အခန်း (၄၈၈-၄၈၉)
Vol. 20 Ch. 488-489
အခန်း(၄၈၈) ငါးပြတိုက်
လင်းယုရှန်း၏ ခေါ်သံကြောင့် ချူးယန်ရှီ အသိစိတ်ပြန်ကပ်သွားကာ အမြန်ပြန်ဖြေလိုက်ပါသည်။ “ရပါတယ် ရပါတယ်။ သမီးတို့ ဝမ်းကွဲအစ်ကိုဆီ နောက်တစ်ခါမှ လာလည်မယ်နော်”
သခင်ကြီးလုနဲ့ လင်းယုရှန်းတို့ အမြင်မစောင်းစေဖို့ ရင်ထဲက မကျေနပ်ချက်တွေကို မျိုသိပ်ပြီး သူမရဲ့ ဖြူစင်ရိုးသားသော၊ လိမ္မာယဉ်ကျေးသော ပုံစံလေးကိုသာ ထုတ်ပြလိုက်ပါသည်။
“ဟုတ်ပြီ။ ရှောင်းရှီလေးက အရမ်းလိမ္မာတာပဲ!”။ လင်းယုရှန်းက ချူးယန်ရှီကို ခေါင်းလေး ပွတပေးလိုက်သည်။ ရှောင်းရှီလေးက အလွန်ချိုမြိန်ပြီး သိတတ်လိမ္မာသဖြင့် သူမ အလွန်ချစ်သွားပါသည်။
ချူးယန်ရှီက သခင်ကြီးလုကို လှည့်ကြည့်ပြီး ပြောလိုက်ပါသည်။ “သခင်ကြီးလု သမီးတို့ သွားတော့မယ်နော်။ နောက်တစ်ခါမှ လာလည်မယ်သိလား။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦး။ ဝမ်းကွဲအစ်ကို ပြန်လာရင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့၊ အလုပ်တွေ အများကြီး မလုပ်ဖို့၊ နေမြန်မြန်ပြန်ကောင်းအောင် နေဖို့ ပြောပေးနော်”
၄ နှစ်အရွယ် ကလေးလေးတစ်ယောက်နှုတ်မှ ဒီလိုစကားမျိုးတွေ ထွက်လာတာ အံ့အားသင့်ဖို့ကောင်းပါသည်။
“အင်း”။ သခင်ကြီးလု ခေါင်းငြိမ့်ပြလိုက်သည်။
ကလေးမလေးက လိမ်လိမ်မာမာ စကားပြောနေသဖြင့် သခင်ကြီးလုလည်း အနည်းငယ် အလျှော့ပေးလိုက်သည်။
သခင်ကြီးလုကို နှုတ်ဆက်ပြီးနောက် ချူးဟမ့်နဲ့ လင်းယုရှန်းတို့၏ လက်ကိုတွဲကာ ချူးယန်ရှီ ထွက်သွားလေတော့သည်။
သခင်ကြီးလုမျက်လုံးထဲမှာ ချူးယန်ရှီကို တက်ကြွပြီး ချစ်ဖို့ကောင်းသော ကလေးလေးတစ်ယောက်အဖြစ်သာ မြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် သခင်ကြီးလု သူတို့အပေါ် အနည်းငယ် အမြင်ပြောင်းလာသည်ဟုပင် ဆိုနိုင်ပါသည်။
--- --- ---
ထိုအချိန်တွင် လုကျန်းယွီက ငါးပြတိုက်တစ်ခုမှာ ရောက်ရှိနေတာဖြစ်သည်။
လုကျန်းယွီ၏ ဝှီးချဲကို အိမ်တော်ထိန်းကျန်းက တွန်းပေးနေပြီး ရေအောက် ငါးပြတိုက်ထဲ လိုက်လံပြသနေသည်။
ဘေးမှာ စူစူလေးက အဖြူရောင် အားကစားဝတ်စုံလေးကို ဝတ်ဆင်ထားသည်။ တခြားကလေးတွေလို တိရိစ္ဆာန်မြင်လျှင် ပျော်ရွှင်ခုန်ပေါက်တာမျိုး မရှိဘဲ စူစူလေးကတော့ ငါးပြတိုက်ထဲက ငါးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေပါသည်။
သို့သော် လုကျန်းယွီကို အားရပါးရ ရှင်းပြနေသည်။
“ကိုကြီး ဒီငါးကြီးက အရမ်းကြီးပြီး ကိုးယိုးကားယားနိုင်တယ် သိလား!”။ စူစူလေးက ရှင်းပြလိုက်သည်။
မျိုးစိတ်အမည်ကော ငါးအမည်ကော စူစူလေး မမှတ်မိပါ။ ထိုငါးကြီးက အရွယ်အစားကြီးပြီး ကိုးယိုးကားယား နိုင်တာသာ မှတ်မိသည်။
“ပြီးတော့ အဲ့ငါးကြီးမှာ သွားချွန်ချွန်ကြီးတွေရှိတယ်! ဒါမယ့် သမီးသွားလောက်တော့ အားမကောင်းဘူး!”
စူစူလေး၏ ထူးထူးဆန်းဆန်း ရှင်းပြချက်များကို ကြားသောအခါ ဘေးက နားစွန်နားဖျား ကြားမိသူတွေပါ ရယ်မောသွားကြသည်။
လုကျန်းယွီလည်း စိတ်ဝင်တစား နားထောင်နေပါသည်။ တကယ်တော့ သူက စူစူလေးထက် ငါးအကြောင်း ပိုနားလည်သည်။ သို့သော်လည်း စူစူလေး ရှင်းပြသည့် ပုံစံက ချစ်ဖို့ကောင်းသဖြင့် စိတ်ရှည်လက်ရှည် နားထောင်ပေးနေခြင်း ဖြစ်သည်။
အိမ်တော်ထိန်းကျန်းက ရယ်မောလိုက်ပြီး စူစူလေးကို မေးလိုက်သည်။ “သခင်မလေးစူစူရဲ့ သွားတွေက အဲ့လောက် အားကောင်းတယ်ပေါ့ ဟုတ်လား! အဲ့တာဆို ကျေးဇူးပြုပြီး ကျွန်တော့်ကို မကိုက်ပါနဲ့။ နာသွားမှာ ကြောက်လို့ပါ”
“မကြောက်နဲ့ အိမ်တော်ထိန်းဦးလေးကြီး! သမီးက လူကောင်းတွေကို မကိုက်ဘူး။ လူဆိုးတွေကိုတောင် မကိုက်ဘူး!”။ စူစူလေးက ရှင်းပြသည်။
“လူဆိုးတွေကိုတောင် မကိုက်ဘူးဟုတ်လား” ။ အိမ်တော်ထိန်းကျန်းက မေးလိုက်သည်။
သူမက လူဆိုးတွေကိုသာ ကိုက်တတ်သည်ဟု ပြောလိမ့်မည်ဟု အိမ်တော်ထိန်းကျန်း မျှော်လင့်ထားတာ ဖြစ်သည်။
“မကိုက်ပါဘူး သူတို့က ညစ်ပတ်တယ်။ ဒီတိုင်း လက်သီးနဲ့ လွင့်ထွက်သွားအောင်ပဲ ထိုးလိုက်မယ်”။ စူစူလေးက အားရပါးရ ရှင်းပြလိုက်သည်။
“ဟားဟားဟားဟား ဟုတ်ပါပြီ။ လူဆိုးတွေက ညစ်ပတ်ပါတယ်။ ဒီတိုင်း လက်သီးနဲ့ထိုးတာပဲ ကောင်းတယ်။ ဒါမှမဟုတ် ခြေထောက်နဲ့ ကန်ပစ်လိုက်! သခင်မလေးစူစူ ပြောတာမှန်တယ်!”။ အိမ်တော်ထိန်းကျန်း ထောက်ခံလိုက်ပါသည်။
လုကျန်းယွီ မျက်နှာပေါ်မှာလည်း အပြုံးတစ်ခု ပေါ်လာသည်။ သိပ်မထင်ရှားသော်လည်း အလွန် နူးညံ့ပါသည်။
သူတို့ ၃ ယောက် လမ်းဆက်လျှောက်လာပြီး ငါးမန်းပြတိုက်သို့ ရောက်လာခဲ့သည်။
ငါးမန်းဖြူကြီးတွေ ကူးခပ်နေတာကို ဖန်ချပ်ကြီးများမှတဆင့် သူတို့ မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ရေငုပ် Gear များ ဝတ်ဆင်ထားသည့် လူတစ်ယောက်က ငါးမန်းများဖြင့် ကစားပြနေသည်။
ဒါကိုတွေ့တော့ စူစူလေးက ငါးမန်းဖြူကြီးကို လက်ညှိုးထိုးကာ လုကျန်းယွီအား ပြောလိုက်သည်။ “ကိုကြီး။ အဲ့ကောင်ကြီးက အသုံးမကျဘူး။ သမီး လက်သီးတစ်ချက်တည်းနဲ့ မှောက်သွားအောင် ထိုးနိုင်တယ်”
လုကျန်းယွီ ယုံပါသည်။ အိမ်တော်ထိန်းကျန်းလည်း ယုံပါသည်။
စူစူလေးရဲ့ လက်သီးချက်ကို ခံနိုင်ရည်ရှိသော တိရိစ္ဆာန်ဆိုတာ ဒီကမ္ဘာမှာ ရှားပါးသည်။
သူတို့ စကားပြောနေကြစဉ် ဘေးနားရှိ လူအုပ်ကြီးထံမှ ဟာခနဲ ဟင်ခနဲ အသံတွေ ထွက်လာလေသည်။
… … …
အခန်း(၄၈၉) စူစူလေးက တိရိစ္ဆာန်တွေနဲ့ စကားပြောတတ်မှန်း သိသွားပြီ
အသံလာရာဘက်ကို စူစူလေးတို့ လှည့်ကြည့်လိုက်ကြသည်။
ငါးမန်းဖြူများဖြင့် ကစားပြနေသည့် ရေငုပ်သမားက ဘာကြောင့်မှန်းမသိဘဲ ရေထဲမှာ ရုန်းကန်နေသည်။
သေချာကြည့်လိုက်မှ သူ့အောက်ဆီဂျင်ပိုက် ပေါက်သွားတာဖြစ်ပြီး အောက်ဆီဂျင်တွေ အဆက်မပြတ် စိမ့်ထွက်နေမှန်း အားလုံးတွေ့လိုက်ရသည်။
ရေငုပ်သမား စိတ်ချောက်ချားသွားပုံရပြီး အပေါ်ပြန်တက်ဖို့ အသည်းအသန် ကြိုးစားနေသည်။
ဖန်သားပြင်အထူကြီးရဲ့ အပြင်ဘက်မှ ဧည့်သည်တွေလည်း ဘာမှမကူညီနိုင်ဘဲ အရေးပေါ်အချက်ပေးခလုတ်ကို နှိပ်ပြီး ကယ်ဆယ်ရေးတွေ လာမည့်အချိန်ကိုသာ စောင့်နေနိုင်သည်။
ငါးမန်းကန်ထဲက ရေငုပ်သမား အပေါ်ကို မတက်နိုင်ဘဲ တဖြည်းဖြည်း နစ်သွားတာကို အားလုံး မြင်နေရသည်။ သူ့လှုပ်ရှားမှုတွေလည်း တဖြည်းဖြည်း နှေးကွေးလာပါပြီ။
အားလုံး အဆိုးဆုံးအခြေအနေကို တွေးမိသွားကြသည်။
စူစူလေးက ဖန်ချပ်ပြီးအနီးကို အမြန်ပြေးသွားပြီး ကန်ထဲက ငါးမန်းဖြူကြီးကို လှမ်းအော်ပြောလိုက်သည်။ “ငါးကြီးရေ ငါးကြီး! အဲ့ဒီလူ ဒုက္ခရောက်နေပြီ။ သူ့ကို ကုန်းပေါ်ရောက်အောင် အမြန်ပို့ပေးလိုက်!”
အခုချိန်မှာ စူစူလေးခေါင်းထဲ လူ့အသက်ကယ်ဖို့သာ အာရုံရှိသည်။
သူမရှေ့မှာ လူသားတစ်ယောက်က အန္တရာယ်ကြုံနေရပါက စွမ်းအားကြီးမားသော ပိုင်ကျဲနတ်သားရဲတစ်ကောင်အနေဖြင့် သူမ ဒီတိုင်း ရပ်ကြည့်မနေနိုင်ပါ။
အရေးပေါ် အချက်ပေးသံတွေကြောင့် စူစူလေးရဲ့ အသံကို ဘယ်သူမှ မကြားကြပါ။ လုကျန်းယွီနဲ့ အိမ်တော်ထိန်းကျန်းတို့သာ ကြားသွားကြသည်။
ကန်ထဲက ငါးမန်းဖြူကြီးလေး စူစူလေး၏ အသံကို ကြားပါသည်။ ထို့ကြောင့် စူစူလေးရဲ့ အမိန့်ကို နာခံလိုက်ရသည်။
စိုးရိမ်တကြီး စောင့်ကြည့်နေသူတွေရှေ့မှာ ငါးမန်းဖြူကြီးက ရေနစ်နေသော ရေငုပ်သမားထံ ချဉ်းကပ်သွားသည်။
အားလုံး အသက်ရှူရပ်မတတ်ဖြစ်သွားကြ၏။ ငါးမန်းဖြူကြီးက ရေငုပ်သမားကို တစ်ခုခုလုပ်တော့မည်ဟု ထင်နေကြသည်။
သို့သော်လည်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပါသည်။
ငါးမန်းဖြူကြီးက ရေငုပ်သမားကို မတိုက်ခိုက်သည့်အပြင် ရေငုပ်သမား၏ အောက်ဘက်သို့ ကူးခတ်သွားကာ အပေါ်သို့ တွန်းတင်ပေးလိုက်သည်။
ရေမျက်နှာပြင်ပေါ်ကို ရောက်သည်အထိ ရေငုပ်သမားအား ငါးမန်းဖြူကြီးက မရပ်မနား တွန်းတင်ပေးခဲ့ပါသည်။
ထိုမြင်ကွင်းက စူစူလေး ပေးလိုက်သည့်အမိန့်အတိုင်းပင်။
လူအုပ်ကြီးလည်း လက်ခုပ်လက်ဝါးတီးလျက် အားပေးလိုက်ကြသည်။
ထိုငါးမန်းဖြူကြီးကို မွေးမြူထားတာကြာပြီဖြစ်ပြီး ရေငုပ်သမားတွေနဲ့လည်း ရင်းနှီးသည်။ ထို့ကြောင့် ဒီလို ဖြစ်ရပ်မျိုး မြင်လိုက်ရသောအခါ အားလုံးက ငါးမန်းဖြူကြီး အသိဉာဏ်ရှိတာကြောင့်သာ ဖြစ်မည်ဟု တွေးလိုက်ကြပါသည်။
သို့သော်လည်း လုကျန်းယွီနဲ့ အိမ်တော်ထိန်းကျန်းတို့၏ မျက်နှာကတော့ အတော်လေး ပဋိပက္ခဖြစ်နေကြသည်။
စူစူလေးရဲ့ သာမန်ထက် ထူးကဲသော အစွမ်းအစများကို သူတို့ မြင်ဖူးပါသည်။
သို့သော်လည်း စူစူလေးက တိရိစ္ဆာန်တွေနဲ့ပါ စကားပြောနိုင်မှန်း သိလိုက်ရသောအခါ နှစ်ယောက်စလုံး ဟန်မဆောင်နိုင်ဘဲ အံ့အားသင့်သွားကြပါသည်။
ဒီလိုသာဆို စူစူလေးအတွက် ကောင်းတာလည်းဖြစ်နိုင်သလို အန္တရာယ်တွေလည်း ရှိလာနိုင်သည်။
လူအုပ်ကြီး လူစုကွဲသွားမှ လုကျန်းယွီက စူစူလေးကို အနားခေါ်ပြီး တိုးတိုးတိတ်တိတ် သတိပေးလိုက်ပါသည်။
“စူစူလေး နောက်ဆို ဘေးနားမှာ သူစိမ်းတွေရှိရင် သတိထားနော်။ တိရိစ္ဆာန်တွေနဲ့ စကားပြောနေတာကို သူများတွေ မမြင်စေနဲ့ကြားလား။ စူစူလေးက ဆန်းကြယ်တဲ့လူ ဖြစ်တာနဲ့ပဲ ဒုက္ခပေးချင်တဲ့လူတွေ ဒီကမ္ဘာကြီးမှာ အများကြီး ရှိတယ်”
စူစူလေးက လုကျန်းယွီပြောတာကို နားထောင်ပြီး ရုတ်တရက် သူမ ပါးစပ်ကလေးကို လက်ဖြင့် အုပ်လိုက်ပါသည်။ “ဟာ! ဟုတ်သားပဲ!”
ရေငုပ်သမားကို ကယ်တင်ဖို့သာ အာရုံများနေသဖြင့် သူများတွေ ကြားသွားမှာကို စူစူလေး သတိမထားခဲ့ပါ။
လုကျန်းယွီရဲ့ စကားကိုကြားမှ စူစူလေး သတိရသည်။ သူမကိုယ်သူမ သာမန်လူသားတွေနဲ့ ကွာခြားမှန်း သိသည်။ သူမက နတ်သားရဲတစ်ကောင်ဖြစ်ပြီး လူသားတွေ အားလုံးထက် စွမ်းအားကြီးပါသည်။
သူမ အစွမ်းတွေ အားလုံးထုတ်ပြလို့မဖြစ်ပါ။ လူသားတွေ ကြောက်သွားကြလိမ့်မည်။ ထို့ကြောင့် သာမန်အခြေအနေမှာဆို သူမ တိတ်တဆိတ် နေထိုင်ရမည်။
သို့သော်လည်း တစ်စုံတစ်ယောက် အန္တရာယ်ကျရောက်နေတာကို မြင်တိုင်း စူစူလေးက ကယ်တင်ဖို့သာ အာရုံများပြီး ကျန်တာမေ့လျော့သွားတတ်သည်။
“ဟုတ်ပြီ။ နောက်ဆို သူများတွေကို မကယ်ခင် ကို့ယ်အတွက်ကိုယ် အရင်စဉ်းစားနော်။ ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်ပြီးမှ သူများတွေကို ကယ်တင်။ နားလည်လား”
စူစူလေး၏ တွေးပုံခေါ်ပုံက ရိုးရှင်းမှန်း လုကျန်းယွီ သိပါသည်။ ထိုရိုးရှင်းမှုလေးက လှပသော်လည်း သူမ ဘေးကင်းလုံခြုံဖို့ လိုအပ်သည်။
“ဟုတ်ကဲ့ပါ အကောင်းဆုံး ကြိုးစားပါ့မယ်…”။ စူစူလေး ခေါင်းငြိမ့်ကာ စကားနားထောင်လိုက်သည်။
ထို့နောက် သေချာစဉ်းစားလိုက်ပြီး လုကျန်းယွီကို မေးလိုက်ပါသည်။ “ကိုကြီးကော သမီးကို ကြောက်လား”
… … …