အခန်း (၄၉၈-၅၀၀)
Vol. 20 Ch. 498-500
အခန်း(၄၉၈) ခုချိန်ကစပြီး မွေးနေ့တိုင်းမှာ အတူရှိပေးမယ်
“ခဏစောင့်!”။ စူစူလေး အိတ်ကပ်ထဲနှိုက်ကာ တစ်ခုခုကို အပူတပြင်းရှာဖွေလိုက်သည်။ အချိန်အတော်ကြာမှ ဘလူးတု စပီကာ အသေးစားလေးတစ်လုံးကို ထုတ်လိုက်ပါသည်။
ထို့နောက် ခလုတ်တစ်ခုကို နှိပ်လိုက်ာ သီချင်းသံထွက်ပေါ်လာသည်။
တိုက်တန်းနစ် ဇာတ်ဝင်တေး “My Heart Will Go On”ကို ဖွင့်လိုက်ခြင်းဖြစ်သည်။
လုကျန်းယွီ စိတ်ရွှင်သွားပြီး ရယ်မောလိုက်ပါသည်။
“စူစူလေးကို ဘယ်သူသင်ပေးထားတာလဲ”။ လုကျန်းယွီ မေးလိုက်သည်။
“သမီးအကြံမဟုတ်မှန်း ကိုကြီးက ဘယ်လိုသိလဲ”။ စူစူလေး အံ့အားသင့်စွာ မေးလိုက်သည်။
ကိုကြီးက ပါးနပ်လိုက်တာ… သူမ ဘာမှတောင် မပြောရသေးဘူး အလိုလိုသိနေပါလား! အရမ်းသိသာနေလို့များလား…။
ကင်ခြေများလက်ဆောင်ကတော့ စူစူလေးရဲ့ ကိုယ်ပိုင်အကြံဖြစ်မှန်း လုကျန်းယွီ သေချာသည်။
လုကျန်းယွီက မေးလိုက်၏။ “ကိုကြီးရဲ့ ဘိုးဘိုးသင်ပေးထားတာလား ဒါမှမဟုတ် စူစူလေးရဲ့ တူလေးတွေ သင်ပေးထားတာလား”
“ကိုကြီးက တော်လိုက်တာ!”။ စူစူလေး ချီးကျူးလိုက်သည်။ “အဲ့သီချင်းကို သမီးတူလေး ပြောပြထားတာ!”
ပြောပြောဆိုဆိုနဲ့ ကိတ်မုန့်သေးသေးလေးတစ်လုံးကို စူစူလေး ထုတ်လိုက်သည်။ “ဒါက တူချောလေး ပေးလိုက်တာ”။
ထို့နောက် ဂိမ်းစက်သေးသေးလေးတစ်လုံး ထုတ်ပေးလိုက်သည်။ “ဒါက တူလိမ္မာလေး ပေးလိုက်တာ”
ထို့နောက် အနက်ရောင် ကတ်လေးတစ်ကတ်ကို ထုတ်ပေးလိုက်ပြန်သည်။ “ဒါက တူကြီးပေးလိုက်တာ။ ဘာကြီးလဲတော့ မသိဘူး”
စူစူလေး ဘာလက်ဆောင်ပေးရမလဲ အခက်တွေ့နေမှန်း သိသဖြင့် သူမရဲ့ တူတော်မောင်တွေက အကြံဝိုင်းပေးခဲ့ကြသည်။
ဒိုရေမွန်လို အိတ်ကပ်ထဲမှ ပစ္စည်းတွေ မကုန်မဆုံးနိုင်အောင် ထုတ်နေသော စူစူလေးအား ကြည့်ရင်း လုကျန်းယွီ အရယ် မရပ်နိုင်တော့ပါ။
စူစူလေး ရပ်တန့်သွားပြီး လုကျန်းယွီကို ကြည့်ကာ ပြောလိုက်သည်။ “ကိုကြီးပြုံးတာ အရမ်းလှတာပဲ! ခဏခဏ ပြုံးပါလား!”
လုကျန်းယွီလည်း စူစူလေးစကားကြားမှ ထိတ်လန့်သွားပြီး ဒီနေ့ သူအလွန်ရယ်မောနေမိမှန်း သတိထားမိသွားပါသည်။
စူစူလေးရဲ့ ခေါင်းလေးကို ညင်ညင်သာသာ ပွတ်ပေးရင်း ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် စူစူလေး။ ဒီမွေးနေ့က ကိုကြီးဘဝမှာ အပျော်ရွှင်ရဆုံး မွေးနေ့ပဲ”
ငယ်စဉ်တုန်းက မွေးနေ့ပွဲတွေကို လုကျန်းယွီ မမှတ်မိပါ။
သူ့မိဘတွေ ဆုံးပါးသွားပြီးနောက် မွေးနေ့ဆိုတာ ဘာမှန်း မသိတော့လောက်အောင် ဖြစ်ခဲ့သည်။
ဒီနေ့ကျမှ တကယ်ပျော်ရွှင်ရသည့် မွေးနေ့ဆိုတာ ဘာမှန်း နားလည်သွားခဲ့ပါသည်။
“ဟဲဟဲ ကိုကြီးပျော်ရင်ပြီးတာပဲ! သမီးတို့က သူငယ်ချင်းတွေပဲဥစ္စာ! နောက်နှစ်တွေလည်း ကိုကြီးမွေးနေ့မှာ အတူတူ ရှိပေးမယ်နော်!”။ စူစူလေးက ပြောလိုက်သည်။
“စကားတည်မှာလား”။ လုကျန်းယွီ မေးလိုက်၏။
“တည်မှာပေါ့! မယုံရင် လက်သန်းချင်းချိတ်ပြီး ကတိပေးရအောင်!”
“အင်း” လုကျန်းယွီ လက်သန်းလေးကို ထုတ်ပေးလိုက်သည်။
စူစူလေးက လုကျန်းယွီ၏ လက်သန်းကို သူမလက်သန်းလေးဖြင့် ချိတ်လိုက်ပါသည်။
“နှစ်ပေါင်း ၁၀၀ တိုင်အောင် ကတိမဖျက်ကြေး!”
လုကျန်းယွီနဲ့ စူစူလေးတို့ ရှိနေသည့် အထပ်၏ အပေါ်ထပ်တွင် ပရော်ဖက်ရှင်နယ် မိုးပျံပူပေါင်း မောင်းနှင်သူနဲ့အတူ သခင်ကြီးလုပါ ပါလာပါသည်။
သခင်ကြီးလုက မျက်ရည်များ ဝဲနေသည်။ သူ့မှာ သွေးသားအရင်းမျိုးဆက် ဆိုလို့ ဒီမြေး တစ်ယောက်တည်းသာ ရှိတော့သည်။ ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် စိတ်ဒဏ်ရာရသွားခဲ့ပြီး ပျော်ရွှင်မှုပျောက်ဆုံးခဲ့ရသည်။
မြေးဖြစ်သူ ပျော်ရွှင်မှုကို ရှာမတွေ့သေးချိန်တုန်းက သခင်ကြီးလု၏ နှလုံးသားလည်း ထိုင်းမှိုင်းခဲ့ရသည်။
သို့သော်လည်း ဒီနေ့တော့ သူ့မြေးလေး မွေးနေ့မှာ ပျော်ရွှင်နေလေပြီ။ ရှေ့လျှောက်လည်း ပျော်ရွှင်ရသည့် မွေးနေ့ပွဲတွေ ရှိလာပါလိမ့်မည်။
နောက်ဆုံးတော့ သူ့လို အဘိုးကြီး အရာရာကို စိတ်ချလက်ချနဲ့ ထားခဲ့နိုင်ပါပြီ။
--- --- ---
ကျောင်းဆင်းသောအခါ လင်းယုရှန်းနဲ့အတူ လုအိမ်တော်သို့ ချူးယန်ရှီ လိုက်လာခဲ့၏။
ဒီနေ့က လုကျန်းယွီ၏ မွေးနေ့ဖြစ်သည်။ ဒီနေ့ ချင်းစူစူ ကျောင်းမလာသဖြင့် လုကျန်းယွီကို မွေးနေ့ပွဲ သွားကျင်းပပေးနေတာ ဖြစ်မည်ဟု ချူးယန်ရှီ ခန့်မှန်းမိပါသည်။
ချင်းစူစူကို လုကျန်းယွီ ဒေါသပေါက်ကွဲနေမည့် မြင်ကွင်းအား မြင်ရဖို့ ချူးယန်ရှီ မစောင့်နိုင်တော့ချေ။
လုအိမ်တော်သို့ လာရာလမ်းတွင် လုကျန်းယွီ၏ မွေးနေ့အကြောင်း သို့မဟုတ် လုကျန်းယွီရဲ့ အမေအကြောင်း မပြောမိဖို့ ချူးယန်ရှီကို လင်းယုရှန်း အခေါက်ခေါက် အခါခါ မှာနေပါသည်။
ချူးယန်ရှီက နားလည်ပါသည်။ သူမက ချင်းစူစူလို ငတုံးမှ မဟုတ်ပဲ။
… … …
အခန်း(၄၉၉) ဝမ်းကွဲအစ်ကိုအတွက် လက်ဆောင် ဘယ်မှာလဲ
သားအမိနှစ်ယောက် လုအိမ်တော်ထဲ ရောက်သောအခါ လုမိသားစုအိမ်စေတွေကိုသာ တွေ့လိုက်ရပြီး သခင်ကြီးလုကော၊ လုကျန်းယွီကော ပျောက်နေလေသည်။
အိမ်စေတွေကို မေးကြည့်သောအခါ လုကျန်းယွီ မွေးနေ့ပွဲကျင်းပဖို့ ထွက်သွားသည်ဟုသာ ပြောကြသည်။
“မွေးနေ့ပွဲကျင်းပတယ် ဟုတ်လား။ ကျန်းယွီကလေ?”။ လင်းယုရှန်း သိသိသာသာ အံ့အားသင့်သွားသည်။
“ဟုတ်ပါတယ် သခင်မလင်း”။ အိမ်တော်ထိန်းကျန်းက ယဉ်ကျေးစွာ ပြန်ဖြေလိုက်ပါသည်။
“မွေးနေ့ပွဲကျင်းပဖို့ ဘယ်သူနဲ့ ထွက်သွားတာတုန်း”။ လင်းယုရှန်း ထပ်မေးလိုက်သည်။
“အဲ့တာတော့ ကျွန်တော်လည်း သေချာမသိပါဘူး သခင်မလင်း။ သခင်လေးပြန်လာမှ မေးကြည့်ပါလား”။ အိမ်တော်ထိန်းကျန်း ပြန်ဖြေလိုက်သည်။
“ဝမ်းကွဲအစ်ကိုက မွေးနေ့ပွဲလုပ်ရတာ မုန်းတယ် မဟုတ်ဘူးလား”။ ချူးယန်ရှီ မေးလိုက်သည်။
အိမ်တော်ထိန်းကျန်းက ပြုံးလိုက်ပြီး စိတ်ရှည်စွာ ပြန်ဖြေလိုက်သည်။ “အဲ့တာတော့ ကျုပ်လည်း မသိပါဘူး။ သခင်မလေးချူးကိုယ်တိုင်ပဲ သခင်လေးကို မေးကြည့်ပါလား”
ယဉ်ကျေးပျူငှာသည့် အိမ်တော်ထိန်းကျန်းက မေးခွန်းတိုင်းကို ပြန်ဖြေနေသလို ရှိသော်လည်း တကယ်တမ်း ဘာမှ ပြောပြနေတာ မဟုတ်ပေ။
ချူးယန်ရှီ ရင်ထဲ ဒေါသထွက်သွားသည်။ သူမရှေ့က ရိုးရိုးအေးအေး အိမ်တော်ထိန်းကျန်းမှာ သာမန်လူမဟုတ်မှန်း ချူးယန်ရှီ သိပါသည်။
ဒီလူငယ်ငယ်တုန်းက ပေကျင်းမြို့မှာ အလွန်နာမည်ကြီးခဲ့သည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ ပင်စင်ယူသွားခဲ့ပြီး လုကျန်းယွီဘေးမှာ အိမ်တော်ထိန်း လာလုပ်နေလေသည်။
သူသာ အနားမှာရှိနေလျှင် လုကျန်းယွီကို ဘယ်သူမှ မထိနိုင်ကြပါ။
လင်းယုရှန်း သေချာစဉ်းစားပြီးနောက် အိမ်တော်ထိန်းကျန်းအား ပြောလိုက်သည်။ “အိမ်တော်ထိန်းကျန်း။ ဦးလေးလုနဲ့ ကျန်းယွီတို့ကို ကျွန်မတို့ ဧည့်ခန်းထဲမှာ ထိုင်စောင့်လို့ရမလား”
“သခင်မလင်း စောင့်ချင်ရင် စောင့်နိုင်ပါတယ်”။ အိမ်တော်ထိန်းကျန်းက ပြန်ဖြေလိုက်ပါသည်။
“ဒါဆို စိတ်မရှိပါနဲ့နော်”။ လုကျန်းယွီတို့ ပြန်လာမည့်အချိန်အထိ စောင့်ဖို့ လင်းယုရှန်း ဆုံးဖြတ်ထားပါသည်။
သူသာ သူငယ်ချင်းတွေနဲ့ တကယ် မွေးနေ့ပွဲသွားလုပ်တာဆို အကောင်းဆုံးဖြစ်လိမ့်မည်။ သူမရဲ့ အစ်မဖြစ်သူလည်း လုကျန်းယွီကို ဒီလိုပျော်ပျော်ရွှင်ရွှင် ရှိနေစေချင်ပါလိမ့်မည်။
မဟုတ်ပါက သူ့အတွက်အခက်ခဲဆုံးနေ့ဖြစ်သည့် ဒီလိုနေ့မှာ ဒေါ်လေးတစ်ယောက်အနေနဲ့ ဘာမှမလုပ်နိုင်ရင်တောင် အဖော်လာပြုပေးသင့်သည်။
ချူးယန်ရှီနဲ့ လင်းယုရှန်းတို့ ဧည့်ခန်းထဲမှာ နာရီဝက်လောက် စောင့်ပြီးနောက် အိမ်အပြင်မှ ဆူညံသံတွေ ကြားလိုက်ရပါသည်။
နှစ်ယောက်စလုံး ခေါင်းထောင်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်စောင့်လိုက်ရသည်။
လုကျန်းယွီ၊ စူစူလေး၊ သခင်ကြီးလု၊ အဘိုးချင်း၊ အဘွားချင်းတို့ အိမ်ထဲအတူတူ ဝင်လာကြသည်။
လုကျန်းယွီနဲ့ စူစူလေးတို့က ရှေ့ဆုံးမှဖြစ်ပြီး ရယ်မောပျော်ရွှင်ကာ စကားတွေပြောနေကြသည်။
စူစူလေး ဘာပြောနေသလဲ မကြားနိုင်သော်လည်း လုကျန်းယွီ၏ မျက်နှာပေါ်မှာ အပြုံးပန်းတွေ ပွင့်နေပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ချူးယန်ရှီနဲ့ လင်းယုရှန်းတို့ အံ့အားသင့်တုန်လှုပ်ကာ ဘာပြောရမှန်း မသိတော့ချေ။
ဒီနေ့က လုကျန်းယွီ အမုန်းတီးဆုံးနေ့ဖြစ်သည်။ လုကျန်းယွီ ဒီလို ရယ်မောပျော်ရွှင်နေတာမျိုးကို သာမန်နေ့တွေမှာတောင် တွေ့ရခဲသည်။
ပျော်ရွှင်နေသည့် လုကျန်းယွီလေးကို လင်းယုရှန်း မြင်ဖူးပါသည်။ သို့သော် သူမ အစ်မ မဆုံးပါးခင်တုန်းကသာ ဖြစ်သည်။
ချူးယန်ရှီအတွက်ကတော့ ဒီလိုမြင်ကွင်းမျိုး ပထမဆုံး မြင်ဖူးခြင်းဖြစ်ပါသည်။
လုကျန်းယွီက လင်းယုရှန်းစိုက်ကြည့်နေတာကို သတိထားမိပြီး လှမ်းနှုတ်ဆက်လိုက်သည်။ “ဒေါ်လေး”
သူ့မွေးနေ့တိုင်း သူ့ဒေါ်လေးက အဖော်လာပြုပေးလေ့ရှိပါသည်။
သူစိတ်ညစ်နေသောအခါ သူမ စကားသိပ်မပြောဘဲ ဘေးနားမှာသာ ရှိနေပေးသည်။
သူ့ကို ဘယ်လို ပျော်အောင်ထားရမလဲ မသိသော်လည်း လင်းယုရှန်း ဂရုစိုက်တာကိုတော့ လုကျန်းယွီ ခံစားမိပါသည်။
“ကျန်း… ကျန်းယွီ”။ နောက်ဆုံးတော့ လင်းယုရှန်း အသိစိတ်ပြန်ကပ်သွားသည်။
ကျန်းယွီ၏ အပြုးကို မြင်သောအခါ လင်းယုရှန်း မျက်လုံးများ နီမြန်းလာ၏။
ထိုစဉ် ချူးယန်ရှီကို မြင်သွားသော စူစူလေးက မေးလိုက်သည်။ “ကိုကြီးအတွက် နင်ပြင်ထားတဲ့ လက်ဆောင်ကြီး ဘယ်မှာလဲ ချူးယန်ရှီ”
… … …
အခန်း(၅၀၀) သခင်ကြီးလု ဒေါသထွက်သွားပြီ
စူစူလေး၏ စကားကိုကြားသောအခါ ချူးယန်ရှီ မျက်နှာဖြူဖပ်သွားသည်။
“ဘာ… ဘာလက်ဆောင်လဲ။ နင်ဘာတွေပြောနေလဲ ငါနားမလည်ဘူး”။ ချူးယန်ရှီ အမြန်ငြင်းဆန်လိုက်သည်။
“ဟွန်း ပြင်မထားရင် ပြင်မထားဘူးပြောပေါ့”။ စူစူလေး ပွစိပွစိပြောလိုက်ပါသည်။
ချူးယန်ရှီ ဘယ်လိုလက်ဆောင်မျိုး ပေးမလဲဆိုတာ စူစူလေး သိချင်နေခဲ့တာဖြစ်သည်။ ဒါမှ သူမ ပေးသည့် လက်ဆောင်တွေနဲ့ ယှဉ်ကြည့်နိုင်မှာဖြစ်ပါသည်။
တစ်ခုခုမူမမှန်တာကို လုကျန်းယွီ ရိပ်မိသွားပြီး စူစူလေးကို မေးလိုက်သည်။ “စူစူလေး။ ကိုကြီးအတွက် လက်ဆောင် ပေးမယ်လို့ ချူးယန်ရှီက ပြောလို့လဲ”
“ပြောတယ်လေ! ဒီနေ့က ကိုကြီးမွေးနေ့လို့ သူပဲပြောခဲ့တာ။ ပြီးတော့ ကိုကြီးက အနီရောင်ကြိုက်တတ်တယ်လို့လည်း ပြောတယ်။ အဲ့တာကြောင့် သမီး ကင်းခြေများ သွားဖမ်းလာတာ! အစက ဂျင်ဆင်းဆေးမြစ် သွားတူးမလို့ပဲ။ ဒါမယ့် အဲ့တာက အနီရောင်မဟုတ်လို့”။ စူစူလေး ရှင်းပြလိုက်သည်။
စူစူလေး ရှင်းပြတာကို နားထောင်ပြီး လုကျန်းယွီ အကြည့်တွေ အေးစက်သွားပါသည်။ ထို့နောက် ချူးယန်ရှီကို လှည့်ကြည့်လိုက်သည်။
လုကျန်းယွီနောက်ရှိ သခင်ကြီးလုလည်း မျက်နှာပျက်သွားသည်။
ဒီနေ့ လုကျန်းယွီရဲ့ မွေးနေ့မှာ အလွန်လှပခဲ့သော်လည်း လုကျန်းယွီက အနီရောင်ကြိုက်တတ်သည်ဟု တစ်စုံတစ်ယောက်က တမင်သက်သက် ပြောခဲ့တာ ကျိန်းသေ ယုတ်ညံ့သော အလုပ်ဖြစ်သည်။
သူ့မြေး လုကျန်းယွီက မွေးနေ့ကို မုန်းတီးပြီး မွေးနေ့မှာ အနီရောင်တွေကို မြင်ရင် ဒေါသထွက်တာကို ချူးယန်ရှီ မသိဘူးလား။
ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် သွေးရောင်ဖြစ်သော အနီရောင်ကိုမြင်လျှင် လုကျန်းယွီ စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာနိုင်သည်။
ဒါတောင် ကျန်းယွီကို အနီရောင်လက်ဆောင်ပေးဖို့ စူစူလေးကို ချူးယန်ရှီက ပြောခဲ့တယ်ပေါ့။ သူ့အကြံက ဘာလဲ။
ကံကောင်းစွာဖြင့် စူစူလေးရဲ့ ထူးချွန်မှုကြောင့် လုကျန်းယွီ ဒေါသမထွက်သည့်အပြင် စိတ်ဒဏ်ရာတွေကိုပါ ကုစားနိုင်ခဲ့သည်။
သခင်ကြီးလုနဲ့ လုကျန်းယွီတို့ နှစ်ယောက်ရဲ့ အကြည့်တွေကို မြင်သောအခါ ချူးယန်ရှီ စိတ်ချောက်ချားသွားသည်။
လင်းယုရှန်းလည်း တုန်လှုပ်သွားပြီး ချူးယန်ရှီကို ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။ “ရှောင်းရှီ ဘယ်လိုဖြစ်တာလဲ။ စူစူလေးပြောတာ အမှန်ပဲလား။ သမီးသူ့ကို အဲ့လိုတကယ်ပြောခဲ့တာလား”
ချူးယန်ရှီ ပျာယာခတ်ကာ ဘာလုပ်ရမှန်း မသိတော့ချေ။
ကြံရာမရသည့်အဆုံး သူမရဲ့ လက်ရှိခန္ဓာကိုယ်ကို အသုံးချဖို့ ဆုံးဖြတ်လိုက်ပါသည်။
ချူးယန်ရှီ စတင်ငိုကြွေးလေပြီး ပါးပေါ် မျက်ရည်တွေ စီးကျလာသည်။ “ဒေါ်လေးလင်း… သ…သမီးတစ်ခုခု အမှားပြောမိလို့လား။ ဒီနေ့က ဝမ်းကွဲအစ်ကိုရဲ့မွေးနေ့လေ… ပြီး…ပြီးတော့ မွေးနေ့မှာ အနီရောင်ကို သုံးလေ့ရှိတာ မဟုတ်ဘူးလား။ အီးဟီးဟီး…”
“ဒါပေမယ့် ရှောင်းရှီ… ဝမ်းကွဲအစ်ကိုမွေးနေ့မှာ အနီရောင်နဲ့ ပတ်သတ်တာဘာမှ မပြောရဘူးလို့ ဒေါ်လေး မှာထားတယ်လေ”။ လင်းယုရှန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“သမီး မမှတ်မိလို့ပါ… အီးဟီးဟီး… တကယ် မမှတ်မိပါဘူး”။ ချူးယန်ရှီ သနားစရာ ကောင်းစွာ ပြောလိုက်သည်။ “ဒေါ်လေးလင်း ဘယ်တုန်းက ပြောခဲ့တာလဲဟင်။ မ…မမှတ်မိလို့ တောင်းပန်ပါတယ်… ဒီနေ့ ဝမ်းကွဲအစ်ကိုကို ဘာလက်ဆောင်မှ မပေးဖို့ ဒေါ်လေးလင်း သတိပေးတော့မှ သမီးပြင်ထားတဲ့ လက်ဆောင်လေးကို ဖွက်ထားခဲ့တာပါ… ဒါ… ဒါပေမယ့် အနီရောင်နဲ့ ပတ်သတ်တာ သမီးဘာမှ မမှတ်မိဘူး”
ချူးယန်ရှီ ဝမ်းနည်းပက်လက် ငိုကြွေးနေတာကိုမြင်ပြီး လင်းယုရှန်းလည်း စိတ်ပျော့သွားပါသည်။
ရှောင်းရှီက အသက် ၄ နှစ်သာ ရှိသေးသည်။ သူမ အရာရာကို မမှတ်မိတာ ဖြစ်တတ်ပါသည်။ သူမအပေါ် လင်းယုရှန်း အရမ်းတင်းကြပ်လို့ မဖြစ်ပါ။
လင်းယုရှန်းက ချူးယန်ရှီ၏ မျက်ရည်များကို လက်ကိုင်ပဝါဖြင့် သုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ “ရှောင်းရှီ မငိုနဲ့တော့နော်။ ဒေါ်လေးလင်းက အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ခါ သမီးအမှားအကြီးကြီး လုပ်မိတော့မလို့…”
ချူးယန်ရှီထံမှ စကားတစ်ခွန်းနှစ်ခွန်းလောက် ကြားလိုက်ရုံနဲ့ လင်းယုရှန်း စိတ်ပျော့သွားခဲ့သည်။
သို့သော်လည်း သခင်ကြီးလုနဲ့ လုကျန်းယွီတို့ကတော့ ချော့မြူဖို့ လွယ်ကူသူတွေ မဟုတ်ကြပါ။
သခင်ကြီးလုက သွေးအေးစွာ ပြောလိုက်၏။ “အသက် ၄ နှစ်သမီးက ဒီလောက်ထိ ဉာဏ်နီဉာဏ်နက် များလိမ့်မယ် ထင်မထားဘူး!”
ချူးမိသားစုက သူနဲ့ မသက်ဆိုင်သဖြင့် အသေးအဖွဲကိစ္စတစ်ခုအတွက် သူတို့နဲ့ဖက်ပြီး သခင်ကြီးလု စကားမများချင်ခဲ့ပါ။
သို့သော် သခင်ကြီးလုက ဘာမှ မလုပ်နိုင်တာ မဟုတ်ပေ။ သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်လာလျှင် ရက်ရက်စက်စက် တုန့်ပြန်ဖို့လည်း ဝန်မလေးပါ။
သခင်ကြီးလုကြောင့် ချူးယန်ရှီ တကိုယ်လုံး တောင့်တင်းသွားပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့လောက်အောင် ကြောက်လန့်သွားခဲ့လေသည်။
… … …