← Chapters

အခန်း (၄၈၆-၄၈၇)

Vol. 20 Ch. 486-487

အခန်း (၄၈၆-၄၈၇)

Vol. 20 Ch. 486-487

အခန်း(၄၈၆) သခင်ကြီးလုက ချူးမိသားစုကို စိတ်မဝင်စားဘူး

“သွားတွေ့ကြမယ်လေ!”။ သူမ ခံစားချက်ကို ရှေ့တန်းတင်ပေးသည့် ယောက်ျားဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ လင်းယုရှန်း ကြည်နူးဝမ်းသာသွားပါသည်။ “ဒါပေမယ့် ဦးလေးလုက အရမ်း အလုပ်များတာ။ သူ့မှာ အချိန်ရှိပါ့မလား မသိဘူး”

“ဒါဆိုလည်း ကျန်းယွီလေးကိုပဲ သွားတွေ့ကြစို့လေ။ ဒီကောင်လေးက မိဘနှစ်ပါးစလုံးကို ဆုံးရှုံးထားရတာ။ သူ့မှာ ချစ်ပေးမယ့်လူဆိုလို့ ရှန်းရှန်းပဲ ရှိတော့တာ။ အခွင့်အရေးရတိုင်း သွားလည်သင့်တယ်။ သူ့မိဘတွေရဲ့ နေရာကို မဝင်နိုင်ရင်တောင် အနည်းဆုံးတော့ တခြားနည်းလမ်းနဲ့ ဂရုစိုက်ပေးသင့်တယ်မဟုတ်လား။

တူဖြစ်သူကို ချူးဟမ့် အလွန်နားလည်ပြီး ဂရုစိုက်ပေးချင်နေတာကို ကြားသောအခါ လင်းယုရှန်း အလွန် စိတ်ကြည်နူးသွားသည်။

“ကျေးဇူးတင်ပါတယ် ယောက်ျားရယ်”

“လင်မယားအချင်းချင်း ဘာတွေကျေးဇူးတင်နေတာလဲ”။ ချူးဟမ့်က သူ့မိန်းမ ပါးလေးကို ပွတ်သပ်လိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

သူမ ယောက်ျားရဲ့ ရင်ခွင်ထဲမှာ လင်းယုရှန်း နွေးထွေးလုံခြုံမှုတွေကို ခံစားလိုက်ရပါသည်။

ထိုနေ့ ညနေခင်းမှာ ချူးဟမ့်၊ ချူးယန်ရှီနဲ့ လင်းယုရှန်းတို့ လုအိမ်တော်ကို လာလည်ကြသည်။

အိမ်စေတွေက တံခါးဖွင့်ပေးလိုက်ပြီး သူတို့ ၃ ယောက် ဧည့်ခန်းထဲ ဝင်လာလိုက်ကြပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သခင်ကြီးလုက ဒီနေ့ အားလပ်သဖြင့် ဧည့်ခန်းထဲမှာ ထိုင်အနားယူနေသည်။

သခင်ကြီးလုကို မြင်တာနဲ့တစ်ပြိုင်နက် ချူးဟမ့်က အမြန်ချဉ်းကပ်လိုက်ပါသည်။

“သခင်ကြီးလု!”။ ချူးဟမ့်က ရွှင်ရွှင်ပြုံးပြုံးဖြင့် ခေါ်လိုက်ပါသည်။

သခင်ကြီးလုကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်မေးလိုက်သည်။ “မင်းကကော ဟွာချန့်မြို့ကို ဘာလာလုပ်တာလဲ”

သခင်ကြီးလု၏ မေးခွန်းက တဲ့တိုးဆန်သည်။ အထင်အမြင်သေးမှု အရိပ်အယောင်ပင် ပါဝင်နေသည်။

“ယုရှန်းနဲ့ ရှောင်းရှီလေးတို့ ဒီမှာရောက်နေတော့ ကျွန်တော် စိတ်မချလို့လေ။ အဲ့တာကြေင့် အလုပ်တွေ ဘေးချပြီး သူတို့ကို အဖော်လာလုပ်ပေးတာပါ”။ ချူးဟမ့်က ရှင်းပြလိုက်သည်။

“ဪ ဟုတ်လား”။ သခင်ကြီးလု၏ လေသံက အတက်အကျမရှိဘဲ အရွဲ့တိုက်‌သော လေသံမျိုးဖြစ်သည်။

“ဟုတ်တယ်။ ယုရှန်းကိုလည်း ဂရုစိုက်ပေးရသေးတယ်။ သူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်တယ်လေ။ အိမ်မှာ အိမ်စေတွေရှိပေမယ့် စိတ်ချလက်ချ နေလို့တော့ မရဘူးပေါ့ဗျာ”

ချူးဟမ့်က သခင်ကြီးလုရှေ့မှာ နူးညံ့ပြီး သဘောထားပြည့်ဝသော ခင်ပွန်းကောင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ မမေ့ပါ။

သခင်ကြီးလုက သူ့ဟန်ဆောင်မှုတွေကို မြင်နေသော်လည်း ဖော်ထုတ်ဖို့တောင် စိတ်မပါပေ။

ချူးဟမ့်က ယုရှန်းကို အရူးလုပ်နိုင်သော်လည်း သခင်ကြီးလုကိုတော့ မလှည့်စားနိုင်ပါ။

ချူးဟမ့်က ဆက်ပြောသည်။ “သခင်ကြီးလု၊ ကျွန်တော်တို့ ကျန်းယွီလေးနဲ့ တွေ့ချင်နေတာ။ ယုရှန်းနဲ့ ရှောင်းရှီလေးကလည်း သူ့ကို သတိရနေလို့လေ”

“သူအပြင်ထွက်သွားတယ်”။ သခင်ကြီးလုက ပြောလိုက်သည်။

“အပြင်… ထွက်သွားတယ်ဟုတ်လား”။ ချန်းဟမ့် အံ့အားသင့်သွားသည်။

လုကျန်းယွီက အပြင်တွေဘာတွေ ထွက်လို့ပါလား။ ကားအက်ဆီးဒင့်ဖြစ်ပြီးကတည်းက အိမ်ထဲမှာပဲ ချောင်ပိတ်နေတာ မဟုတ်ဘူလးား။

“ဘာဖြစ်လို့လဲ။ ငါ့မြေး အပြင်ထွက်တာ ထွက်လို့မရဘူးလား။ ဒါမှမဟုတ် ငါ့မြေးကို အပြင်မထွက်စေချင်ကြလို့လား”။ သခင်ကြီးလုက မျက်လုံးမှေးကာ မေးလိုက်သည်။

“မဟုတ်ပါဘူး အဲ့လို မဟုတ်ရပါဘူး”။ ချူးဟမ့်က စကားအမြန် ပြင်လိုက်သည်။ “ကျွန်တော် အံ့ဩသွားလို့ပါ။ ကျန်းယွီလေး အပြင်ထွက်တော့ ကောင်းတာပေါ့! သူဘယ်တော့ ပြန်လာမလဲ မသိဘူးနော်”

“ငါမသိဘူး”

တကယ်တော့ ဒီနေ့ ကျန်းယွီနဲ့ စူစူလေးတို့ ငါးပြတိုက်နဲ့ တိရစ္ဆာန်ရုံကို သွားကြမှန်း သခင်ကြီးလု သိပါသည်။ မသွားခင် ကျန်းယွီက ညစာစားချိန် မတိုင်ခင် ပြန်လာခဲ့မည်ဟု ပြောသွားသည်။ ကျန်းယွီနဲ့ စူစူလေးတို့အတွက် စားကောင်း သောက်ဖွယ်တွေ ချက်ပြုတ်ထားဖို့ မီးဖိုဆောင်ကိုတောင် သခင်ကြီးလု သေချာ မှာထားပါသည်။

သို့သော်လည်း ဒါတွေကို ချူးဟမ့်အား သခင်ကြီးလု ပြောပြချင်စိတ်မရှိပါ။

ချူးဟမ့်က ပြုံးလျက် ပြောလိုက်သည်။ “အဲ့တာဆို ကျွန်တော်တို့ အချိန်မှားပြီး ရောက်လာပြီ ထင်တယ်ဗျာ”

ချူးဟမ့်ကလည်း အစကတည်းက လုကျန်းယွီကို ခေါင်းထဲထားပြီး ရောက်လာတာာ မဟုတ်ပါ။ သူ့ မူလရည်ရွယ်ချက် ဖြစ်သော် သခင်ကြီးလုနဲ့ တွေ့လိုက်ရပြီဖြစ်သဖြင့် စိတ်မပျက်မိပါ။

ချူးယန်ရှီကတော့ ဒီလို မမြင်ပေ။ တစ်ချိန်ချိန်မှာ လုမိသားစုက ကျန်းယွီလက်ထဲရောက်သွားမှာ ဖြစ်သည်။ ထို့ကြောင့် ကျန်းယွီနဲ့ ရင်းနှီးအောင်လုပ်တာက ရေရှည်အတွက် ပိုကောင်းပါသည်။

ချူးယန်ရှီက ခြေလှမ်းသေးသေးလေးများ လှမ်းကာ အနားကပ်လာပြီး ကလေးဆန်သော အသံလေးဖြင့် မေးလိုက်သည်။ “သခင်ကြီးလု ဝမ်းကွဲအစ်ကိုက စူစူနဲ့ ထွက်သွားတာလား”

“ဟုတ်တယ်ထင်တယ်”။ သခင်ကြီးလုက အေးတိအေးစက် လေသံဖြင့် ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။

ဒါကိုကြားတော့ ချူးယန်ရှီက လင်းယုရှန်းလက်ကို ဆွဲပြီး ပူဆာလိုက်လေသည်။ “ဒေါ်လေးလင်း။ သမီးလည်း သူတို့ဆီ လိုက်သွားချင်တယ်။ သမီးကို လိုက်ပို့ပါလား”

… … …

အခန်း(၄၈၇) သူ့မြေးနဲ့ စူစူလေးကို အပြင်လူတွေ နှောင့်ယှက်လို့ မရဘူး

“အဲ့တာက…”။ လင်းယုရှန်း တွန့်ဆုတ်သွားသည်။ “သူတို့ ဘယ်သွားကြမှန်း ဒေါ်လေးလည်း မသိဘူးလေ။ နောက်တစ်ခေါက်ကျမှ ထပ်လာကြရအောင်လေ နော်”

ချူးယန်ရှီ စိတ်ဓာတ်ကျသွားပြီး ခေါင်းငုံ့သွားပါသည်။

ပါးစပ်က ထုတ်မပြောဘဲ ခေါင်းငုံ့ကာ သူမ ဝမ်းနည်းအားငယ်သွားကြောင်းကို လင်းယုရှန်းမြင်အောင် ပြလိုက်သည်။

ဒါကိုမြင်ပြီး လင်းယုရှန်း နှလုံးသားထဲ တင်းကြပ်သွားခဲ့သည်။

ရှောင်းရှီ၏ အမေအရင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ပြီး အဖေဖြစ်သူကလည်း အလုပ်တွေ များသဖြင့် အချိန် သိပ်မပေးနိုင်ပါ။ ထို့အပြင် သက်တူရွယ်တူ ကစားဖော်လည်း မရှိပေ။

မိသားစုမေတ္တာကိုလည်း မရရှိသလို သူငယ်ချင်းအပေါင်းအသင်းလည်း မရှိပါ။ ထို့ကြောင့် ကျန်းယွီကို အလွန် ချစ်ပြီး အစ်ကိုတစ်ယောက်လို သဘောထားတာ ဖြစ်မည်။

ထိုအတွေးဖြင့် လင်းယုရှန်း သတ္တိမွေးလိုက်ပြီး သခင်ကြီးလုကို မေးလိုက်ပါသည်။ “ဦးလေးလု၊ ကျန်းယွီလေးက ဘယ်သွားတာလဲဟင်။ ကျွန်မတို့ကို‌ ပြောပြပါလား။ ရှောင်းရှီလေးကို ခေါ်သွားချင်လို့ပါ”

ချူးယန်ရှီကို လင်းယုရှန်းက ဝမ်းနဲ့လွယ်မွေးထားရသလိုမျိုး ချစ်မြတ်နိုးနေတာကိုမြင်ပြီး သခင်ကြီးလု ပြောလိုက်သည်။ “နင့်ကြည့်ရတာ ဒီကလေးကို တော်တော်ဂရုစိုက်ပုံပဲ”

လင်ပါသမီးတစ်ယောက်ကို သူမ သမီးအရင်းလို ဆက်ဆံနေတာက သူမရဲ့ သဘောထားပြည့်ဝမှုကို ပြသနေသည်။ ချူးဟမ့်သာ ယောက်ျားကောင်းဖြစ်လျှင် အလွန်သာယာသော မိသားစုလေးတစ်စု ဖြစ်လာနိုင်၏။

အသက် ၄ နှစ်အရွယ် ချူးယန်ရှီက ပြန်လည်မွေးဖွားလာသူဖြစ်ပြီး သူမရဲ့ ကလေးဆန် ချစ်ဖို့ကောင်းသော မျက်နှာဖုံးအောက်မှာ အသက် ၂၀ ဝန်းကျင်အရွယ် စိတ်ဝိညာဉ်တစ်ခု ရှိနေမှန်း ပါးနပ်ချက်ချာသော သခင်ကြီးလုတောင် မသိနိုင်လောက်ပါ။

“ဦးလေးလု။ အာ့ဟမ်းနဲ့ လက်မထပ်ခင်ကတည်းက ရှောင်းရှီလေးကို ကျွန်မသမီးအရင်းလို စောင့်ရှောက်ဖို့ ဆုံးဖြတ်ချက် ချပြီးသားပါ”။ လင်းယုရှန်းက ပြောလိုက်သည်။

“သူ့ကို ကောင်းကောင်း ပျိုးထောင်ပါ။ ကလေးက နင့်ကို စံပြထားပြီး အတုယူမှ ကောင်းကောင်းကြီးပြင်းလာမှာ”။ သခင်ကြီးလုက ပြောလိုက်သည်။

ချူးယန်ရှီသာ ချူးဟမ့်ကို အတုမယူဘဲ လင်းယုရှန်းကို အတုယူလျှင် သူ့မြေးနဲ့ ချူးယန်ရှီကို သူငယ်ချင်းတွေ ဖြစ်ခွင့်ပေးနိုင်ပါသည်။ ဒါမှမဟုတ် မောင်နှမအရင်းတွေလိုတောင် ဖြစ်ခွင့်ပြုနိုင်သည်။

သခင်ကြီးလုရဲ့ မျက်လုံးထဲမှာ လင်းယုရှန်းက အိမ်ထောင်ဖက်ရွေးချယ်တာ မတော်သော်လည်း အနည်းဆုံးတော့ ကိုယ်ကျင့်တရားကောင်းမွန်သေးသည်။ ထို့ကြောင့် သူမကို အတုယူသော ကလေးတစ်ယောက်က လူဆိုး ဖြစ်မလာနိုင်ပါ။

“အကောင်းဆုံး ကြိုးစားပါ့မယ် သခင်ကြီး”။ လင်းယုရှန်းမှာ သခင်ကြီးလုစကားနောက်ကွယ်က လျှို့ဝှက်အဓိပ္ပာယ်ကို နားမလည်ပါ။ ကလေးကို ကောင်းကောင်းပျိုးထောင်ဖို့ အကြံပေးသည်ဟုသာ သဘောထားလိုက်ပါသည်။ “ဦးလေးလု၊ ကျန်းယွီလေးက ဘယ်သွား…”

“ငါအသက်ကြီးနေပြီဆိုတော့ သေချာတောင် မမှတ်မိတော့ဘူး။ နင့်သမီးကို နောက်တစ်ခေါက်မှ ထပ်ခေါ်လာခဲ့လေ။ ဒါမှမဟုတ် ကျန်းယွီနဲ့ တွေ့ချင်တယ်ဆိုရင် ဖုန်းလေးဘာလေး ကြိုဆက်လိုက်”။ သခင်ကြီးလုက ပြန်ဖြေလိုက်သည်။

လင်းယုရှန်း သူမသမီးကို မေတ္တာထားတာ သခင်ကြီးလု မကန့်ကွက်လိုသော်လည်း သူ့မြေးနဲ့ ပတ်သတ်လာလျှင် စိတ်ပြောင်းမှာ မဟုတ်ပါ။

သူ့မြေးအပြင်ထွက်သွားရသည့် အကြောင်းအရင်းက စူစူလေးကြောင့်ဖြစ်သည်။ သူတို့ အတူတူပျော်နေသည့်အချိန်မှာ ဘယ်သူ့ကိုမှ အနှောင့်ယှက် ပေးခွင့်မပြုနိုင်ပါ။

လင်းယုရှန်းတို့ မိသားစုကို တခြားကဏ္ဍမှာ အကူအညီပေးနိုင်သည်။ သို့သော် မြေးဖြစ်သူနဲ့ ပတ်သတ်လာလျှင်တော့ အလျှော့ပေးမှာ မဟုတ်ပေ။

ဒါကိုကြားတော့ လင်းယုရှန်း အနေခက်သွားပြီး ခက်ခက်ခဲခဲ ပြုံးလိုက်သည်။ “နားလည်ပါပြီ ဦးလေးလု။ နောက်တစ်ခါမှ ရှောင်းရှီလေးကို ထပ်ခေါ်ခဲ့ပါ့မယ်”။

ထိုသို့ပြောပြီးနောက် ချူးယန်ရှီကို လင်းယုရှန်း ချော့လိုက်ပါသည်။ “ရှောင်းရှီလေး။ နောက်နေ့မှ ပြန်လာကြမယ်နော်”

ချူးယန်ရှီ စိတ်ထဲမှာ ဒေါသထွက်သွားသည်။ သူမက အသက် ၄ နှစ်သမီးမဟုတ်ပါ။ သခင်ကြီးလု တမင်သက်သက် ပြောမပြတာဖြစ်မှန်း နားလည်ပါသည်။

သခင်ကြီးလုက သူမကို ဘာကြောင့် အလွန်မုန်းတီးနေရသလဲ ချူးယန်ရှီ နားမလည်ပါ။

သူမနဲ့ ချင်းစူစူတို့ကို ဆက်ဆံတဲ့ပုံစံက ဘာကြောင့် အရမ်းကွာခြားနေရတာလဲ။ နှစ်ယောက်စလုံးက အသက်အရွယ်ချင်း တူတူလောက်ပဲ။ ပုံပန်းသဏ္ဌာန်အရကော၊ လိမ္မာတာကော၊ စကားတတ်တာကော ကဏ္ဍအားလုံးမှာ သူမက ချင်းစူစူထက် မသာရင်တောင် မညံ့ဘူးမလား။

“ရှောင်းရှီလေး…?”။ ချူးယန်ရှီ၏ ဖြူဖပ်သွားသော မျက်နှာကိုမြင်ပြီး လင်းယုရှန်း စိုးရိမ်တကြီး ခေါ်လိုက်ပါသည်။

… … …

All Chapters