မိန်းမတွေက ကြောက်စရာ
Vol. 14 Ch. 207
“ဒီတစ်ခါပဲ၊ သွားပြီးရင် နောက်ဘာမှမဖြစ်တော့ဘူး”
တိကျန့်က ခေါင်းခါနေတုန်းပဲဆိုတော့ ယွီဟွေးဖေးက သက်ပြင်းချပြီး “မင်းမသွားရင်တော့ ငါအတင်းမခိုင်းဘူး။ ဒါပေမဲ့ ငါသတိပေးရမယ်၊ တကယ်လို့ ချန်ယိုတောက် မခံနိုင်တော့ရင် သူငါတို့အိမ်လိပ်စာကို ကြေညာလိုက်နိုင်တယ်။ အဲ့အချိန်ကျရင် စဉ်းစားကြည့်တော့... ငါထင်တာကတော့ သင်္ချိုင်းထဲမှာတောင် မီးအိမ်ကိုင်ပြီး လျှောက်သွားနေတဲ့မိန်းမတွေ ရှိလာလိမ့်မယ်ဆိုတာ အသေအချာပဲ။ အဲ့အချိန်ကျရင်... ဟက်ဟက်... မင်းသစ်ပင်ပေါ်တက်နေရင်တောင် အသုံးဝင်မှာမဟုတ်တော့ဘူး”
တိကျန့်က အဲ့မြင်ကွင်းကိုစဉ်းစားကြည့်ပြီး နဖူးမှာချွေးတွေပြန်လာသည်။
“ဒါ... ငါဒီတစ်ခါသွားရင် နောက်ဘာမှမဖြစ်တော့ဘူးလား” တိကျန့်ကမေးသည်။
ယွီဟွေးဖေးက “သတင်းစာရှင်းလင်းပွဲသိလား။ ငါတို့ဒီတစ်ခါသွားတာက တကယ်တော့သတင်းစာရှင်းလင်းပွဲတစ်ခုပဲ။ မင်းအရှေ့မြောက်ပိုင်းကထွက်သွားပြီ၊ တောင်ပိုင်းကိုသွားပြီ၊ တောနက်တောင်ကြီးထဲမှာ ဘုန်းကြီးသွားဝတ်ပြီလို့ အပြင်ကိုကြေညာမယ်။ ဒီလိုဆိုရင် သူတို့လည်း မင်းကိုမနှောင့်ယှက်တော့ဘူး၊ ချန်ယိုတောက်ကိုလည်းမနှောင့်ယှက်တော့ဘူး၊ ဒီလိုဆိုရင် ငါတို့အားလုံးငြိမ်သက်သွားမယ်။ ဟုတ်တယ်မလား”
တိကျန့်ကစဉ်းစားကြည့်တော့ ဟုတ်သားပဲ။
ယွီဟွေးဖေးက တိကျန့်စိတ်လှုပ်ရှားလာတာမြင်တော့ အမြန်ဖြည့်စွက်သည်။ ”တကယ်တော့လေ၊ မင်းထင်သလောက်မကြောက်စရာကောင်းပါဘူး။ မင်းကိုယ်မင်း နိုင်ငံတကာစူပါစတားကြီးထင်နေတာလား။ မင်းက ကိုရင်လေးတစ်ပါး ရုပ်ချောတာပဲရှိတယ်။ ပြီးတော့ မင်းကိုမြင်ဖူးတဲ့လူက စုစုပေါင်းဘယ်နှစ်ယောက်ရှိလို့လဲ။ မင်းရဲ့အမာခံပရိသတ်ညီမလေးတွေ ဒါမှမဟုတ် အစ်မကြီးတွေကလည်း အဲ့လောက်ပဲရှိမှာပေါ့။ အဲ့အချိန်ကျရင် ချန်ယိုတောက်ရဲ့လူတွေကို လူတန်းကြီးလုပ်ခိုင်းလိုက်မယ်၊ အဲ့မိန်းမတွေက မိစ္ဆာမကြီးဖြစ်သွားရင်တောင် မင်းနားမကပ်နိုင်ဘူး”
တိကျန့်မျက်လုံးတွေပိုပြီးအရောင်တောက်လာပြီး “မင်းသေချာလား၊ အဲ့အချိန်ကျရင် ငါ့ကိုကာပေးမယ့်လူရှိမှာ သေချာလား”
“သေချာပေါက်ရှိတာပေါ့ဟ”
“ကောင်းပြီ... ဒါဆိုငါမင်းနဲ့လိုက်မယ်၊ ဒါပေမဲ့ ငါ့မှာတောင်းဆိုချက်ရှိတယ်”
“ပြော”
“ဒီတစ်ခါပဲ၊ နောက်ထပ်မရှိစေရ”
ယွီဟွေးဖေးကလက်ခုပ်တီးပြီး ပြဿနာမရှိကြောင်းပြလိုက်သည်။ ညှိနှိုင်းပြီးတော့ ချန်ယိုတောက်ကိုဖုန်းဆက်ပြီး မနက်ဖြန်မနက်စောစော သူတိကျန့်ကိုခေါ်လာမယ်လို့ပြောလိုက်သည်။
ချန်ယိုတောက်ကကြားတော့ ဟားတိုက်ရယ်ပြီး “ညီကိုကောင်းပဲ။ မနက်ဖြန်ငါလာကြိုမယ်။ ဟားဟားဟား... မပြောတော့ဘူး၊ ငါအရင် ငါ့မိန်းမကိုပြောလိုက်ဦးမယ်။ ပြီးတော့... ငါအခုပဲကားနဲ့ ကြော်ငြာစီစဉ်လိုက်တော့မယ်”
ဖုန်းချပြီးတော့ ယွီဟွေးဖေးကခေါင်းခါပြီး အိပ်ယာပေါ်မှာ ကျင့်ကြံတော့သည်။ လတ်တလော သူ့ခန္ဓာကိုယ်က ပုစဉ်းခွံကိုးလွှာဒုတိယအဆင့်ကို ထိုးဖောက်တော့မယ်လို့ ခံစားနေရ၏။ ဒါကြောင့် အထူးသဖြင့်ကြိုးစားလေ့ကျင့်နေသည်။ ဒုတိယအဆင့်ကိုကျော်ဖြတ်သွားရင် သူ့ခန္ဓာကိုယ်မှာဘယ်လိုသိမ်မွေ့တဲ့ပြောင်းလဲမှုတွေရှိလာမလဲဆိုတာ သိချင်တာလည်းပါတာပေါ့။
လတ်တလောတိုက်ပွဲအနည်းငယ်က သူ့ကိုခန္ဓာကိုယ်ကောင်းခြင်းရဲ့ အကျိုးကျေးဇူးကိုမြည်းစမ်းစေခဲ့သည်။ ဒါကြောင့် သူအခုကျင့်ကြံတာကို တော်တော်လေးစိတ်ဝင်စားနေ၏။
တစ်ညတာပြီးနောက် နောက်တစ်နေ့မနက်စောစောမှာ တံခါးဝမှာဟွန်းသံကြားလိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်တော့ တယ်ဟုတ်ပါလား၊ ချန်ယိုတောက်ရဲ့ Hummer ကြီးကတံခါးဝမှာရပ်နေပြီး သူကကားထဲမှာထိုင်ပြီး ဖက်ထုပ်စားရင်း သူ့ကိုလက်ပြနေသည်။
မိုးလင်းစပြုနေတဲ့ကောင်းကင်ကိုကြည့်ပြီး “ဘယ်အချိန်ကတည်းက ထွက်လာတာလဲ”
ချန်ယိုတောက်ကဟားတိုက်ရယ်ပြီး “ငါမအိပ်ဘူးလေ။ ဟိုဘက်မှာစီစဉ်ပြီးတော့ တန်းလာခဲ့တာရင်း ဒီမှာမင်းကိုတစ်ညလုံးစောင့်နေတာ”
ယွီဟွေးဖေးဘာပြောရမှန်းမသိဖြစ်သွားသည်။ ဘေးကတိကျန့်ကဟဲဟဲရယ်ပြီး “တွေ့လား။ ဒီလောက်ကြမ်းတဲ့ယောက်ျား၊ ဒီလောက်တပည့်တွေများတာနော်... နောက်ဆုံးတော့ မိန်းမတစ်စုက မြည်းဖြစ်အောင်လုပ်လိုက်တာပဲမလား။ မိန်းမတွေကလေ ကျားတွေဟ... မထိတွေ့ရဘူး”
ယွီဟွေးဖေးဘာပြောနိုင်မှာလဲ။ သူ့ကိုဆွဲပြီးကားပေါ်တက်လိုက်၏။ လမ်းမှာ သူက ချန်ယိုတောက်ကိုမေးသည်။
”တကယ်တမ်း ဘာတွေဖြစ်နေတာလဲ”
“ငါလည်းမသိဘူး... အရင်က မင်းတို့လာပြီးနောက်ပိုင်း ငါ့နေရာမှာ မိန်းမအမျိုးမျိုးက တံခါးဝမှာချောင်းကြည့်နေကြတာပဲ။ နှစ်ကူးပြီးတော့ တစ်ယောက်ချင်းစီက ပိုဆိုးလာတယ်။ အစကတော့ ငါ့တပည့်တွေနဲ့စကားပြောတယ်။ ငါ့တပည့်တွေ တစ်ယောက်ချင်းစီက သွေးဆူနေတော့ မိန်းကလေးတွေနဲ့ စကားပြောရတာပျော်တာပေါ့။ နောက်ပိုင်းမှာ ဒီလူတွေကစုပြီးအာရုံပြောင်းပြီး ငါ့ကိုစနှောင့်ယှက်တော့တာပဲ။ ဒီနေ့ငါ့ကိုစားစရာနည်းနည်းပို့တယ်၊ မနက်ဖြန်ငါ့ကိုလက်ဖက်ခြောက်၊ လက်ဖက်ရည်ခွက်တွေပို့တယ်။ ပစ္စည်းမပို့ရင်တောင် လာပြီးငါ့ကိုမေးတယ်လေ။ သူတို့ကလေး ငါ့ဆီမှာသိုင်းသင်လို့ရလားတဲ့...”
“မင်းပြောကြည့်လေ တစ်ဆယ့်ရှစ်ကိုးနှစ်ကောင်မလေးက ကလေးရှိမလားဟ။ သောက်ကျိုးနည်း ဘယ်သူ့ကိုလိမ်နေတာလဲ။ အရင်ကတော့ ငါလည်းပျော်နေတာပေါ့။ ဘာပဲဖြစ်ဖြစ်အလုပ်မရှိတာ၊ သူတို့လာချင်ရင် ငါလက်ခံလိုက်တာပေါ့”
“ဒါပေမဲ့... အေး... ပြောမဆုံးပေါင်တောသုံးတောင်ပဲ”
ယွီဟွေးဖေးကရှေ့ကစကားတွေကြားတော့ တကယ်နည်းနည်းအားကျသည်။ ဒါပေမဲ့ ချန်ယိုတောက်နောက်မှာ မိန်းမတစ်ယောက်ရှိသေးတာ စဉ်းစားမိတော့ သူ့အတွက်ချွေးပြန်လာ၏။
အဲ့ဒီအချိန်မှာယွီဟွေးဖေးက ချန်ယိုတောက်ရဲ့လက်မောင်းမှာ သွားရာတစ်တန်းရှိနေတာ တွေ့လိုက်ရသည်။
”ဒါက”
ချန်ယိုတောက်က အမှန်အတိုင်းမပြောရဲဘဲ ချောင်းတစ်ချက်ဆိုးပြီး “အဲ... ခွေးကိုက်တာ”
တိကျန့်က တိုးကပ်ကြည့်ပြီး ဟဲဟဲရယ်ရင်း “ခင်ဗျားအိမ်ကခွေး သွားတွေတော်တော်ညီတာပဲ”
ဒီစကားထွက်လာတော့ ချန်ယိုတောက်ရဲ့မျက်နှာချက်ချင်းနီရဲသွား၏။ ယွီဟွေးဖေးကလက်ဝှေ့ပြီး သူ့နဖူးကိုတစ်ချက်ရိုက်လိုက်သည်။
”ငြိမ်ငြိမ်နေစမ်း”
“ထပ်ရိုက်ရင် ငါအိမ်ပြန်မယ်”
“ကောင်းပြီ... ပြန်လိုက်လေ။ ငါဟိုဘက်ကနေ သူတို့ကိုခေါ်လာမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့အိမ်ကခွေးက ငါ့ကိုမကိုက်ရဲဘူး”
“မင်း...” တိကျန့်က ဒေါသတကြီး ယွီဟွေးဖေးကို စိုက်ကြည့်၏။
ယွီဟွေးဖေးကတော့ မေးစေ့ကိုပွတ်ပြီး “အေး... ငါမင်းနောက်က လူတွေကိုပြောပြီး ငါ့ဆီမှာခဏလောက်ထပ်နေခိုင်းလိုက်ပြီးတော့ အဲ့မိန်းကလေးတွေလာရင် တစ်ယောက်ကို ဝင်ကြေးတစ်ရာကောက်ရင် ငါတို့ချမ်းသာသွားမှာမဟုတ်ဘူးလား”
တိကျန့်ကကြားတော့ ချက်ချင်းငိုသံပါနဲ့ “အစ်ကိုကြီး... ငါတို့စကားကောင်းကောင်းပြောလို့ရမလား”
”ဒါဆို ငြိမ်ငြိမ်နေ”
တိကျန့်ခေါင်းလေးကအရမ်းလိမ္မာစွာညိတ်ပြသည်။ ကားကမကြာခင်မှာမြို့ထဲဝင်လာပြီ။ သိုင်းသင်တန်းကျောင်းနားရောက်တော့ ယွီဟွေးဖေးက အခြေအနေ နည်းနည်းမူမမှန်တာ တွေ့လိုက်ရ၏။
ဒီလမ်းပေါ်မှာ မိန်းမတွေ ပိုများလာခြင်းပင်။ အများစုက အလယ်အလတ်အရွယ်အမျိုးသမီးတွေ၊ မိန်းကလေးငယ်နည်းနည်းပဲရှိပေမယ့် မိန်းမတွေအများကြီးပိုများလာသည်။ ဒါမျိုးသူအရင်က မမြင်ဖူးဘူး။
အဲ့ဒီအချိန်မှာ ချန်ယိုတောက်ရဲ့တပည့်တစ်ယောက်က ကားပေါ်တက်လာပြီး “ဆရာ... အခြေအနေမကောင်းဘူး။ တိကျန့်နာမည်ကြီးသွားပြီ”
“ဘာနာမည်ကြီးတာလဲ။ ရှင်းရှင်းပြောစမ်း”
ချန်ယိုတောက်ရဲ့တပည့်ကခေါင်းကိုကုတ်ပြီး “ဆရာမသိဘူးလား။ သူဌေးယွီလည်း မသိဘူးလား”
ယွီဟွေးဖေး စဉ်းစားမရဖြစ်ပြီး “ငါဘာသိရမှာလဲ”
”ခင်ဗျားတကယ်မသိဘူးလား” ချန်ယိုတောက်ရဲ့တပည့်က သံသယနဲ့ယွီဟွေးဖေးကိုကြည့်သည်။
ယွီဟွေးဖေးကကြောင်သွားသည်။ နောက်မှာပုန်းပြီး လူခေါင်းရေတွက်ရင်း ကိုယ်တောင်တုန်နေတဲ့ တိကျန့်ကိုကြည့်ပြီးရင်း ပြန်မေးလိုက်၏။
”သေသေချာချာ အမြန်ပြော”
“တိကျန့်နာမည်ကြီးသွားပြီ။ မကြာခင်က ဘယ်သူမှန်းမသိဘူး သူ့ရဲ့ဓာတ်ပုံတစ်စုံကိုထုတ်ပြလိုက်တယ်။ ဓာတ်ပုံတင်မကဘူး နေထိုင်မှုဗီဒီယိုတချို့လည်းပါတယ်။ အိပ်တဲ့အခါသံခမောက်ဆောင်းတာ၊ ညဘက်စောင်ကန်တဲ့ဗီဒီယိုရောပဲ။ သူတစ်ညတည်းနဲ့ နာမည်ကြီးသွားပြီ။ သူ့ဓာတ်ပုံနဲ့ဗီဒီယိုကို ကြိုက်တဲ့သူက သန်းနဲ့ချီတယ်။ အခုသူ့ရဲ့လူကြိုက်များမှုက သာမန်စတားလေးတွေထက် မနည်းဘူး။ မဟုတ်ဘူး... သာမန်စတားတွေတောင် သူ့လောက်မနာမည်ကြီးဘူး”
ယွီဟွေးဖေးကကြောင်သွားသည်၊ ဗီဒီယို၊ ဓာတ်ပုံလား။ ဒါဘယ်လိုဖြစ်တာလဲ။
”မင်းကိုယ်တိုင်တင်လိုက်တာမဟုတ်ဘူးလား”
ချန်ယိုတောက်ကမေးရာ ယွီဟွေးဖေးကမျက်စောင်းထိုးပြီး “မင်း ငါ့ကိုပိုက်ဆံမက်တဲ့လူလို့ မြင်နေတာလား။ ငါပိုက်ဆံကြိုက်တယ်၊ ဒါပေမဲ့ ငြိမ်သက်တာကိုပိုကြိုက်တယ်”
အပြင်ကလူအုပ်ကြီးကိုကြည့်ပြီး ယွီဟွေးဖေးက နွားကျောင်းသားကို မခေါ်လာမိတာ နည်းနည်းနောင်တရနေ၏။ တကယ်လို့ နွားကျောင်းသားလာရင် ဒီမိန်းမတွေက တိကျန့်နားမကပ်နိုင်လောက်ဘူး။
နွားကျောင်းသားမရှိတော့ ယွီဟွေးဖေးက တိကျန့်ကိုကာကွယ်ပေးဖို့ နေနေသာသာ ကိုယ်တိုင်ပါသွားမှာကိုတောင် ကြောက်နေရပြီ။ အရေးကြီးဆုံးက ဒီကိစ္စကိုစဉ်းစားလေ ယွီဟွေးဖေးစိတ်ထဲမှာ ပိုပြီးကြောက်လာလေပဲ။
သူအမြန်ဖုန်းကိုလှန်ကြည့်ပြီး တိကျန့်ရဲ့ဗီဒီယိုကိုရှာကြည့်လိုက်သည်။
အဲ့ဗီဒီယိုတွေက နဝမဆောင်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေချည်းပဲ။ အဲ့အချိန် ယွီဟွေးဖေးနဖူးမှာ ချွေးတွေအပြည့်နဲ့။
နဝမဆောင်ထဲမှာ သရဲဖြူ၊ သရဲနက်၊ နွားခေါင်း၊ မြင်းမျက်နှာ၊ နွားကျောင်းသား၊ ရှောင်ထျန်းချန်၊ တိကျန့်နဲ့ချွေ့ကျွယ်တို့ရှိနေတာကို သိရမယ်လေ။ ဒီလူတွေထဲမှာ တချို့ကအကြားအာရုံကောင်းတယ်၊ တချို့ကအနံ့ခံအာရုံကောင်းတယ်၊ တချို့ကမျက်စိစူးရှတယ်။ ဘာပဲဖြစ်ဖြစ် သာမန်လူတစ်ယောက်မှမရှိဘူး။
လူတိုင်းမသိအောင် တိကျန့်တစ်ယောက်တည်းကိုပဲ ရိုက်ကူးနိုင်တာက တော်တော်ကြောက်စရာကောင်းတယ်။ တကယ်လို့ ဟိုဘက်ကစိတ်ရှိရင် နွားခေါင်း၊ မြင်းမျက်နှာကိုပါရိုက်ထည့်လိုက်ရင် ယွီဟွေးဖေးကိုကြိုဆိုမှာက ဒီမိန်းမတွေမဟုတ်တော့ဘူး။
စဉ်းစားလေလေ နဖူးမှာချွေးတွေပိုများလာလေ။ ပိုပြီး သည်းမခံနိုင်တော့ဘူး။
တိကျန့်ကလည်း ဗီဒီယိုကိုတစ်ချက်ကြည့်တာနဲ့ ယွီဟွေးဖေး စိုးရိမ်နေတဲ့ကိစ္စကို ချက်ချင်းစဉ်းစားမိလိုက်သည်။
“တစ်ယောက်ယောက်က ငါတို့ကိုပစ်မှတ်ထားနေတယ်”
ယွီဟွေးဖေးကခေါင်းညိတ်လိုက်ပေမဲ့ ဘယ်သူကသူ့ကိုပစ်မှတ်ထားတာလဲ။ သူ့မှာရန်သူသိပ်မရှိဘူးလို့ထင်တယ်။ ရှိတယ်ဆိုရင် ဖိန်ကော၊ ကော်ပုထုံက သူနဲ့ပြန်သင့်သွားပြီ။
ဆိုင်ပိုင်ရှင်ဖက်တီးပုတ်ကလည်း သူနဲ့မငြိတော့ဘူး၊ နှစ်ယောက်သား ဆက်ဆံရေးကလည်း ပြဿနာမရှိတော့ဘူး။ ရှူ့ကျဲမိသားစုကသံသယရှိပေမယ့် သူတို့အိမ်ကလူတွေအားလုံးပေါင်းရင်တောင် ရှောင်ထျန်းချန်ရဲ့နှာခေါင်း၊ နွားခေါင်း၊ မြင်းမျက်နှာရဲ့နား၊ သရဲဖြူ၊ သရဲနက်ရဲ့မျက်လုံးကို မလွတ်နိုင်ဘူး။
ဒါကြောင့် ဘယ်သူက သူ့ကိုနောက်ကွယ်ကနေ ဒုက္ခပေးနေလဲဆိုတာ တကယ်မသိဘူး။ အဲ့တစ်ခဏမှာ ယွီဟွေးဖေးကလူတစ်ယောက်ကိုစဉ်းစားမိလိုက်၏။ အိပ်မက်ထဲမှာပေါ်လာပြီး သူ့ကိုထောင်ဖောက်ပြေးတယ်လို့ ပြောတဲ့အဲ့ကောင်။
ဒါပေမဲ့ အကြိမ်ကြိမ်စစ်ဆေးပြီးပြီ အကျဉ်းသားလုံးဝမဆင်းလာဘူး။ ဒါဆို ဘယ်မှာထောင်ဖောက်ပြေးတဲ့ကောင် ရှိမှာလဲ။ လူယာတောင် ရင်ဘတ်ကိုပုတ်ပြီး အာမခံထားတာလေ။ အဲ့ပထမဆုံး အကျဉ်းသားဖြစ်တဲ့ ဒင်္ဂါးကထောင်မဖောက်ပြေးဘူး။ အိမ်မှာပဲရှိနေသေးတယ်။
ဒါကြောင့် ယွီဟွေးဖေးက ဘယ်မှာပြဿနာတက်နေလဲဆိုတာ တကယ်စဉ်းစားလို့မရဘူး။
“ညီလေး စိတ်မပူနဲ့။ ဒီနေ့ ငါ့သင်တန်းကျောင်းက တပည့်အားလုံးကို ခေါ်လာတယ်။ ခဏနေရင် အားလုံးလက်ချင်းချိတ်ပြီး လူတန်းကြီးလုပ် ညီးလေးတိကျန့်ကိုကာကွယ်ပေးမယ်။ အဲ့မိန်းမတွေက မင်းတို့နဲ့အတတ်နိုင်ဆုံး ဝေးဝေးရောက်နေလိမ့်မယ်ဆိုတာ သေချာတယ်” ချန်ယိုတောက်ကပြောသည်။
ယွီဟွေးဖေးကပါးစပ်ကိုစေ့ပြီး “မင်းပြောတဲ့တပည့်က အဲ့နားရွက်ဆွဲခံနေရတဲ့ကောင်တွေလား”
ချန်ယိုတောက်ကမော့ကြည့်လိုက်တော့ သင်တန်းကျောင်းတံခါးဝမှာ ယောက်ျားတစ်စုကို အမျိုးသမီးတစ်ယောက်ချင်းစီက နားရွက်ဆွဲပြီး ဘေးကိုဆွဲခေါ်သွားတယ်။ ဘယ်သူမှ ရှေ့ကိုမတိုးရဲကြဘူး။ အဲ့လူလွတ်တွေကတော့ မိန်းမတချို့က ရင်ဘတ်နဲ့ထောင့်မှာပိတ်ထားလို့ တုန်တုန်ယင်ယင်နဲ့မလှုပ်ရဲကြဘူး။
ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်ကဖုန်းကိုကိုင်ပြီး တစ်ချိန်လုံးအော်နေတာမို့လို့ပဲ။ “နင်လျှောက်ထိရင် နင့်ကိုမုဒိမ်းမှုနဲ့တိုင်မှာ”
ဒီမြင်ကွင်းကိုမြင်တော့ ချန်ယိုတောက်ရဲ့နဖူးမှာလည်း ချွေးတွေပြန်လာပြီး တံတွေးတစ်ချက်မြိုချကာ “ဒါမှမဟုတ် ငါတို့ပြေးကြမလား။ ဒီမိန်းမတွေတော်တော်ကြမ်းတယ်”
ယွီဟွေးဖေးလည်း ဒီစိတ်ကူးရှိသည်။ ဒါပေမဲ့အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်ကအော်၏။
”ငါတိကျန့်ကိုတွေ့ပြီ”
ပြီးတော့လူတစ်စုကဝေါခနဲပြေးလာပြီး ကားကိုတန်းပိတ်လိုက်ကြတော့သည်။ သုံးထပ်လေးထပ်ဝိုင်းထားတော့ ပြေးဖို့မပြောနဲ့ အခုယွီဟွေးဖေးက ဒီမိန်းမတွေ ပြတင်းပေါက်ကို ဖိခွဲပစ်မှာကိုတောင် ကြောက်နေရ၏။
အကြောက်စရာအကောင်းဆုံးက ရုပ်ဆိုးပြီး ရင်ဘတ်ကတော်တော်မာတဲ့ မိန်းမတစ်ယောက်ပဲ။ သူမရင်ဘတ်ထဲမှာ ဘာပစ္စည်းထည့်ထားလဲမသိဘူး။ ဘာပဲဖြစ်ဖြစ် တော်တော့ကိုမာနေပုံပဲ။ တစ်ခါတစ်ခါပြတင်းပေါက်ကိုဖိလိုက်ရင် ဒုန်းဒုန်းကျောက်တုံးသံတောင် ထွက်နေလေရဲ့။
ကြားနေရတဲ့ ချန်ယိုတောက်က တော်တော်စိတ်မကောင်းဖြစ်ပြီး တစ်ချိန်လုံးအော်နေ၏။
”နင်... နင့်ကိုပြောနေတာ... နင်ငါ့ကားနဲ့ဝေးဝေးနေ။ နင့်ရင်ဘတ်ထဲမှာကျောက်တုံးဝှက်ထားလား”
ဟိုဘက်ကလည်းအားနာစွာ “ဘယ်မှာလဲ... လျှောက်မပြောနဲ့”
အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က အော်သည်။ ”ဒါဘယ်သူ့အိမ်ကခွေးလဲ။ ဘာလို့လျှောက်ပြေးနေတာလဲ”
ပြီးတော့ အဲ့ကျောက်တုံးညီမလေးက လောသွားပြီး ယွီဟွေးဖေးထက်တောင် ပိုကြမ်းတဲ့အသံနဲ့အော်သည်။ နာမည်တစ်ခုလိုပဲ ဘာမှန်းတော့မသိဘူး။
”ဆိုင်ပန်း... ဆိုင်ပန်း”
ယွီဟွေးဖေးနဲ့ချန်ယိုတောက်တင်မကဘူး ပတ်ဝန်းကျင်ကညီမလေးတွေတောင် သူ့ကြောင့်လန့်ပြီး တစ်မီတာကျော်နောက်ဆုတ်သွားကြ၏။ ချန်ယိုတောက်က အခွင့်အရေးယူပြီး ပြေးမလို့လုပ်ပေမယ့် ချက်ချင်းပဲပြန်ပိတ်မိသွားပြီး ငိုညည်းနေတော့သည်။ ဘာမှလုပ်လို့မရဘူး။
တိကျန့်ကတော့ မူလကတည်းကလန့်နေတာ။ သူ့တစ်ဘဝလုံး ဒီလောက်မိန်းမတွေအများကြီး ဝိုင်းတိုက်ခိုက်တာမခံဖူးဘူးလေ။
တိကျန့်ကငိုသံပါနဲ့ “တွေ့လား။ ခုနကအသံကြမ်းကြီးနဲ့မိန်းမ လက်နက်တောင်ပါသေးတယ်”
”မကြောက်နဲ့၊ အဲ့ဒါကအဘိုးကြီး၊ မိန်းမမဟုတ်ဘူး” ယွီဟွေးဖေးကနှစ်သိမ့်သည်။
“ယောက်ျားတွေတောင် ဒီလောက်ကြောက်စရာကောင်းနေပြီ မိန်းမတွေကပိုပြီး ရူးသွပ်မှာပဲ” တိကျန့်ကကြားတော့ ကြောက်လန့်တကြား အော်ပါလေရော။
ယွီဟွေးဖေးက ဟိုဘက်ကယုတ္တိရှိလွန်းလို့ ဘာမှပြန်မချေပနိုင်တော့ဘူး။
”ဘယ်လိုလုပ်မလဲ”ချန်ယိုတောက်ကယွီဟွေးဖေးကိုကြည့်သည်။
“ဘယ်လိုလုပ်မတုန်း။ ရဲခေါ်မှရတော့မှာပေါ့ဟ”
ယွီဟွေးဖေးကခါးခါးသီးသီးပြုံး၏။ သူတင်မကဘူး ဒီမြင်ကွင်းကချန်ယိုတောက်ရဲ့ မျှော်လင့်ချက်ကို ကျော်လွန်သွားပြီ။ မူလကလမ်းသလားရုံပဲထင်နေတာ အခုတော့ဒီလိုပုံစံဖြစ်သွားတာကိုး။
ရဲခေါ်လိုက်ပေမယ့် မကြာခင်မှာသူတို့စိတ်ပျက်စွာတွေ့ရှိလိုက်ရတာက ရဲတွေကလည်း လမ်းမှာပိတ်မိနေပုံရတယ်။ လုံးဝရောက်မလာနိုင်ဘူး။
မတတ်သာတော့ သုံးယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သွားကိုကြိတ်၊ ခြေတစ်ချက်ဆောင့်ပြီး အပြင်ထွက်စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ်မိန်းကလေးတစ်စုပဲလေ။ ဘယ်လောက်ကြမ်းကြမ်း ဘယ်လောက်ထိကြမ်းနိုင်မှာလဲ။
ဒါနဲ့ကားတံခါးပွင့်သွား၏။
ယွီဟွေးဖေး ကားပေါ်ကဆင်းတော့ မိန်းကလေးတွေက နောက်ဆုတ်သွားကြသည်။ တော်တော်လေးဟန်ဆောင်တတ်ကြသား။ ယွီဟွေးဖေးလည်း စိတ်အေးသွား၏။ ကြည့်ရတာ အားလုံးက တိကျန့်ကိုစပ်စုနေတာပဲ၊ တကယ်တော့ အသိဉာဏ်မမဲ့ကြဘူးကိုး။
နောက်ကားတံခါးကိုဖွင့်ပြီး တိကျန့်ကို “ကြည့်၊ ကိစ္စမရှိဘူး။ အားလုံးကတော်တော်...”
စကားမဆုံးသေးဘူး ယွီဟွေးဖေးက တိကျန့်ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေနဲ့ပြည့်နေတာ တွေ့လိုက်ရသည်။ ပြီးတော့လက်တစ်ဖက်ကယွီဟွေးဖေးရဲ့ပခုံးပေါ်ကိုရောက်လာချိန် ယွီဟွေးဖေးမလှည့်ခင်မှာပဲ လက်တစ်စုကသူ့ကိုဖမ်းပြီး အားကုန်သုံးလို့ အပြင်ကိုဆွဲထုတ်လိုက်လေရော။
ယွီဟွေးဖေးတောင် ဘာမှမခုခံနိုင်ဘဲ အဆွဲခံလိုက်ရပြီ။ ပြီးတော့ တစ်ယောက်ယောက်က တီးတိုးပြောနေတာကြားလိုက်ရသည်။
”ရုပ်ဆိုးလိုက်တာ ဘာလို့လမ်းပိတ်နေတာလဲ”
ပြီးတော့လူတစ်စုက ချက်ချင်းအော်ဟစ်ပြီး ကားတံခါးထဲကိုတိုးဝင်လာကြသည်။ အဲ့ခံစားချက်က တိကျန့်ကိုဆွဲထုတ်ပြီး စားတော့မလိုမျိုးပဲ။
ယွီဟွေးဖေးကလန့်ပြီး အမြန်အထဲကိုပြေးဝင်ကာ တိကျန့်ကိုကာကွယ်ထုတ်မလို့လုပ်ပေမယ့် လက်တစ်ဖက်ပြီးတစ်ဖက်က သူ့ကိုအပြင်ကိုဆွဲထုတ်နေတာ ခံစားလိုက်ရသည်။ ယွီဟွေးဖေးကလည်း အရှေ့ကိုအားကုန်သုံးပြီးဆွဲသည်။
လမ်းတစ်လျှောက်လုံးအော်သံတွေချည်းပဲ။ ဒါပေမဲ့ သူဘာဆွဲမိလဲဆိုတာ လုံးဝမသိဘူး၊ ဘာပဲဖြစ်ဖြစ်ပျော့တာရောမာတာရောပါတယ်။
ကံမကောင်းစွာနဲ့ တစ်ယောက်ယောက်က သူ့ကိုပစ္စည်းတစ်ခုခုပေးလိုက်သလိုခံစားလိုက်ရ၏။ ဘာပဲဖြစ်ဖြစ် ယွီဟွေးဖေး မတ်တပ်ရပ်မိတဲ့အခါ လူအုပ်အပြင်ဘက်ကိုရောက်နေပြီလေ။
သူ့လက်ထဲမှာရှိနေတာကတော့...
ဘရာစီယာတစ်ထည်