← Chapters

ထောင်ဖောက်ပြေးလာသူ

Vol. 14 Ch. 209

ထောင်ဖောက်ပြေးလာသူ

Vol. 14 Ch. 209

ဒီစကားက နည်းနည်းတော့ ကြမ်းတမ်းပြီး အထက်စီးဆန်ပေမဲ့ တိကျန့်က ကြောက်မသွားတဲ့အပြင် ဓားမြှောင်လေးကို ယူပြီး ခေါင်းလေးကုတ်ရင်း သူ့ရဲ့ ပုတီးစိပ်တစ်ကုံးကို ကောင်မလေးဆီ ပေးလိုက်တယ်။

“ဒါက မင်းကို ကိုးကြိမ်တိုင်တိုင် ဘေးကင်းအောင် စောင့်ရှောက်ပေးလိမ့်မယ်။ မင်းလည်း ကောင်းကောင်းနေနော်။ နောက်မှ မင်းကို ငါထိုးနိုင်အောင် ကျင့်ထားမယ်”

ပြီးတော့ ကလေးနှစ်ယောက်လုံး ရယ်လိုက်ကြ၏။

ဓားပဲဖြစ်ဖြစ်၊ ပုတီးပဲဖြစ်ဖြစ် ဘေးကင်းအောင် စောင့်ရှောက်နိုင်လား၊ မစောင့်ရှောက်နိုင်လားဆိုတာကိုတော့ သူတို့နှစ်ယောက် သိပ်ဂရုစိုက်ပုံမရဘူး။

ချန်ယိုတောက်က ဟီးဟီး ရယ်ပြီး “ဒါ... အချစ်သက်သေပစ္စည်းဆိုတာမျိုးလားကွာ”

ယွီဟွေးဖေးလည်း ရယ်လိုက်တော့ တိကျန့်က မျက်နှာလေးနီရဲသွားပြီး “လျှောက်မပြောနဲ့၊ မဟုတ်ရင် ခင်ဗျားတို့ကို ထိုးမှာ”

ယွီဟွေးဖေးက “ငါကတော့ မကြောက်ပါဘူး”

အဲ့ဒီအခါမှာပဲ လော်လီလေးက နောက်လှည့်ပြီး မီးဖိုချောင်ထဲက အရိုးခုတ်ဓားမကြီးကို ဆွဲကိုင်ပြီး ထွက်လာ၏။ “ကျွန်မလည်း ရှင့်ကို ထိုးမှာ”

ယွီဟွေးဖေး ချက်ချင်းပဲ အမြီးကုပ်သွား၏။ “သွားပြီ... သွားပြီ...”

အပြန်လမ်းမှာ ချန်ယိုတောက်က “တိကျန့်... ငါ့သမီးလေး ကြီးလာရင် တကယ်ချောမှာနော်။ ဘယ်လိုလဲ။ တို့များ သူ့ကို ကလေးဘဝကတည်းက စေ့စပ်ကြောင်းလမ်းထားလိုက်ကြမလား”

တိကျန့်က ဟက်ဟက်ပက်ပက် ရယ်ပြီး “သူက ငယ်လွန်းပါတယ်”

ယွီဟွေးဖေးကတော့ တိကျန့်ရဲ့ ဆိုလိုရင်းကို နားလည်တယ်။ သူက နှစ်အနည်းငယ်စာ မှတ်ဉာဏ်ပဲရှိပေမဲ့ တကယ်တော့ နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်ခဲ့တဲ့ တိကျန့်ဘုရားလောင်းပဲလေ။

သူ့ရှေ့မှာ လော်လီလေးမပြောနဲ့၊ ချန်ယိုတောက်တောင်မှ ဘယ်နှဆက်မှန်းမသိတဲ့ မြစ်တော် တော်စပ်တယ်။

ဒါပေမဲ့ ချန်ယိုတောက်က အဲ့ဒီအဓိပ္ပာယ်ကို နားမလည်ဘဲ ကလေးစကားလို့ပဲ သတ်မှတ်ပြီး ဟားတိုက်ရယ်မောရင်း “နောင်ကျ ကြီးလာမှာပေါ့ကွာ...”

ချန်ယိုတောက်ကတော့ ဒီအတိုင်းပြောလိုက်တာပါပဲ။ ကလေးတွေရဲ့ ခံစားချက်ဆိုတာ အများအားဖြင့် အချစ်မဟုတ်ဘဲကို။

“ကြီးလာတဲ့အခါ ကျွန်တော် သူနဲ့ သွေးသောက်မောင်နှမဖွဲ့လိုက်မယ်” လို့ တိကျန့်က ပြောလိုက်တော့ ချန်ယိုတောက် ချက်ချင်း ပြောစရာစကားပျောက်ရှသွားရော။ ရှေ့က လမ်းကို မော့ကြည့်ရင်း အတော်ကြာမှ “ငါ့သမီးလေးနားမှာ သွေးသောက်မောင်နှမတွေပဲ ဝိုင်းနေတော့မှာလားမသိဘူး”

ယွီဟွေးဖေးက လော်လီလေးရဲ့ သွက်လက်ကြမ်းတမ်းတဲ့ ပုံစံကို စဉ်းစားရင်း ချန်ယိုတောက်ရဲ့ ပခုံးကို ပုတ်ပြီး “ဂုဏ်ယူပါတယ်ဗျာ၊ မင်းမှာ မကြာခင်သားတစ်အုပ်ရတော့မယ်”

ချန်ယိုတောက် “@#¥...”

နဝမဆောင်ရှေ့ထိပို့ပြီးတော့ ချန်ယိုတောက်က သူ့အိမ်သူပြန်သွား၏။ ခြံတံခါးကို ဝင်လိုက်တဲ့အချိန်မှာ ယွီဟွေးဖေးရဲ့ ရင်ထဲမှာ အရင်လို တည်ငြိမ်မှုမျိုးမရှိတော့ဘဲ သတိကြီးစွာ စောင့်ကြည့်နေမိသည်။

တိကျန့်လည်း အရင်ကလို ပေါ့ပေါ့ပါးပါးမနေတော့ဘဲ အသက်ကိုပြင်းပြင်းရှူပြီး ကျားသစ်တစ်ကောင်လို ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။

ချွေ့ကျွယ် ထွက်လာပြီး “ဘာဖြစ်လို့လဲ”

“အိမ်ကို လူစိမ်းလာသေးလား”

“ဒီနေ့ လာတယ်။ တည်းခိုတဲ့ဧည့်သည်ပဲ”

ယွီဟွေးဖေးရဲ့ ရင်ဘတ်ထဲ စို့နင့်သွားပြီး “ဘယ်လိုလူမျိုးလဲ” လို့ မေးလိုက်၏။

ချွေ့ကျွယ်က စကားရှည်မနေတော့ဘဲ စက္ကူတစ်ရွက်ကို ယူပြီး နဂါးပျံ၊ မြွေလိမ်အလား လျင်မြန်တဲ့ လက်ဟန်နဲ့ ဟိုခြစ်ဒီခြစ်လုပ်ပြီး လူတစ်ယောက်ရဲ့ ပုံကို ဆွဲပြလိုက်သည်။ ဒါက မျက်နှာကြီးပြီး သဘောကောင်းမယ့်ပုံစံရှိတဲ့ ယောက်ျားတစ်ယောက်ပဲ။ သူ့မျက်ခုံးတွေကြားမှာတော့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။

ယွီဟွေးဖေး ဒီလူကို မမြင်ဖူးဘူး။ ခေါင်းခါပြီး “သူ မဟုတ်လောက်ဘူး... ဒါနဲ့ သူဘယ်တုန်းက ရောက်လာတာလဲ”

“မင်းနဲ့ တစ်ပြိုင်နက်လိုလိုပဲ။ ခုနကမှ အခန်းထဲဝင်သွားတာ”

“တခြားလူတွေရော လာသေးလား”

“မကြာသေးခင်အထိကတော့ သူတစ်ယောက်ပဲ လာတယ်။ ဘာဖြစ်လို့လဲ”

ယွီဟွေးဖေးက အိမ်နောက်ဘက်ကိုသွားပြီး လူအားလုံးကို ခေါ်ထုတ်လိုက်ပြီးတော့ တိကျန့်ရဲ့ အကြောင်းကို ပြောပြလိုက်တယ်။

အားလုံး ကြောင်သွားကြပြီး သရဲဖြူက မျက်မှောင်ကြုတ်ရင်း “ဒီလိုပုံမျိုးရိုက်ချင်ရင် ရိုက်တဲ့သူက ပထမအချက်၊ ဒီခြံဝင်းထဲက အခြေအနေကို ကောင်းကောင်းသိရမယ်။ ဒုတိယအချက်၊ ပုန်းလျှိုးကွယ်လျှိုးလုပ်တာမှာ တော်ရမယ်။ တတိယအချက်၊ ဒီကောင့်ရဲ့ အစွမ်းက ငါတို့ထက် အများကြီးသာနေရမယ်။ လောကီဓားတစ်ချက်နဲ့ ခုတ်ချလိုက်ကတည်းက နတ်မင်းကြီးတွေတောင် ဆင်းလာလည်း ငါတို့နဲ့ သိပ်ကွာမှာမဟုတ်ဘူး။ ဒါကြောင့်...”

သရဲနက်က ဖြည့်စွက်ပြီး “ဒါကို လုပ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက်ပဲ”

သရဲဖြူက “ဒါပေါ့... အပြင်လူလုပ်တာ မဟုတ်ရင်တော့ ဖြစ်နိုင်တယ်”

အားလုံး မျက်မှောင်ကြုတ်သွားကြပြီ။

နွားခေါင်းက “မင်းဆိုလိုတာက ငါတို့ထဲက တစ်ယောက်ယောက်လုပ်တယ်လို့လား။ ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယွီဟွေးဖေးက ချက်ချင်းခေါင်းခါပြီး “ဒါက အဖြစ်နိုင်ဆုံးလို့ထင်ရပေမဲ့ ဒါက အနှောင့်အယှက်ပေးတဲ့သူရဲ့ လှည့်ကွက်နဲ့ ရည်ရွယ်ချက်ပဲ။ ဒီမှာရှိနေတဲ့ လူကြီးမင်းတို့အားလုံးကို ကျွန်တော်ယုံတယ်။ ဒါကြောင့် ခင်ဗျားတို့ ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်”

ယွီဟွေးဖေးရဲ့ အသံက သံချောင်းကို ချိုးလိုက်သလို ပြတ်သားပြီး အခိုင်အမာရှိလှ၏။ ဒီစကားကိုကြားတော့ အားလုံးရဲ့ ရင်ထဲမှာ နွေးထွေးသွားပြီး စိတ်လည်း တည်ငြိမ်သွားကြသည်။

ဘယ်သူမှ အတွင်းသစ္စာဖောက်အဖြစ် အထင်မခံချင်ကြဘူးလေ။ တခြားသူကို သံသယဝင်ဖို့လည်း မလိုချင်ကြဘူး။

ဒါပေမဲ့ ရှင်းရှင်းလင်းလင်းမပြောရင် အချင်းချင်း သံသယဝင်ဖို့ လွယ်တယ်။

အားလုံးက မာနကြီးတဲ့သူတွေချည်းပဲ။ ဒီလိုမျိုး ဘယ်သူက ခံနိုင်မှာလဲ။

“ဒါကြောင့် ကျွန်တော် တိတ်တိတ်လေး စုံစမ်းတာမျိုးမလုပ်ဘဲ သိသမျှအကုန်လုံးကို ဖွင့်ချပြောပြလိုက်တာ။ ရည်ရွယ်ချက်က တစ်ခုတည်းပဲ။ ကျွန်တော်တို့ကြားမှာ ပွင့်လင်းမြင်သာမှုရှိရင် ရန်သူက သွေးထိုးလှုံ့ဆော်ဖို့ အခွင့်အရေး တစ်စက်ကလေးမှ ရမှာမဟုတ်ဘူး။ လူကြီးမင်းတို့ကို ကျွန်တော်ယုံတယ်၊ ဒီအချက်ကိုလည်း ခိုင်ခိုင်မာမာ ယုံကြည်တယ်။ ဒါက မြှောက်ပင့်ပြောတာမဟုတ်ဘူး၊ အာဏာစကားလည်းမဟုတ်ဘူး၊ ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်ပဲ”

ယွီဟွေးဖေးက လူတိုင်းကို မျက်လုံးချင်းဆုံကြည့်ပြီး သူ့ရဲ့ စိတ်ထဲက ခိုင်မာတဲ့ ယုံကြည်မှုကို မြင်စေလိုက်တယ်။ အားလုံး ခေါင်းညိတ်ပြီး “မင်းစိတ်ချပါ။ ငါတို့တွေက အဲ့ဒီလို အဆင့်မရှိတဲ့အလုပ်မျိုး မလုပ်ဘူး။ မင်းငါတို့ကို ယုံသလို ငါတို့လည်း အချင်းချင်းယုံတယ်။ ညီအစ်ကိုတွေလို အတူနေလာတာ ဒီလောက်ကြာပြီ။ အသုံးမကျဆုံး ခွေးဖြစ်တဲ့ကောင်တောင်မှ ဒီလောက်အောက်တန်းကျမှာ မဟုတ်ဘူး”

ရှောင်ထျန်းချန်က မော့ကြည့်ပြီး “ခွေးမသားတွေ၊ မင်းတို့က ငါ့ကို ချီးကျူးနေတာလား၊ ဆဲနေတာလား”

နွားခေါင်းက သူ့ကိုကြည့်ပြီး “ဒါဆို မင်းက ငါပြောတာမှန်တယ်လို့ ထင်လား၊ မထင်ဘူးလား”

ရှောင်ထျန်းချန်က မဆိုင်းမတွ ပြန်ဖြေတယ်။ “မင်းအဘိုးကြီးကိုပဲ ပြောလိုက်... မှန်တယ်”

နွားခေါင်းတို့အဖွဲ့ ရယ်နေကြချိန်မှာ မြင်းမျက်နှာက “ဒီလူ တော်တော်ယုတ်မာတာပဲ... ဒီလိုကစားကွက်မျိုးတောင် သုံးလာတယ်”

နွားကျောင်းသားက “ငါဘယ်လိုခံစားရလဲဆိုတော့... ရန်သူက ငါတို့လူမဟုတ်ရင်တောင် အနည်းဆုံးတော့ ငါတို့ကို သိတဲ့လူဖြစ်ရမယ်။ ဒါမှမဟုတ် သူက ငါတို့နဲ့ တစ်နေရာတည်းက လာတဲ့လူဖြစ်မယ်”

ဒီစကားထွက်လာတော့ အားလုံး မျက်မှောင်ကြုတ်သွားကြ၏။

ချွေ့ကျွယ်က “ငါလည်း ဒီလိုပဲထင်တယ်... ပြီးတော့ ဒီတစ်ခါ ရန်သူက ညှာတာသွားတယ်”

သရဲနက်က “ဒါကို ညှာတာတယ်ဟုတ်လား။ ဒီကောင်က အလင်းရောင်မကြိုက်တဲ့ နှာခေါင်းမီးပါတဲ့ မြေးပဲ”

ချွေ့ကျွယ်က ခေါင်းခါပြီး “သူသာ ငါတို့ကို တကယ်ဒုက္ခအကြီးအကျယ်ပေးချင်ရင် နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်နဲ့ ရှောင်ထျန်းချန် စကားပြောနေတာတွေကိုပါ ရိုက်သွားလို့ရတယ်။ ဒီလိုသာဆိုရင် အပြင်ကို ပေါက်ကြားသွားတာနဲ့ သက်ဆိုင်ရာဌာနကလူတွေ ချက်ချင်း တံခါးလာခေါက်တော့မှာပဲ။ အားလုံးကို ဓာတ်ခွဲခန်းထဲထည့် ခွဲခြမ်းစိတ်ဖြာတာမျိုး မလုပ်ရင်တောင် အနည်းဆုံးတော့ ဒုက္ခအကြီးအကျယ်ရောက်မှာပဲ။ ဒီဒုက္ခက နတ်ပြည်ကိုတောင် သက်ရောက်မှုရှိနိုင်တယ်။ အဲ့ဒီတုန်းက ကမ္ဘာပျက်မတတ်ဖြစ်ခဲ့တဲ့ စစ်ပွဲကြီးပြီးတဲ့နောက်မှာ ယုန်သူတော်နဲ့ နတ်ဆိုးကြီးက လူ့ပြည်ကို လွတ်လပ်ခွင့်ပေးပြီး ဘယ်နတ်ဘုရားကိုမှ ဝင်ရောက်စွက်ဖက်ခွင့်မပြုဖို့ တောင်းဆိုခဲ့တယ်။ ဟုန်ကျွင်းနှစ်ပါးလုံး ကိုယ်တိုင်ချမှတ်ခဲ့တဲ့ စည်းမျဉ်းကို နတ်ပြည်တောင် မလွန်ဆန်ရဲဘူး။ အဲ့ဒီအချိန်ကစပြီး လူ့ပြည်မှာ နတ်ဘုရားရှိမှန်းသိပေမဲ့ အားလုံးက ဒဏ္ဍာရီလို့ပဲ ထင်ကြတယ်။ ငါတို့အားလုံး လူတွေရှေ့မှာ ပေါ်တင်ကြီးဖြစ်သွားရင် ဒုက္ခမသေးဘူး”

ဒီစကားကြားတော့ အားလုံးရဲ့ မျက်နှာတွေ တင်းမာသွားကြ၏။

“ရန်သူက ငါတို့ကို ဖော်ထုတ်ချင်ပုံလည်းမပေါ်ဘူးဆိုပေမယ့် တစ်စိတ်တစ်ပိုင်းတော့ ဖော်ထုတ်သွားပြန်ရော။ ဒါဘာလုပ်တာလဲ။ စိန်ခေါ်တာလား” လို့ မြင်းမျက်နှာက တိုးတိုးလေးပြောသည်။

အဲ့ဒီအချိန်မှာ ရှောင်ထျန်းချန်က ဟီးဟီးရယ်ပြီး “ဘာလုပ်တာဖြစ်နိုင်ဦးမှာလဲ။ သတိပေးတာနေမှာပေါ့”

ယွီဟွေးဖေးရဲ့ မျက်လုံးတွေ အရောင်လင်းလက်သွားပြီး “သတိပေးတာလား။ ကျွန်တော်မနိုင်တဲ့လူဆိုရင် ဘာလို့သတိပေးမှာလဲ။ ပြီးတော့ ဘယ်သူနဲ့မှ ရန်ညှိုးမရှိဘူး။ သတိပေးစရာအကြောင်းလည်း မရှိဘူး”

ချွေ့ကျွယ်က “သတိပေးတာပဲဖြစ်ဖြစ်၊ စိန်ခေါ်တာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူပေါ်လာမှာပဲ။ ငါထင်တာတော့ အားလုံးဒီလို ခေါင်းခြောက်ခံပြီး မှန်းနေမယ့်အစား တည်ငြိမ်စွာနဲ့ စောင့်နေတာက ပိုကောင်းမယ်။ ဒါပေမဲ့ အားလုံး သိပ်ပေါ့လို့မဖြစ်ဘူး။ ရန်သူက မကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာ၊ ကြိုတင်ပြင်ဆင်ပြီးလာတာဆိုတော့မသိတော့ ငါတို့လည်း လုံခြုံရေး တင်းကျပ်ရတော့မယ်”

အားလုံး ခေါင်းညိတ်ကြသည်။ နွားခေါင်းနဲ့ မြင်းမျက်နှာက ညဘက်ကင်းလှည့်တဲ့ တာဝန်ကို ချက်ချင်းယူလိုက်ပြီး သရဲဖြူနဲ့ သရဲနက်ကတော့ နေ့ဘက်မှာ ကင်းလှည့်တာကို တင်းကျပ်မယ်လို့ ပြော၏။

ရှောင်ထျန်းချန်ကတော့ သူနည်းနည်းပိုအိပ်မယ်တဲ့။ ဒီခွေးကိုတော့ ဘယ်သူမှ မျှော်လင့်ချက်မထားကြဘူး။ တကယ်တော့ သူသာ တကယ်တစ်ခုခုလုပ်မယ်ဆိုရင်တောင် ဘယ်သူမှ သူ့ကိုမယုံဘူး။ ဒီကောင်က သိပ်ပေါတောတောနိုင်တာကိုး။ ဘယ်အချိန် စိတ်ပြောင်းသွားမလဲ၊ ဘယ်နားသွားပြီး ကြက်ခိုးနေမလဲ ဘယ်သူသိနိုင်မှာလဲ။

အစီအစဉ်ချပြီးတော့ အားလုံး လူစုခွဲလိုက်ကြ၏။

ဒီတစ်ညတော့ ယွီဟွေးဖေး ဘယ်လိုမှ အိပ်မပျော်နိုင်ဘူး။ ဘယ်သူမဆို ကိုယ့်ကို တိတ်တဆိတ်ချောင်းကြည့်နေတဲ့ သရဲလိုလိုကောင်တစ်ကောင်ရှိမှန်းသိရင် အိပ်ပျော်မှာမဟုတ်ဘူးလေ။

သူ တရားထိုင်တာတောင် စိတ်မငြိမ်ဘူး။ ခဏနေတော့ နိုးလာပြီး ကျင့်စဉ်ကို လုံးဝတည်ငြိမ်အောင် မလည်ပတ်နိုင်ဘူး။ နောက်ဆုံးတော့ ယွီဟွေးဖေးက ဖုန်းကနေတစ်ဆင့် အပ်ပေါက်အရွယ် ကင်မရာဆယ်လုံးကို မှာလိုက်တယ်။

သူစဉ်းစားမိတာက ရန်သူက အပေါ်ကဆင်းလာသူဖြစ်ဖို့များတယ်။ ဘာကြောင့်လဲတော့မသိဘူး၊ ယွီဟွေးဖေးဆီကို သတင်းမရောက်သေးဘူး။

ဒီလိုဆိုရင် ရန်သူက ဒီကမ္ဘာကြီးအကြောင်းကို သိနားလည်မှု အကန့်အသတ်ရှိမှာပဲ။ ဖုန်းသုံးတတ်ရင်တောင် အစစအရာရာ အကုန်သိမှာမဟုတ်ဘူး။

ကိုယ့်ပိုက်ဆံထဲက ယွမ်နှစ်ထောင်ကျော် လျော့သွားတာကိုကြည့်ပြီး ယွီဟွေးဖေးရဲ့ ရင်ထဲမှာ တော်တော်ခံစားသွားရ၏။ ပါးစပ်ကလည်း တတွတ်တွတ် ဆဲရေးနေလေရဲ့။

“ခွေးကောင်လေး... မင်းကိုငါမိလို့ကတော့ အရေခွံကို ဆွဲခွာပစ်မယ်”

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက ချွေ့ကျွယ်ကို ရှာပြီး ပုံတစ်ပုံဆွဲခိုင်းလိုက်တယ်။

ချွေ့ကျွယ်က “ဒီလူက”

ယွီဟွေးဖေးက “ကျွန်တော့်ကို မိန်းမပုံစံနဲ့ လာလိမ်တဲ့ကောင်ပဲ”

ချွေ့ကျွယ်က ခေါင်းညိတ်ပြီး “အင်း... ဒီကောင်ကို မမြင်ဖူးပေမဲ့ တကယ်သံသယဖြစ်စရာပဲ။ အားလုံး မှတ်မိအောင်လုပ်ထားပြီး သတိထားတာ ကောင်းပါတယ်”

နောက်တစ်နေ့မှာ ယွီဟွေးဖေးက သင်္ချိုင်းကုန်းကို သန့်ရှင်းရေးသွားလုပ်တယ်။ တခြားသူတွေကတော့ အပြင်ပန်းမှာ ပေါ့ပေါ့ပါးပါးနေကြပေမဲ့ အတွင်းစိတ်မှာတော့ တင်းကျပ်နေကြပြီ။ လူတိုင်းက ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို သတိထားနေကြတယ်။

သရဲဖြူနဲ့ သရဲနက်ကတော့ တိုက်ရိုက်ပဲ အကြီးအကျယ်သန့်ရှင်းရေးလုပ်ပြီး နေရာအနှံ့ကို ရှာဖွေကြနေ၏။ ရလဒ်က နေ့လည်ရောက်တော့ ယွီဟွေးဖေး ထိုင်ချလိုက်တာနဲ့ သူ့ရှေ့မှာ ပစ္စည်းတော်တော်များများ ရောက်လာလေသည်။

ယွီဟွေးဖေး ကြည့်လိုက်တော့ နဖူးမှာ သွေးကြောတွေ ထောင်ထလာ၏။

“သောက်ကျိုးနည်း... ငါသူ့ကို အထင်သေးမိသွားတာပဲ”

ဒီပစ္စည်းတွေက တခြားမဟုတ်ဘူး၊ အပ်ပေါက်အရွယ် ကင်မရာတွေပဲ။ တစ်ခုချင်းစီက လက်သည်းခွံအရွယ်လောက်ပဲရှိတယ်။ လုံးတာ၊ လေးထောင့်ဖြစ်တာ ကွဲပြားပေမဲ့ ယေဘုယျအားဖြင့် အရွယ်အစားက တူတူလောက်ပဲ။ ပြီးတော့ အားလုံးက ကြိုးမဲ့တွေ။ အင်တာနက် ဒါမှမဟုတ် ဘလူးတုရှိရုံနဲ့ ရိုက်ကူးခြင်းနဲ့ ပေးပို့ခြင်းကို လုပ်ဆောင်နိုင်တယ်။

“ငါ့#$@#@... အားလုံး သေချာပြန်ရှာကြည့်၊ နောက်ထပ်ရှိနိုင်သေးတယ်”

အားလုံး ခေါင်းညိတ်ပြီး ဆက်ရှာကြတယ်။ နောက်ဆုံးမှာ နောက်ထပ်သုံးလုံးကို တကယ်ပဲ ထပ်တွေ့ရော။ တစ်ခုက သစ်ပင်ပေါ်က သစ်ခေါက်ထဲမှာ ထည့်ထားတာ။

အားလုံး ကြည့်လေလေ စိတ်ထဲမှာ ထိတ်လန့်လေလေပဲ။ တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက လျိုရှင်း ထွက်သွားတာကို ကျေးဇူးတင်နေမိတယ်။

သူသာ ဒီမှာရှိနေသေးရင် ရန်သူက တစ်ခုခုတွေ့သွားခဲ့ရင် ယွီဟွေးဖေး တကယ်ပဲ လူသတ်ချင်စိတ်ပေါက်သွားမှာ။

“တော်တယ်... တော်တော်တော်တာပဲ၊ ရင်းနှီးမြှုပ်နှံမှုလည်း မနည်းဘူးပဲ”

ယွီဟွေးဖေးရဲ့ မျက်ခုံးတွေ တင်းတင်းကြုတ်နေပေမဲ့ သူတကယ်ပဲ နားမလည်နိုင်ဖြစ်နေ၏။ ရန်သူက ဘယ်ကောင်လဲ၊ လူ့လောကအကြောင်းကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကောင်းကောင်းသိနေရတာလဲ။

ငါထင်တာလွဲနေတာလား။ ငါ့ကို ဒုက္ခပေးချင်တာက အပေါ်ကလူမဟုတ်ဘဲ လူ့လောကထဲကလူပဲလား။

ဒါပေမဲ့ လူ့လောကမှာ ဘယ်သူက ဒီပစ္စည်းတွေကို တိတ်တဆိတ်ဝင်တပ်ဆင်နိုင်တဲ့ အစွမ်းရှိမှာလဲ။

အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးဆီကို စာတိုတစ်စောင်ရောက်လာတယ်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တာနဲ့ စာလုံးတွေက ပွထနေပြီး ကွန်ပျူတာဆော့ဖ်ဝဲလ်ကနေ ပို့တာဖြစ်ဖို့များတယ်။

ယွီဟွေးဖေးက အမှိုက်စာလို့ထင်နေပေမဲ့ ရန်သူရဲ့ အဖွင့်စာလုံးတွေက သူ့ကို ဆွဲဆောင်သွားရော။

“ဌာနမှူး နေကောင်းရဲ့လား”

ချက်ချင်းဖွင့်ကြည့်လိုက်တော့ စာထဲမှာ ရေးထားတာက ရှင်းရှင်းလေးပဲ။

“ဌာနမှူး ယွီဟွေးဖေး... ငါတို့ မတွေ့ဖူးပေမဲ့ မင်းကိုငါသိတယ်။ ငါဘယ်သူလဲဆိုတာ မင်းနောက်တော့သိလာမှာပါ။ ငါအချိန်ကို တွက်ကြည့်တာတော့ မကြာခင်ရောက်လာတော့မယ်။ အရင်က ဗီဒီယိုတွေအကုန်လုံး ငါပို့ခဲ့တာပဲ။ ဘယ်လိုလဲ... အရည်အသွေးမဆိုးဘူးမလား။ ငါ့ဆီမှာ တခြားဗီဒီယိုတွေလည်း ရှိသေးတယ်။ မင်းကို ကူညီပြီး ပို့ပေးရဦးမလား”

ယွီဟွေးဖေးက မျက်လုံးကို မှေးလိုက်ပြီး စာပြန်ပို့လိုက်၏။ “မင်းဘယ်သူလဲ။ ဘာလုပ်ချင်တာလဲ။ လူလား၊ သရဲလား၊ ရှေ့ထွက်ခဲ့စမ်းပါ၊ နောက်ကွယ်မှာ ပုန်းပြီး ဂေးပြမနေနဲ့”

“ဟက်ဟက်... အရင်တုန်းက ငါရှေ့မှာပဲ သွားလာနေခဲ့တာ၊ နောက်တော့ ကိုယ့်ကိုယ်ကို သတ်သေသလိုဖြစ်သွားတယ်လေ။ ဒီတစ်ခါတော့ ငါသေတောင်မထွက်ဘူးကွ... ငါမင်းကိုရှာတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ၊ မင်းငါ့ကို ဝင်မစွက်ဖက်နဲ့။ ငါလည်းမင်းကို မနှောင့်ယှက်ဘူးလို့ အာမခံတယ်။ ဒါပေမဲ့ မင်းသာငါ့ကို လာစွက်ဖက်ရင်တော့ ငါတို့ချင်း ရှင်းရတော့မယ်”

“မင်း နတ်ပြည်က ပြန်ဖမ်းသွားပြီး မိုးကြိုးကိုးစင်းပစ်တာ မခံရမှာ မကြောက်ဘူးလား”

“မိုးကြိုးကိုးစင်းပစ်တာလား။ ကျောက်စိမ်းဧကရာဇ်ရဲ့ မိုးကြိုးက ငါ့ကိုမပစ်နိုင်တာ ထားလိုက်ဦး။ ပစ်နိုင်တယ်ဆိုရင်တောင် ငါမကြောက်ဘူး။ ပြီးတော့ ဘယ်လောက်ဆိုးဆိုး အရင်ကထက်တော့ ကောင်းတာပေါ့။ ငါအခု လူ့ပြည်ဆင်းလာပြီလေ၊ သူတို့ဆင်းလာလည်း သာမန်လူပဲ။ သာမန်လူအချင်းချင်း ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ။ ငါက တစ်ရက်ပျော်ရရင် တစ်ရက်ပဲ။ အများဆုံးတော့ ပြန်အဖမ်းခံရပြီး အပြစ်ပေးခံရမှာပေါ့။ အဲ့ဒါ ဘာဖြစ်လဲ... ဒါပေမဲ့ မင်းကမတူဘူး။ မင်းက လူ့လောကမှာ ငါသွားလည်း မင်းဒီမှာပဲ။ မင်းပြောကြည့်လေ... မင်းသာ အကုန်ပေါ်သွားရင် အဲ့ဒီဘဝကတော့ ဟက်ဟက်...”

ယွီဟွေးဖေးရဲ့ မျက်ခုံးတွေ တင်းတင်းကြုတ်သွားတယ်။ သူအစိုးရိမ်ဆုံးပြဿနာ နောက်ဆုံးတော့ ရောက်လာပြီ။

ဒါပေမဲ့ ယွီဟွေးဖေးက ခြိမ်းခြောက်တိုင်းကြောက်တတ်တဲ့သူမဟုတ်ဘူး။ သူ့ရဲ့ မာကြောတဲ့စိတ်၊ ခေါင်းမာတဲ့စိတ်တွေလည်း ပေါ်လာပြီး ပြန်ပို့လိုက်တယ်။

“မင်းငါ့ကို လာမခြောက်နဲ့၊ ငါက ခြောက်တိုင်းမကြောက်ဘူး၊ အများဆုံးတော့ အကုန်ပေါ်သွားမှာပေါ့။ ဒီအလုပ်ကို ငါဆက်မလုပ်နိုင်တော့ရင်လည်း ငါ့ကို အပြစ်တင်လို့မရဘူး။ အပြစ်တင်ရင်လည်း ငါခံလိုက်မယ်...”

“ငါမင်းကို ခြောက်နေတာမဟုတ်ဘူး၊ ငါတို့ အရင်ကတွေ့ဖူးတယ်။ ငါနည်းလမ်းလေးတစ်ခုသုံးပြီး မင်းအိပ်မက်ထဲ ဝင်ခဲ့တယ်လေ။ မေ့သွားပြီလား”

ယွီဟွေးဖေးရဲ့ ရင်ထဲမှာ တုန်လှုပ်သွားတယ်။ သူ့ခေါင်းထဲမှာ အရင်က ဘတ်စ်ကားစီးတုန်းက ခြေထောက်ကရှေ့ကိုသွားပြီး မျက်လုံးက နောက်ကိုကြည့်နေတဲ့ကောင်ကို သတိရသွားပြီး မေးလိုက်၏။

“မင်းက အဲ့ဒီလမ်းလျှောက်တာ ဉာဏ်ရည်မမီတဲ့ကောင်လို ဖြစ်နေတဲ့သူလား”

“မင်းမှ ဉာဏ်ရည်မမီတာ။ မင်းက ဘာနားလည်လို့လဲ။ လူ့ရဲ့ အကြီးဆုံးအတားအဆီးက မျက်လုံးပဲ၊ မျက်လုံးကမြင်တာတွေက အများအားဖြင့် အတုတွေချည်းပဲ၊ ဒါပေမဲ့ လူတွေက ယုံကြည်ကြတယ်။ ငါက ခြေထောက်နဲ့ လမ်းလျှောက်တယ်၊ ငါ့မျက်လုံးက နောက်ကိုကြည့်တယ်၊ ငါ့စိတ်နဲ့ ပတ်ဝန်းကျင်ကို ကြည့်တယ်။ နားလည်လား”

ယွီဟွေးဖေး ဟက်ဟက်ရယ်ပြီး “ဉာဏ်ရည်မမီတဲ့သူတွေရဲ့ အကြောင်းပြချက်က ထောင်သောင်းချီရှိတယ်ဆိုပေမယ့် တစ်ခုနဲ့တစ်ခုက သိပ်မကွာဘူး။ ငါစဉ်းစားကြည့်ပါရစေ၊ နတ်ပြည်မှာ ဉာဏ်ရည်မမီတဲ့ကောင်တွေ ဘယ်သူတွေရှိလဲ...”

“မင်းငါ့ဆီက စကားနှိုက်မနေနဲ့... ငါဘယ်သူလဲဆိုတာ ပြောပြလိုက်လည်း ဘာမှမဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းမကြာခင် သိရတော့မှာပဲ၊ ငါက ရှန်းကုန်းပေါင်ပဲ”

ယွီဟွေးဖေးရဲ့ ရင်ထဲမှာ ခုန်တက်သွားတယ်။ ဘုရား... ဘုရား... သောက်ကျိုးနည်း ဒီသတောင်းစားပဲကိုး။

အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးရဲ့ အိတ်ကပ်ထဲက ပူလောင်လာလို့ ထုတ်ကြည့်လိုက်တော့ တံဆိပ်ပြားပေါ်မှာ စာတစ်ကြောင်းပေါ်လာ၏။

“သောက်ကျိုးနည်း... သတင်းပို့တဲ့ကောင်ကို တစ်ယောက်ယောက်က ဆွဲထားလို့ ခုမှရောက်လာတယ်။ ငါ#$#@... ကောင်းကင်ဘုံမှာ တစ်ရက်၊ လူ့ပြည်မှာ တစ်နှစ်၊ ဒီလောက်ခဏလေးအတွင်းမှာ မင်းတို့ဆီမှာ ရက်တော်တော်ကြာသွားပြီနေမှာပေါ့”

“စကားမများနဲ့၊ အဓိကအချက်ကိုပြော”

“အဓိကအချက်က ရှန်းကုန်းပေါင် အဲ့ဒီကောင် ထွက်လာပြီ။ ပြီးတော့ နတ်မင်းကြီးရဲ့ လက်မှတ်ကိုကိုင်ပြီး အကျဥ်းသားအနေနဲ့ လူ့ပြည်ဆင်းလာသလို ဟန်ဆောင်နေတယ်။ မင်းတွေ့ပြီးပြီလား”

All Chapters