လောင်းကစားပွဲ
Vol. 14 Ch. 210
“မတွေ့သေးဘူး”
“ဒါဆို လမ်းမှာပဲနေမှာ။ ဖြည်းဖြည်းလာလို့နေမှာပေါ့...”
ယွီဟွေးဖေး ဒေါသထွက်ပြီး ဆဲချင်စိတ်ပေါက်သွား၏။ “ဖြည်းဖြည်းလာတာက မင်းအဘိုးကြီးကိုပဲပြောလိုက်။ သူက ထောင်ဖောက်ပြေးသွားတာ”
လူယာ ခဏတိတ်သွားတယ်။ ကြောက်သွားတာလား၊ တခြားတစ်ခုခုစဉ်းစားနေတာလားတော့မသိဘူး။ ခဏကြာမှ ပြန်ပို့လာတယ်။
“ခွေးမသားက ထောင်ဖောက်ပြေးတာလား။ ဒါဆို နောက်ကျရင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်တော့၊ အဲ့ဒီကောင် တော်တော်မွှေနိုင်တယ်...”
ယွီဟွေးဖေး စိတ်ပျက်သွားတယ်။ ဒီသောက်အဘိုးကြီးက တကယ်ကို အားကိုးမရဘူးပဲ။
“ခင်ဗျားမှာ သူ့ကိုဖမ်းဖို့ ကူညီနိုင်တဲ့ နည်းလမ်းမရှိဘူးလား”
“ငါအခု ကောင်းကင်ဘုံမှာလေ။ ငါ့မှာ ဘယ်လိုအစွမ်းနဲ့ မင်းကိုကူညီပြီး လူဖမ်းပေးရမှာလဲ။ ဒါပေမဲ့ ငါ့ရဲ့ ဘူးသီးလေး ရှိနေတာပဲ။ မင်းအဲ့ဒီဘူးသီးလေးနဲ့ သူ့ငပဲကို ဖြတ်ပစ်လိုက်”
“အစ်ကိုကြီး... တကယ်တန်း တိတိကျကျ ပြောလို့ရမလား။ သူအခု ကျွန်တော့်ကို ဒုက္ခပေးနေတာ၊ အခု သူဘယ်မှာလဲတောင် မသိဘူး။ ပြီးတော့ အကျဥ်းသားတွေကို တိုက်ရိုက် ကျွန်တော့်ခြံထဲ ပို့ပေးမယ်ဆို။ ဒါပေမဲ့ ကျွန်တော့်ခြံထဲမှာ သူ့ကို လုံးဝလက်မခံခဲ့ရဘူးလေ”
“အဲ့ဒီကောင်က ယူရွှီနန်းတော်ကလူ၊ သူ့မှာ နည်းလမ်းတွေ နည်းပါ့မလား။ အဓိကက နတ်ဘုရားတင်မြှောက်ပွဲတုန်းက သူက ဘာမှဆုံးရှုံးမှုမရှိခဲ့ဘူး။ အစအဆုံး နှစ်ကြိမ်ပဲ လက်နက်သုံးခဲ့တယ်။ တစ်ကြိမ်က ဓားသုံးတယ်၊ တစ်ကြိမ်က ပုလဲတစ်လုံးကောက်ပြီး ကျန်းဇီယာကို ပစ်ပေါက်လိုက်တယ်။ ကျန်တဲ့အချိန်တွေမှာ ပါးစပ်နဲ့ လစ်ပြေးတာပဲ...။ ဒီကောင့်ရဲ့ ပိုင်ဆိုင်မှုတွေ လုံးဝမထိခိုက်ခဲ့ဘူး”
“ပြီးတော့ သူဂျင်းထည့်ပြီး စစ်ပွဲထဲပါဝင်ခိုင်းခဲ့တဲ့လူတွေ နောက်ပိုင်းမှာ အိမ်တွေအကုန် အသိမ်းခံလိုက်ရတယ်။ ငါထင်တာတော့ သူလုပ်တာပဲ။ သူ့လက်ထဲမှာ ရတနာတွေ မရေမတွက်နိုင်အောင်ရှိတယ်။ မင်းရဲ့ တံခါးကနေ တိတ်တဆိတ်ဝင်ထွက်ဖို့ နည်းလမ်းတစ်ခုရှာတာက သူ့အတွက်တော့ ကလေးကစားသလောက်ပဲ”
“သူ့မှာ နတ်လက်နက်တွေ ရှိသေးတယ်လား။ သောက်ပြဿနာပဲ... ဒါဆို ကျွန်တော်က ဘယ်လိုသူ့ကို တိုက်ရမှာလဲ”
“ဒါတော့ မင်းစိတ်မပူနဲ့... နတ်လက်နက်အားလုံး လူ့ပြည်ဆင်းလာရင် တစ်ချက်အခုတ်ခံရတယ်။ ငါ့ဘူးသီးလေး အဲ့လောက်တန်ခိုးကြီးတာတောင် ဘောင်းဘီခါးပတ်ပဲ ဖြတ်နိုင်တော့တာပဲ မဟုတ်လား။ သူ့ရဲ့ နတ်လက်နက်တွေက အမှိုက်တွေချည်းပဲ... ကောင်းကင်ဘုံရဲ့ ဓားတစ်ချက်နဲ့ ခုတ်ချလိုက်ရင် သိပ်အသုံးဝင်မှာ မဟုတ်တော့ဘူး”
“သေချာလို့လား”
ယွီဟွေးဖေး မျက်မှောင်ကြုတ်ပြီး သံသယနဲ့ မေးလိုက်တော့ လူယာက လူမိုက်ပုံစံနဲ့ ပြန်ပြော၏။
“မသေချာဘူး... ဒီအတိုင်း မင်းကို နှစ်သိမ့်ကြည့်တာ၊ အတည်မမှတ်နဲ့”
ယွီဟွေးဖေး တကယ်ပဲ ဆဲချင်စိတ်ပေါက်သွားပြီ။ ဆဲချင်ပေမဲ့ ဖြစ်တာက ဖြစ်ပြီးသွားပြီ။ ထပ်ပြောနေရင် မိန်းမဆန်သွားလိမ့်မယ်။
“ဒီကိစ္စက နတ်ပြည်ရဲ့ ပေါ့ဆမှုပဲ။ ခင်ဗျားတို့ ဒီအတိုင်းကြည့်နေလို့မရဘူးလေ။ အနည်းဆုံးတော့ ကျွန်တော့်ကို အားဖြည့်ကူညီမှုပေးရမှာပေါ့။ လူအင်အားမရှိရင် ပစ္စည်းအင်အားပေးလေ။ နတ်လက်နက်ဘာညာ၊ အရင်ဆုံး တစ်ပုံလောက်ပို့ပေးလိုက်”
“မင်းစိတ်မပူပါနဲ့... အပေါ်မှာ အစည်းအဝေးလုပ်နေကြတယ်။ ရလဒ်ထွက်လာရင် မင်းကိုငါအကြောင်းကြားမယ်။ ငါအရင် ထမင်းသွားစားလိုက်ဦးမယ်။ နောက်မှစကားပြောကြတာပေါ့” လူယာက ပြောပြီး ပျောက်သွားရော။
အစည်းအဝေးတဲ့လား။ ကောင်းကင်ဘုံမှာတစ်ရက်၊ လူ့ပြည်မှာတစ်နှစ်၊ သူတို့သာ တစ်ရက်အစည်းအဝေးလုပ်ရင် သူက လူ့ပြည်မှာ တစ်နှစ်စောင့်ရမှာလား။ တစ်နှစ်ကြာရင် သူနဲ့ ရှန်းကုန်းပေါင် ဘယ်လိုအခြေအနေဖြစ်နေမလဲ မသိဘူး။
အဲ့ဒီအချိန်မှာ ရှန်းကုန်းပေါင်ဆီက စာတစ်စောင်ထပ်ရောက်လာ၏။
“အပေါ်ကကောင်တွေအကြောင်း ငါသိသလောက်တော့ အခုချိန်မှာ အစည်းအဝေးလုပ်နေလောက်ပြီ။ ခေါင်းဆောင်တွေ အစည်းအဝေးလုပ်တာက မင်းတို့ဆီက ခေါင်းဆောင်တွေနဲ့ သိပ်မတူပေမဲ့ ယေဘုယျအားဖြင့်တော့ ခေါင်းဆောင်တွေ အလှည့်ကျစကားပြောတာက လိုအပ်တယ်။ တစ်ယောက်ကို တစ်နာရီလောက်ပြောတာကလည်း ပြဿနာမရှိဘူး... နတ်ဘုရားတွေဆိုတော့ အချိန်ကလွဲပြီး ဘာမှမရှိဘူး။ တစ်ယောက်တစ်ယောက် စကားပြောတာ အရမ်းတော်သလို အောက်ကလူတွေလည်း အရမ်းစိတ်ရှည်တယ်။ ဘယ်လိုလဲ... စဉ်းစားပြီးပြီလား။ သုံးနှစ်အတွင်း၊ ကိုယ့်ရေတွင်းကိုယ်နေ၊ ကိုယ့်မြစ်ကိုယ်နေ၊ ဘယ်လိုလဲ”
“မင်းအပြင်မှာ ဘာလုပ်မလို့လဲ” ယွီဟွေးဖေး မဖြေဘဲ မေးလိုက်၏။
“ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမလို့ပေါ့။ စိတ်ချစမ်းပါကွာ ငါက ယူရွှီနန်းတော်ကလူဟ။ အကျင့်သီလကောင်းတယ်၊ အမှိုက်လိုအလုပ်မျိုးတွေ လုပ်ဖို့ စိတ်မဝင်စားဘူး။ သိထားရမှာက အဲ့ဒီတုန်းက ငါက နိုင်ငံတော်ကာကွယ်တဲ့ဘက်က၊ သူတို့ကမှ ပုန်ကန်တဲ့ဘက်က”
ယွီဟွေးဖေးက ဒီအတိုင်းပဲ အလျှော့ပေးလိုက်ပြီး ကိုယ့်လမ်းကိုယ်သွားဖို့ စဉ်းစားလိုက်တယ်။ ဒါပေမဲ့ လက်ထဲက အမှတ်တံဆိပ်ပြားကို ကြည့်ပြီး “ငါက လောကသုံးပါး အလုပ်ကြမ်းဌာနရဲ့ ဦးစီးမှူး၊ မင်းဆင်းလာရင် ငါ့စကားနားထောင်ပြီး လိမ်လိမ်မာမာ အလုပ်ကြမ်းလုပ်ရမယ်။ မင်းငါ့ဆီမှာနေရင် မင်းဘဝကို သက်တောင့်သက်သာဖြစ်ဖို့ ငါအာမခံတယ်... ဒါပေမဲ့ မင်းသာငါနဲ့ ဒီလိုကစားချင်ရင်တော့ ငါတို့ ရှင်းရတော့မယ်။ မင်းလို ယူရွှီနန်းတော်ကလူမှာ ဘယ်လိုအစွမ်းတွေရှိလဲ ငါလည်း ကြည့်ချင်သေးတယ်”
“စိတ်မလောပါနဲ့ကွာ။ ငါမင်းကိုရှာတာက မင်းကို ငါ့အကြောင်း လုံးဝမေ့ထားခိုင်းတာမဟုတ်ဘူး။ ငါတို့ သဘောတူညီမှုတစ်ခုလုပ်ကြမလား”
“ပြော”
“ဒီလိုလုပ်... တစ်နှစ်အတွင်းမှာ ငါမင်းနဲ့ ပေါ်တင်ပဲ အကြိမ်အနည်းငယ် ယှဉ်ပြိုင်မယ်၊ ဘယ်လိုယှဉ်ပြိုင်မလဲ၊ ဘာနဲ့ယှဉ်ပြိုင်မလဲဆိုတာတော့ ငါဆုံးဖြတ်မယ်... ငါမင်းကို အနိုင်ကျင့်မှာမဟုတ်ဘူးဆိုတာ စိတ်ချထား။ လက်နက်နဲ့လည်း မတိုက်ဘူး။ လူ့စိတ်နှလုံးသားကိုပဲ ကစားကြမယ်”
“လူ့စိတ်နှလုံးသားလား” ယွီဟွေးဖေး အံ့အားသင့်သွား၏။
“ဟုတ်တယ်! ဒါကိုပဲ ကစားမှာ... ငါမင်းကိုမေးမယ်၊ မင်းထင်တာ လူသားတွေက ကောင်းသလား၊ ဆိုးသလား”
“ကောင်းတာပေါ့” ယွီဟွေးဖေးက မဆိုင်းမတွဖြေသည်။
ရှန်းကုန်းပေါင် ရယ်ပြီး “ဒါဆိုကောင်းပြီ၊ ငါမင်းကို အနိုင်မကျင့်ဘူး၊ မင်းက ကောင်းတာကိုရွေးတယ်၊ ဒါဆိုငါက ဆိုးတာကိုရွေးမယ်။ ငါတို့လောင်းကြေးထပ်တာက အချို့ကိစ္စတွေမှာ ကိုယ့်နည်းလမ်းအကုန်သုံးပြီး ရန်သူက ကောင်းသလား၊ ဆိုးသလားဆိုတာကို စမ်းသပ်ကြမယ်”
“မင်းက လူလုပ်ပြီး သူ့ကို ဒုက္ခပေးမလို့လား”
“မဟုတ်ဘူးလေ... လူတိုင်းမှာ ကိုယ့်ကံကြမ္မာကိုယ်စီရှိတယ်။ ငါ့လက်ထဲမှာ လောကကြေးမုံတစ်ခုရှိတယ်။ ကောင်းကင်ဘုံမှာဆိုရင် ဒီကြေးမုံက လူကို ဗဟိုပြုပြီး ကံကြမ္မာကို ပြောင်းလဲနိုင်တယ်။ လူကို ငရဲမှာ ထာဝရနစ်မွန်းစေပြီး ရှင်ခြင်း သေခြင်းကို ကိုယ်တိုင်မထိန်းချုပ်နိုင်အောင် လုပ်နိုင်တယ်။ ဒါပေမဲ့ ဒီကိုရောက်လာတော့ တန်ခိုးသိပ်မရှိတော့ဘူး၊ ဒါပေမဲ့ အချို့အရာတွေကိုတော့ မြင်နိုင်သေးတယ်။ ဒါက ငါ့ရဲ့ အားသာချက်ပဲ၊ အဲ့ဒီလူက မကောင်းမှုနဲ့ ပတ်သက်နေပြီဆိုတာ ငါသိတယ်။ ပြီးတော့ သူ့အဆုံးသတ်က မကောင်းဘူးလို့ ငါလောင်းတယ်။ ငါ့ရဲ့ အားသာချက်ကို သုံးပြီးပြီဆိုတော့ နောက်ဆက်တွဲမှာ ငါဝင်စွက်ဖက်တော့မှာမဟုတ်ဘူး။ မင်းကတော့... မမြင်နိုင်ဘူးဆိုပေမဲ့ မင်းရဲ့နည်းလမ်းနဲ့ ဝင်စွက်ဖက်နိုင်တယ်။ မင်းသူ့ကို မကောင်းမှုရဲ့ ငရဲကမ်းပါးစွန်းကနေ ပြန်ဆွဲထုတ်နိုင်မလား ကြည့်ကြတာပေါ့။ မင်းသာ ဆွဲထုတ်နိုင်ရင် မင်းနိုင်တယ်။ မင်းသာ ဆွဲမထုတ်နိုင်ရင် ငါနိုင်တယ်။ တစ်နှစ်အတွင်းမှာ မင်းနဲ့ငါ သုံးကြိမ်လောင်းမယ်။ မင်းနိုင်ရင် ငါအပြင်မှာ လိမ်လိမ်မာမာနေမယ်။ မင်းဆီမှာလိုပဲ ဘယ်လောက်လိမ္မာရမလဲဆို လိမ္မာမယ်။ လူ့လောကကို လုံးဝမနှောင့်ယှက်ဘူး။ ဒါပေမဲ့ ငါသာနိုင်ရင် ငါဘယ်လိုပျော်ပျော်နေနေ ဝင်မစွက်ဖက်ရဘူး”
“ငါနိုင်ရင်လည်း မင်းပြန်မလာဘူး၊ ငါအရမ်းနစ်နာသလိုပဲ”
“မင်းမနစ်နာပါဘူး။ မင်းဒီအတောအတွင်းမှာ ငါ့ကိုရှာလို့ရတယ်လေ။ ငါ့ကိုရှာတွေ့ရင် မင်းငါ့ကို လာဖမ်းလို့ရတယ်လေ... ဒါက ငါ့ကိုထိန်းချုပ်ထားဖို့ အခွင့်အရေးပဲ မဟုတ်ဘူးလား။ ပြီးတော့ ငါလိမ်လိမ်မာမာနေရင် မင်းလည်း ဒုက္ခမရှိဘူး မဟုတ်ဘူးလား” လို့ ရှန်းကုန်းပေါင်က မေးတော့ ယွီဟွေးဖေး တိတ်ဆိတ်သွား၏။
ရှန်းကုန်းပေါင်က လောင်းကစားပွဲတစ်ခုကို ဖွင့်လိုက်တယ်၊ ဒီလောင်းကစားပွဲကို သူ မပါဝင်ဘဲနေလို့မရဘူး။ ဘာလို့လဲဆိုတော့ မပါဝင်ဘူးဆိုရင် ရှန်းကုန်းပေါင်က ရမ်းကားတော့မှာပဲ၊ အဲ့ဒီအခါမှာ လူ့လောကကြီး ပရမ်းပတာဖြစ်သွားရင် အပြစ်က ကြီးသွားလိမ့်မယ်။
အဓိကက ရမ်းကားတဲ့ ရှန်းကုန်းပေါင်က ပထမဆုံး သူ့ကိုပဲ ချီးတွင်းထဲဆွဲချမှာပဲ။ အဲ့ဒီအခါမှာ ယွီဟွေးဖေးရင်ဆိုင်ရမယ့် ဒုက္ခက ရှန်းကုန်းပေါင်တစ်ယောက်တည်း မဟုတ်တော့ဘူး...
ယှဉ်ပြိုင်မယ်ဆိုရင် ရှန်းကုန်းပေါင်ပြောသလို အနည်းဆုံးတော့ သူအခု ငြိမ်ငြိမ်နေလိမ့်မယ်။
ယွီဟွေးဖေးလည်း နည်းလမ်းသုံးပြီး သူ့ကိုရှာနိုင်တယ်။ တစ်နှစ်အတွင်းမှာ သူ့ကိုဖမ်းမိရင် အဲ့ဒါ သူ့ရဲ့ အရည်အချင်းပဲ။ ဖမ်းမမိရင်လည်း အဲ့ဒါ ယွီဟွေးဖေးရဲ့ ပြဿနာပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီအချိန်အတောအတွင်းမှာ နှစ်ယောက်သား အဆက်အသွယ်ရှိနေမယ်။ လက်ဗလာနဲ့ မျက်စိမှိတ်ပြီး စမ်းတဝါးဝါးလုပ်နေရတာမျိုး မဟုတ်ဘူး။
ဒါကိုစဉ်းစားပြီး ယွီဟွေးဖေးက “ကောင်းပြီ၊ ငါမင်းနဲ့ လောင်းမယ်”
“ဟားဟားဟား... ဌာနမှူးယွီက တကယ် သတ္တိရှိတာပဲ။ ဒီလိုဆိုရင် စလိုက်ကြရအောင်။ ပထမဆုံး လောင်းကစားပွဲက စနေပြီ။ လူကို ငါမင်းဆီ ပို့ပေးလိုက်ပြီမို့ မင်းတို့တည်းခိုခန်းမှာပဲ တည်းနေတယ်။ ငါ့အမြင်မှာတော့ ဒါက နတ်ဆိုးဖြစ်လာမှာ သေချာတဲ့လူပဲ။ မင်းကြိုးစားရတော့မယ်နော်”
ယွီဟွေးဖေး ကြောင်သွား၏။ ပို့ပြီးပြီတဲ့လား... သူပထမဆုံးစဉ်းစားမိတာက အဲ့ဒီမျက်နှာမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေပြီး မျက်နှာကြီးတဲ့ ဧည့်သည်ပဲ။
သူတည်းနေတာ နှစ်ရက်ရှိပြီ၊ ဒါပေမဲ့ အပြင်သိပ်မထွက်ဘူး။ သူက ကိုယ့်ကိုယ်ကို အခန်းထဲမှာပဲ ပိတ်လှောင်ထားပုံရတယ်။ ပြီးတော့ ယွီဟွေးဖေးတို့လည်း အလုပ်များနေကြလို့ သူ့ရဲ့လှုပ်ရှားမှုတွေကို သိပ်သတိမထားမိဘူး။ ဒါပေမဲ့ ရန်သူက လောင်းကစားပွဲရဲ့ လူမှန်းသိသွားပြီဆိုတော့ ယွီဟွေးဖေးလည်း မလောတော့ဘူး။
“လောင်းကစားပွဲက ဘယ်လောက်ကြာမှာလဲ”
“အချိန်ကန့်သတ်ချက်မရှိဘူး၊ မင်းမှာ အရည်အချင်းရှိရင် သူ့ကို တစ်သက်လုံး နတ်ဆိုးမဖြစ်အောင် ဆွဲထားနိုင်ရင် အဲ့ဒါလည်း မင်းရဲ့ အရည်အချင်းပဲ”
“မင်းကောင်းကောင်းပုန်းနေ၊ ပထမပွဲမစခင်မှာပဲ မင်းအဖမ်းမခံရစေနဲ့”
“ဟက်ဟက်... စိတ်ချပါ။ ငါ့ရဲ့ ရုပ်ဖျက်ပညာက မဆိုးပါဘူး။ ဆိုင်ပန်း... ဆိုင်ပန်း... ငါ့ဖိနပ်ကို မကိုက်နဲ့”
ယွီဟွေးဖေးက အဲ့ဒီသြဇာအပြည့်နဲ့ အသံကြမ်းကြီးကိုကြားတော့ ရင်ထဲမှာ တုန်လှုပ်သွားပြီး ဆဲလိုက်၏။
“ခွေးမသား... မင်းပဲကိုး”
ကံမကောင်းစွာနဲ့ တစ်ဖက်က လှုပ်ရှားမှုမရှိတော့ဘူး။ ဖုန်းကိုသိမ်းပြီး ယွီဟွေးဖေးက ချွေ့ကျွယ်တို့ကို ရှာပြီး အဖြစ်အပျက်ကို ပြောပြလိုက်၏။
သရဲနက်က ဆဲတယ်။ “သောက်ကျိုးနည်း ရှန်းကုန်းပေါင်တဲ့လား။ သူက ကိုယ်ခန္ဓာနဲ့ ပင်လယ်မျက်လုံးကို ပိတ်ထားတာမဟုတ်ဘူးလား”
နွားခေါင်းက “အဲ့ဒီကောင်ကိုး... ဒါဆို နည်းနည်းတော့ စိတ်ရှုပ်စရာပဲ။ သူ့နဲ့ပတ်သက်မိရင် ကောင်းကျိုးမရှိဘူး။ အရင်က သူရှာတွေ့ခဲ့တဲ့သူတွေ နောက်ပိုင်းမှာ အကုန်သေကုန်တယ်”
ချွေ့ကျွယ်ကလည်း “အနည်းဆုံးတော့ ဘယ်သူလဲဆိုတာ ငါတို့သိသွားပြီဆိုတော့ ကျန်တာက လွယ်သွားပြီ။ သူကစားချင်ရင် ငါတို့သူနဲ့ ကစားပေးလိုက်မယ်။ ဒီနေ့ကစပြီး ငါတို့ နည်းလမ်းနှစ်ခုနဲ့ တစ်ပြိုင်နက်တည်းလုပ်ရတော့မယ်။ တစ်ဖက်က လောင်းကစားပွဲကို ပြီးအောင်လုပ်မယ်၊ တစ်ဖက်က သူ့ကိုရှာမယ်”
နွားကျောင်းသားက “ကမ္ဘာကြီးက ဒီလောက်ကျယ်တာ၊ ငါတို့မှာ တန်ခိုးလည်းမရှိဘူး၊ သူက ရုပ်ဖျက်တတ်တယ်၊ ဘယ်လိုရှာမှာလဲ”
“အဲ့လောက်ခက်မှာ မဟုတ်လောက်ပါဘူး... သူက လောင်းကစားပွဲကို ပြီးအောင်လုပ်ချင်ရင် ဒီဘက်က အခြေအနေကို စောင့်ကြည့်နေရမှာပဲ။ ဒါကြောင့်... သူအနီးအနားမှာပဲ ရှိနေလောက်တယ်။ ဒါပေမဲ့ သူက ရုပ်ဖျက်တတ်တော့ ဘယ်သူ့ပုံစံဖျက်ထားလဲဆိုတာတော့ မှန်းရခက်တယ်”
ချွေ့ကျွယ်က ခေါင်းညိတ်ရင်း “ဟုတ်တယ်၊ သူအနီးအနားမှာပဲ ရှိနေမှာသေချာတယ်။ ဒီရွာထဲမှာတောင် ရှိနိုင်တယ်... ရှို့လင်ရွာက မသေးပေမဲ့ သိပ်လည်းမကြီးဘူး။ လူဦးရေက အဝင်အထွက်ရှိပေမဲ့ သိပ်များများစားစားတော့ မဟုတ်ဘူး၊ အားလုံးသာ သတိထားကြည့်ရင် သဲလွန်စတစ်ခုခုတော့ တွေ့နိုင်လောက်တယ်”
“ဒါဆို ဒီနေ့ကစပြီး အားလုံး သတိထားကြရအောင်”
ယွီဟွေးဖေးက ဘေးက ရှောင်ထျန်းချန်ကို ခြေထောက်နဲ့ကန်ပြီး “ကိုခွေး... နောက်ကျရင် ရွာထဲတစ်ပတ်လောက် သွားကြည့်လိုက်။ ပုံစံမတူ၊ အချိန်မတူ ပေါ်လာတဲ့လူတွေ ဒါပေမဲ့ အနံ့တူတဲ့သူ ရှိလားဆိုတာ သွားရှာကြည့်”
ရှောင်ထျန်းချန်ကလည်း ကောက်ကျစ်တဲ့ကောင်၊ ချက်ချင်းပဲ ယွီဟွေးဖေးရဲ့ ဆိုလိုရင်းကို နားလည်သွားပြီး သွားဖြဲရယ်ကာ “စိတ်ချပါ... နောက်မှ ဝါကြီးနဲ့ ငါထပ်တိုင်ပင်လိုက်မယ်၊ သူက တပ်မှူးဆယ့်သုံးယောက်နဲ့ ရွာထဲက ခွေးအားလုံးကို ခေါ်ပြီး တစ်ရွာလုံး လှုပ်ရှားကြမယ်။ အဲ့ဒီကောင် လာရဲလာကြည့်... ဟွင်းဟွင်း... သူ့ကို ဆွဲဖြဲပြီး တို့ဆီက စမ်းချောင်းထဲ ထိုးထည့်ပစ်မယ်”
အစီအစဉ်ရှိတော့ အလုပ်လုပ်ရတာ လွယ်သွားပြီ၊ အားလုံး စတင်လှုပ်ရှားကြတော့တယ်။ ယွီဟွေးဖေးကတော့ အဲ့ဒီတစ်ဦးတည်းသော ဧည့်သည်ကို စတင်ဆက်သွယ်ဖို့ ကြိုးစားတော့၏။
သူမှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်အရ ဒီလူက မြောင်းဖေလို့ခေါ်တယ်၊ အသက် ၄၀၊ ကျား၊ ပြီးတော့ ဘာသတင်းအချက်အလက်မှမရှိတော့ဘူး။
ယွီဟွေးဖေးက မြောင်းဖေ့ရဲ့ တံခါးရှေ့မှာရပ်ပြီး တံခါးခေါက်ဖို့ အကြောင်းပြချက်ကို အကြာကြီးစဉ်းစားပြီးမှ တံခါးကို ခေါက်လိုက်တယ်။
“ဘယ်သူလဲ”
အသံသြဇာပါတဲ့ အသံတစ်ခုထွက်လာပေမဲ့ ဒီအသံက နည်းနည်းတော့ ရှတတဖြစ်နေ၏။
“မစ္စတာမြောင်းလား ခင်ဗျာ”
တံခါးပွင့်လာပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာတစ်ခု ယွီဟွေးဖေးရှေ့မှာ ပေါ်လာသည်။ ဒါက အရပ်မြင့်တဲ့ ယောက်ျားတစ်ယောက်ပဲ။ သူအရပ်မြင့်တယ်ပြောရတာက သူ့ရဲ့ အရိုးအဆစ်က ကြီးလို့၊ ဒါပေမဲ့ သူ့ကိုယ်ပေါ်က အဝတ်အစားတွေက အရမ်းပွယောင်းနေတာမို့ အဝတ်အစားထဲမှာ အသားသိပ်မရှိတော့တာ ထင်ရှားတယ်။ ဒါက အရိုးပေါ်အရေတင်ဖြစ်နေတဲ့လူပဲ။
ယွီဟွေးဖေးက စိုးရိမ်တကြီးနဲ့ “မစ္စတာမြောင်း... ခင်ဗျား အပြင်သိပ်မထွက်လို့ ကျွန်တော်တို့ နည်းနည်းစိတ်ပူလို့ပါ”
“သူဌေးမှာ ကိစ္စရှိလို့လား”
ယွီဟွေးဖေးက အဲ့ဒီအချိန်မှာ မျက်နှာဖုံးကို ပြန်တပ်ထားပြီး သူ့ကိုယ်ပေါ်က ထူးခြားတဲ့အရှိန်အဝါတစ်ခု ထွက်ပေါ်နေ၏။ နည်းနည်းလျှို့ဝှက်ဆန်းကြယ်တဲ့ အသွင်နဲ့ “ကျွန်တော့်မှာ ကိစ္စရှိတာမဟုတ်ဘူး၊ မစ္စတာမှာ ကိစ္စရှိနေတာ”
မြောင်းဖေက ယွီဟွေးဖေးကို သတိကြီးစွာနဲ့ ကြည့်ပြီး “တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ ကိစ္စရှိသေးတာမို့ အဖော်မပြုနိုင်တော့ဘူး” ပြောရင်း တံခါးပိတ်ဖို့လုပ်တယ်။
ယွီဟွေးဖေးက ခြေတစ်လှမ်းဝင်ပြီး “လောကဧည့်သည်အချင်းချင်းပဲလေ။ ရောက်လာမှတော့ စကားလေးဘာလေး မပြောချင်ဘူးလား။ ဖြစ်နိုင်ရင် မစ္စတာရဲ့ ဒုက္ခကို ကျွန်တော် တစ်စိတ်တစ်ပိုင်း ကူညီနိုင်ကောင်း ကူညီနိုင်ပါလိမ့်မယ်”
မြောင်းဖေက ယွီဟွေးဖေးကို စိုက်ကြည့်ပြီး “ခင်ဗျား... တကယ်တော့ ဘယ်သူလဲ”
“ကျွန်တော်ဘယ်သူလဲဆိုတာ အရေးကြီးလို့လား။ အရေးကြီးတာက ခင်ဗျားကိုယ်တိုင် လာချင်လို့လာတာ မဟုတ်ဘူး မဟုတ်လား” လို့ ယွီဟွေးဖေးက တမင်တကာ လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံနဲ့ မေးလိုက်၏။
ဒီစကားကိုကြားတော့ မြောင်းဖေ့ရဲ့ ရင်ထဲမှာ တုန်လှုပ်သွားသည်။ ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို တစ်ယောက်ယောက်က သိသွားသလိုပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ မြောင်းဖေက ခါးသက်စွာပြုံးလိုက်၏။
“ကျွန်တော် ကိုယ်တိုင်လာချင်လို့လာတာ မဟုတ်ပါဘူး။ အီးမေးလ်တစ်စောင် လက်ခံရရှိလို့ပါ။ ဒီကိုလာရင် အဖြေရှာတွေ့နိုင်တယ်လို့ပြောတယ်။ ပြီးတော့ ကျွန်တော့်ကို သုံးရက်စာ တည်းခိုခပေးခဲ့တယ်လေ။ ဒါကြောင့် ကျွန်တော်လာခဲ့တာပါ။ ဆိုင်ရှင်က အီးမေးလ်ပို့ခဲ့တာလား”
ယွီဟွေးဖေး မျက်မှောင်နည်းနည်းကြုတ်သွားပြီး စိတ်ထဲကနေ ‘ခွေးမသားရှန်းကုန်းပေါင်က ပိုက်ဆံတော်တော်ရှိတာပဲ၊ တခြားသူကိုတောင် အခန်းခပေးနိုင်သေးတယ်လား’
“ကျွန်တော်ပို့တာမဟုတ်ဘူး။ ဘယ်သူပို့တာလဲဆိုတာကလည်း အရေးမကြီးတော့ပါဘူး။ အထဲဝင်ပြီး ထိုင်လို့ရမလား”
မြောင်းဖေ နည်းနည်းတွေဝေနေပေမဲ့ နောက်ဆုံးမှာတော့ ယွီဟွေးဖေးကို အထဲဝင်ခွင့်ပေးလိုက်တယ်။ နှစ်ယောက်သား အိမ်ထဲမှာထိုင်ပြီး ဘယ်သူမှ စကားမပြောဘူး။ ဘေးက ရေနွေးအိုးက ဂလုဂလုမြည်နေပြီး ရေနွေးငွေ့တွေ ထွက်နေ၏။ နောက်ဆုံးမှာ ပေါက်ခနဲ မြည်သံနဲ့အတူ ရေဆူသွားပြီဆိုတာကို အချက်ပြလိုက်သည်။
“သူဌေးယွီ ရေနွေးသောက်ပါဦး” မြောင်းဖေက ထပြီး ရေနွေးအိုးကိုကိုင်ကာ နှစ်ယောက်လုံးအတွက် ရေနွေးတစ်ခွက်စီ လောင်းထည့်ပေး၏။
“ရေဘယ်လောက်သောက်သောက် ဗိုက်ဆာပြီး သေသွားနိုင်တယ်”
ဒီစကားကြောင့် မြောင်းဖေ့ရဲ့ ကိုယ်က တုန်သွားပြီး လက်ထဲက ရေနွေးခွက်က မြေပေါ်ပြုတ်ကျမလိုဖြစ်သွားသည်။
“ခင်ဗျားအခန်းထဲမှာ စားစရာနည်းနည်းရှိတယ်လို့ပြောတယ်၊ ဒါပေမဲ့ ဒီအခန်းထဲမှာ အစားအသောက်ရဲ့ ခြေရာလက်ရာတောင် မရှိဘူး။ ခင်ဗျားဘာပဲစားစား အခန်းထဲမှာ အမှိုက်သရိုက်တော့ ရှိသင့်တယ်... ဒါပေမဲ့ ခင်ဗျားဆီမှာ ဘာမှမရှိဘူး။ ထိုင်ကတည်းက အခုထိ၊ ခင်ဗျားဗိုက်က သုံးကြိမ်မြည်တယ်။ ခင်ဗျားမျက်နှာက အရမ်းမကောင်းဘူး၊ ဗိုက်ဆာလို့ မဟုတ်လား”
မြောင်းဖေက ခေါင်းငုံ့ပြီး စကားမပြောဘူး။
“သွားကြစို့၊ ကျွန်တော်ခင်ဗျားကို တစ်ခုခုကျွေးမယ်”
“ကျွန်တော်...” မြောင်းဖေက ပါးစပ်ဟလိုက်ချိန် ယွီဟွေးဖေးက နောက်လှည့်ပြီး “ငြင်းမလို့လား”
မြောင်းဖေက ခေါင်းခါရင်း “မဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက... ထမင်းမစားဘဲ၊ ထမင်းဖိုးကို ကျွန်တော့်ကို ပေးလို့ရမလား”
ယွီဟွေးဖေး ကြောင်သွား၏။ သူဒီလိုလူမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဗိုက်ဆာပြီး ငတ်သေတော့မယ့်လူက ထမင်းမစားဘဲ ပိုက်ဆံပဲလိုချင်တယ်တဲ့လား။
ဒါက ယွီဟွေးဖေးကို လမ်းပေါ်က သူတောင်းစားအတုတွေကို သတိရသွားစေတယ်၊ သူတို့က ပိုက်ဆံပဲလိုချင်တယ်၊ ထမင်းမလိုချင်ဘူး။
အလုပ်ချိန်မှာ အဝတ်အစားစုတ်ပြတ်နေပြီး အလုပ်ဆင်းချိန်မှာတော့ ဘား၊ KTV၊ နတ်ပြည်ကို ကားကြီးနဲ့ ဒိုးကြတဲ့ပုဂ္ဂိုလ်ထူးကြီးတွေလေ။
PS-
ရှန်းကုန်းပေါင်ဆိုတာ ဘယ်သူတုန်း။
အတိုချုပ်ပြောရရင် သူက တရုတ်ဂန္ထဝင်ဝတ္ထုကြီးဖြစ်တဲ့ “နတ်ဘုရားတင်မြှောက်ပွဲ” သို့ “နတ်ဘုရားတို့၏ ဒဏ္ဌာရီ(封神演义) ထဲက အဓိကဇာတ်လမ်းကို မွှေနှောက်တဲ့ ဗီလိန်ဘုရင်ပဲ။ သူက တည့်တိုးတိုက်ခိုက်တဲ့သူမဟုတ်ဘူး။ သူ့ရဲ့အဓိကလက်နက်က ပါးစပ်ပဲ။ စကားလုံးတွေနဲ့ လူတွေကို သွေးထိုးလှုံ့ဆော်ပြီး ကံကြမ္မာတွေကို လမ်းကြောင်းပြောင်းပစ်တတ်တဲ့အတွက် သူ့ကို “ကံကြမ္မာကို မွှေနှောက်သူ” လို့ခေါ်ကြတယ်။
မနာလိုစိတ်နဲ့ မွေးဖွားလာတဲ့ ဗီလိန်ဖြစ်ပြီး ကျန်းဇီယာရဲ့ ညီ။ သူနဲ့ နတ်ဘုရားတင်မြှောက်ပွဲရဲ့ အဓိကဇာတ်လိုက် ကျန်းဇီယာတို့က ဆရာတစ်ယောက်တည်းအောက်မှာ အတူတူပညာသင်ခဲ့တဲ့ တပည့်ညီနောင်တွေ။
သူ့ရဲ့ အကြောက်စရာအကောင်းဆုံး လက်နက်က အဆိပ်သင့်နှုတ်ဆက်စကားပဲ။ သူ့မှာ နာမည်ကြီး စကားတစ်ခွန်းက...
“အဆွေတော်... ခဏရပ်ပါဦး”
ဒီစကားက သာမန်နှုတ်ဆက်စကားမဟုတ်ဘူး။ သူ့ပါးစပ်ကနေ ဒီစကားထွက်လာပြီဆိုရင် ကြားတဲ့သူက သူ့ရဲ့သွေးထိုးစကားတွေ ယုံကြည်သွားပြီး ကျန်းဇီယာရဲ့ကို ဆန့်ကျင်တိုက်ခိုက်ဖို့ သွားကြတယ်။ ရလဒ်ကတော့ သွားတဲ့သူတိုင်းနီးပါး သေပွဲဝင်ပြီး “နတ်ဘုရားတင်မြှောက်ပွဲစာရင်း” ထဲကို ရောက်သွားကြတာချည်းပဲ။ ဒါကြောင့် ဒီစကားက သေမင်းတမန်ရဲ့ခေါ်သံလို့တောင် တင်စားကြတယ်။
နီကျား animation ထဲက ဗီလိန်လို့ပြောရင် မြင်သာပါပြီ