ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးရယ်
Vol. 14 Ch. 196
“ဟုတ်ကဲ့”
ယွီဟွေးဖေးတစ်ယောက် အသံတစ်ချက်ပေးပြီး တန်းနေအောင် ပြေးထွက်သွားလေပြီ။ ဟိုတံတိုင်းကိုတွေ့တော့ တစ်ချက်ခုန်တက်လိုက်ပြီး အသာအယာလေး မြေပေါ်ဆင်းသက်ကာ ပြုံးပြုံးကြီးနဲ့ လှည့်ထွက်သွားတော့သည်။
မကြာမီမှာပင် တိုက်ခန်းတစ်ခုထဲကနေ မိန်းကလေးတစ်ယောက်ရဲ့ ဒေါသတကြီး အော်ဟစ်သံထွက်ပေါ်လာ။
“ခွေးမသား... နင် တကယ်ပဲ ငါ့အင်္ကျီပေါ်မှာ လာသုတ်သွားတာလား”
...
အခုချိန်မှာတော့ ဌာနမှူးဝူတစ်ယောက် ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ကျောင်းအုပ်ကြီးရဲ့ ခေါင်းပါမကျန် ဆူပူကြိမ်းမောင်းခြင်းကို ခံနေရသည်။
လူကို သူကဖိတ်လာတာ၊ ဒါပေမဲ့ အဲ့ဒီလူမှာ ပြဿနာရှိမှန်း သူကမသိဘူး။ အခုတော့ ကျောင်းတစ်ကျောင်းလုံး မျက်နှာအိုးမည်းသုတ်ခံလိုက်ရပြီး ကျောင်းအုပ်ကြီးလည်း မျက်နှာဘယ်သွားထားရမှန်းမသိတော့။
“ဌာနမှူးဝူ၊ တခြားစကားတွေ ငါမပြောတော့ဘူး။ ဒီကိစ္စကို ခင်ဗျား ကောင်းကောင်းမရှင်းနိုင်ရင် အထုပ်ပြင်ပြီးသာ ထွက်သွားတော့” ကျောင်းအုပ်ကြီး ဒေါသပေါက်ကွဲနေပြီ။
“ယောက်ဖ... ကျွန်တော်...” ဌာနမှူးဝူက တစ်ခုခုပြောဖို့ ကြိုးစားသည်။
“ငါ့ကို ယောက်ဖလို့ လာမခေါ်နဲ့၊ ဒီတစ်ခါ ခင်ဗျားကြောင့် ကျုပ်ပါ သေတော့မလို့။ ခင်ဗျားဖိတ်လာတာက ဘယ်လို အစုတ်အပြတ်လဲ... ထွက်သွားစမ်း” ကျောင်းအုပ်ကြီးက မောင်းထုတ်တော့သည်။
ဌာနမှူးဝူလည်း မတတ်သာဘဲ ထွက်လာခဲ့ရသည်။ အပြင်ရောက်တော့ သူ့မှာ ဒေါသတွေက ဗိုက်ထဲမှာ ပြည့်ကျပ်နေတော့၏။
ဒါပေမဲ့ ကျောင်းတစ်ကျောင်းလုံး ပိုက်စိပ်တိုက်ရှာတာတောင်၊ အတန်းပိုင်ဆရာတွေအားလုံးကို ဓာတ်ပုံပြပြီး မေးတာတောင် ဒီလိုကျောင်းသားမျိုးကို ဘယ်သူမှမမြင်ဖူးကြဘူး။
“ခွေးမသား... အဲ့ကောင်စုတ်က ဘယ်ကောင်လဲကွ” ဌာနမှူးဝူက ဆဲဆိုရင်း ဖုန်းထုတ်လိုက်သည်။
“ညီလေး၊ မနောက်ပါနဲ့ကွာ... ညကျ အားလား။ အားရင် အရက်အတူတူသောက်ကြမလား။ စိတ်ညစ်လို့... ကောင်းပြီ၊ မင်းသူငယ်ချင်းတွေကိုလည်း ခေါ်ခဲ့လိုက်။ ငါဒကာခံမယ်၊ အင်း... ဒါပဲ...”
တစ်ဖက်မှာတော့ ယွီဟွေးဖေးက သီချင်းလေးတအေးအေးနဲ့ မျက်မှန်နက်တပ်ပြီး ဟိုတယ်ကို သာသာယာယာ ပြန်လာခဲ့သည်။ ယွီဟွေးဖေးတစ်ယောက် ထိုင်လို့တောင်မနွေးသေးဘူး ခယ်လီတို့အဖွဲ့ ရောက်ချလာ၏။
အခန်းထဲဝင်လာတာနဲ့ ခယ်လီရဲ့ စိတ်လွတ်ကိုယ်လွတ် ရယ်သံကို ကြားလိုက်ရသည်။ “သူဌေးယွီ... ကောင်းကောင်းနားပြီးပြီလား”
“နားပြီးပါပြီ၊ ဘာအစီအစဉ်ရှိလို့လဲ”
“သွားမယ်လေ၊ နင့်ကို အစားကောင်းတွေ သွားကျွေးမလို့။ ပြီးရင် ပြင်ဆင်ပြီး ညကျရင် ဂီတပွဲတော်သွားတက်ကြမယ်၊ ကျောင်းနှစ်ပတ်လည်နေ့ အကြိုပွဲပေါ့” ခယ်လီက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
ယွီဟွေးဖေးကလည်း အားမနာတော့ဘူး။ လာမှတော့ လာပြီးပြီ၊ ဟိုလိုလိုဒီလိုလို လုပ်နေတာထက်စာရင် မလာတာကမှ ကောင်းသေးသည်။
ဒီနေ့ စိတ်ခံစားချက်က တော်တော်လေးကောင်းနေပေမယ့် အစားအသောက်သမားတစ်ယောက်အတွက်တော့ အစားကောင်းစားရတာက အပျော်ဆုံးအရာပဲ မဟုတ်လား။
ခယ်လီနောက်လိုက်ပြီး အပြင်ထွက်တော့ လျိုကျွမ်းက တက္ကစီငှားပြီးသား ဖြစ်နေသည်။ သုံးယောက်သား ချွမ်ကျူးတဲ ဘဲကင်ဆိုင်ကို တန်းနေအောင် မောင်းထွက်သွားကြတော့၏။
ယွီဟွေးဖေးအတွက်တော့ ချွမ်ကျူးတဲကို ပထမဆုံးအကြိမ် လာဖူးတာပဲ။ မစားနိုင်လို့တော့ မဟုတ်ဘူး၊ အရင်က ပေကျင်းကို လည်ပတ်ဖို့ အခွင့်မသာခဲ့ဘူး။ အများဆုံးက ဖြတ်သွားဖြတ်လာပဲ ရှိခဲ့သည်။ ဖြတ်သွားတုန်းကလည်း အချိန်ကပ်နေတော့ မြည်းစမ်းကြည့်ဖို့ အခွင့်မသာခဲ့ဘူး။
ဘဲကင်က ယွီဟွေးဖေးထင်ထားတာထက်တော့ နည်းနည်းပိုကောင်းသည်။ ဒါပေမဲ့ နာမည်ကြီးသလောက် “ဆူသော်လည်း မအီ” ဆိုတာနဲ့တော့ အများကြီးကွာသည်။ ဒီဘဲက ဆူတာတော့ဆူတယ်၊ တကယ်ကို အီစိမ့်နေတာပဲ။
ယွီဟွေးဖေးလို အစားသရဲတောင် ဘဲတစ်ကောင်ရဲ့ တစ်ဝက်လောက်ပဲ စားနိုင်သည်။
သူက သူ့ရဲ့စားနိုင်စွမ်းကို တော်တော်အားကောင်းလှပြီလို့ ထင်နေတာ ဒါပေမဲ့ ခယ်လီနဲ့ လျိုကျွမ်းက တစ်ယောက်ကို တစ်ကောင်ခွဲစီ ပလုပ်ပလောင်းမြိုချသွားကြရာ ကြည့်နေတဲ့ ယွီဟွေးဖေးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
လျိုကျွမ်းကတော့ ထားပါတော့ ဒီကောင်က ကိုယ်လုံးကိုယ်ပေါက်က တကယ်တောင့်တာကိုး။ ဒါပေမဲ့ ခယ်လီရဲ့ ခါးသေးသေးလေးက ဒီလောက်အများကြီး စားနိုင်တာတော့ ယွီဟွေးဖေးကို တကယ်အံ့အားသင့်စေသည်။
ညစာစားပြီးတော့ သုံးယောက်သား ကျောင်းကို တန်းနေအောင် ပြန်လာကြသည်။ အဲ့ဒီအချိန်မှာ ၇ နာရီတောင် မထိုးသေးဘူး။
ပွဲက ၈ နာရီမှ စမှာ...
ဒါပေမဲ့ အခုကျောင်းရင်ပြင်မှာ လူတွေအများကြီး စုနေကြပြီ။ ထိုင်ခုံတွေပေါ်မှာ စာအုပ်တင်ပြီး နေရာဦးထားတာတွေကလည်း မရေမတွက်နိုင်အောင်ပဲ။
သုံးယောက်သားလည်း ရွေးမနေတော့ဘဲ အတော်အသင့်ကောင်းတဲ့နေရာမှာ ဝင်ထိုင်လိုက်ကြသည်။
၈ နာရီတိတိထိုးတော့ ဂီတပွဲတော်ကြီး စတင်လေပြီ။
ဒီဘက်ကပွဲကတော့ ပိုပြီးရှင်းသည်။ ကျောင်းအုပ်ကြီးစင်ပေါ်တက်လာပြီး စကားသုံးခွန်းပဲ ပြောသည်။
“အားလုံး ပျော်ကြပါစေ၊ အားရပါးရအော်၊ အားရပါးရဟစ်ကြ”
ယွီဟွေးဖေးက အောက်ကနေနားထောင်ရင်း မချီးကျူးဘဲမနေနိုင် “မင်းတို့ကျောင်းအုပ်ကြီးက တော်တော်ပြတ်သားတာပဲ။ ငါတို့ကျောင်းလိုမဟုတ်ဘူး၊ ဘယ်သူတက်လာတက်လာ စကားနှစ်ခွန်းပြောတာနဲ့ မိုးလင်းသွားရော”
ခယ်လီက “ဒါပေါ့၊ ငါတို့ကျောင်းက တာဝန်ရှိသူတွေက စကားအပိုမပြောဘူး။ ပြီးတော့ ဒီနေ့ သူသာ စကားများရင် ကြက်ဥပုပ်နဲ့ အပေါက်ခံရမှာ...”
ယွီဟွေးဖေးက လှမ်းကြည့်လိုက်တော့ လူအုပ်ထဲမှာ တကယ်ပဲ ကြက်ဥကိုင်ထားတဲ့လူတွေ ရှိနေသည်။ ဒါပေမဲ့ သူတို့က ကြက်ဥနဲ့ပစ်ပေါက်ဖို့တော့ မဟုတ်ဘူး၊ ကြက်ဥနဲ့ ပန်းချီဆွဲနေကြတာ။
ဂီတသံစတာနဲ့ လူသိများတဲ့ အဆိုတော်တချို့ ပေါ်လာကြသည်။ ဝမ်းနည်းစရာကတော့ ယွီဟွေးဖေးက တစ်ယောက်မှမသိဘူး။ ခယ်လီတို့ကတော့ ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။
ဒါပေမဲ့ တခြားသူတွေက “idol” တို့၊ “oppa” တို့ အော်နေတဲ့အချိန်မှာ ခယ်လီပါးစပ်ထဲရောက်တော့ “ခြေတံရှည်။ ခြေတံရှည်။ ဒီဘက်ကြည့်စမ်းပါ ခြေတံရှည်ရဲ့...”
ဒါမှမဟုတ်ရင် “ခြင်္သေ့ခေါင်း၊ ခြင်္သေ့ခေါင်း... နင်က တကယ်ချောတာပဲ။ ကြက်မွေးတံ၊ ဒီဘက်လှည့်စမ်း”
ဘာပဲဖြစ်ဖြစ် ခယ်လီပါးစပ်ဟလိုက်တာနဲ့ ပတ်ဝန်းကျင်ကလူတွေအားလုံးရဲ့ အကြည့်တွေက သူ့ဆီကို ချက်ချင်းရောက်လာတော့သည်။
နောက်ဆုံးတော့ ယွီဟွေးဖေး မခံနိုင်တော့ဘဲ ဒီဘွားတော်ကို ဆွဲခေါ်ထုတ်လာခဲ့ရ၏။
“သူဌေးယွီ။ ဘာဖြစ်လို့လဲ။ မကြိုက်လို့လား” ခယ်လီက စပ်စုစွာမေးသည်။
ယွီဟွေးဖေးက နဖူးကိုပွတ်ရင်း “မဟုတ်ပါဘူး၊ ဆက်နေရင် အရိုက်ခံရမှာစိုးလို့...”
ခယ်လီက အပြစ်ကင်းတဲ့ပုံစံနဲ့ “အဲ့လောက်တောင် ဖြစ်ပါ့မလား”
လျိုကျွမ်းက “မဖြစ်ပါဘူး၊ အလွန်ဆုံး တံတွေးနဲ့ နစ်သေသွားမှာပေါ့။ ခယ်လီ၊ ဟိုအဆိုတော်တွေကို နင်တကယ်သိလို့လား။ ဘာလို့ နာမည်ပြောင်တွေ လျှောက်ပေးနေတာလဲ”
ခယ်လီက မျက်လုံးကိုလှန်ပြီး “ငါက သူတို့ကို ဘယ်မှာသွားသိမှာလဲ။ ငါက ဘယ်တော့မှ star-struck မဖြစ်ဘူး... မဟုတ်ဘူး၊ ငါအားကျတာက သိပ္ပံပညာရှင်တွေ၊ စစ်သားတွေ... စင်ပေါ်မှာ ခုန်ပေါက်နေတဲ့ ဟိုအရိုးခြောက်လေးတွေကို ငါလက်တစ်ဖက်နဲ့ နှစ်ယောက်လောက် ပုတ်လှဲနိုင်တယ်။ အဲ့လိုလူကို ငါက ဘာလို့ အားကျရမှာလဲ”
ယွီဟွေးဖေးနဲ့ လျိုကျွမ်းတို့ ဘာပြောရမှန်းမသိဖြစ်သွားကြသည်။ ဒီကောင်မလေး ဘာလို့ နာမည်ပြောင်တွေ လျှောက်ပေးနေလဲဆိုတော့ တစ်ယောက်မှမသိလို့ကိုး။
လျိုကျွမ်းကလည်း သူတို့နဲ့အတူတူပဲ၊ star-struck မဖြစ်ဘူး၊ အဆိုတော်အသစ်တွေကိုလည်း စိတ်မဝင်စားဘူး။
ဒါနဲ့ သုံးယောက်သား ကျောင်းထဲကထွက်ပြီး အနီးအနားက စားသောက်တန်းကို သွားစားကြတော့သည်။ လမ်းအစကနေ အဆုံးထိစားပြီး နောက်ဆုံးတော့ ထောင့်တစ်နေရာက အကင်ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်လိုက်ကြသည်။ ဘီယာသုံးဖာနဲ့ အမဲကင်တစ်ပန်းကန်ကြီးမှာပြီး စားသောက်ကြတော့၏။
အကင်စား၊ ဘီယာသောက်၊ လေပန်းရင်း သုံးယောက်သား ပျော်နေကြသည်။
“သူဌေးယွီ ကြားပြီးပြီလား။ ဒီနေ့ ဘေးကျောင်းမှာ ပွဲအကြီးအကျယ်ဖြစ်သွားတယ်တဲ့” လျိုကျွမ်းက ရုတ်တရက်ပြောလိုက်သည်။
ယွီဟွေးဖေးကြားတော့ မျက်ခုံးပင့်လိုက်၏။ “ဘာပွဲဖြစ်တာလဲ”
ခယ်လီက ယိမ်းထိုးရင်း “နင်က တကယ်သတင်းအမှောင်ကျနေတာပဲ၊ ဘေးကျောင်းမှာ ဒီနေ့ စာရေးဆရာမကြီးတစ်ယောက်ကို ဖိတ်ထားတာ၊ အဲ့စာရေးဆရာမက တကယ့်အလိမ်အညာပဲ။ နာမည်ကြီးခေါင်းစဉ်တွေတပ်ထားတဲ့ လူလိမ်။ ညစ်ညမ်းစာအုပ်ရေးတာထားဦး နိုင်ငံခြားသားတွေကို မြှောက်ပင့်ပြီး ကိုယ့်နိုင်ငံကို သစ္စာဖောက်တဲ့ကောင်မ... အဓိကက သူ့ကို လူပုံအလယ်မှာ ဖော်ကောင်လုပ်သွားတာခံရပဲ။ အဲ့အချိန်က အခြေအနေ ဘယ်လောက်တောင် ပရမ်းပတာဖြစ်သွားလဲ နင်မသိဘူး... ငါ့သူငယ်ချင်းပြောတာတော့ အဲ့အချိန်မှာ ခန်းမထဲကလူတွေအားလုံး ကြောင်တောင်တောင် ဖြစ်သွားကြတယ်တဲ့”
ယွီဟွေးဖေးက နှာခေါင်းကိုပွတ်လိုက်သည်။ သူ့ရဲ့သူရဲကောင်းလုပ်ရပ်က ဒီလောက်မြန်မြန် ပျံ့နှံ့သွားလိမ့်မယ်လို့ မထင်ထားဘူး။
လျိုကျွမ်းက “နှမြောစရာပဲ၊ ဘေးကျောင်းက ညီအစ်ကိုတွေက အဲ့သူရဲကောင်းကို ကာကွယ်ဖို့ သူ့ရဲ့ပုံပန်းသဏ္ဍာန်ကို မပြောပြဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒါကြောင့် အဲ့လူက ဘယ်လိုပုံစံလဲ ငါတို့မသိရဘူး...”
ခယ်လီက ဟဲဟဲရယ်ပြီး “ငါသိတယ်... ငါ့သူငယ်ချင်းပြောပြတယ်။ အဲ့ကောင်က တော်တော်ချောတယ်တဲ့၊ ဟားဟား... ယောက်ျားပီသတယ်၊ ချောတယ်၊ ငါတောင် နည်းနည်းစိတ်လှုပ်ရှားသွားပြီ။ ဝါးဟားဟားဟား...”
ယွီဟွေးဖေး ဘာပြောရမှန်းမသိဖြစ်သွားပြီး ခေါင်းငုံ့ကာ စကားဝင်မပြောရဲတော့ဘူး။
“မဖြစ်ဘူး၊ ငါမေးကြည့်ရမယ်၊ အဲ့ကောင်လေးက တကယ်ဘယ်လိုပုံစံလဲဆိုတာ။ နောက်မှ ငါလည်း သွားရှာကြည့်မယ် ငါ့အကြိုက်နဲ့ကိုက်မကိုက် ကြည့်ရမယ်။ ငါတက္ကသိုလ်လေးနှစ်ပြီးသွားတဲ့အချိန်မှာ FA ကြီးမဖြစ်နိုင်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ကောင်လေးတစ်ယောက်ကိုတော့ ဒုက္ခပေးသွားရမယ်” ပြီးတော့ ခယ်လီက ဖုန်းကို ထုတ်ကလိနေတော့သည်။
လျိုကျွမ်းက “တော်စမ်းပါ၊ သူတို့ကျောင်းက ကျောင်းသားတွေက လျှို့ဝှက်ချက်ကို သေချာထိန်းသိမ်းထားတာ၊ နင်ဘယ်မှာသွားမေးမှာလဲ”
“ဟမ့် ဒါက နင်မလုပ်တတ်လို့...” ခယ်လီက နှုတ်ခမ်းစူပြီး ဖုန်းထုတ်ကာ စာပို့နေသည်။
“မောင်လေး... ပြောပြပါလား၊ ငါဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ အာမခံတယ်”
“အစ်မကြီး၊ ဒါက... တကယ်လို့ ပေါက်ကြားသွားရင် ကျွန်တော်က သစ္စာဖောက်ဖြစ်သွားမှာပေါ့” ဟိုဘက်က ယောက်ျားလေးတစ်ယောက်။
လျိုကျွမ်းက မျက်လုံးကိုလှန်ပြီး “နင်က အလှနဲ့မျှားနေတာပဲ”
ခယ်လီက သူ့ကိုဂရုမစိုက်ဘဲ အသံကို နူးညံ့အောင် အားတင်းပြီး “မောင်လေး... ပြောပြပါကွာ၊ ငါတကယ်ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး။ ကျိန်ပြောရဲတယ်... အလွန်ဆုံးတော့ မနက်ဖြန် နင့်ကို ထမင်းလိုက်ကျွေးမယ်လေ၊ ဘယ်လိုလဲ”
“တကယ်လား” ဟိုဘက်ကလူက နည်းနည်းစိတ်လှုပ်ရှားသွားပုံရသည်။
ယွီဟွေးဖေးလည်း ဘာပြောရမှန်းမသိဖြစ်သွား၏။ ခယ်လီက သူ့ကိုကြိုက်နေတဲ့လူတစ်ယောက်ကို ရှာတွေ့သွားတာပဲ။ နတ်သမီးလေးက ထမင်းလိုက်ကျွေးမယ်ဆိုတော့ ဘယ်ကောင်လေးက ဒီသွေးဆောင်မှုကို ခံနိုင်မှာလဲ။
အမှန်တရားပေါ်တော့မယ်ဆိုတာ သိတော့ ယွီဟွေးဖေးက အမြန်ထရပ်ပြီး “ငါ အိမ်သာခဏသွားလိုက်ဦးမယ်...”
“သွား... သွား... ပြန်လာရင် သတင်းကောင်းပြောပြမယ်၊ ဟားဟား... ငါ FA ဘဝကနေ လွတ်တော့မယ်ထင်တယ်” ခယ်လီက တကယ်မူးနေပြီ၊ ဟိုအော်ဒီအော်နဲ့ တော်တော်လွတ်လပ်နေသည်။
ယွီဟွေးဖေးက အမြန်ထွက်ပြေးသွားသည်။
တကယ်ပဲ ယွီဟွေးဖေးပြန်လာတော့ ခယ်လီက သူ့ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေသည်။ ယွီဟွေးဖေးတစ်ယောက် သူ့အကြည့်ကြောင့် တစ်ကိုယ်လုံး ကြက်သီးထသွား၏။
ခဏကြာတော့ ယွီဟွေးဖေးမခံနိုင်တော့ဘဲ “အစ်မကြီး၊ ကြည့်လို့ဝပြီလား”
ခယ်လီက ခေါင်းခါ၊ ပါးစပ်ကိုစေ့၊ သွားဖြဲပြပြီး ရွံရှာတဲ့ပုံစံနဲ့ “ဘေးကျောင်းကကောင်တွေက ဘယ်လို အလှအပအမြင်ရှိကြတာလဲ၊ နင့်လိုကောင်ကို ချောတယ်တဲ့...”
ယွီဟွေးဖေးကြားတော့ တကယ်ပဲ ဘီယာပုလင်းကိုကောက်ပြီး ဒီကောင်မလေးကို ပစ်ပေါက်ချင်စိတ် ပေါက်သွားသည်။ ဒီလိုပြောစရာလား။
“ပြီးပါပြီ၊ ကောင်လေးတစ်ယောက်ကို ဒုက္ခပေးမယ့် အိပ်မက်တစ်ခု ပျက်စီးသွားပြန်ပြီ။ သောက်မယ်”
ယွီဟွေးဖေး ဘာပြောနိုင်မှာလဲ။ စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတော့ သောက်ပေါ့၊ ဒီကောင်မကို မူးအောင်တိုက်ပစ်မယ်။
ညသန်းခေါင်ကျော်တော့ အားလုံးတော်တော်မူးသွားကြပြီ။ ခယ်လီက ပိုက်ဆံရှင်းပြီး အားလုံးယိမ်းထိုးရင်း ကျောင်းကိုပြန်သွားကြသည်။ ကျောင်းပေါက်ဝရောက်တော့ ယွီဟွေးဖေးနဲ့ လျိုကျွမ်းက ခယ်လီကို အဆောင်ပြန်ပို့ပြီးမှ လမ်းခွဲ၏။
ကျောင်းပေါက်ဝကထွက်တော့ လေပြေတစ်ချက်တိုက်လာတာနဲ့ ယွီဟွေးဖေးက လေချဉ်တစ်ချက်တက်လိုက်တော့ လူလည်းနည်းနည်းလန်းသွား၏။ ပတ်ဝန်းကျင်ကိုကြည့်ပြီး ယွီဟွေးဖေးက ဟိုတယ်ပြန်ဖို့ ပြင်လိုက်သည်။
အဲ့ဒီအချိန်မှာပဲ ဗန်ကားနှစ်စီးနဲ့ ကားငယ်တစ်စီးက ဟိုတယ်ရှေ့မှာ ရပ်လိုက်ပြီး လူတစ်စုဆင်းလာသည်။ တစ်ယောက်က လမ်းနှစ်လှမ်းလျှောက်ပြီး တစ်ခါအန်သည်။
“ဝူကော... ခင်ဗျားကျန်းမာရေးက မကောင်းဘူးထင်တယ်၊ နှစ်ပုလင်းနဲ့တင် အန်နေပြီ” နောက်တစ်ယောက်က ရယ်သည်။
ဝူကောက ခေါင်းခါသည်။ “မတူဘူး၊ ဒီနေ့ငါစိတ်ညစ်နေတာ။ စိတ်မကြည်တော့ မသောက်နိုင်ဘူး...”
တစ်ယောက်ကတော့ ဆံပင်ထိပ်ပြောင်နေပြီး အသက်သုံးဆယ်လောက်ရှိမည်။ သူကရယ်ပြီး “ဟုတ်တယ်... အရက်ဆိုတာ လူမှန်၊ အချိန်မှန်နဲ့သောက်ရင် ဘယ်လောက်သောက်သောက် ဘာမှမဖြစ်ဘူး။ ပြောင်းပြန်ဆိုရင်တော့ အရက်က အဆိပ်ထက်တောင် သောက်ရခက်တယ်... ဒီနေ့ ဒီလောက်မူးနေတာ အိမ်မပြန်နဲ့တော့။ ဒီမှာပဲတစ်ညအိပ်လိုက်၊ မနက်ဖြန်ထရင် လမ်းဖြတ်ကူးပြီး ရုံးတန်းတက်လိုက်ပေါ့။ အလုပ်မရှုပ်တော့ဘူး...”
“ကောင်းပြီ...” ဝူကောက လက်ပြပြီး ခေါင်းမော့လိုက်တော့...
သူမျက်လုံးကို အားရပါးပွတ်လိုက်ပြီး နောက်ဆုံးတော့ “ခွေးမသား” လို့ အော်ဟစ်လိုက်သည်။
ယွီဟွေးဖေးက လက်ပြပြီး “ဟိုင်း...”
“ဟိုင်း... မင်းအဖေဟိုင်း။ လောင်စွန်း... ဒီကောင်စုတ်က ငါ့အလုပ်ကိုဖျက်တာ၊ သူ့ကိုဖမ်းထား၊ ဒီနေ့ငါ သူ့အရေခွံကိုဆုတ်ပစ်မယ်” ဌာနမှူးဝူက အော်ဟစ်သည်။