← Chapters

အခန်း (၄၉၆-၄၉၇)

Vol. 20 Ch. 496-497

အခန်း (၄၉၆-၄၉၇)

Vol. 20 Ch. 496-497

အခန်း(၄၉၆) မိုးပျံပူပေါင်း (၂)

“မလုံလောက်သေးဘူး! သမီးပြောတာနားထောင်!” စူစူလေးက ပြောလိုက်သည်။

“စူစူလေး ကိုကြီးမွေးနေ့ပွဲ မလုပ်ချင်ဘူး”။ လုကျန်းယွီ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။

“ဘာလို့လဲ”

“ကိုကြီးမွေးနေ့က… ပျော်စရာကောင်းတဲ့နေ့ မဟုတ်ဘူး”။ လုကျန်းယွီ ရှင်းပြလိုက်သည်။

“ဒါပေမယ့် သမီးကိုမွေးတဲ့နေ့က ပျော်စရာအကောင်းဆုံးပဲလို့ ဖေဖေ ပြောဖူတးယ်။ သမီးကို မြင်လိုက်တော့ ကမ္ဘာကြီး တစ်ခုလုံး လှပသွားသလိုပဲတဲ့! ကိုကြီးရဲ့ ဖေဖေနဲ့ မေမေလည်း အဲ့လိုပဲ တွေးကြမှာပဲ! အဲ့တာကြောင့် မွေးနေ့ဆိုတာ ပျော်စရာကောင်းတဲ့ နေ့မဟုတ်ဘူးလား!”

စူစူလေး၏ ရိုးရှင်းသော စကားလုံးလေးများက လုကျန်းယွီ၏ နှလုံးသားကို ထိုးခွင်းသွားခဲ့သည်။

သို့သော်လည်း ဆုံးပါးသွားသည့် သူ့အမေအကြောင်း ပြန်စဉ်းစားကာ မွေးနေ့မှာ ကျန်းယွီ မပျော်နိုင်သေးပါ။

“စူစူလေး လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကိုကြီးရဲ့မွေးနေ့မှာ ကိုကြီးအမေ ဆုံးသွားတယ်။ ဒီနေ့က… သူဆုံးပါးသွားတဲ့နေ့လည်း ဟုတ်တယ်”။ လုကျန်းယွီ အမှန်အတိုင်း ပြောလိုက်သည်။

စူစူလေးကို ဖုံးကွယ်ထားဖို့ လုကျန်းယွီ စိတ်ကူးမရှိပါ။ သို့သော် သူမ နားလည်နိုင်ပါ့မလား မသေချာပေ။

“ကိုကြီးကလည်း စောစောကပြောရောပေါ့! စောစောကပြောရင် ကိုကြီးမေမေအတွကပါ လက်ဆောင် ပြင်ပေးခဲ့မှာကို!”။ စူစူလေးက ပြန်ပြောလိုက်သည်။

“ဟင်”

စူစူလေးရဲ့ အဖြေက လုကျန်းယွီ လုံးဝ မျှော်လင့်မထားသော အဖြေမျိုးဖြစ်၏။

“ကိုကြီးမေမေလည်း ကိုကြီးမွေးနေ့မှာ ပျော်ချင်မှာပေါ့! ဒါပေမယ့် သူက မရှိတော့ဘူးဆိုတော့ ဝမ်းနည်းနေမှာပဲ။ အဲ့တာကြောင့် သူ့အတွက်ပါ လက်ဆောင်ပြင်ပေးရမယ်လေ!”။ စူစူလေး ရှင်းပြလိုက်ပါသည်။

ကျန်းယွီ ကြက်သေသေသွားသည်။ သူက စူစူလေးထက် အသက်ပိုကြီးပြီး သက်တူရွယ်တူတွေထက် ဉာဏ်ရည် ပိုထက်မြက်သည်။ သို့သော် စူစူလေးတွေးသလိုမျိုး တစ်ခါမှ မတွေးဖူးပါ။

“စူစူလေး… စူစူလေးရဲ့ မေမေ ဆုံးသွားရင်ကော စူစူလေးက ဝမ်းနည်းမှာလား”။ လုကျန်းယွီ ‌မေးလိုက်သည်။

“ဝမ်းနည်းမှာပေါ့! ဒါပေမယ့် ဝမ်းနည်းပြီးရင်တော့ လိမ်လိမ်မာမာ နေရမယ်! ဒါမှ မေမေ စိတ်မကောင်းမဖြစ်မှာ! ကိုကြီး သေသွားတဲ့လူတွေက ဒီတိုင်း ပျောက်မသွားဘူး! ကိုကြီးနဲ့ အတူ အမြဲတမ်း ရှိနေမှာ!”

စူစူလေးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပါသည်။ သေဆုံးသွားသည့်လူတွေက ကိုယ့်ဘေးမှာ အမြဲတမ်း စောင့်ရှောက်ပေးနေတတ်သည်။

လုကျန်းယွီ ဒါကို ကြားဖူးသော်လည်း မယုံကြည်ခဲ့ပါ။ လူတွေ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ ဖန်တီးထားသည့် စကားဟုသာ ထင်ခဲ့သည်။

သို့သော် ဒီနေ့ စူစူလေး ပြောလာသည့်အခါ လုကျန်းယွီ ယုံကြည်သွားပါသည်။ ဘာကြောင့်မှန်း မသိပါ။ ဧကန္တ စူစူလေးရဲ့ တဲ့တိုးဆန်မှုကြောင့်လား။ ဒါမှမဟုတ် သူမရဲ့ ဖြူစင်ရိုးသားမှုလေးကြောင့်ပဲလား။

ဒါတွေကို နားလည်သွားတာနဲ့ လုကျန်းယွီ နှုတ်ခမ်းပေါ် အပြုံးတစ်ခုပေါ်လာသည်။ “ကျေးဇူးတင်ပါတယ် စူစူလေး။ စူစူလေးအကြံပေးတဲ့အတိုင်း မွေးနေ့ပွဲကို သေချာကျင်းပလိုက်ပါ့မယ်”

“အွန်း!”။ စူစူလေးက ခေါင်းငြိမ့်လိုကသ်ည။ “ကိုကြီးအတွက် မွေးနေ့လက်ဆောင်ပြင်ထားတယ်!”

“ဒီ မိုးပျံပူပေါင်းကြီး စီစဉ်ပေးထားပြီးသား မဟုတ်ဘူးလား”။ ဒီမိုးပျံပူပေါင်းက စူစူလေးရဲ့ ကိုယ်ပိုင်အိုင်ဒီယာ မဟုတ်မှန်း လုကျန်းယွီ သိပါသည်။ တခြားသူတစ်ယောက်ယောက်က သူမကို အကြံပေးထားတာဟု ထင်ခဲ့သည်။

“ပျံတဲ့ပူပေါင်းကြီးကို သမီးလုပ်ပေးထားတာမဟုတ်ဘူး။ ကိုကြီးရဲ့ ဘိုးဘိုး လုပ်ပေးထားတာ!” စူစူလေး ရှင်းပြလိုက်သည်။

ကိုကြီးရဲ့မွေးနေ့အတွက် ရှုခင်းကောင်းသည့် နေရာတစ်ခုရှာပေးဖို့ သခင်ကြီးလုကို စူစူလေး အကူအညီတောင်းခဲ့သည်။

သခင်ကြီးလုက သူ့တာဝန်သာထားဟု ပြောသွားသည်။ ထို့နောက် ဒီမိုးပျံပူပေါင်းကြီး ရောက်လာပါသည်။

လုကျန်းယွီ နားလည်သွားပါသည်။ ဒီမိုးပျံပူပေါင်းက စူစူလေးရဲ့အကြံ မဟုတ်ပါ။ သူ့အဘိုးကလည်း သူ့ကို အိမ်ထဲမှ ထွက်လာစေချင်တာဖြစ်မည်။ ဒါ့ကြောင့် စူစူလေးကို အကူအညီပေးခဲ့တာ ဖြစ်ပါလိမ့်မည်။

“အဲ့တာဆို စူစူလေးက ကိုကြီးအတွက် ဘာလက်ဆောင် စီစဉ်ပေးထားလဲ”။ စူစူလေး ဘာတွေ စီစဉ်ထားသလဲဆိုတာ လုကျန်းယွီ တကယ် စိတ်ဝင်စားသွားပါသည်။

“ဒီမှာ!”။ စူစူလေးက သူမ ဝင်နေသည့် လက်ဆောင်ဘူးကြီးထဲမှ ဧရာမ ကင်းခြေများကြီးတစ်ကောင်ကို ထုတ်ပေးလိုက်သည်။

အနီရောင်နဲ့ အနက်ရောင် ရောစပ်နေသော ဧရာမ ကင်းခြေများကြီးဖြစ်၏။

ကံကောင်းစွာဖြင့် ကင်းခြေများကြီးက သေနေပုံရပြီး ဖန်ပုလင်းထဲမှာ ထည့်ထားတာဖြစ်ပါသည်။

… … …

အခန်း(၄၉၇) မိုးပျံပူပေါင်း (၃)

“စူစူလေး… ဒီလက်ဆောင်ပေးဖို့ ဘယ်လိုစဉ်းစားလိုက်တာလဲ”။ လုကျန်းယွီက မေးလိုက်သည်။

တည်တည်ငြိမ်ငြိမ်နေတတ်တာ မှန်သော်လည်း လုကျန်းယွီက ကလေးတစ်ယောက်ဖြစ်သဖြင့် ဒီလောက်ကြီးမားသည့် ကင်းခြေများကြီးကို ပထမဆုံးမြင်လိုက်ရသောအခါ အနည်းငယ် ထိတ်လန့်သွားပါသည်။

“ဒါဆေးလေ! ဒီဟာက ရောဂါတွေကို ကုပေးနိုင်တယ်လို့ ဦးလေးပိုင်ဟူကျစ်က ပြောတယ်! ရောဂါတွေ အများကြီး ပျောက်အောင် ကုပေးနိုင်တာ။ ပြီးတော့ အရောင်နီပြီး အကောင်ကြီးလေလေ အာနိသင် ပိုရှိလေလေတဲ့!”။ စူစူလေးက ရှင်းပြလိုက်သည်။

ထို့အပြင် ကိုကြီးက အနီရောင်လက်ဆောင်တွေ သဘောကျတတ်သည်ဟု ချူးယန်ရှီက ပြေထားသည်။

ထို့ကြောင့် စူစူလေး အနီရောင်‌ဆေးဝါးတစ်ခုခုကို စဉ်းစားကြည့်ခဲ့ပါသည်။ ကိုကြီးရဲ့ ရောဂါတွေကို ပျောက်အောင် ကုပေးနိုင်သလို သူအကြိုက်ဆုံးအရောင်ဖြစ်သည့် အနီရောင်လည်းရှိသည်။

ဘယ်လောက် အဆင်ပြေလိုက်လဲ! လက်ဆောင်ပေးတဲ့နေရာမှာ ငါက ဉာဏ်ကြီးရှင်ပဲ!

လုကျန်းယွီကလည်း ဆေးတွေ သောက်နေရသူဖြစ်သဖြင့် တရုတ်တိုင်းရင်းဆေးအကြောင်း အနည်းအကျဉ်း နားလည်ပါသည်။

စူစူလေးပြောတာမှန်ပါသည်။ ကင်းခြေများတွေက တရုတ်တိုင်းရင်းဆေးဝါးတွေမှာ တွေ့ရလေ့ရှိသည့် အသုံးဝင်သော ဆေးပစ္စည်းတစ်မျိုးဖြစ်သည်။ အကောင်သက်တမ်း ရင့်လေလေ တန်ဖိုးပိုကြီးလေလေ ဖြစ်သည်။

စူစူလေး လက်ထဲမှာ ကိုင်ထားသည့် အကောင်ဆို အဖိုးတန်လွန်းသည်။ ငွေပေးပြီး ဝယ်ချင်သူတွေတောင် ရှာလို့ မရနိုင်ပါ။

ကြောက်စရာကောင်းသည့် ပုံစံရှိသော်လည်း အဖိုးမဖြတ်နိုင်သည့် လက်ဆောင်ဖြစ်ကာ အဓိပ္ပာယ်လည်း ပါပါသည်။

“စူစူလေး ဒီကင်းခြေများကြီးကို ဘယ်ကရတာလဲ”။ လုကျန်းယွီ မေးလိုက်သည်။

“မနေ့က ဖမ်းမိထားတာလေ!။ ဖေဖေနဲ့ မေမေက သမီးကို တောထဲလိုက်ပို့တယ်! တော်တော်ကြာအောင် ရှာလိုက်ရတယ်! မိသွားတော့ အသက်ရှင်နေတုန်းပဲ! ဒါပေမယ့် အရက်ထဲ စိမ်ထားရင် ကောင်းတယ်လို့ ဖေဖေက ပြောလို့ စိမ်ထားလိုက်တာ!”။ စူစူလေးက ပြောလိုက်သည်။

စူစူလေးက ကိုင်ထားသည့် ပုလင်းကို လှုပ်ပြလိုက်သည်။ အထဲမှာ ဧရာမ ကင်းခြေများကြီးကော အရက်ကော ထည့်ထားပါသည်။

“အင်း…”။ သူ့မွေးနေ့ပွဲအတွက် စူစူလေး အများကြီး ကြိုးစားအားထုတ်ထားမှန်း သိလိုက်ရသည်။

တောထဲဝင်ပြီးတော့တောင် သူ့အတွက် ကင်းခြေများ သွားဖမ်းပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် စူစူလေး၏ ကံက အလွန်ကောင်းသည်။ တချို့သူတွေ တစ်သက်လုံး မမြင်နိုင်လောက်သည့် ဧရာမ ကင်းခြေများကြီးကို စူစူလေးက ဖမ်းမိနိုင်ခဲ့သည်။

စူစူလေးကို ကင်းခြေများဖမ်းဖို့ လိုက်ပို့ပေးခဲ့သော အဘိုးချင်းနဲ့ အဘွားချင်းတို့ ဘယ်လိုခံစားခဲ့ရမလဲ မတွေးဝံ့စရာပင်။

“ကိုကြီး နည်းနည်းသောက်ကြည့်!”။ စူစူလေးက လုကျန်းယွီကို တိုက်ဖို့အတွက် ပုလင်းကိုင်ပြီး ရှေ့တိုးလာပါသည်။

“ပြန်ရောက်မှ သောက်ကြရအောင်လေ။ အခုတော့ ရှုခင်းလေးတွေ ကြည့်ရအောင်”

လုကျန်းယွီက စူစူလေးရဲ့စေတနာကို မငြင်းရက်ပါ။ သို့သော် ဒါကြီးကိုလည်း… သူတကယ် မသောက်ရဲပါ။

ကင်းခြေများတွေကို မကြောက်တတ်ရင်တောင် လုကျန်းယွီ အရက်သောက်နိုင်မှာ မဟုတ်ပေ။

“ဟုတ်ပြီ!”။ စူစူလေး သဘောတူလိုက်ပြီး ကင်းခြေများပုလင်းကို သိမ်းကာ လက်ဆောင်ဘူးထဲမှ ထွက်လာလိုက်ပါသည်။

ထို့နောက် လုကျန်းယွီ၏ ဝှီးချဲကို မိုးပျံပူပေါင်းခြင်းဘောင်အစွန်းသို့ တွန်းပို့လိုက်ပြီး ပြောလိုက်သည်။

“ကိုကြီး အပြင်ကိုကြည့်လိုက်!”

မိုးပျံပူပေါင်းကြီးက ဟွာချန့်မြို့ကြီးရဲ့ အပေါ်ကို ရောက်နေပါပြီ။

ဘေးပတ်လည် ရှုခင်းတွေအားလုံး အလွန်လှပနေသည်။ ကောင်းကင်ပြာကြီးနဲ့ အဖြူရောင်တိမ်တိုက်တွေရဲ့ အောက်က ဟွာချန့်မြို့ကြီးကို အထင်းသား မြင်နေရသည်။

လုကျန်းယွီ ရှုခင်းတွေကို ကြည့်ရင်း နေရောင်ခြည်နဲ့ လေပြည်လေညှင်းလေးများကို ခံစားကြည့်လိုက်သည်။

သူ့နှလုံးသားကလည်း နေရောင်ခြည်နဲ့ လေပြည်လေညှင်းလေးများကို ပထမဆုံးအကြိမ်အဖြစ် ခံစားခဲ့ရသည်။

ရှုခင်းတွေကြောင့်လည်း ပါသလို သူ့ဘေးက တောက်ပသည့် ကလေးမလေးကြောင့်လည်း ပါပါသည်။

“ကိုကြီး သဘောကျလား”။ စူစူလေးက မေးလိုက်သည်။

လုကျန်းယွီက စူစူလေးကို လှည့်ကြည့်လိုက်သည်။ စူစူလေးက အတည်ပေါက် မေးနေတာဖြစ်ပါသည်။

လုကျန်းယွီ ဘာမှ ပြန်မဖြေနိုင်ခင် စူစူလေးက ထပ်ပြောလိုက်၏။ “သဘောမကျရင် သမီး စီစဉ်ထားတာတွေ ရှိသေးတယ်! ကိုကြီး သဘောကျတဲ့အချိန်ထိ ဆက်ပေးနေမှာ! ဒီနေ့က ကိုကြီးရဲ့ မွေးနေ့ဆိုတော့ ကိုကြီးကို ပျော်အောင် ထားမယ်!”။ စူစူလေးက ကလေးအသံလေးဖြင့် ဆန်းကြယ်စွာ ပြောလိုက်ပါသည်။

“ဘာတွေ စီစဉ်ထားသေးလို့လဲ”။ လုကျန်းယွီ စိတ်ဝင်စားသွားပြီး စူစူလေး ဘာတွေလုပ်ထားသေးသလဲဆိုတာ သိချင်သွားသည်။

… … …

All Chapters