← Chapters

အခန်း (၄၈၄-၄၈၅)

Vol. 20 Ch. 484-485

အခန်း (၄၈၄-၄၈၅)

Vol. 20 Ch. 484-485

အခန်း(၄၈၄) အဘွားနဲ့ ဒေါ်လေးတို့ရဲ့ ကာကွယ်ပေးမှု

“မဟုတ်တာတွေ လျှောက်မပြောနဲ့! အမှန်တရားကိုပဲ ပြော!” ကျောင်းအုပ်ကြီးက ဒေါသထွက်သွားသည်။

“ဒါအမှန်တရားလေ! ကျွန်မတို့ကျောင်းက ပညာတော်တာတွေ ဘာတွေ စိတ်မဝင်စားဘူး! ကျောင်းသားမိဘရဲ့ နောက်ခံအင်အား တောင့်ရင် ရပြီမလား! အခုမှ ကျွန်မ နားလည်သွားပြီ!”။ ရှုယန်ဖျင် အရွဲ့တိုက်ကာ ပြောလိုက်ပါသည်။

“မင်း- မင်းတော်တော် ပြောရခက်ပါလား!”။

“ရှင်ကမှ အားနည်းတဲ့သူကို အာဏာသုံးပြီး အနိုင်ကျင့်နေတာ!”။ ရှုယန်ဖျင် အော်ဟစ်လိုက်သည်။ ကျောင်းအုပ်ကြီးက ချင်းမိသားစုကို ကြောက်ရွံ့သဖြင့် အားနည်းသူကို အနိုင်ကျင့်နေတာဟု သူမ စွပ်စွဲလိုက်၏။

“ဒီမှာ အော်စရာ မလိုဘူးနော်”။ အဘွားချင်းက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “ကောလိပ်ဝင်ခွင့်စာမေးပွဲက အနားကပ်နေပြီ။ ရှင့်ယူဆချက်တွေ မှားတာကို ကျွန်မမြေးက အလုပ်နဲ့ သက်သေပြလိမ့်မယ်။။ ကိုယ့်ကျင့်တရားနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်တာကိုတော့ မကြာခင် ရှင်အဖြေသိရပါလိမ့်မယ်”

“ဟား! စကားပြောကောင်းလိုက်တာ! ဘာလို့ အချိန်ဆွဲနေမှာလဲ။ ချင်းယုကျီးက စရိုက်ကောင်းမှန်း သေချာနေရင် အခုချက်ချင်း သက်သေပြလိုက်လေ! ဘာလို့စောင့်မှောလဲ”။ ရှုယန်ဖျင်က စိန်ခေါ်လိုက်ပါသည်။

အဘွားချင်းက ပြန်ပြောသည်။ “ဒီနေ့ ကျောင်းဆင်းတာနဲ့ ပညာရေးဌာနကိုသွားတိုင်တာ ဒါမှမဟုတ် ဒီနေ့ ကြုံခဲ့ရတာတဲ့ တရားမမျှတမှုတွေကို အွန်လိုင်းပေါ်တင်ဖို့ စဉ်းစားထားတယ်မလား။ ချင်းမိသားစုဆီက လာဘ်ယူထားလို့ ဒီကျောင်းက ချင်းယုကျီးကို ကာကွယ်ပေးနေတာပါဆိုပြီးတော့လည်း ဝေဖန်မှာမလား။ အဲ့အခါကျရင် ငါတို့ သက်သေထုတ်ပြမယ်။ နင်သေချာ ကြည့်လို့ရတယ်”

အဘွားချင်းက ရှုယန်ဖျင်၏ အကြံတွေကို ခန့်မှန်းမိပါသည်။ ခန့်မှန်းမိရုံတင်မဟုတ်ဘဲ ဘယ်လို တုန့်ပြန်ရမလဲဆိုတာပါ စဉ်းစားထားပြီးသား ဖြစ်၏။

ဒါကိုကြားတော့ ရှုယန်ဖျင် ထိတ်လန့်သွားသည်။ သူမ အတွေးတွေကို ဒီအဘွားကြီး ဘယ်လိုသိနေတာလဲ။

သို့သော် အရေးမကြီးပါ။ သူမ ကြောက်နေမှာ မဟုတ်ပေ။ ကျိန်းသေပေါက် တရားစွဲပစ်မည်။

အဘွားချင်းက ရှုယန်ဖျင်နဲ့ စကားထပ်မများချင်တော့ဘဲ ကျောင်းအုပ်ကြီးကို ပြောလိုက်ပါသည်။ “ဖြစ်သွားတဲ့ ပြဿနာတွေအတွက် တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး။ ဒီပြဿနာရဲ့ အကျိုးဆက်တွေကို ကျွန်မ ကိုင်တွယ် ဖြေရှင်းလိုက်ပါ့မယ်။ နောက်တောင်ကျနေပြီ။ ကျောင်းအုပ်ကြီးနဲ့ တခြားကျောင်းသားလေးတွေ နေ့လယ်စာ စားစရာရှိတာ သွားစားကြပါ”

ကျောင်းအုပ်ကြီးလည်း အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”

ရင်ထဲမှာတော့ ကျောင်အုပ်ကြီး ချီးကျူးမိသွားသည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း အဘွားချင်းက အရင်ကလိုပဲ အရှိန်အဝါကြီးနေဆဲဖြစ်သည်။ တခြားသူတွေကို ယုံကြည်ချက် ရှိသွားအောင် စကားပြောတတ်သည်။

အဘွားချင်း ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် စူစူလေးကို ချီကာ ချင်းယုကျီးအား ပြောလိုက်သည်။ “ယုကျီး။ တစ်နေရာရာမှာ နေ့လယ်စာ သွားစားကြရအောင်။ နေ့လယ်အတန်းတွေ နောက်ကျနေဦးမယ်”

“ဟုတ်ကဲ့”။ ချင်းယုကျီး ခေါင်းငြိမ့်လိုက်သည်။

သူ့အဘွားနဲ့ ဒေါ်လေးတို့က သူ့ကို ကာကွယ်ပေးနေတာပဲ!

ခံစားချက်က ကောင်းလိုက်တာ! ပျော်စရာကြီး!

--- --- ---

အရင်တစ်ခေါက် ရွှေသေတ္တာလက်ဆောင်ကိစ္စ ဖြစ်ပြီးသွားကတည်းက လင်းယုရှန်းကိုမြင်တိုင်း ချူးယန်ရှီ စိတ်မတင်မကျ ဖြစ်မိသည်။

ဒီနေ့ ရှော့ပင်ထွက်ရင်း လင်းယုရှန်းက ချူးယန်ရှီအတွက် အဝတ်အစားလှလှလေးတွေ အများကြီး ဝယ်ပေးခဲ့သည်။

“ဒါလေးတွေ တော်လားလို့ ဝတ်ကြည့် ရှောင်းရှီ”။ လင်းယုရှန်းက မိထွေးကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနေပါသည်။

ချူးယန်ရှီ မပြုံးနိုင်ပါ။

ချင်းစူစူအတွက်ကျတော့ သန်းချီတန်တဲ့ ရွှေချောင်းတွေ။ သူမအတွက်ကျတော့ ယွမ်ထောင်ဂဏန်းလောက်တန်တဲ့ အဝတ်အစားတွေပေါ့…။

တွေးမိလေလေ ချူးယန်ရှီ မကျေနပ် ပိုဖြစ်လာရသည်။

“ဘာဖြစ်လို့လဲ ရှောင်းရှီလေး။ မပျော်ဘူးလား”။ လင်းယုရှန်းက စိတ်ပူစွာ မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဝမ်းကွဲအစ်ကိုကို သတိရလို့”

လောလောဆယ် သူမ လင်းယုရှန်းနဲ့ ပြဿနာဖြစ်လို့ မရသေးပါ။ လုမိသားစုကို ချဉ်းကပ်ဖို့ လင်းယုရှန်း၏ အကူအညီကို လိုအပ်သေးသည်။

ချူးယန်ရှီက အခွင့်ကောင်းယူကာ တောင်းဆိုလိုက်သည်။ “ဒေါ်လေးလင်း ဒီနေ့ည သမီးကို ဝမ်းကွဲအစ်ကိုဆီ လိုက်ပို့ပေးပါလား”

… … …

အခန်း(၄၈၅) ချူးယန်ရှီရဲ့ အဖေ

မျှော်လင့်ချက်ပြည့်ဝနေသော ချူးယန်ရှီ၏ မျက်လုံးလေးများကို ကြည့်ပြီး လင်းယုရှန်း မငြင်းရက်ပါသည်။

“ဒီတစ်ပတ် အားလပ်ရက်ရောက်ရင် လိုက်ပို့ပေးမယ်လေ”။ လင်းယုရှန်းက ပြောသည်။

“ဟုတ်ကဲ့ပါ”။ ချူးယန်ရှီ ခေတ္တစဉ်းစားကာ ပြောလိုက်သည်။ “ဒေါ်လေးလင်း၊ သမီးဖေကြီးကို သတိရလို့။ ဖုန်းဆက်ပြီး သမီးဆီလာခဲ့ဖို့ ခေါ်လို့ရလား”

လောလောဆယ် လုကျန်းယွီနဲ့ ဆက်ဆံရေးတိုးတက်အောင် လုပ်ဖို့ နည်းလမ်း မရှိမှန်း ချူးယန်ရှိသိသည်။ ထို့ကြောင့် သူမအဖေကို ခေါ်ကာ လင်းယုရှန်း၏ အဆက်အသွယ်ကို အသုံးချပြီး သခင်ကြီးလုနဲ့ နီးစပ်အောင်လုပ်ခိုင်းဖို့ တွေးထားသည်။

“အဲ့တာက…”။ လင်းယုရှန်း ခေတ္တတွန့်ဆုတ်သွားကာ မေးလိုက်သည်။ “သမီးဖေကြီးကို မေးကြည့်ပါဦး။ သူက အလုပ်များနေတဲ့ပုံပဲ။ သူမအားဘူးလို့ ပြောရင်လည်း ဝမ်းမနည်းရဘူးနော်”။

လင်းယုရှန်းလည်း သူမ ယောက်ျားကို သတိရပါသည်။ ရှောင်းရှီလေးကို အဖော်ပြုပေးဖို့ ဒီကိုတစ်ယောက်တည်း လာခဲ့ရသဖြင့် ယောက်ျားဖြစ်သူနဲ့ မတွေ့တာ ၂ ပတ်ကျော်ကြာပါပြီ။

“ဟုတ်ကဲ့ပါ”။ ချူးယန်ရှီ လိမ္မာချင်ယောင်ဆောင်ကာ ခေါင်းငြိမ့်လိုက်ပါသည်။

ထို့နောက် လင်းယုရှန်းက သူမယောက်ျား ချူးဟမ့်ကို ဖုန်းဆက်လိုက်ပါသည်။

ချူးဟမ့်ကလည်း သူ့မိန်းမ လင်းယုရှန်းကို အလွန်ဂရုစိုက်ပြီး သိမ်သိမ်မွေ့မွေ့ ဆက်ဆံပါသည်။ ဖုန်းဝင်သွားတာနဲ့ တစ်ပြိုင်နက် ချိုမြိန်နေအောင် ပြောလိုက်သည်။ “ရှန်းရှန်း ကို့ကို သတိရလို့လား။ ကိုလည်း ရှန်းရှန်းအကြောင်း တစ်နေကုန် တွေးနေတာ”

“ရှင်… မဟုတ်တာတွေ မပြောစမ်းပါနဲ့”။ ချူးယန်ရှီ ရှေ့မှာ လင်းယုရှန်း ရှက်သွေးဖြာသွားပါသည်။ “ရှောင်းရှီလေး ရှိနေတယ်”

“သိပါတယ်။ ရှောင်းရှီကြောင့်သာမဟုတ်ရင် ရှန်းရှန်းကို အကြာကြီးခွဲနေခွင့် ပြုမှာမဟုတ်ဘူး”။ ချူးဟမ့်က ချိုမြိန်စွာ ပြောလိုက်ပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ရှောင်းရှီလေးက ရှင့်ကို ပြောစရာရှိလို့တဲ့”။ လင်းယုရှန်း အမြန်ပြောလိုက်သည်။

သူမ ယောက်ျားက အမြဲတမ်း ရွှတ်နောက်နောက် နေတတ်သည်။ ကလေးရှေ့မှာတောင် မထိန်းသိမ်းပါ။

လင်းယုရှန်း၏ ရှက်ရွံ့နေသော မျက်နှာကို ကြည့်ပြီး ချူးယန်ရှီ ရင်ထဲမှ လှောင်ပြောင်လိုက်ပါသည်။

လင်းယုရှန်းက ဉာဏ်ရည်နည်းပြီး အရာရာကို နှလုံးသားနဲ့သာ ဆုံးဖြတ်တတ်သော တုံးအသူဖြစ်သည်။ သူမ အဖေက လင်းယုရှန်းကို စကားတစ်ခွန်းနှစ်ခွန်းတည်းနဲ့ စိတ်ပျော်သွားအောင် လုပ်နိုင်သည်။

“အဟွတ် အဟွတ်။ ဖေကြီးကို ရှောင်းရှီလေးက သတိရနေတာလား”

“အွန်း သတိရတယ်”။ ချူးယန်ရှီက ဆိုသည်။ “ဖေကြီး ဒီကိုလိုက်လာပြီး သမီးနဲ့ ဒေါ်လေးလင်းတို့နဲ့ လာနေပါလား”

“ရှောင်းရှီလေးကလည်း၊ ဖေကြီးက အလုပ်တွေ လုပ်ရဦးမယ်လေ။ ပေကျင်းမှာ ဖေကြီး ရှိမှဖြစ်မယ့် ကိစ္စတွေ ရှိတယ်။ ဖေကြီးကို သတိရတယ်ဆိုရင် ဒီတစ်ပတ်အားလပ်ရက်ကျရင် ဒေါ်လေးလင်းနဲ့အတူ လိုက်ခဲ့လေ”။ ချူးဟမ့်က ဆိုသည်။

“ဖေကြီး သမီးဆီလာခဲ့ပါ။ ဘိုးဘိုးလုဆို အရမ်းအလုပ်များပေမယ့် ဝမ်းကွဲအစ်ကိုကို အမြဲတမ်း အဖော်ပြုပေးနေတာ! ခုတလော ဒီမှာပဲ နေနေတာ။ ဖေကြီးကော ဘိုးဘိုးလုလို ဟွာချန့်မြို့မှာ သမီးနဲ့တူတူ လာနေလို့ မရဘူးလား”

ချူးယန်ရှီက သခင်ကြီးလုကို စကားထဲ ထည့်ပြောလိုက်သည်။

“ဟုတ်လား…။ အင်းပါ အဲ့တာဆိုလည်း ဖေကြီး နည်းလမ်းတစ်ခုခုစဉ်းစားပြီး အမြန်ဆုံး လာခဲ့မယ်နော်။ ဘိုးဘိုးလုလိုပဲ ရှောင်းရှီလေးနဲ့ လာနေပေးမယ်”။

ချူးဟမ့်က ထူးချွန်သော စီးပွားရေးသမား မဟုတ်သော်လည်း ဉာဏ်နီဉာဏ်နက်များပါသည်။ သမီးဖြစ်သူ၏ စကားကို ကြားတာနဲ့ အရေးကြီးသည့် အချက်တွေကို ချက်ချင်း မြင်သွားသည်။

ဟွာချန့်မြို့ကို သွားလျှင် သခင်ကြီးလုနဲ့ သူ တွေ့ခွင့်ရှိလိမ့်မည်။ ပေကျင်းမြို့မှာ သူလုပ်စရာရှိသည့် ဘယ်အလုပ်ထပ်မဆို အရေးပါသည်။

“ဟုတ်ကဲ့ ဖေကြီး။ သမီးစောင့်နေမယ်နော်! မြန်မြန်လာခဲ့ သမီးသတိရနေပြီ!”။ ချူးယန်ရှီ ရင်ထဲမှာ ပျော်ရွှင်သွားသည်။ သူမ အဖေက သူမကို တကယ် နားလည်ပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အဲ့တာဆို ဖေကြီး အလုပ်ကိစ္စတွေ အမြန်စီစဉ်ပြီး ဖေကြီးရဲ့ အဖိုးတန်လေးဆီ ပြေးလာခဲ့မယ်နော်”။ ချူးဟမ့်က ချူးယန်ရှီကို ကတိပေးလိုက်ပါသည်။

“ဟုတ်ကဲ့!”။ ချူးယန်ရှီ အလွန်ကျေနပ်သွားပါသည်။

သားအဖ ၂ ယောက်အကြားက အကြံအစည်ကို လင်းယုရှန်းကတော့ မသိရှာပေ။ ချူးဟမ့်က သမီးဖြစ်သူအတွက် အဖေကောင်းတစ်ယောက် ဖြစ်သဖြင့် အလုပ်တွေ ဘေးချပြီး လာဖို့ စီစဉ်နေတာဟု ထင်နေသည်။

--- --- ---

နောက်တစ်နေ့ ရောက်သောအခါ လေယာဉ်ဖြင့် ဟွာချန့်မြို့သို့ ချူးဟမ့် ရောက်လာခဲ့သည်။

လင််းယုရှန်း၊ ချူးယန်ရှီတို့နဲ့ တွေ့ဆုံပြီးနောက် လုအိမ်တော်ရှိ သခင်ကြီးလုနဲ့ သွားတွေ့ကြဖို့ လင်းယုရှန်းအား အကြံပေးလိုက်ပါသည်။ “သခင်ကြီးလု ဟွာချန့်မှာ ရောက်နေတယ်ဆို။ သူက ရှန်းရှန်းအစ်မရဲ့ ယောက္ခမဆိုတော့ ရိုင်းရာမကျအောင် သွားတွေ့ကြမလား ရှန်းရှန်း”

… … …

All Chapters