲ ပစ်ချထားတာလေ! ကျွန်မကို သတ်တောင် သတ်မိတော့မလို့! အခု အဲ့ကိစ္စက ပိုအရေးကြီးတာ မဟုတ်ဘူးလား”

အဘွားချင်းက အသက်သိပ်ကြီးပုံမရသော်လည်း တကယ်တမ်း အသက် ၇၇ နှစ်ရှိပြီဖြစ်သည်။ သူမရဲ့ သမီးလေးကလည်း အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေးဖြစ်၏။

ဒီလို အဘွားအိုတစ်ယောက်နဲ့ ကလေးလေးတစ်ယောက်က သူ့ကို ရေထဲပစ်ချလိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။

“သူ့သမီးပစ်ချတာ! ကျွန်မကို သူ့သမီးပစ်ချလိုက်တာ!”။ ရှုယန်ဖျင်က စူစူလေးကို ဒေါသတကြီး လက်ညှိုး ထိုးလိုက်သည်။ “ကလေးဆိုပြီး အထင်မသေးနဲ့နော် ကျောင်းအုပ်ကြီး! သူတကယ် လုပ်ခဲ့တာ!”

စူစူလေး ဘယ်လိုလုပ်လိုက်တာလဲဆိုတာ ရှုယန်ဖျင် ကိုယ်တိုင်တောင် နားမလည်ပါ။

“ဘယ်လို…”။ ကျောင်းအုပ်ကြီးက စူစူလေးကို ကြည့်ကာ ထပ်အကဲခတ်လိုက်သည်။

ချစ်ဖို့ကောင်း၊ နူးညံ့သည့် ပုံစံလေးနဲ့ ဒီကလေးမလေးမှာ ဆရာမရှုပြောသလို ကြောက်စရာ ခွန်အားမျိုး ရှိနေတာ မဖြစ်နိုင်ပါ။

အဘွားချင်းက တမင်သက်သက် ဝန်ခံလိုက်ပါသည်။ “ဟုတ်ပါတယ်။ ကျွန်မသမီး သူ့ကို ရေကန်ထဲ ပစ်ချလိုက်တာ”

ဒါကိုကြားတော့ ရှုယန်ဖျင်က ဝိုင်းကြည့်နေကြသူတွေ အားလုံးကို ပြောလိုက်သည်။ “အားလုံး ကြားကြတယ်မလား။ သူဝန်ခံလိုက်ပြီ! ကျွန်မကို သူတို့ ရေကန်ထဲ ပစ်ချတာ!”

အဘွားချင်းက ထပ်ပြောသည်။ “ကျွန်မတို့ လုပ်ခဲ့တာကို မငြင်းပါဘူး။ ဒါပေမယ့် ဆရာမရှု ခုနက ကျွန်မမြေး ယုကျီးအကြောင်း ပြောခဲ့တဲ့စကားတွေကို အခု ကျောင်းအုပ်ကြီးနဲ့ တခြားကျောင်းသားတွေရှေ့ ပြန်ပြောနိုင်မလား”

“ကျွန်… ကျွန်မ ဘာပြောခဲ့လို့လဲ”။ ရှုယန်ဖျင်က လိပ်ပြာမလုံစွာ မျက်နှာလွှဲလိုက်သည်။ “ယုကျီးက စာညံ့တယ်လို့ပဲ ပြောခဲ့တာ။ အဲ့တာ အမှန်တရားပဲလေ။ ဆရာမတစ်ယောက်အနေနဲ့ အဲ့စကားတောင် ပြောလို့ မရတော့ဘူးလား”

“နင်လိမ်နေတာ!”။ စူစူလေးက နှုတ်ခမ်းစူကာ ပြောလိုက်သည်။ “ငါ့တူလေးကို အခုလည်း မကောင်းဘူး နောက်လည်း ကောင်းလာမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ! နင်က ဆရာမဖြစ်ပြီး သူလိမ္မာလာတာကို ဘာလို့ မယုံဘဲ မကောင်း ပြောရတာလဲ”

အဘွားချင်းနဲ့ စူစူလေးတို့ရဲ့ စကားတွေကို နားထောင်ပြီး ချင်းယုကျီး ရင်ထဲ နွေးထွေးသွားခဲ့ပါသည်။

စူစူလေးက သူ့အတွက် ကာကွယ်ပေးခဲ့တာပေါ့…။

ချင်းယုကျီးက စူစူလေးဘက်မှ ဝင်ပြောပေးလိုက်သည်။ “ကျွန်တော့် ဒေါ်လေးက အသက်ငယ်ပေမယ့် မဟုတ်တာ မပြောဘူး! အစကတည်းက တရားလွန်တဲ့ လုပ်ရပ်တစ်ခုခု မလုပ်ခဲ့ရင် သူဆရာမကို ရေကန်ထဲ ပစ်ချမှာ မဟုတ်ဘူး!”

ရှုယန်ဖျင်က ဝန်မခံချင်ပါ။ “ကျွန်မအဲ့လိုမပြောဘူး။ ကျွန်မကို လာမစွပ်စွဲနဲ့! ရှင့်မြေးကို မကောင်းပြောတဲ့အကြောင်း ဘာသက်သေရှိလို့လဲ”

အဘွားချင်းက ပြန်ပြောသည်။ “ဘာသက်သေမှ မလိုဘူး။ စုမင်ရွေ့ဆိုတဲ့ငါက စီးပွားရေးလောကထဲ နှစ် ၃၀ ကျော်အောင် ကျင်လည်ခဲ့တာ။ ဂုဏ်သိက္ခာနဲ့ လူလုပ်နေတာ။ နင့်ဘက်က ငါတို့ကို အရင်စော်ကားခဲ့တာကြောင့်သာ မဟုတ်ရင် ငါ့သမီးနဲ့ ငါက နင့်ကို အရေးတယူ ပြဿနာရှာစရာအကြောင်းရှိလား။ သူများကို ရေထဲပစ်ချရတာကြိုက်လို့ နင့်ကို ရေထဲပစ်ချလိုက်တယ်ထင်နေတာလား”။

အဘွားချင်းက တည်ငြိမ်အေးဆေးစွာ ပြောလိုက်ခြင်းဖြစ်ပြီး သူမထံမှ ဂုဏ်သိက္ခာရှိသည့် အရှိန်အဝါများ ထွက်နေပါသည်။

… … …

အခန်း(၄၈၃) စာမတော်လည်း လူ့ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သူ ဖြစ်လာနိုင်ပါတယ်

“ရှင်တို့စကား အမှန်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ! ရှင့်မှာ ဂုဏ်သိက္ခာရှိတယ်ဆိုတာနဲ့ပဲ ရှင်ပြောတဲ့စကားက အမှန်ဖြစ်သွားကောလား။ ကိုယ့်ငါးချဉ်ကိုယ် ချဉ်နေတာနဲ့ မတူဘူးးလား။ ကျွန်မတို့က ရှင့်ကို ဘာလို့ ယုံရမှာလဲ”

ရှုယန်ဖျင်က အသက် ၃၀ ရှိပြီဖြစ်ကာ ဟွာချန့်မြို့ဇာတိမဟုတ်ပေ။

လွန်ခဲ့သည့် ၁၀ နှစ်တုန်းက အဘွားချင်း ပင်စင်ယူစဉ်တွင် ရှုယန်ဖျင်သည် မွေးရပ်မြေမှာ တက္ကသိုလ်တက်နေဆဲ ဖြစ်သဖြင့် အဘွားချင်း၏ အောင်မြင်မှုတွေအကြောင်း မသိခဲ့ပါ။

သို့သော်လည်း ကျောင်းအုပ်ကြီးကတော့ အဘွားချင်းအကြောင်း ကောင်းကောင်းသိပါသည်။

ကျောင်းအုပ်ကြီးက အသက် ၅၀ ပြည့်ပြီဖြစ်သည်။ သူကျောင်းဆရာ စလုပ်စဉ်က အဘွားချင်းမှာ ဟွာချန့်မြို့တွင် အရှိန်အဝါကြီးမားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေခဲ့သည်။

အဘွားချင်းရဲ့ စကားက တကယ်ပဲ ဂုဏ်သိက္ခာရှိသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရှုယန်ဖျင်၏ ပုံစံကတော့ သူ့မျက်လုံးထဲမှာ ယုံချင်စရာ သိပ်မကောင်းလှပါ။ ယခင်တုန်းကလည်း ကျောင်းသားတွေအပေါ် မမျှမတဆက်ဆံပြီး စကားလုံး ကြမ်းကြမ်းတမ်းတမ်းများ သုံးသည်ဟု မိဘတွေက တိုင်ကြားလာဖူးသည်။

သို့သော် ပြဿနာက ဒီလောက်မကြီးသဖြင့် သူမကို အနည်းငယ် ထိန်းသိမ်းရန် မှာကြားပြီး ဒီတိုင်း လွှတ်ထားခဲ့သည်။

ထို့ကြောင့် ရှုယန်ဖျင်ပြောသည့် စကားလုံးတွေထက် ကျောင်းအုပ်ကြီးက သခင်မကြီးချင်းပြောသည့် စကားတွေကို ပိုယုံကြည်ချင်သည်။

အဘွားချင်းက ကျောင်းအုပ်ကြီးကို အကြံပေးလိုကသည်။ “ဒါရိုက်တာဟဲ ဒီက ဆရာမကို မေးကြည့်လိုက်ပါလား”

အဘွားချင်းက အမြင်ကောင်းသဖြင့် ဒီပြဿနာထဲ ဆရာမဟမ်ဖန် ဝင်မပါချင်မှန်း ရိပ်မိသည်။

ကျောင်းအုပ်ဆရာကြီးက ဘေးမှာ ကျောက်ရုပ်လို ရပ်နေသည့် ဆရာမဟမ်ဖန်ကို မေးလိုက်ပါသည်။ “ဆရာမဟမ် သူတို့နဲ့အတူ တစ်ချိန်လုံးရှိနေခဲ့တာလား”

“ဟုတ်- ဟုတ်ကဲ့…”။ ဟမ်ဖန် တိုးညှင်းစွာ ပြန်ဖြေလိုက်ပါသည်။

သူမက ရှုယန်ဖျင်လောက် သတ္တိမကောင်းပါ။

“အဲ့တာဆို ကျုပ်မေးတာဖြေ။ သခင်မကြီးချင်းပြောတာ အမှန်ပဲလား။ ဆရာမရှုက အဲ့စကားတွေ တကယ်ပြောခဲ့တာလား”။ ကျောင်းအုပ်ကြီးက မေးသည်။

“ဟုတ်- ဟုတ်ပါတယ်… တကယ်ပြောခဲ့တာပါ…”။ ဆရာမ ဟမ်ဖန် မလိမ်ရဲပါ။

သူမက လူကွယ်ရာမှာ အတင်းသာ ပြောတတ်သည်။ တကယ့်ပြဿနာနဲ့ ရင်ဆိုင်လာရချိန်မှာတော့ အလွန်ကြောက်တတ်ပါသည်။

ဒါကိုကြားတော့ ရှုယန်ဖျင် စိတ်သောက ရောက်သွားသည်။ “ဟမ်ဖန်။ အဲ့တာ ဘာစကားလဲ”

ဟမ်ဖန် မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်ပါသည်။ “ဆရာမရှု လက်လျှော့လိုက်ပါတော့။ ကျွန်မတို့ အမှားကို ဝန်ခံကြရအောင်”

ပြဿနာတွေ ဒီလောက်ကြီးလာမယ်မှန်းသာ သိခဲ့လျှင် ဒီနေ့ ဆရာမရှုနဲ့ အတင်းတုပ်ခဲ့မှာ မဟုတ်ပါ။

“ငါတို့ပြောတာ ဘာအမှားပါလို့လဲ! ချင်းယုကျီးက မကောင်းတဲ့ ကျောင်းသားလေ! ခဏခဏ ရန်ဖြစ်သတ်ပုတ်နေတာ အားလုံးလည်း သိကြတာပဲ! ပြီးတော့ သူစာညံ့တယ်ဆိုတာ အားလုံး လက်ခံထားတဲ့ကိစ္စ မဟုတ်ဘူးလား။ အနာဂတ်မှာ လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုမယ့်လူမဟုတ်ဘူးလို့ပြောတာ ထောင်တောင်ကျသွားနိုင်တယ်လို့ ပြောတာ ဘာဖြစ်လဲ။ ငါပြောတာ မှားမှ မမှားတာ!”။ ရှုယန်ဖျင်က ပြန်ပေါလိုက်သည်။

“ဆရာမရှု! စကားကို ထိန်းထိန်းသိမ်းသိမ်းပြောပါ! ခင်ဗျားက ဆရာမတစ်ယောက်နော်!”။ ကျောင်းအုပ်ကြီးက ရှုယန်ဖျင်၏ ရန်တွေ့မှုများကို ဖြတ်ပြောလိုက်သည်။

“ဆရာမတစ်ယောက် ဖြစ်တာနဲ့ပဲ ကျွန်မ စိတ်ထဲရှိတာ ပြောလို့မရတော့ဘူးလား”။ ရှုယန်ဖျင်က မေးသည်။

“စိတ်ထဲရှိတာ ပြောလို့ရတယ်။ ဒါပေမယ့် ယုတ္တိရှိတဲ့စကားတော့ ဖြစ်ရမယ်! ပြီးတော့ ပြောင်းလဲချင်စိတ်ရှိတဲ့လူတွေကို အခွင့်အရေးပေးတတ်ရတယ်! စာညံ့တယ်ဆိုတာ ကိုယ်ကျင့်တရားနဲ့ ဘာမှမဆိုင်ဘူး။ စာညံ့တဲ့လူတွေလည်း လူ့ပတ်ဝန်းကျင်မှာ အကျိုးပြုနိုင်တဲ့လူတွေ ဖြစ်လာနိုင်တာပဲ!”။ ကျောင်းအုပ်ကြီးက ဆူငေါက်လိုက်သည်။

“သူက ရန်တွေလည်းဖြစ်တယ်လို့!! ဒါစာညံ့တာတစ်ခုတည်းမဟုတ်ဘူး စရိုက်ပါ မကောင်းတာ!”။ ရှုယန်ဖျင် ပြန်ပြောလိုက်သည်။

“ရန်ဖြစ်တိုင်းလည်း ကိုယ်ကျင့်တရားပျက်တဲ့လူလို့ သတ်မှတ်လို့ မရဘူး! သူများကို ထင်မြင်ချက် မပေးခင် အကြောင်းစုံ သိအောင် အရင်လုပ်သင့်တယ်! ပြီးတော့ ချင်းယုကျီး အရင်တုန်းက အားနည်းချက်တွေ ရှိခဲ့ရင်တောင် သူအခု တိုးတက်နေပြီ။ ခင်ဗျားက ဆရာမတစ်ယောက်အနေနဲ့ အားပေးရမှာ မဟုတ်ဘူးလား”

ချင်းယုကျီး ရန်ဖြစ်ရခြင်း အကြောင်းအရင်းများကို ကျောင်းအုပ်ကြီးကောင်းကောင်း သိပါသည်။

ရန်ဖြစ်တာမကောင်းသော်လည်း ချင်းယုကျီး၏ လုပ်ရပ်တွေက ဆိုးရွားသည့် လုပ်ရပ်တွေဟု ကျောင်းအုပ်ကြီး မထင်ပါ။

အကြောင်းအရင်းအပြည့်အစုံကို သိတာကြောင့်ပဲ အထက်လူကြီးတွေက ချင်းယုကျီးအား ကျောင်းမထုတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။

ကျောင်းအုပ်ကြီး၏ သဘောထားကြောင့် ရှုယန်ဖျင် ဒေါသပိုထွက်သွားသည်။ “ကျွန်မ နားလည်သွားပြီ! ကျောင်းအုပ်ကြီးက ဒီအဘွားကြီးကို မစော်ကားရဲလို့မလား! ဒီအဘွားကြီးက အာဏာတွေ ပါဝါတွေ အပြည့်နဲ့ဆိုတော့လေ။ ကျွန်မကတော့ အဆင့်အတန်းမရှိတဲ့ သာမန် သမိုင်းဆရာမပဲဥစ္စာ ဟုတ်တယ်မလား!”

… … …

All Chapters