← Chapters

အခန်း (၄၉၀_၄၉၁)

Vol. 20 Ch. 490-491

အခန်း (၄၉၀_၄၉၁)

Vol. 20 Ch. 490-491

အခန်း(၄၉၀) စူစူလေး ခွင့်လွှတ်ပြီလား

လုကျန်းယွီက တွန့်ဆုတ်မှုမရှိဘဲ ခေါင်းခါလိုက်သည်။ “မကြောက်ပါဘူး။ စူစူလေးက စူစူလေးပဲလေ။ ဘယ်လိုပုံစံပဲ ဖြစ်နေပါစေ ကိုကြီးရဲ့ သူငယ်ချင်းပဲ။ ကိုကြီးကို ကာကွယ်ပေးတယ်။ ကိုကြီးအတွက် စဉ်းစားပေးတယ်။ ခွန်အားကြီးပြီး ရုပ်လည်းချောတယ်”

“ဟုတ်တယ် ဟုတ်တယ်!”

ကိုကြီးပြောတာ အရမ်းမှန်တယ်! ပျော်လိုက်တာ!

ထိုစဉ် လုံခြုံရေးအခန်းတစ်ခုထဲ၌ လူတစ်ယောက်က ဖန်သားပြင်ပေါ်မှာ ထင်ဟပ်နေသော စူစူလေး၏ ပုံရိပ်ကို သေချာ စောင့်ကြည့်နေပါသည်။

တစ်ချိန်တည်းမှာပင် ရေငုပ်သမားရေနစ်သည့် ဗီဒီယိုကို အကြိမ်ကြိမ်အခါခါ ပြန်ရစ်ကြည့်လိုက်သည်။

အသံကို တိုးမြှင့်ကာ ဆူညံသံတွေကို လျှော့ချလိုက်ပြီး မလိုအပ်သည့် အသံတွေကို ဖယ်ရှားလိုက်ရာ နောက်ဆုံးတော့ စူစူလေးရဲ့အသံကို သဲသဲကွဲကွဲ ကြားလိုက်ရသည်။

“ငါးကြီးရေ ငါးကြီး! အဲ့ဒီလူ ဒုက္ခရောက်နေပြီ။ သူ့ကို ကုန်းပေါ်ရောက်အောင် အမြန်ပို့ပေးလိုက်!”

သူထပ်ခါထပ်ခါ နားထောင်လိုက်သည်…။

အကြိမ်ကြိမ် အတည်ပြုလိုက်သည်…။

နောက်ဆုံးတော့ သူရှာနေသည့် ပုဂ္ဂိုလ်က ဒီကလေးမလေးဖြစ်မှန်း သေချာသလောက် ရှိသွားပါပြီ…။

--- --- ---

ငါးပြတိုက်မှာ တစ်နေကုန်ပျော်ပါးပြီးနောက် စူစူလေးနဲ့ လုကျန်းယွီတို့ လုအိမ်တော်ကို အတူတူ ပြန်လာကြသည်။

သခင်ကြီးလုက အိမ်အပေါက်ဝမှာ ရပ်လျက် သူတို့နှစ်ယောက်ကို ကြိုဖို့ စောင့်နေပါသည်။ သူတို့ ပြန်လာတာကို မြင်သောအခါ စူစူလေးကို ရယ်မောရင်း မေးလိုက်သည်။ “စူစူလေး ဒီနေ့ ပျော်ခဲ့ရဲ့လား”

စူစူလေး ၂ စက္ကန့်လောက် စဉ်းစားလိုက်သည်။ “အင်း ပျော်ပါတယ်”

ပျော်သည်ဟု ပြောသော်လည်း သူမ မျက်နှာလေးပေါ်မှာ ပျော်ရွှင်သည့်အရိပ်အယောင် မတွေ့ရပါ။

ထို့ကြောင့် သခင်ကြီးလု ထိတ်လန့်သွားသည်။ “စူစူလေး ဘာဖြစ်လို့လဲ။ ဘာလို့ ဝမ်းနည်းတဲ့ပုံ ပေါက်နေတာလဲ”

စူစူလေးက ပြန်ပြောလိုက်သည်။ “ဘိုးဘိုးကို စိတ်ဆိုးရဦးမယ်လေ”

ပျော်တာက ပျော်သော်လည်း သခင်ကြီးလုကို စိတ်ဆိုးရမှာ မေ့လို့မဖြစ်ပါ။

“အဲ…”။ သခင်ကြီးလု ရယ်လည်းရယ်ချင် ဝမ်းလည်းဝမ်းနည်းသွားသည်။

ဘာလို့ ခုချိန်ထိ စိတ်ဆိုးနေသေးတာလဲ!

ဒီကလေးမလေး အငြှိုးအတေးထားတာ ကိစ္စမရှိပါ။ သို့သော် သူနဲ့ကျမှ ဘာလို့ ရုပ်တည်ကြီးနဲ့ စကားပြောနေရတာလဲ။

“စူစူလေး တစ်နေကုန် လျှောက်လည်လာရတော့ ဗိုက်ဆာနေမှာပေါ့။ အရသာရှိတဲ့ အစားအသောက်တွေ ဘိုးဘိုး ပြင်ပေးထားတယ်! စူစူလေးကြိုက်တဲ့ ကောက်ညှင်းကြာစွယ်၊ ဝက်နားရွက်၊ ငါးအသားလုံး၊ ကဏန်းအကြီးကြီးတွေ၊ ကျောက်ပုစွန်အကြီးကြီးတွေလည်း ပါသေးတယ်!”။ သခင်ကြီးလုက အစားအသောက်နဲ့ အာရုံလွှဲဖို့ ကြိုးစားလိုက်ပါသည်။

စူစူလေး မျက်လုံးများ အရောင်လက်သွား၏။

သခင်ကြီးလုက ဒါကိုမြင်ပြီး သူပြင်ဆင်ထားတာတွေ အလကားမဖြစ်တော့ဘူးဟု တွေးလိုက်မိပါသည်။ ထို့နောက် စူစူလေးနဲ့ လုကျန်းယွီတို့အား ညစာစားပွဲသို့ အမြန်လိုက်ပို့ပေးဖို့ အိမ်တော်ထိန်းကျန်းကို ပြောလိုက်သည်။

စူစူလေးက ခပ်သုတ်သုတ် ပြေးသွားသော်လည်း လုကျန်းယွီကတော့ မသွားသေးပါ။

“အဘိုး၊ စူစူလေး အဲ့တာတွေ အများကြီး မစားသင့်ဘူး”။ လုကျန်းယွီက သခင်ကြီးလုကို သတိပေးလိုက်ပါသည်။

ကလေးတွေက ဆီဆားများတာတွေ၊ သကြားများတာတွေ အများကြီးစားလို့ မဖြစ်ပါ။ သို့သော်လည်း စူစူလေး အလွန်ပျော်ရွှင်နေတာကို မြင်သဖြင့် လုကျန်းယွီ မတားရက်ပါ။

“တစ်ခါတလေပါ၊ တစ်ခါတလေမှပါကွာ”။ သခင်ကြီးလုက အပြုံးဖြင့် တောင်းဆိုလိုက်သည်။ “ဒီတစ်ခါပဲ စူစူလေးကို ချော့ဖို့အတွက် ခွင့်ပြုပေးပါ”

“နောက်တစ်ခါ မလုပ်နဲ့နော်”

“ဟုတ်ပါပြီ။ မင်းလည်း သွားစားတော့!”။ သခင်ကြီးလုက ပြောလိုက်ပါသည်။

ညစာ စားပွဲဝိုင်းတွင် သခင်ကြီးလုက သိပ်မစားဘဲ ကလေး ၂ ယောက်ကိုသာ စောင့်ကြည့်နေပါသည်။

စူစူလေးက ငယ်ရွယ်ပြီး ခြေတံလက်တံလေးများ တိုသဖြင့် သူမရှေ့က ဟင်းခွက်တွေကိုသာ မှီသည်။ ထို့ကြောင့် စူစူလေးကြိုက်တာ ယူပေးနိုင်ဖို့အတွက် သခင်ကြီးလုက အိမ်စေ ၂ ယောက်ကို တာဝန်ပေးထားသည်။

စူစူလေးပုံစံမှာ ရှေးခတ်နန်းတွင်းကားတွေထဲက ဧကရီဘုရင်မကြီးတစ်ပါးလိုပင်။

စူစူလေး‌ အားရပါးရစားနေတာကို အခွင့်ကောင်းယူပြီး သခင်ကြီးလုက ပြောလိုက်သည်။ “စူစူလေး ဘိုးဘိုးကို ဒေါသ မထွက်တော့ဘူးမလား။ ခွင့်လွှတ်ပေးလို့ ရမလား”

စူစူလေး စားနေတာ ရပ်လိုက်ပြီး သခင်ကြီးလုကို ကြည့်ကာ ၃ စက္ကန့် စဉ်းစားလိုက်သည်။ “ဒါဆို သမီး သူငယ်ချင်းတွေကို ထပ်အနိုင်မကျင့်ရဘူးနော်!”

“အနိုင်မကျင့်တော့ပါဘူး! စူစူလေးရဲ့ သူငယ်ချင်းတွေကို အနိုင်မကျင့်တော့ပါဘူး!”

ထို့နောက် သခင်ကြီးလုက သတိထားပြီး စူစူလေးကို မေးလိုက်သည်။ “အဲ့တာဆို စူစူလေး ခွင့်လွှတ်ပေးမှာလား”

… … …

အခန်း(၄၉၁) လူဆိုးဆိုတာ သိထားရင်ရပြီ

“ဟုတ်ပြီ! အဲ့တာဆို ခွင့်လွှတ်တယ်!”။ နောက်ဆုံးတော့ သခင်ကြီးလုကို ခွင့်လွှတ်ပေးဖို့ စူစူလေး ဆုံးဖြတ်လိုက်သည်။

“ဟားဟားဟားဟားဟား”။ သခင်ကြီးလု အားရပါးရ ရယ်မောလိုက်ပါသည်။

နောက်ဆုံးတော့ စူစူလေးရဲ့ ခွင်လွှတ်မှုကို ရပြီပေါ့။

သူ့အတွက် မလွယ်ကူခဲ့ပါ။ စူစူလေးကို နောက်တစ်ခါ ဒေါသထွက်အောင် မလုပ်မိဖို့ သတိထားရမည်။ ဒီကောင်မလေးက အငြှိုးအတေးကြီးလွန်း၏။

စူစူလေးနဲ့ ပြေလည်သွားပြီးနောက် သခင်ကြီးလု စိတ်ရွှင်သွားသည်။ ထိုအခါမှ မနက်က လင်းယုရှန်းတို့ လာလည်မှန်း သတိရသွားပါသည်။

ထို့ကြောင့် လုကျန်းယွီကို အသိပေးလိုက်သည်။ “ဒါနဲ့ ကျန်းယွီ။ မင်းတို့ ငါးပြတိုက်ကို သွားနေတုန်း မင်းဒေါ်လေးတို့ မိသားစု ရောက်လာတယ်။ သူ့ယောက်ျားနဲ့ သမီးပါ ပါတယ်”

လုကျန်းယွီ တူကိုင်ထားသည့်လက် ခေတ္တရပ်တန့်သွားပြီး ခံစားချက်မဲ့စွာ ပြန်ပြောလိုက်သည်။ “ကျွန်တော် ချူးဟမ့်ကို မတွေ့ချင်ဘူး။ ဖြစ်နိုင်ရင် နောက်တစ်ခါ လာတွေ့တဲ့အခါ ပြန်လွှတ်လိုက်ပါ”

လုကျန်းယွီက လင်းယုရှန်းကို မမုန်းသော်လည်း ချူးဟမ့်ကိုတော့ သဘောမကျပေ။

“အေး သူ့ကို မင်းသဘောမကျမှန်း ဘိုးဘိုးသိပါတယ်”

ကျန်းယွီကို ဂရုစိုက်သည့် လင်းယုရှန်းကြောင့်သာ မဟုတ်လျှင် ထိုလူ့ကို အိမ်ထဲဝင်ခွင့်တောင် ပေးခဲ့မှာ မဟုတ်ပါ။

“ကိုကြီး အဲ့ဒီလူကို သဘောမကျရင် အိမ်ထဲမဝင်ခိုင်းနဲ့!”။ စူစူလေးက ပြောလိုက်၏။

လုကျန်းယွီ ဘယ်သူ့ကို ပြောနေတာလဲဆိုတာ စူစူလေး မသိပေ။ သို့သော် အိမ်မှာ သူမတို့ မိသားစုသဘောမကျသည့်လူတွေဆို အိမ်ထဲဝင်ခွင့်မပေးပါ။

“သူက လူကောင်းမဟုတ်ပေမယ့် ကိုကြီးဒေါ်လေးသဘောကျတဲ့လူလေ။ ပြီးတော့ ဒေါ်လေးက ကိုကြီးအပေါ် အရမ်းကောင်းတော့ သူစိတ်မကောင်းဖြစ်မှာစိုးလို့”။ လုကျန်းယွီက ရှင်းပြလိုက်သည်။

“ကိုကြီးရဲ့ဒေါ်လေးက လူဆိုးကိုကြိုက်တာလား”။ စူစူလေး မေးလိုက်သည်။

“အဲ့လိုပြောလို့ရပါတယ်”

“လူဆိုးနဲ့ လူကောင်းအတူတူ မနေသင့်ဘူး။ သူတို့နဲ့ အတူတူမနေခိုင်းနဲ့ ကိုကြီး!”။ စူစူလေးက ပြောလိုက်သည်။

“စူစူလေးက ဘယ်လိုလုပ်သင့်တယ် ထင်လို့လဲ’

စူစူလေးရဲ့ အထင်အမြင်ကို လုကျန်းယွီရုတ်တရက် စိတ်ဝင်စားသွားသည်။

သူမသာဆို ဘာလုပ်မလဲ။

“သူက လူဆိုးဆိုတာ ကိုကြီးဒေါ်လေးကို ပြောထားလေ။ သူလှည့်စားတာကို မခံရစေနဲ့!”။ စူစူလေးက အကြံပေးလိုက်၏။

သူမရဲ့ ကလေးဆန်သည့်အသံလေးနဲ့ ပြောလိုက်သည့်စကား လုမိသားစုဝင် ၂ ယောက် ကြုံတွေ့နေရသည့် ပြဿနာအတွက် အဖြေဖြစ်သည်။

သခငက်ြီးလုနဲ့ လုကျန်းယွီတို့ အချင်းချင်း ကြည့်လိုက်ကြ၏။ ဒီလိုနည်းလမ်းမျိုးကို မစဉ်းစားမိတာ မဟုတ်သော်လည်း မလိုအပ်ဘူးဟုထင်၍ အသုံးမချခဲ့ကြတာဖြစ်သည်။

သူများအိမ်ထောင်ရေးထဲ ကြားဝင်စွက်ဖက်ရမှာ သူတို့အတွက် မသင့်တော်ပေ။

သို့သော်လည်း စူစူလေးပေးသည့် အကြံကို နားထောင်ပြီးမှ သူမပြောသည့်အတိုင်း လုပ်သင့်သည်ဟု ခံစားလာရသည်။

--- --- ---

နောက်တစ်နေ့ စူစူလေး ပုံမှန်အတိုင်း မူကြိုသွားခဲ့သည်။

ဒီနေ့ ချူးယန်ရှီ အစောကြီးရောက်နေပြီး စူစူလေးကို စောင့်နေပါသည်။

စူစူလေး စာသင်ခန်းထဲ ရောက်တာနဲ့ ဖတ်စာအုပ်တွေ ထုတ်လိုက်သည်။ စာအုပ်ဖွင့်ဖို့ ပြင်လိုက်စဉ် သူမဆီ ချူးယန်ရှီလျှောက်လာတာကို မြင်လိုက်ရသည်။

“မနေ့က ငါ့ဝမ်းကွဲအစ်ကိုနဲ့ အပြင်လျှောက်လည်တယ်ပေါ့”။ ချူးယန်ရှီက စွပ်စွဲသော လေသံဖြင့် မေးလိုက်သည်။

အနားမှာ လူကြီးတွေ မရှိသဖြင့် ရင့်ကျက်သော အသွင်အား ချူးယန်ရှီ ဖုံးကွယ်ထားစရာ မလိုပါ။ လုပ်ရပ်တိုင်း၊ စကားတိုင်း၊ မျက်နှာပေးတိုင်းက လက်ရှိအသက်အရွယ်နဲ့ မလိုက်ဖက်လှပေ။

“ဟုတ်တယ်လေ။ ကိုကြီးနဲ့ လျှောက်လည်တာ”။ စူစူလေးကလည်း အမှန်တိုင်း ပြောလိုက်သည်။

“ဘယ်သွားတာလဲ။ ဘာတွေ လုပ်ခဲ့ကြလဲ”။ ချူးယန်ရှီ မေးလိုက်သည်။

“မပြောပြဘူး!”။ စူစူလေးက နှုတ်ခမ်းလေးစူကာ ငြင်းလိုက်ပါသည်။

ချူးယန်ရှီသာ ကောင်းကောင်းမွန်မွန်မေးလျှင် စူစူလေး ပြန်ဖြေပါသည်။ သို့သော်လည်း ဒီလို မောက်မောက်မာမာ လာမေးရင်တော့ ပြန်ဖြေမှာ မဟုတ်ပေ။

ချူးယန်ရှီက စူစူလေးကို ဆူငေါက်လိုက်ပါသည်။ “နင့်မှာ အစ်ကိုတွေ မရှိဘူးလား။ ဘာလို့ ငါ့ဝမ်းကွဲအစ်ကိုနားမှာ အမြဲတမ်း တဝဲလည်လည်လုပ်နေတာလဲ”

စူစူလေးက ပြန်ပြောလိုက်သည်။ “ငါ့ကိုကြီးနဲ့ငါ လျှောက်လည်တာ နင့်ဝမ်းကွဲအစ်ကိုနဲ့ ဘာဆိုင်လဲ။ နင့်ဝမ်းကွဲအစ်ကိုနဲ့ နင်အဆင်ပြေအောင် နေပါလား”

“တုံးချင်ယောင် မဆောင်နဲ့။ နင့်ကိုကြီးဆိုတာ ငါ့ဝမ်းကွဲအစ်ကိုလေ!”

… … …

All Chapters