လောကထဲက မိတ်ဟောင်းဆွေဟောင်း
Vol. 14 Ch. 208
“ငါ... ဒါ... သောက်ကျိုးနည်း... ဘယ်လိုဖြစ်နိုင်မှာလဲ”
ယွီဟွေးဖေးတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားချိန် တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။
”လူယုတ်မာကြီး... အခွင့်အရေးယူပြီး မိန်းကလေးဘရာစီယာခိုးနေတယ်”
ယွီဟွေးဖေးကြားတော့ လန့်ပြီး ဘရာစီယာကို အမြန်ဝှက်လိုက်ပေမယ့် နောက်ကျသွားပြီ။ ပတ်ဝန်းကျင်က မိန်းမတော်တော်များများရဲ့ အကြည့်တွေက ကြောက်စရာကောင်းလာ၏။
”လူယုတ်မာကိုဖမ်းကြ”
ဟိုကျောက်တုံးဘရာစီယာနဲ့ အစ်ကိုကြီးကတော့ ရင်ဘတ်ကို လက်နှစ်ဖက်နဲ့အုပ်ပြီး အော်ဟစ်လိုက်နေလေရဲ့...။
”အဲ့ဒါ ငါ့ဘရာစီယာ၊ လူယုတ်မာ”
ယွီဟွေးဖေးတစ်ယောက် ရွံရှာလွန်းလို့ အန်တော့မလိုဖြစ်သွားသည်။ ခွေးမသား... မင်းမှာ နှုတ်ခမ်းမွေးတောင် ရှိနေသေးတာကို။
ဒါပေမဲ့ ယွီဟွေးဖေး ရှင်းပြဖို့ အချိန်မရတော့ဘူး။ သူတွေ့လိုက်ရတာက တိကျန့်က ကားခေါင်မိုးကနေ တက်ထွက်လာပြီး ကျွမ်းကျင်လှတဲ့လှုပ်ရှားမှုနဲ့ နောက်ကားတစ်စီးခေါင်မိုးပေါ်ခုန်တက်ကာ ခုန်ပေါက်လို့ လမ်းတစ်ဖက်ကိုရောက်သွားပြီး သင်္ကန်းကိုဂါဝန်ကြီးလိုမရင်း ခြေကုန်သုတ်ပြေးတော့၏။
ယွီဟွေးဖေးက တိကျန့်ဘာမှမဖြစ်တော့မှန်း သေချာသွားတော့ စိတ်အေးသွားပြီး လှည့်ပြီးထွက်ပြေးတော့သည်။ တစ်ခဏအတွင်းမှာ လမ်းတစ်ဖက်ကနေ မတူညီတဲ့အော်ဟစ်သံနှစ်မျိုး ထွက်ပေါ်လာသည်။
တစ်ဖက်က “ကောင်လေးမပြေးနဲ့၊ ငါ့ကိုကြည့်ခွင့်ပေး”
နောက်တစ်ဖက်က “လူယုတ်မာကိုဖမ်းကြ၊ လူယုတ်မာကိုဖမ်းကြ”
နောက်ဆုံးတော့ ယွီဟွေးဖေးက သိုင်းသင်တန်းကျောင်းထဲမဝင်နိုင်ဘဲ ရဲစခန်းထဲသို့ ရောက်သွားတော့သည်။
...
ဆံပင်တိုတိုနဲ့ လန်းဆန်းတက်ကြွနေတဲ့ ရဲမေတစ်ယောက်က ယွီဟွေးဖေးရှေ့မှာထိုင်ပြီး စားပွဲပေါ်က သက်သေခံပစ္စည်း ဘရာစီယာကိုကြည့်နေ၏။
ခဏကြာတော့ ရဲမေက “မင်းဒါကိုဘယ်လိုဆွဲထုတ်လိုက်တာလဲ။ ဒီလောက်အေးတဲ့ဆောင်းတွင်းမှာ အားလုံးကအထူကြီးဝတ်ထားကြတာကို”
ယွီဟွေးဖေးက ငိုသံပါနဲ့ “အစ်မကြီး... ဆွဲထုတ်လို့ရမယ်လို့ ခင်ဗျားထင်လား”
ရဲမေက မျက်စောင်းထိုးပြီး “ဘယ်သူက နင့်အစ်မကြီးလဲ။ ရဲအရာရှိလို့ခေါ်”
“ရဲအရာရှိကြီး... ဒါကပုံမှန်ဖြစ်ရပ်ထင်လို့လားဗျာ”
ဟိုဘက်က ဟက်ဟက်ပက်ပက်ရယ်ပြီး “ပုံမှန်မဟုတ်ဘူး၊ ဒါပေမဲ့ပုံမှန်မဟုတ်လို့ ပုံမှန်ဖြစ်သွားတာ။ မင်းရဲ့လက်စွမ်းကတော်တော်ကောင်းတာပဲ”
ယွီဟွေးဖေး ဘာပြောရမှန်းမသိဖြစ်သွားသည်။ ဒါကလက်စွမ်းပြဿနာလား။ ဒါကသိပ္ပံနည်းကျမှမဟုတ်တာ။
“ပြောစမ်း၊ မင်းဘယ်လိုလုပ်လိုက်တာလဲ။ မင်းကမဖြစ်နိုင်တဲ့နည်းလမ်းတွေသုံးပြီး မကောင်းတဲ့လျှို့ဝှက်ချက်တွေကိုရယူပြီး ငါ့လက်ကလွတ်မယ်လို့မထင်နဲ့”
ယွီဟွေးဖေးက စိတ်မကောင်းစွာသူ့ကိုကြည့်ပြီး “တခြားရဲအရာရှိတစ်ယောက်နဲ့ စကားပြောလို့ရမလား။ ခင်ဗျားစုံထောက်ဝတ္ထုတွေနည်းနည်းလျှော့ဖတ်သင့်တယ်၊ ဒါမှမဟုတ် ကိုနန်နည်းနည်းလျှော့ကြည့်သင့်တယ်”
ရဲမေက နှုတ်ခမ်းစူပြီး “လျှောက်မပြောနဲ့ အမြန်ပြောစမ်း။ ဒါပေါ့... မင်းတခြားသူက မင်းကိုအကောက်ကြံတယ်လို့ပြောလို့ရတယ်၊ ဒါပေမဲ့ ပြဿနာကတော့... ဘယ်သူက မင်းကိုအကောက်ကြံတာလဲ။ ဘာလို့အကောက်ကြံတာလဲ။ ပြီးတော့... ဒီလိုအကောက်ကြံတာက ဟိုဘက်ကဘာအကျိုးရှိလို့လဲ”
ယွီဟွေးဖေးက အမေးခံရတော့ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ သူသာဘယ်သူက သူ့ကိုဒုက္ခပေးနေလဲသိရင်ကောင်းမှာပဲ။
“ကြည့်... ဘာမှပြန်မဖြေနိုင်ဘူးမလား။ ဒါဆို ငါ့ကိုဘယ်လိုယုံအောင်လုပ်မှာလဲ”
”ဘယ်သူကနင့်ကိုလာခိုင်းလို့လဲ။ ဘေးမှာသွားနေ၊ နင့်အလှည့်မရောက်သေးဘူး”အဲ့ဒီအချိန်မှာ နောက်ရဲတစ်ယောက်ကလျှောက်လာပြီး ရဲမေရဲ့ပခုံးကိုပုတ်ကာ ဟောက်သည်။
”ဘာဆိုလိုတာလဲ”ယွီဟွေးဖေးက အံ့ဩပြီး ကြောင်သွားသည်။
ပြီးတော့အဲ့ကောင်မလေးရဲကလျှာထုတ်ပြီး သူခိုးကြောင်လိုဘေးမှာသွားစောင့်နေသည်။
ယွီဟွေးဖေးကချက်ချင်းနားလည်သွားပြီး ဟိုဘက်ကိုလက်ညှိုးထိုးကာ “သောက်ကျိုးနည်း...”
ရဲအဘိုးကြီးက “ပါးစပ်ပိတ်ထား မဆဲနဲ့။ ဒီမှာကရဲစခန်း၊ ဆဲချင်ရင် အပြင်ထွက်ပြီးမှဆဲ”
လူတွေကဒီလိုပြောမှတော့ ယွီဟွေးဖေးဘာပြောနိုင်မှာလဲ။ နှာမှုတ်ပြီး စကားမပြောတော့ဘူး။
အဲ့ရဲမေအတုကတော့ ခေါင်းကိုခါယမ်း၊ မျက်လုံးကိုလှန်ပြီး ငါနင့်ကို ဒေါသထွက်အောင်လုပ်မယ်ဆိုတဲ့ပုံစံနဲ့ လုပ်ပြနေတော့ ယွီဟွေးဖေးက ဒေါသထွက်ပြီး ဒီကောင်မကိုအုတ်ခဲနဲ့ ပစ်ပေါက်ချင်စိတ်ပေါက်သွားသည်။ ရုပ်လေးကချောချောနဲ့ ဘာလို့လူကောင်းအလုပ်မလုပ်ရတာလဲ။
အဘိုးကြီးရဲက “သူ့ကိုဂရုမစိုက်နဲ့၊ အဲ့ကောင်မလေးက ရဲအတုလုပ်တာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။ လက်စွမ်းကကျွမ်းတယ်၊ မင်းကိုလိမ်နိုင်တာမဆန်းဘူး”
ယွီဟွေးဖေးကစဉ်းစားမရဖြစ်ပြီး “မဟုတ်သေးဘူး။ ဒီလိုအပြစ်က တော်တော်ကြီးသင့်တယ်မလား”
အဘိုးကြီးက ခါးခါးသီးသီးပြုံးပြီး “တကယ်တော့ကြီးသင့်တယ်၊ ဒါပေမဲ့ ဒီမိန်းမရဲ့အခြေအနေက နည်းနည်းမတူဘူး။ သူလည်း ဘာမကောင်းမှုမှမလုပ်ဘူး။ ရဲဝတ်စုံဝတ်ပြီး လျှောက်သွားတာပဲကြိုက်တာ။ ပြီးတော့... ရဲအတုလုပ်ပေမယ့် တကယ်တော့ ဘာမကောင်းမှုမှမလုပ်ဘူး။ ပြောင်းပြန်အနေနဲ့ ခွေးရှာ၊ ကြောင်ရှာ၊ မူလတန်းကျောင်းသားတွေဆီက အနိုင်ကျင့်ခံရတဲ့ ပိုက်ဆံပြန်တောင်းပေးတဲ့အလုပ်တွေ မနည်းဘူးလုပ်ခဲ့တယ်”
“ပြောကြည့်လေ ဒီလိုလူကို ငါတို့ဘယ်လိုလုပ်ရမလဲ။ အရေးယူရမလား။ သူက မိန်းကလေး၊ လုပ်တာကလည်း ကောင်းတဲ့အလုပ်တွေ။ အရေးမယူပြန်ရင်လည်း ဒါကတကယ်... အေး၊ ငါမင်းနဲ့ ဒါတွေဘာလို့ပြောနေတာလဲ။ မင်းကိစ္စငါစုံစမ်းပြီးပြီမို့ မင်းသွားလို့ရပြီ”
ဒီတော့မှ ယွီဟွေးဖေး ချက်ချင်းသက်ပြင်းချနိုင်သွားသည်။ အဲ့ရဲအတုကကြားတော့ မကျေမနပ်ဖြစ်ပြီး “ဆရာ၊ သူ့ကိုဒီလိုပဲလွှတ်လိုက်တော့မှာလား။ ကျွန်မထင်တာ ဒါက...”
“ဘယ်သူကနင့်ဆရာလဲ” အဘိုးကြီးရဲကရယ်ရခက်ငိုရခက်နဲ့
“လျှောက်မခေါ်နဲ့နော်... ငါနင်နဲ့ ဘာမှမပတ်သတ်ဘူး။ ငါအလွန်ဆုံးမှ နင့်ကိုအကြိမ်များများဖမ်းဖူးတာပဲရှိတာ။ တခြားဆက်ဆံရေးမရှိဘူး။ လာမပေါင်းနဲ့”
ရဲမေအတုကတော့ မျက်နှာပြောင်ပြောင်ပဲ ”ဘာပဲဖြစ်ဖြစ်၊ နင်က ငါ့မျက်စိထဲမှာတော့ ဆရာပဲ”
အဘိုးကြီးရဲလည်းမတတ်သာတော့ဘဲ ယွီဟွေးဖေးကို “သွားတော့၊ အမြန်သွားတော့”
ရဲမေအတုကထပ်အော်သည်။ ”လူယုတ်မာကိုမလွှတ်နိုင်ဘူး”
“ဘာလူယုတ်မာလဲ။ ငါကင်မရာကြည့်ပြီးပြီ၊ တစ်ယောက်ယောက်က သူ့လက်ထဲကိုထည့်ပေးလိုက်တာ။ သေချာမသိဘဲ လျှောက်မမှန်းနဲ့။ သက်သေအထောက်အထားနဲ့ ပြောရတယ်သိလား”
ရဲမေကကြားတော့ ချက်ချင်းဦးညွှတ်ပြီး “ဆရာ့ရဲ့သင်ကြားမှုကို ကျေးဇူးတင်ပါတယ်”
ရဲအဘိုးကြီးတင်မကဘူး ယွီဟွေးဖေးတောင် ဘာပြောရမှန်းမသိဖြစ်သွား၏။ ဒီကောင်မလေးကတကယ်... မျက်နှာတော်တော်ပြောင်တာပဲ။
ထွက်လာတော့ ယွီဟွေးဖေးက ရဲမေကိုဟဲဟဲရယ်ပြီး “ညီမလေး... နောက်ဆို ကိုနန်မကြည့်နဲ့တော့။ အချိန်ရှိရင် ကင်မရာများများကြည့်။ ငါတို့နိုင်ငံ ဒီလောက်တိုးတက်နေတာ နေရာတိုင်းမှာကင်မရာရှိတယ်။ အနည်းဆုံးတော့ အမှုစစ်တာ ဦးနှောက်သိပ်သုံးစရာမလိုဘူး။ အမ်... မဟုတ်သေးဘူး။ နင်ကရဲအတုပဲ”
ရဲမေကဒေါသထွက်ပြီးမျက်စောင်းထိုးကာ “ငါမကြာခင်မှာ တကယ်ဖြစ်လာမှာ၊ အဲ့အချိန်ကျရင် နေ့တိုင်း နင့်ကိုစောင့်ကြည့်နေမယ် လူယုတ်မာရဲ့”
ယွီဟွေးဖေးကသူ့ကိုဂရုမစိုက်ဘဲ အမြန်ထွက်သွားသည်။ တံခါးအပြင်ရောက်တော့ နည်းနည်းကြောင်သွား၏။ သူကတော့ထွက်လာပြီ၊ ဒါပေမဲ့တိကျန့်ကရော။ အမြန်ချန်ယိုတောက်ကိုဖုန်းဆက်ချိန် သူဘာမှမပြောခင်မှာပဲ ဟွန်းသံကြားလိုက်ရ၏။
မော့ကြည့်လိုက်တော့ ချန်ယိုတောက် ကားမောင်းလာတာတွေ့လိုက်ရသည်။ ကားပြတင်းပေါက်ကျလာတော့ ချန်ယိုတောက်က အရင်စကားပြောသည်။
”မင်းဘာမေးမလဲဆိုတာသိတယ်။ စိတ်ချစမ်းပါ... ကိစ္စတွေအားလုံးဖြေရှင်းပြီးပြီ။ တိကျန့်ငါ့အိမ်မှာ ဘာမှမဖြစ်ဘူး။ အားလုံးအဆင်ပြေတယ်”
သူဒီလောက်မြန်မြန်ထွက်လာနိုင်တာက ချန်ယိုတောက်လည်းအားစိုက်ခဲ့ပုံရတယ်။ ကားပေါ်တက်တော့ ယွီဟွေးဖေးက “ခင်ဗျားတို့ဘက်မှာဘယ်လိုဖြေရှင်းလိုက်တာလဲ”
ချန်ယိုတောက်က ချွေးတစ်ချက်သုတ်ပြီး “ဘယ်လိုဖြေရှင်းရမှာလဲ။ လမ်းမှာပိတ်မိနေတဲ့ ရဲနဲ့တွေ့တော့ ရဲအစောင့်အရှောက်နဲ့ ငါတို့အဲ့တွေ့ဆုံပွဲကိုဖွင့်လိုက်တာပေါ့။ ဒါပေမဲ့ ဒီကိစ္စနည်းနည်းမူမမှန်တာတွေ့တယ်”
ဒီစကားကြားတော့ စိတ်ထဲမှာတစ်ချက်လေးသွားပြီး “ဘာဆိုလိုတာလဲ”
“ရှုပ်နေတုန်းက လူတွေအများကြီးပဲ။ ဒါပေမဲ့တကယ်တွေ့ဆုံပွဲလုပ်တော့ အဲ့နှစ်ဆယ်လောက်ပဲရှိတယ်၊ ပြီးတော့အဲ့မိန်းမတွေကတော်တော်ငြိမ်ကြတယ်။ တိကျန့်ကိုကြိုက်ပေမယ့် အလွန်ဆုံးတော့ဖက်ပြီးဓာတ်ပုံရိုက်တာလောက်ပဲ။ တန်းစီလို့မရတဲ့သူ၊ ဒါမှမဟုတ် တိကျန့်ကိုကြောက်တဲ့သူက အဝေးကနေဓာတ်ပုံရိုက်ကြတယ်။ အားလုံးကယဉ်ကျေးကြတယ်... အရှေ့ကအဲ့ရူးသွပ်နေတဲ့လူတွေနဲ့ လုံးဝမတူဘူး”
ဒီကိုရောက်တော့ ချန်ယိုတောက်က ယွီဟွေးဖေးကိုဆေးလိပ်တစ်လိပ်ပေးပြီး နှစ်ယောက်သားမီးညှိလိုက်ကြသည်။
“ငါထင်တာကတော့ ဒီကိစ္စမှာပြဿနာရှိတယ်။ တစ်ယောက်ယောက်က တမင်သက်သက် ဒီလိုအခြေအနေတစ်ခုလုပ်ပြီး ငါတို့ကိုစိတ်အနှောင့်အယှက်ပေးနေပုံရတယ်”
ယွီဟွေးဖေးက ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးဆိုတာ ကြိုသိပြီးသား။ ဒါပေမဲ့ ဟိုဘက်လက်စွမ်းက ဒီလောက်ကြီးမယ်လို့ မထင်ထားဘူး။ ဒီလောက်အများကြီးလူငှားတွေခေါ်ပြီး သူ့ကိုဒုက္ခပေးတယ်တဲ့လား။
ယွီဟွေးဖေးကမျက်မှောင်ကြုတ်ပြီး “ဒါဆို ဘယ်သူဖြစ်နိုင်မလဲ။ မင်းနဲ့ပြိုင်ဘက်ဆက်ဆံရေးရှိတဲ့လူဖြစ်နိုင်မလား”
“ငါသွားစုံစမ်းကြည့်မယ်။ ဒါပေမဲ့ ဒီကိစ္စက မင်းနဲ့တိကျန့်ကိုပစ်မှတ်ထားတာနဲ့ပိုတူတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုရှုပ်တာ ငါ့အတွက်အသုံးမဝင်ဘူး။ သင်တန်းကျောင်းက နည်းပညာကိုပဲယှဉ်ပြိုင်တာ။ နည်းပညာမကောင်းရင် ဒီလိုအသေးအဖွဲ့ ကစားကွက်တွေရှုပ်နေတာ ဘာအသုံးဝင်မှာလဲ။ အလွန်ဆုံးတော့ ငါ့ကိုလူသိများအောင်ကြော်ငြာပေးတာမျိုးဖြစ်သွားရုံပေါ့။ စဥ်းစားကြည့်ရင် အရှုံးပဲရှိတယ်”
ယွီဟွေးဖေး ခေါင်းညိတ်လိုက်သည်။ ဒါပေမဲ့ သူဘယ်သူ့ကိုရန်စခဲ့လဲဆိုတာ မသိဘူး။
မကြာခင်မှာ ချန်ယိုတောက်အိမ်ကိုရောက်တော့ အဲ့ဒါကမြစ်ကမ်းဘေးကဗီလာတစ်လုံးပဲ။ အဲ့ဗီလာကြီးကိုကြည့်ပြီး ယွီဟွေးဖေးက ဘာမှမခံစားရဘူး။ ပြောင်းပြန်အနေနဲ့...
“မင်းအိမ်က နည်းနည်းသေးသလိုပဲနော်”
“နည်းနည်းသေးတယ်၊ ဟုတ်လား” ချန်ယိုတောက်ကခါးခါးသီးသီးပြုံးသည်။
ယွီဟွေးဖေးကအဲခနဲဖြစ်ပြီး အားနာသွားလို့ စကားဆက်မပြောတော့ဘူး။
“တိကျန့်လာတုန်းကလည်းမကြိုက်ဘူး... ဒါပေမဲ့မတတ်နိုင်ဘူးလေ။ မြို့နားကရွာနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ၊ မင်းတို့အဲ့ခြံဝင်းကြီးကို ငါအားကျနေတာ”
နှစ်ယောက်သား ကားဂိုဒေါင်ကနေ တိုက်ရိုက်အိမ်ထဲဝင်လိုက်ကြသည်။
အိမ်ထဲဝင်တာနဲ့ ကောင်လေးနှစ်ယောက်က မျက်လုံးပြူးပြူးနဲ့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတာတွေ့လိုက်ရသည်။ တိကျန့်က တုတ်တစ်ချောင်းကိုင်ထားပြီး ဟိုဘက်ကကောင်မလေးလက်ထဲမှာတော့ ဓားမတစ်ချောင်း။
ပန်ကာက နှစ်ယောက်သားကိုတိုက်နေပြီး အဝတ်အစားတွေကလွင့်နေလေရဲ့။ တီဗီမှာရုပ်ရှင်ပြနေသည့်အသံက မြစ်အေးအေးမှာ အရိပ်လေး တွေ့ဆုံကြတာကံတရားပဲ။ သောက်ကျိုးနည်း ဒါဘာဖြစ်နေတာတုန်း။
နောက်တစ်ခဏမှာ ကောင်မလေးကအော်သည်။ ”ဓားကြည့်”
တိကျန့်ကလည်းအားမနာဘဲ တုတ်ကိုလွှဲပြီး “သတ်”
ယွီဟွေးဖေးနဲ့ ချန်ယိုတောက်ကလန့်ပြီး အမြန်ပြေးဝင်ကာ တားလိုက်ကြရင်း တစ်ချိန်တည်းမှာ နှစ်သိမ့်နေကြသည်။
”စကားကောင်းကောင်းပြော၊ လက်မပါနဲ့”
”မိန်းမ... နင်ဒါကိုဒီအတိုင်းကြည့်နေတာလား”
အမျိုးသမီးတစ်ယောက်က ဆိုဖာပေါ်မှာခြေခွေထိုင်ပြီး နေကြာစေ့စားနေချိန် ချန်ယိုတောက် ဒီလိုအော်တာကြားတော့ နှစ်ယောက်သားကို တစ်ချက်ကြည့်ပြီး ”ချထား”
အဲ့တစ်ခဏမှာ ယွီဟွေးဖေးကတုန်သွားပြီး အလိုလိုလက်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ကောင်လေးနှစ်ယောက်ရဲ့ တုတ်နဲ့ဓားမလည်း မြေကြီးပေါ်ကျသွားပြီး ချန်ယိုတောက်၊ ကောင်မလေး၊ တိကျန့်တို့က စစ်ရေးပြလေ့ကျင့်နေသလို တန်းတန်းမတ်မတ် ရပ်နေကြ၏။
ယွီဟွေးဖေးကဒီမြင်ကွင်းကိုကြည့်ပြီး စဉ်းစားနေမိသည်။ သူလည်းစစ်ရေးပြရပ်သင့်လား။ ညီညီညာညာဖြစ်သွားအောင်လို့လေ။
အမျိုးသမီးက ယွီဟွေးဖေးကိုမြင်တော့ အမြန်ထရပ်ပြီးပြုံးသည်။ ”အမလေး... မောင်လေးလာပြီလား။ အမြန်လုပ်... မမှားနဲ့၊ ငါတို့အိမ်မှာ အဘိုးကြီးချန်က အကြီးဆုံးပဲ။ ငါပုံမှန်ဆို အသံကျယ်ကျယ်တောင်မပြောရဲဘူး”
“ခုနက... တီဗီထဲက သွေးထွက်သံယိုမြင်ကွင်းကြောင့်လန့်သွားတာ။ အထင်မလွဲပါနဲ့... ရှင်တို့ညီအစ်ကိုတွေထိုင်ကြ။ ငါထမင်းသွားချက်လိုက်ဦးမယ်”
ပြီးတော့ အမျိုးသမီးက ထိတ်လန့်နေဟန်ဖြင့် ပြေးသွား၏။ မသိရင် တကယ်ပဲအဘိုးကြီးချန်က အိမ်မှာအကြီးဆုံးလို့ထင်မှာပဲ။
ဒါပေမဲ့ ဒီကောင် သူတို့အိမ်ဆိုဖာပေါ်မှာ မုန့်စားနေတဲ့ခွေးလောက်တောင် အဆင့်မရှိဘူးဆိုတာ ယွီဟွေးဖေး ကောင်းကောင်းသိသည်။
ချန်ယိုတောက်က ချောင်းတစ်ချက်ဟန့်ပြီး “အဲ... ဒါ၊ ငါ့မိန်းမ။ အရင်က တိုက်ကွမ်ဒိုချန်ပီယံ... ငါတို့အိမ်အခြေအနေက ရိုးရှင်းတယ်။ တစ်လတစ်ခါယှဉ်ပြိုင်တယ်လေ။ နိုင်တဲ့သူက ဆရာကြီးပဲ”
ယွီဟွေးဖေးကစပ်စုပြီး “ဒါဆို... လွန်ခဲ့တဲ့လက”
ချန်ယိုတောက်က “ဒါ... ငါးဆယ်ငါးဆယ်လို့ ပြောလို့ရတယ်”
ဘေးကကောင်မလေးကဟဲဟဲရယ်ရင်း “တစ်ခါမှမနိုင်ဖူးဘူး မဟုတ်လား”
”ဘာပြောနေတာလဲ။ အိမ်စာသွားလုပ်” ချန်ယိုတောက်က ချက်ချင်း မျက်နှာနည်းနည်းပူသွားသည်။
”နင်ဘယ်သူ့ကိုဟောက်နေတာလဲ”
အိမ်ထဲကအော်သံတစ်ခုထွက်လာတော့ ချန်ယိုတောက်တုန်သွားပြီး ဆိုဖာပေါ်ကနေခုန်ထပြီး အလေးပြုတော့မလိုဖြစ်သွားပေမယ့် ထိန်းထားလိုက်သည်။ အိမ်ထဲကခြေသံလေးတွေနဲ့အတူ ချန်ယိုတောက်ရဲ့မိန်းမထွက်လာတော့ ဟိုဘက်က လေထဲမှာကန်တော့မတတ်ပင် ခံစားနေရသည်။ ဒါပေမဲ့ ချန်ယိုတောက်ရဲ့မိန်းမက ချက်ချင်းဘရိတ်အုပ်ပြီး ယွီဟွေးဖေးကိုပြုံးပြ၏။
”မောင်လေး ထိုင်နေနော်။ ငါ နင့်အတွက် လက်ဖက်ရည်သွားဖျော်ပေးမယ်” ပြောပြီးတော့ သူမကကွေ့ပြီးပြန်ထွက်သွားသည်။ အဲ့တော့မှ ချန်ယိုတောက်ခမျာ နဖူးပေါ်ကချွေးတွေကိုသုတ်ပြီး “ဟဲဟဲ... ဒါ... တစ်ခါတစ်လေ ရှုံးတဲ့ဘက်ကမကျေနပ်ဘူးလေ။ ခဏခဏပြန်စိန်ခေါ်တတ်တယ်။ ဒါကြောင့် ငါနိုင်ရင်တောင် အမြဲတမ်းအသင့်ပြင်ထားရတယ်”
တိကျန့်က ယွီဟွေးဖေးဘေးကို တိုးကပ်လာပြီး “ဘယ်တော့အိမ်ပြန်မလဲ”
ယွီဟွေးဖေးက “ငါကြည့်ရတာတော့ မင်းတို့ကစားနေတာ တော်တော်ပျော်နေတယ်ထင်တာ”
တိကျန့်ကဟဲဟဲရယ်ပြီး “ငါသူနဲ့ တစ်နာရီခွဲလောက်ရင်ဆိုင်နေတာ ခြေထောက်တွေတောင်ထုံနေပြီ”
“@#¥...”
ဟိုဘက်မှာတော့ ကောင်မလေးက ချန်ယိုတောက်ရဲ့ပေါင်ပေါ်တက်ပြီး “ခြေထောက်နှိပ်ပေး၊ သေအောင်မောနေပြီ။ နင်ခေါ်လာတာက ဘာကြီးလဲ။ ခြေထောက်ကွေးပြီး တစ်နာရီခွဲလောက်ရပ်နေတာတောင် မညောင်းဘူး”
“@#¥@#&...”
နောက်ဆုံးတော့ မိသားစုကထိုင်ချပြီး အရက်သောက်၊ ဟင်းစား၊ စကားပြောကြသည်။
ဒါပေါ့ တစ်ချိန်လုံးချန်ယိုတောက်ရဲ့ဇနီးက အလုပ်ရှုပ်နေပြနေလေရဲ့။ ထမင်းစားတာလည်းမြန်မြန်စား၊ စားပြီးတော့အိမ်သန့်ရှင်းရေးလုပ်၊ ကြားထဲမှာ သူတို့ကိုမြေပဲလှော်တစ်ပန်းကန်နဲ့ သခွားသီးသုပ်တစ်ပန်းကန်ပါလုပ်ပေးသေး။ နှစ်ယောက်သား အိမ်မှာခဏခဏရန်ဖြစ်ပေမယ့် အပြင်လူရှိတဲ့အခါ ချန်ယိုတောက်ရဲ့မိန်းမ ကတော်တော်လေးကြိုးစားပြီး လိမ္မာတဲ့ဇနီးတစ်ယောက်လိုနေပေးသည်။
ချန်ယိုတောက်ကို မျက်နှာသာအပြည့်ပေးသည်။ အနည်းဆုံးတော့ ယွီဟွေးဖေးရှေ့မှာ ချန်ယိုတောက် တစ်ခွန်းဆိုတစ်ခွန်း လုံးဝပြန်မပြောဘူး။ ဒီလိုမိသားစုကို ယွီဟွေးဖေးကနည်းနည်းအားကျ၏။ ရန်ဖြစ်တာတွေရှိပေမယ့် အရေးကြီးတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပြီး လေးစားမှုအပြည့်ပေးကြသည်။
ဒါကမှ ယွီဟွေးဖေးမျက်စိထဲမှာ အချစ်ပဲ။
အဲ့မီးပန်းလိုတောက်ပတဲ့အချစ် ဒါမှမဟုတ် ချိုချဉ်လိုချိုအီနေတဲ့အချစ်က ယွီဟွေးဖေးမျက်စိထဲမှာတော့ မီးပန်းပဲ။ တစ်ခါပစ်ပြီးတာနဲ့ပျောက်သွားရော။
ထမင်းတစ်နပ်စားပြီးတော့ ယွီဟွေးဖေးလည်းတိကျန့်ကိုအိမ်ပြန်ခေါ်ဖို့ပြင်ဆင်တော့သည်။
ချန်ယိုတောက်က သူ့ကိုတစ်ညအိပ်ပြီးမှ မနက်စောစောပြန်ပို့ပေးချင်သည်။ ဒါပေမဲ့ ယွီဟွေးဖေးက တကယ်မနေနိုင်တော့ဘူး၊ သူ့စိတ်ထဲမှာကိစ္စရှိတော့ စိုးရိမ်နေသည်။ နောက်ဆုံးတော့ ချန်ယိုတောက်က ယွီဟွေးဖေးကို ပြန်ပို့ဖို့ဆုံးဖြတ်လိုက်၏။
ယွီဟွေးဖေးက အားနာပြီးငြင်းချင်ပေမယ့် အခုလည်းဘတ်စ်ကားမရှိတော့ဘူး။ ပြီးတော့ တက္ကစီငှားရင် ပေးရမယ့်ပိုက်ဆံကိုလည်း နှမြောသား။
“ယောက်ျားကြီးနှစ်ယောက်ဖြစ်ပြီး ဘာတွေပွစိပွစိလုပ်နေတာလဲ။ အဘိုးကြီးချန် ကားမောင်းပြီး မောင်လေးကိုအိမ်ပြန်ပို့လိုက်။ ဒီနေ့ နင့်ကိုနှစ်နာရီမတိုင်ခင်ထိ ပြန်လာဖို့ခွင့်ပြုတယ်၊ နှစ်နာရီနောက်ပိုင်းကျမှ ပြန်လာရင် ဟဲဟဲ... ငါတို့ရပ်ကွက်ဝမှာတွေ့မယ်”
“ကြည့်... ငါ့မိန်းမတောင်ပြောနေပြီ။ သွားစို့... မပွစိပွစိလုပ်နဲ့တော့”
ယွီဟွေးဖေးနဲ့တိကျန့် တကယ်သွားတော့မယ်ဆိုတာမြင်တော့ အဲ့တစ်ချိန်လုံးဟန်ဆောင်နေတဲ့ ကြက်ဖငယ်လေးလိုကောင်မလေးက တိုးကပ်လာပြီး တိကျန့်ကို ဓားမြှောင်တစ်ချောင်းပေးသည်။
”နင်နေ့ခင်းကအလိုက်ခံရတယ်လို့ ငါကြားထားတယ်။ ဒါကိုကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပေးတာ။ မှတ်ထားနော်... ငါနင့်ကို အနိုင်မယူနိုင်သေးမချင်း နင်ဘာမှမဖြစ်ရဘူး”