← Chapters

အခန်း (၄၉၄-၄၉၅)

Vol. 20 Ch. 494-495

အခန်း (၄၉၄-၄၉၅)

Vol. 20 Ch. 494-495

အခန်း(၄၉၄) ကိုကြီးအတွက် မွေးနေ့လက်ဆောင် ပြင်ဆင်ခြင်း

ချင်းလောင်ယွင်၏ မေးခွန်းကို ကြားပြီး အတန်းဖော်တွေ အားလုံး မော့ကြည့်ကာ ပြောလိုက်ကြသည်။

“စူစူလေးက အရမ်းတော်တာ!”

“စူစူလေး အတော်ဆုံးပဲ!”

“မြင်းကြီးတွေကိုတောင် စီးတတ်တယ်!”

“စူစူလေးက ငါ့အိုင်ဒေါ”

“…”

စူစူလေးကို ဘယ်လောက်လေးစားကြောင်း ကလေးတွေ အလုအယက် ပြောနေကြသည်။

ချူးယန်ရှီ ဆွံ့အသွား၏။

တကယ် ကလေးတွေပါပဲလား။ မြင်းစီးပြလိုက်တာနဲ့ သူရဲကောင်းကြီးလို ထင်နေကြတာ!

“ကြားလား။ ဒေါ်လေးစူစူက တော်ပြီးသား!”။ ချင်းလောင်ယွင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“အေးပါ အေးပါ တော်ပါတယ်။ နင်တို့ ကလေးတွေနဲ့ ပြိုင်မငြင်းချင်တော့ဘူး!”

ချင်းလောင်ယွင်နဲ့ တခြားကလေးတွေကို ပြန်မချေပနိုင်တော့သဖြင့် စိတ်ထဲမထားဖို့သာ ချူးယန်ရှီ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။ သူမရဲ့ လူကြီးစိတ်ဝိညာဉ်က ကလေးတစ်သိုက်နဲ့ ဖက်ပြီး ရန်မဖြစ်သင့်ပါ။ အနိုင်ရသွားရင်တောင် စိတ်ကျေနပ်စရာ ကောင်းမှာ မဟုတ်ပေ။

ချူးယန်ရှီ ပြန်ထွက်သွားတာကိုကြည့်ရင်း ချင်းလောင်ယွင် ပြောလိုက်၏။ “ဒေါ်လေးစူစူ။ သူက သဘောမကောင်းဘူး။ သူ့ကို စိတ်ထဲမထားနဲ့!”

ဒေါ်လေးစူစူက သူမ အပိုင်ဖြစ်သည်။ ချူးယန်ရှီ လာလုလို့ မရပါ။

“အွန်း၊ ငါလည်း သူ့ကို သဘောမကျဘူး”။ စူစူလေးက ပြန်ပြောလိုက်သည်။

ဒီတူမလေးကတော့… သူမရဲ့ သူရဲကောင်းဆန်တဲ့ အစွမ်းအစတွေအကုန်လုံးကို သိနေပြီပေါ့!

--- --- ---

ထိုနေ့ညနေ ကျောင်းဆင်းသောအခါ အိမ်ပြန်ရောက်တာနဲ့တစ်ပြိုင်နက် စူစူလေး အိမ်အပေါ်ထပ် ပြေးတက်သွားခဲ့သည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ အချင်းချင်း ကြောင်စီစီ ကြည့်လိုက်ကြ၏။

“ဒီနေ့ ငါတို့သမီးလေး ဘာဖြစ်နေတာလဲ မိန်းမ။ အိမ်ပြန်ရောက်တာနဲ့ အပေါ်ကို ပြေးတက်သွားတယ်”။ အဘိုးချင်းက စိတ်ပူစွာ မေးလိုက်သည်။

“မပြောနဲ့တော့။ သွားကြည့်ကြရအောင်”။ အဘွားချင်းလည်း စိုးရိမ်နေပါသည်။

လင်မယားနှစ်ယောက် သဘောတူညီချက်ရပြီး အပေါ်ထပ်တက်ကာ စူစူလေးနောက် လိုက်လာခဲ့သည်။

အခန်းထဲတွင် သေတ္တာကြီးတစ်လုံးထဲ စူစူလေး ကိုယ်တစ်ပိုင်းဝင်နေပါပြီ။ အထဲမှာ ပစ္စည်းတစ်ခုခုကို အသည်းအသန် ရှာဖွေနေပုံရသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ အခန်းထဲဝင်လာခဲ့ကြ၏။

အဘွားချင်းက မေးသည်။ “သမီးလေး ဘာတွေရှာနေတာတုန်း။ ဖေဖေနဲ့‌ မေမေ့ကို ပြောလေ။ မေမေတို့ ကူရှာပေးမှာပေါ့ ဟုတ်ပြီလား”

သေတ္တာထဲမှ စူစူလေး ခေါင်းပြူထွက်လာပြီး ပြန်ပြောလိုက်သည်။ “မေကြီး ကိုကြီးမွေးနေ့ ရောက်တော့မယ်။ သမီးကိုကြီးကို မွေးနေ့လက်ဆောင် ပေးချင်လို့!”

“အဲ့လိုကိုး။ အဲ့တာဆိုလည်း သေချာရွေးနော်။ အကူအညီလိုရင်လည်း ပြောဦး မေမေတို့ကူရှာပေးမယ်”။ အဘွားချင်းက အမြန်ပြောလိုက်သည်။

“အွန်း!”။ ထို့နောက် သူမရဲ့ ရတနာသေတ္တာထဲ စူစူလေး ဆက်လက်ရှာဖွေလိုက်သည်။

သူများဆီက ရထားတဲ့ လက်ဆောင်တွေကိုတော့ ပြန်ပေးလို့မဖြစ်ဘူး…။ သူမကြိုက်တဲ့ ပစ္စည်းလေးတွေ… အဝါရောင် ပစ္စည်းလေးတွေ၊ ရုပ်ပြစာအုပ်လေးတွေ၊ အရုပ်လေးတွေ… ကိုကြီးက ဒါတွေ မလိုအပ်လောက်ဘူး…။

စူစူလေး သေတ္တာထဲမှာ ရွေးရခက်နေတာကို အဘိုးချင်းတို့မြင်သော်လည်း ဝင်မနှောင့်ယှက်ပါ။ အနီးနားမှာ မတ်တပ်ရပ်နေပြီး သူတို့သမီးလေး အကြံလာတောင်းမှာကိုသာ စောင့်နေပါသည်။

အချိန်အတန်ကြာသောအခါ စူစူလေး ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ကိုယ့်နဖူးကိုယ် ရိုက်လိုက်ပါသည်။

ထို့နောက် သေတ္တာထဲမှ ပြန်ထွက်လာပြီး တံခါးဆီ ပြေးသွားသည်။

တံခါးဝမှာ ရပ်တန့်သွားပြီးနောက် အဘိုးချင်းနဲ့ အဘွားချင်းတို့လက်ကို ဆွဲလိုက်ပါသည်။

“ဖေဖေနဲ့ မေမေ! သမီးအကူအညီလိုတယ်!”

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဖေဖေတို့ ကူညီပေးပါ့မယ်။ စိတ်အေးအေးထားပါဦး”။ အဘိုးချင်းက အမြန်ပြန်ပြောလိုက်ပါသည်။

သူတို့ သမီးလေးကို ကူညီပေးရတာလောက် ပျော်စရာကောင်းသည့်အလုပ်မရှိပါ။

--- --- ---

ဒီနေ့က လုကျန်းယွီ၏ မွေးနေ့ဖြစ်သည်။

သို့သော် သူ့မွေးနေ့မှာ လုကျန်းယွီ နည်းနည်းလေးတောင် မပျော်ပါ။

လွန်ခဲ့သည့် ၂ နှစ်တုန်းက သူ့အမေနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်ခဲ့သည်။

သူ့ခြေထောက်တွေ ဒီလိုဖြစ်သွားခဲ့ပြီး သူ့အမေကတော့… သူ့လောက် ကံမကောင်းလှပါ။

ထို့ကြောင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း သူ့မွေးနေ့ရောက်တိုင်း မွေးနေ့ပွဲ ကျင်းပဖို့နေသာသာ အခန်းထဲမှာသာ တစ်ယောက်တည်း ပိတ်လှောင်နေခဲ့သည်။

သို့သော် ဒီနေ့တော့ လုကျန်းယွီ၏ ဖုန်းသံ ရုတ်တရက် မြည်လာပါသည်။

… … …

အခန်း(၄၉၅) မိုးပျံပူပေါင်း (၁)

လုကျန်းယွီက ဖုန်းဖန်သားပြင်ကို လှမ်းကြည့်လိုက်ရာ ဖုန်းခေါ်ဆိုနေသူက စူစူလေးဖြစ်နေသည်။

ဝှီးချဲဖြင့် စားပွဲဘေးသို့ သွားကာ လုကျန်းယွီ ဖုန်းကိုင်လိုက်ပါသည်။

“ကိုကြီး!”

စူစူလေးရဲ့ အသံချိုချိုလေး ဖုန်းထဲမှ ထွက်လာသည်။

“စူစူလေး ဘာဖြစ်လို့လဲ”။ လုကျန်းယွီ နူးညံ့သိမ်မွေ့စွာ မေးလိုက်၏။

ဒီအချိန် စူစူလေး မူကြိုမှာ ရှိနေရမှာ မဟုတ်လား။ သူ့ကို ဖုန်းဆက်တယ်ဆိုတော့ တစ်ခုခု ဖြစ်လို့များလား။

“ကိုကြီး အောက်ဆင်းခဲ့!”။ စူစူလေးက ပြောသည်။

“ဟင် ဘယ်ကိုဆင်းရမှာလဲ”။ လုကျန်းယွီ ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

“အောက်ထပ်ကို ဆင်းခဲ့လို့!”

“အောက်ထပ်ဟုတ်လား။ ကိုကြီးအိမ်က အောက်ထပ်လား”

“ဟုတ်တယ်!”

“တစ်ခုခုဖြစ်နေလို့လား!”

“အဲ့တာ လျှို့ဝှက်ချက်!”

လုကျန်းယွီ မျက်မှောင်ကြုတ်သွားသည်။

ဒီနေ့ သူစိတ်ရွှင်မနေသဖြင့် အပြင်မထွက်ချင်ပါ။

သို့သော်လည်း စူစူလေးရဲ့ စိတ်ပါလက်ပါ ဖိတ်ကြားမှုလေးကို မငြင်းရက်ပေ။

ခေတ္တတွန့်ဆုတ်သွားပြီးနောက် လုကျန်းယွီ သဘောတူလိုက်ပါသည်။ “အင်းပါ ဆင်းလာခဲ့မယ်နော်”။

လုကျန်းယွီ ဝှီးချဲခလုတ်ကို နှိပ်လျက် အခန်းထဲမှ ထွက်လာခဲ့ပါသည်။

အိမ်ရှေ့တံခါးကြီး ပွင့်နေပြီး အိမ်ထဲမှာ အိမ်စေတွေ တစ်ယောက်မှ မရှိပါ။

နေ့ခင်းကြောင်တောင်ကြီး အိမ်စေတွေ ဘယ်ရောက်သွားတာလဲ။

လုကျန်းယွီ ခြံပြင်ထွက်သွားသည်။ ခြံထဲမှာ သစ်ပင် ပန်းပင်များဖြင့် စိမ်းစိုနေသော်လည်း အလုပ်သမား တစ်ယောက်မှ မတွေ့မိပါ။

ခြံအလယ်ကို ရောက်သောအခါ လုကျန်းယွီ လှည့်ပတ်ကြည့်လိုက်သည်။

“စူစူလေး ဘယ်မှာလဲ”

လုကျန်းယွီ အူကြောင်ကြောင်ဖြစ်နေစဉ် တစ်စုံတစ်ခုက သူ့ဝှီးချဲကို လေပေါ်မြှောက်လိုက်ပါသည်။

လုကျန်းယွီ နောက်လှည့်ကြည့်လိုက်ရာ အိမ်တော်ထိန်းကျန်းကို မြင်လိုက်ရသည်။

“ဦးလေးကျန်း ဘာလုပ်တာလဲ”

အိမ်တော်ထိန်းကျန်းက ဘာမှမပြောပေ။ အခုချိန်မှာ သူ့ပုံစံက အ,အကြီး တစ်ယောက်လိုပင်။

ထို့နောက် အိမ်တော်ထိန်းကျန်းက လုကျန်းယွီကို ခြင်းကြီးတစ်ခြင်းထဲ ထည့်လိုက်သည်။

တကယ်တော့ ခြင်းကြီးသက်သက်မဟုတ်ပါ။ ဧရာမမိုးပျံပူပေါင်းကြီးဖြင့် ဆွဲထားသည့် ခြင်းကြီးဖြစ်သည်။

လုကျန်းယွီကို မိုးပျံပူပေါင်းခြင်းကြီးထဲ ထည့်ပြီးနောက် အိမ်တော်ထိန်းကျန်း ထွက်ပြေးသွားသည်။ စကားတစ်ခွန်းမှ မပြောသလို ဘာမှလည်း မတုန့်ပြန်ခဲ့ပါ။

မိုးပြန်ပူပေါင်းကြီးကို လောင်စာပေးထားပြီးပြီဖြစ်ကာ လုကျန်းယွီ ခြင်းထဲရောက်တာနဲ့တစ်ပြိုင်နက် ဧရာမ မိုးပျံပူပေါင်းကြီးက လေပေါ် စတင်တက်သွားလေသည်။

လုကျန်းယွီ ‌ဘေးပတ်လည်ကို ကြည့်လိုက်သည်။

မိုးပျံပူပေါင်းခြင်းကြီးထဲမှာ အထပ် ၂ ထပ် ရှိသည်။ သူက အောက်ထပ်မှာဖြစ်ပြီး မိုးပျံပူပေါင်းကို ထိန်းနေသည့်လူက အပေါ်ထပ်မှာ ရှိလိမ့်မည်။

ဒီအထပ်မှာတော့ လုကျန်းယွီနဲ့ အနီရောင်လက်ဆောင်ဘူးကြီးတစ်လုံးသာ ရှိသည်။

ဖဲကြိုးလေးချည်ထားသည့် အနီရောင်လက်ဆောင်ဘူးကြီးကို ကြည့်ရင်း လုကျန်းယွီ သက်ပြင်းချလိုက်သည်။

“စူစူလေး ထွက်လာခဲ့”။ လက်ဆောင်ဘူးကြီးကို လုကျန်းယွီ စကားပြောလိုက်သည်။

လက်ဆောင်ဘူးက မလှုပ်ပါ။

“စူစူလေး လက်ဆောင်ဘူးထဲမှာ ပုန်းနေမှန်း ကိုကြီးသိတယ်”။ လုကျန်းယွီ ပြောလိုက်သည်။

လက်ဆောင်ဘူး အနည်းငယ် လှုပ်လာသည်။

ထို့နောက် လက်ဆောင်ဘူးအဖုံး ပွင့်သွားပြီး စူစူလေးရဲ့ ခေါင်းလေး ပြူထွက်လာပါသည်။ “သမီးအထဲမှာ ရှိမှန်း ကိုကြီး ဘယ်လိုလုပ်သိတာလဲ’

“ဘူးကြီးက စူစူလေး တစ်ကိုယ်စာပဲရှိလို့ပေါ့”။ လုကျန်းယွီက ပြန်ပြောလိုက်ပါသည်။

“ဟုတ်သားပဲ”။ စူစူလေး သဘောပေါက်သွားပါသည်။

သူမ တခြားပစ္စည်းတွေထည့်ပြီး လက်ဆောင်ဘူးကို ပိုကြီးအောင် လုပ်ဖို့ မေ့သွားသည်။

“အာ မဟုတ်သေးပါဘူး”။ စူစူလေးက အမြန်ပြောလိုက်သည်။ “ကိုကြီးက ဘူးကို ဖွင့်ကြည့်ရမှာလေ။ အဲ့မှာ သမီးက ဘွားခနဲထွက်လာပြီး Happy Birthday လို့ ပြောရမှာ!”

အမှန်က ဒီလိုဖြစ်ရမှာကို…။

စူစူလေး စိတ်အားထက်သန်နေတာကိုမြင်ပြီး သူ့မွေးနေ့အတွက် အများကြီး ကြိုးစားအားထုတ်ထားမှန်း လုကျန်းယွီ နားလည်သွားပါသည်။

လုကျန်းယွီက စူစူလေးခေါင်းပေါ်မှ ဘူးအဖုံးကြီးကို ဖယ်ပေးလိုက်သည်။

ထို့နောက် ဘူးအဖုံးကြောင့် ရှုပ်ပွသွားသော စူစူလေးရဲ့ ဆံပင်တွေကို ပြန်ရှင်းပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ဒီလောက်ဆို လုံလောက်ပါပြီ”။ လုကျန်းယွီက ပြောလိုက်သည်။

သူ့အတွက် ဒီလို ဂရုတစိုက် မွေးနေ့လက်ဆောင် စီစဉ်ပေးထားသည့် စူစူလေးကို စိတ်မဆိုးရက်ပါ။ သို့သော် ဒီလိုနေ့မျိုးမှာ ပျော်ရွှင်ဖို့အတွက် သူတကယ် စိတ်မပါပေ။

… … …

All Chapters