ကောင်းကင်တမန်နှင့် နတ်ဆိုး
Vol. 14 Ch. 211
ဒါပေမဲ့ မျက်စိရှေ့က ဒီလူက ဝတ်စားထားတာက တကယ်တော့ သပ်ရပ်တယ်၊ အနည်းဆုံးတော့ သန့်ရှင်းပြီး ကြည့်ကောင်းတယ်။ သူ့ရဲ့ မျက်နှာကသာ မိတ်ကပ်လိမ်းထားတဲ့ လမ်းပေါ်က သူတောင်းစားတွေကို အပြတ်အသတ် အနိုင်ယူနိုင်လောက်သား။
“ကျွန်တော့်ကို အကြောင်းပြချက်တစ်ခုပေးပါ”
မြောင်းဖေက ခေါင်းငုံ့ပြီး စဉ်းစားပြီးမှ “ကျွန်တော် ပိုက်ဆံလိုတယ်...”
“ဒါပေမဲ့ ကျွန်တော်ကျွေးတာက တန်ကြေးသိပ်မရှိတဲ့ ထမင်းပဲ၊ ခင်ဗျား ဒီလောက်တောင်ဖြစ်နေရလား။ ထမင်းစားရင် ခင်ဗျားအသက်ကို ကယ်နိုင်တယ်။ ပိုက်ဆံပေးရင် ခင်ဗျား ဗိုက်ဆာပြီး ငတ်သေသွားလိမ့်မယ်”
မြောင်းဖေက ခေါင်းခါရင်း “ကျွန်တော်သိတယ်၊ ဒါပေမဲ့ ကျွန်တော်တကယ်ပဲ ပိုက်ဆံလိုတယ်။ ငွေအနည်းငယ်ဖြစ်ရင်တောင်...”
“ဘာလို့လဲ” ယွီဟွေးဖေး ပိုပြီးနားမလည်တော့ဘူး။
မြောင်းဖေ တိတ်ဆိတ်သွားပြန်တော့ ယွီဟွေးဖေးက ဆယ်ယွမ်တစ်ရွက်ထုတ်ပြီး ပေးလိုက်တယ်။
“ဒါက မနက်စာအတွက် ပိုက်ဆံ၊ အခု ကျွန်တော်ခင်ဗျားကို မနက်စာသွားကျွေးမယ်”
မြောင်းဖေက လျှပ်စီးလို ပိုက်ဆံကို လှမ်းယူလိုက်ပြီး ယွီဟွေးဖေးကို စိုက်ကြည့်ရင်း “အဲ့ကျွေးမယ့်မနက်စာကိုလည်း ပိုက်ဆံအဖြစ်... ပြောင်းလို့ရမလား”
ယွီဟွေးဖေးကြားတော့ ဒေါသထွက်ပြီး ပေါက်ကွဲတော့မလိုဖြစ်သွား၏။ ဘာလဲ။ သူကျွေးတိုင်း ဒီကောင်က ပိုက်ဆံအဖြစ်ပြောင်းခိုင်းမှာလား။
“ခင်ဗျား အဲ့လောက်တောင် သေချင်နေတာလား”
“ကျွန်တော်မသေချင်ပါဘူး၊ ဒါပေမဲ့... ကျွန်တော်ဒီလိုလုပ်မှဖြစ်မယ်”
“ဒါဆို ခင်ဗျား ဗိုက်ဆာခံနေလိုက်တော့၊ ဘယ်အချိန် စကားပြောချင်ပြီလဲဆိုရင် ချွေ့ကျွယ်ကိုပြော။ သူကျွန်တော့်ကို အကြောင်းကြားလိမ့်မယ်...”
ယွီဟွေးဖေး ဒေါသထွက်ထွက်နဲ့ ပြောပြီး လှည်ထွက်လာလိုက်သည်။ သူတကယ်ပဲ ဒေါသထွက်နေတာ၊ ရန်သူက ပိုက်ဆံအရမ်းလိုနေမှန်း သူသိတယ်၊ ဒါပေမဲ့ ဒီလိုအသက်ကိုတောင် မငဲ့ဘဲ ပိုက်ဆံလိုချင်တဲ့ပုံစံကို တကယ်ပဲ နားမလည်နိုင်ဘူး။ အရေးအကြီးဆုံးက သူဒီခေါင်းမာတဲ့ကောင်ကို ဘယ်လိုမှကူညီလို့မရဘူးဆိုတာကို သူတွေ့ရှိသွားတာပဲ။
သူမြင်လိုက်တာက ဘယ်လောက်ပိုက်ဆံပေးပေး၊ သူ့ကိုထမင်းကျွေးလို့မရဘူး၊ ထမင်းကျွေးမယ်ပြောတိုင်း သူက ပိုက်ဆံလိုချင်တယ်။
ဒါ... အဖြေမရှိဘူး။
ယွီဟွေးဖေးက ချွေ့ကျွယ်နဲ့တွေ့တော့ အဖြစ်အပျက်ကို ပြောပြလိုက်တယ်။ ချွေ့ကျွယ်က စဉ်းစားပြီးမှ “ဒါမှမဟုတ်... သူ့ကို တိုက်ရိုက်ပဲ ဆန်ပြုတ်တစ်ပန်းကန် သွားပို့ပေးလိုက်မလား”
“ကောင်းပြီ၊ ခင်ဗျားသွားစမ်းကြည့်လိုက်”
ချွေ့ကျွယ်က ဆန်ပြုတ်တစ်ပန်းကန်ခပ်ပြီး သွားပို့လိုက်တယ်။ ရလဒ်ကတော့ “ကျွန်တော်ထမင်းမလိုချင်ဘူး၊ ပိုက်ဆံအဖြစ်ပြောင်းလို့ရမလား”
ယွီဟွေးဖေး ဒေါသထွက်ပြီး မျက်လုံးတွေ ပြာဝေသွား၏။ ချွေ့ကျွယ်က အခန်းထဲမှာ တစ်ခုခုပြောလိုက်ပုံရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပန်းကန်ကိုင်၍ ထွက်လာရင်း ယွီဟွေးဖေးကို ခါးသက်စွာပြုံးပြလေ၏။
“ဒီလူ... တကယ်ခေါင်းမာတာပဲ။ ရှန်းကုန်းပေါင်က သူ့ကိုသုံးပြီး မင်းနဲ့လောင်းတာ မဆန်းပါဘူး။ ဒီလူသာ ဘာမှမထူးရင် နောက်သုံးရက်လောက်ဆို ငါတို့ဆီမှာ ဗိုက်ဆာပြီး သေသွားတော့မယ်”
“ပြဿနာရှာသူကပဲ ဖြေရှင်းရမှာပဲ၊ သူဘာလို့ဒီလိုလုပ်ရလဲဆိုတာကို အရင်သိမှဖြစ်မယ်”
ယွီဟွေးဖေး မျက်မှောင်ကြုတ်ပြီးပြောလိုက်တော့ ချွေ့ကျွယ်က ခေါင်းညိတ်ပြသည်။ သူက မေးစေ့ကိုပွတ်ပြီး “အကြံရပြီ၊ ညကျရင် သူ့ကိုခေါ်ပြီး အရက်သောက်မယ်”
“အရက်သောက်မလို့လား။ သူက ပိုက်ဆံအဖြစ်ပြောင်းခိုင်းမှာစိုးရတယ်” လို့ ချွေ့ကျွယ်က ပြောရာ ယွီဟွေးဖေး လျှို့ဝှက်ဟန်ဖြင့် ပြုံးလိုက်လေသည်။
“ပိုက်ဆံအဖြစ်ပြောင်းမလို့လား။ အရက်ကို သောက်ပြီးမှပြော”
ဒီစကားကြားတော့ ချွေ့ကျွယ်ရဲ့ မျက်လုံးတွေ အရောင်လင်းလက်သွား၏။
ညရောက်တော့ ယွီဟွေးဖေးက မြောင်းဖေ့ရဲ့ တံခါးကို ထပ်ခေါက်လိုက်သည်။ မြောင်းဖေ တံခါးဖွင့်တော့ မျက်နှာက ပိုပြီးပင်ပန်းနွမ်းနယ်နေ၏။
“ကိစ္စရှိသေးလို့လား သူဌေးယွီ”
“ပိုက်ဆံရှာချင်လား”
ယွီဟွေးဖေးးစကားကြောင့် မြောင်းဖေ့ရဲ့ မျက်လုံးတွေ ချက်ချင်းအရောင်လင်းလက်သွားသည်။
“ငါတို့ညစာစားပြီး အရက်သောက်ကြမယ်။ မင်းအရက်တစ်ခွက်သောက်ရင် ငါမင်းကို ဆယ်ယွမ်ပေးမယ်၊ ဆန်ပြုတ်တစ်ပန်းကန်သောက်ရင် ယွမ်နှစ်ဆယ်။ အတူတူသွားမလား”
မြောင်းဖေ ချက်ချင်းပဲ “ကောင်းပြီ”
ယွီဟွေးဖေးက မြောင်းဖေ့ကို ခေါ်ထုတ်လာပြီး ထိုင်ချလိုက်တော့ မြောင်းဖေက စားပွဲပေါ်က ဆန်ပြုတ်ပန်းကန်ကိုကြည့်ပြီး ချက်ချင်းမော့သောက်လိုက်တာ သုံးလုပ်နှစ်လုပ်နဲ့ ကုန်သွား၏။ ယွီဟွေးဖေးကလည်း ချက်ချင်းဘဲ ဆယ်ယွမ်နှစ်ရွက်ကို ပစ်ပေးလိုက်သည်။ အဲ့ဒီအခိုက်အတန့်မှာ သူ့ကိုယ်သူ လူယုတ်မာရွာသူဌေးကြီး၊ မြေရှင်ကြီးတစ်ယောက်လို ခံစားလိုက်ရ၏။
ဒါပေမဲ့ ပစ်ပေးလိုက်တဲ့ ပိုက်ဆံရဲ့ တန်ဖိုးကတော့ မျက်နှာပူစရာပဲ။
“စည်းကမ်းက ဆန်ပြုတ်တစ်ပန်းကန်၊ အရက်တစ်ခွက်”
မြောင်းဖေက မဆိုင်းမတွပဲ အရက်ကိုယူပြီး တစ်ကြိုက်တည်း မော့ချလိုက်တော့ ယွီဟွေးဖေးက ဆယ်ယွမ်တစ်ရွက်ထပ်ပစ်ပေးလိုက်သည်။
ဆန်ပြုတ်ဆက်သောက်နေချိန် ဘေးက သရဲဖြူက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေးပြော၏။
“ဒီကောင်က ငွေမက်တာလား၊ ဒါမှမဟုတ် ဗိုက်ဆာလို့ ရူးနေတာလား”
ယွီဟွေးဖေးက ခေါင်းခါပြီး ပိုက်ဆံဆက်ပေးသလို မြောင်းဖေကလည်း အရက်တစ်ခွက်ထပ်သောက်သည်။ ဆန်ပြုတ်သုံးပန်းကန်၊ အရက်ခွက်ကြီးသုံးခွက် ဗိုက်ထဲရောက်သွားပြီးနောက် မြောင်းဖေ့ရဲ့ မျက်နှာက နောက်ဆုံးတော့ နီမြန်းလာပြီး ဝေါ့ခနဲ အန်ချလိုက်၏။
ရက်ပေါင်းများစွာ ဗိုက်ဆာနေတာ၊ ဘယ်သူမဆို ဒီလိုမျိုး ပြင်းပြင်းထန်ထန်အရက်သောက်တာကို ခံနိုင်မှာမဟုတ်ဘူးလေ။ ဒါပေမဲ့ အန်ပြီးသွားတော့ လူက ပိုလန်းဆန်းသွားပြီး မျက်လုံးတွေက မူးဝေဝေဖြစ်နေတယ်။
ယွီဟွေးဖေးက ထိုင်ချပြီး သူ့အနားကပ်သွားကာ “ညီအစ်ကို၊ အိမ်မှာ ကိစ္စရှိနေတယ်မလား”
မြောင်းဖေက ခေါင်းညိတ်ရင်း “အင်း...”
ပြီးတော့ မြောင်းဖေက ရုတ်တရက် စားပွဲပေါ်က အရက်ခွက်ကိုယူပြီး သောက်တော့၏။ ဒါနဲ့အားမရဘဲ အရက်ပုလင်းကိုလုပြီး ဂလုဂလု မော့ချတော့သည်။ နည်းနည်းသောက်ပြီးတာနဲ့ လှည့်ပြီး ဝေါ့ဝေါ့နဲ့ ထပ်အန်ပြန်၏။
ယွီဟွေးဖေးက ကြိုတင်ပြင်ဆင်ထားပြီးသား။ အမှိုက်ပုံးကို ချက်ချင်းတွန်းပေးလိုက်ရင်း “ဒီထဲကိုအန်၊ အပြင်ပေရင် ဒဏ်ရိုက်မှာ”
ဒီစကားကိုကြားတော့ မြောင်းဖေက အန်တဲ့အခါမှာ ပိုသတိထားသွားတယ်။ သူအန်ပြီးသွားတော့ မေးခွန်းမမေးရသေးခင်မှာပဲ မြောင်းဖေက မြေပေါ်မှာ ပျော့ခွေပြီး အိပ်ပျော်သွားပြီမို့ ယွီဟွေးဖေး စကားမပြောနိုင်ဖြစ်သွားရော။
ဘေးက သရဲဖြူက “ဒါကို မြွေပါလည်းဆုံး၊ သားလည်းဆုံးတယ်လို့ ခေါ်မလား”
သရဲနက်က “တော်ပြီ... မင်းအစီအစဉ်က ရေစုန်မျောသွားပြန်ပြီ”
ယွီဟွေးဖေးလည်း ခေါင်းကိုက်သွားပြီး မြောင်းဖေ့ကို အခန်းထဲပြန်ပွေ့ပို့ရင်း တံခါးပိတ်ဖို့လုပ်ချိန် မြောင်းဖေ့ရဲ့ ဖုန်းက မြေပေါ်ကျနေတာကို တွေ့လိုက်၏။ သူကောက်ယူကြည့်လိုက်တော့ ဖုန်းက ပိတ်ထားသည်။
ယွီဟွေးဖေးလည်း ဘယ်ကသွေးသားဆန္ဒပေါက်သွားလဲမသိဘူး၊ ပါဝါခလုတ်ကို နှိပ်လိုက်၏။ ရလဒ်က ဖုန်းပွင့်တာနဲ့ တုန်ခါလာပြီး ဖုန်းမြည်သံက နူးညံ့တယ်၊ သီချင်းဟောင်းတစ်ပုဒ်ပဲ။
“လူတိုင်းက အချစ်မေတ္တာနည်းနည်းစီပေးရင် ဒီကမ္ဘာကြီးက သာယာလှပတဲ့ လူ့ဘုံဖြစ်လာမှာပါ”
အဲ့ဒီအချိန်မှာပဲ မြောင်းဖေက သရဲတစ္ဆေက အကြွေးလာတောင်းသလို ရုတ်တရက်ထထိုင်ပြီး ဖုန်းကိုလုကာ ပိတ်ဖို့လုပ်တော့သည်။ ဒါပေမဲ့ နောက်တော့ သူတွေဝေသွားပြီး ဖုန်းကိုင်လိုက်၏။
ဖုန်းအသံက အရမ်းကျယ်သား။
အရင်က ယွီဟွေးဖေးနဲ့ မြောင်းဖေ စကားပြောတုန်းကတည်းက သတိထားမိတယ်။ မြောင်းဖေ့ရဲ့ နားက ပြဿနာရှိပုံရတာမို့ အသံတိုးရင် မကြားရဘူး။
“မြောင်းဖေ... မင်းဘယ်မှာလဲ” ဖုန်းထဲက စိတ်မရှည်တဲ့အသံတစ်ခုထွက်လာ၏။
“ကျွန်တော် အပြင်မှာပါ။ ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဟုတ်လား။ ဒီနေ့ ဘယ်နှရက်ရှိပြီလဲ။ ပိုက်ဆံကရော”
မြောင်းဖေ မျက်မှောင်ကြုတ်ပြီး ညင်သာစွာနဲ့ “တောင်းပန်ပါတယ်။ ကျွန်တော် မကြာသေးခင်က နေမကောင်းဘူးဗျာ။ တောင့်မခံနိုင်တော့ အပြင်ထွက်ပြီး ဖျော်ဖြေပွဲလုပ်ပြီး ပိုက်ဆံရှာလို့မရတော့ဘူး...”
“မင်းဖျော်ဖြေပွဲလုပ်ပြီး ပိုက်ဆံရှာနိုင်လား မရှာနိုင်လား ငါဂရုမစိုက်ဘူး။ အရင်က မင်းပဲ ငါ့ကလေးကို ကျောင်းတက်ဖို့ ကူညီမယ်လို့ အော်ဟစ်ခဲ့တာ၊ ရလဒ်က ကလေးကျောင်းတက်တော့ မင်းပိုက်ဆံမပေးဘူး... မင်း... မင်းက ကတိမတည်တဲ့ လူယုတ်မာပဲ။ ငါမင်းကိုပြောမယ် မင်းဘယ်နည်းလမ်းသုံးသုံး အမြန်ဆုံးပိုက်ဆံယူလာခဲ့။ မဟုတ်ရင် ငါမင်းနဲ့ တွေ့ကြသေးတာပေါ့” လို့ အမျိုးသမီးက အော်ဟစ်ပြီး ဖုန်းချသွား၏။
မြောင်းဖေက ထိုင်နေရင်း မျက်လုံးတွေက အရောင်မဲ့နေသည်။ နောက်တော့ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျဆင်းလာပြီး လက်နှစ်ဖက်နဲ့ ဆံပင်ကိုဆွဲဖွရင်း ငိုတော့၏။ ပိုက်ဆံမရှိတဲ့အချိန်မှာ ထမင်းကိုတောင် ပိုက်ဆံအဖြစ်ပြောင်းချင်တဲ့ ယောက်ျားတစ်ယောက်က ဒီအချိန်မှာ ငိုနေတယ်လား။
ရှိုက်ကြီးတငင်ငိုနေပြီး အသံက ပိုကျယ်လာ၏။ နောက်ဆုံးမှာတော့ ခေါင်းကိုပိုက်ပြီး ဟစ်အော်ငိုတော့သည်။
“သုတ်လိုက်ပါ”ယွီဟွေးဖေး ဒါကိုမြင်တော့ သက်ပြင်းချပြီး တစ်ရှူးတစ်ရွက်ပေးလိုက်၏။
မြောင်းဖေက တစ်ရှူးကိုယူပြီး နှာရည်ကိုသုတ်လိုက်ပြီးတော့ လှုပ်ရှားမှုမရှိတော့ဘူး။
“ပြောပြလို့ရမလား။ ခုနက ဘာဖြစ်တာလဲ။ မင်းတခြားသူကို အကြွေးတင်နေတာလား”
မြောင်းဖေက ခေါင်းခါရင်း “မဟုတ်ဘူး... ကျွန်တော်ဒီတစ်သက်မှာ ဘယ်သူ့ကိုမှ အကြွေးမတင်ဖူးဘူး”
“သူဌေးယွီ... ခင်ဗျားက လူကောင်းတစ်ယောက်မှန်း ကျွန်တော်သိပါတယ်။ ခင်ဗျားလက်ထဲမှာလည်း ပိုက်ဆံသိပ်မရှိဘူးဆိုတာ ကျွန်တော်သိတယ်။ ဒီကိစ္စကို ခင်ဗျားမကူညီနိုင်ပါဘူး... ကျွန်တော်မနက်ဖြန် ထွက်သွားဖို့ စဉ်းစားထားတယ်။ မနှောင့်ယှက်တော့ပါဘူး...”
ယွီဟွေးဖေး မျက်မှောင်ကြုတ်ပြီး “မင်းဘာကိစ္စလဲလို့ မပြောဘဲနဲ့ ငါမကူညီနိုင်ဘူးဆိုတာ ဘယ်လိုသိလဲ”
မြောင်းဖေ စကားပြောဖို့လုပ်တုန်း ဖုန်းထပ်မြည်လာ၏။ ဒီတစ်ခါတော့ ယောက်ျားတစ်ယောက်ခေါ်တာ။
“မြောင်းဖေ... ဒီနေ့ ဘယ်နှရက်ရှိပြီလဲ။ ပိုက်ဆံကရော... ကလေးကျောင်းတက်ရတော့မယ်လေ။ ကျောင်းလခလိုနေပြီ။ အရင်က ကလေးကျောင်းတက်စရာမလိုဘူးလို့ ငါပြောသားပဲ။ မင်းပဲ ကျောင်းတက်ရမယ်၊ မင်းပိုက်ဆံပေးမယ်၊ မင်းထောက်ပံ့မယ်လို့ ပြောခဲ့တာလေ။ အခုမှ ကျောင်းတက်တာ ဘယ်နှနှစ်ရှိသေးလို့လဲ၊ မင်းပိုက်ဆံမပေးတော့ဘူးလား”
မြောင်းဖေက စကားမပြောဘဲ တိတ်ဆိတ်နေ၏။ တစ်ဖက်က ဆဲဆိုပြီး မောသွားမှ မြောင်းဖေက “ကျွန်တော်ပိုက်ဆံရှာဖို့ ကြိုးစားနေပါတယ်၊ ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ”
“ငါမင်းကို အချိန်တစ်ဝက်လောက်ပေးထားပြီးပြီ၊ မင်းက အချိန်ထပ်လိုချင်သေးတယ်။ ငါမင်းကိုပြောမယ်၊ လကုန်လို့ ပိုက်ဆံမတွေ့ရင် ငါမင်းကို လာရှာမယ်”
ဖုန်းချသွားတော့ မြောင်းဖေ ပိုပြီးနာကျင်သွား၏။ ပြီးတော့ မကြာဘူး ဖုန်းတစ်လုံးထပ်ဝင်လာသည်။
“မြောင်းဖေ... လပေါင်းများစွာကြာနေပြီ။ မင်းတကယ် ပိုက်ဆံပေးမှာလား၊ မပေးဘူးလား။ အရင်က မင်းငါ့ကလေးကို တက္ကသိုလ်ပြီးတဲ့အထိ ထောက်ပံ့မယ်လို့ ကတိပေးခဲ့တာနော်။ အခုမှ အလယ်တန်းပဲရှိသေးတယ် မင်းပိုက်ဆံမပေးတော့ဘူး။ မင်းဘာသဘောလဲ... ငါတို့က မင်းသူ့ကို ဒီတောင်တန်းကြီးကနေ ထွက်သွားနိုင်အောင် ပို့ပေးလိမ့်မယ်လို့ မျှော်လင့်နေတာ? ဒါငါတို့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းသိရဲ့လား။ ကိုယ့်မှာ အစွမ်းမရှိရင် သူများအနာဂတ်ကို မဖျက်ဆီးနဲ့”
ဒီအထိကြားတော့ ယွီဟွေးဖေး အကုန်နားလည်သွားပြီ၊ ဖုန်းကိုလုပြီး ဖုန်းထဲကို “မင်းလိုလူမျိုးက တောင်တန်းထဲမှာပဲနေ၊ အပြင်ထွက်ပြီး လူတွေကို ဒုက္ခမပေးနဲ့”
ပြီးတော့ ယွီဟွေးဖေး ဖုန်းချလိုက်ပေမယ့် ဖုန်းက ထပ်မြည်လာပြန်၏။
“လူတိုင်းက အချစ်မေတ္တာနည်းနည်းစီပေးရင် ဒီကမ္ဘာကြီးက သာယာလှပတဲ့ လူ့ဘုံဖြစ်လာမှာပါ...”
ယွီဟွေးဖေး ပထမဆုံးအကြိမ်အဖြစ် ဒီသီချင်းက အရမ်းနားခါးတယ်လို့ ခံစားလိုက်ရပြီး ဖုန်းချဖို့လုပ်သည်။
“မလုပ်ပါနဲ့... ဖုန်းဆက်လာတယ်ဆိုကတည်းက တစ်ဖက်က အရမ်းအရေးကြီးနေလို့ပဲ။ ဖုန်းဖွင့်ထားမှတော့ ကိုင်ရမှာပေါ့...”
မြောင်းဖေက ဖုန်းကိုင်ပြီး စကားမပြောရသေးခင်မှာပဲ တစ်ဖက်က အဖွားကြီးတစ်ယောက်က “မြောင်းဖေလား၊ ဘာလုပ်နေလဲ။ ပိုက်ဆံဘာလို့မလွှဲသေးတာလဲ”
“တောင်းပန်ပါတယ်၊ ကျွန်တော် နေမကောင်းဖြစ်နေလို့ ပိုက်ဆံရှာနိုင်စွမ်းမရှိတော့လို့ပါ။ နေကောင်းသွားရင် ချက်ချင်းပိုက်ဆံလွှဲပေးပါ့မယ်”
“ဪ... မင်းနေမကောင်းဘူးလား။ ဘာရောဂါဖြစ်တာလဲ”
“အစာအိမ်ကင်ဆာပါ” မြောင်းဖေ့ရဲ့ မျက်နှာမှာ ခါးသက်မှုတွေ ပြည့်နေ၏။
“ဪ... ဒါဆို မြန်မြန်နေကောင်းအောင်လုပ်ပြီး ပိုက်ဆံသွားရှာလေ။ ငါ့မြေးက မင်းပိုက်ဆံပေးမှ ကျောင်းတက်ရမှာ။ ကျောင်းလွယ်အိတ်လည်း စုတ်နေပြီ အသစ်တစ်ခုလဲမလို့။ ပြီးတော့ ကလေးက အသားစားချင်တယ်တဲ့...@#¥@”
မြောင်းဖေ အဲ့ဒီအချိန်မှာ မျက်ရည်တွေ ထပ်ကျလာပြန်တယ်။ ယွီဟွေးဖေးသိတယ်။ ဒါက ဝမ်းနည်းမှုရဲ့ မျက်ရည်ပဲ။ သူ့ရဲ့ စိတ်နှလုံးကို သူကူညီခဲ့တဲ့လူတွေက ဓားနဲ့တစ်ချက်ပြီးတစ်ချက် ထိုးနေတာ၊ သူနာကျင်တယ်၊ ဒါပေမဲ့ ဘယ်မှာမှ ထုတ်ဖော်ပြောလို့မရဘူး၊ မျက်ရည်အဖြစ်သာ ငိုကြွေးနိုင်တယ်။
ဖုန်းချလိုက်ချိန် ယွီဟွေးဖေးက ချက်ချင်းလုပြီး ဖုန်းပိတ်လိုက်သည်။ ယွီဟွေးဖေး အခုမျက်စိရှေ့က ဒီလူက ဘယ်လိုလူမျိုးလဲဆိုတာကို အခြေခံအားဖြင့် နားလည်သွားပြီ။
“အခုပြောပြလို့ရပြီလား”
“ကျွန်တော်... အနုပညာဝါသနာအိုးလေးတစ်ယောက်ပါ၊ အရင်က သီချင်းနည်းနည်းဆိုပြီး ပိုက်ဆံနည်းနည်းရှာခဲ့တယ်။ တစ်ခါက တောင်ပေါ်ဒေသကို သွားကူညီတုန်းက ကလေးတော်တော်များများ ဆောင်းတွင်းကြီးမှာ အင်္ကျီပါးလေးတစ်ထည်ပဲ ဝတ်နိုင်တာကို တွေ့ခဲ့တယ်။ သူတို့ တောင်တန်းကြီးထဲကနေ ဘယ်တော့မှမထွက်ဖူးဘူး... သူတို့ရဲ့ မျက်လုံးတွေက အရမ်းတောက်ပတယ်၊ အရမ်းချစ်စရာကောင်းတယ်၊ အပြုံးတွေလည်း အရမ်းချိုတယ်”
“ကျွန်တော်အဲ့ဒီတုန်းက ထင်ခဲ့တာက ဒီကောင်းကင်တမန်လေးတွေဟာ ဒီတောင်တန်းကြီးထဲမှာ ဒုက္ခခံပြီး ပိတ်မိနေသင့်တဲ့သူတွေမဟုတ်ဘူးလို့ပေါ့လေ။ ဒါကြောင့် ကျွန်တော်သူတို့ကို ဒီတောင်တန်းကြီးထဲကနေ ထွက်သွားနိုင်အောင် ကူညီမယ်လို့ ပြောခဲ့တာပေါ့။ ကျွန်တော်လည်း ဆင်းရဲသားမိသားစုကနေ လာတဲ့ကလေးတစ်ယောက်ပဲဆိုတော့ ကျွန်တော်သိတယ်လေ။ ဆင်းရဲသားမိသားစုက ကလေးတွေအတွက် တစ်ခုတည်းသော ထွက်ပေါက်ဟာ စာဖတ်တာပဲ”
“ဒါကြောင့် ကျွန်တော်သူတို့ရဲ့ ကျောင်းလခနဲ့ နေထိုင်စရိတ်တစ်စိတ်တစ်ပိုင်းကို တာဝန်ယူခဲ့တယ်။ ကျွန်တော့်ရဲ့ အစွမ်းနဲ့ သူတို့ကို ထွက်သွားနိုင်အောင် ကူညီချင်ခဲ့တာပါ။ ဆယ်နှစ်ကျော်သွားပြီ... အရင်က ကျွန်တော်ကူညီခဲ့တဲ့ ကလေးတွေ တော်တော်များများက တောင်တန်းကြီးထဲကနေ အောင်မြင်စွာထွက်သွားနိုင်ခဲ့ကြပြီး အောင်မြင်ကျော်ကြားသွားတဲ့သူတွေလည်း မနည်းဘူး”
ဒီအထိပြောတော့ မြောင်းဖေ့ရဲ့ မျက်လုံးတွေထဲမှာ ကျေနပ်မှုနဲ့ ဂုဏ်ယူမှုတွေ ရှိနေတယ်။
ယွီဟွေးဖေး မျက်မှောင်ကြုတ်ပြီး “ဒါဆို ဒါတွေက”
“ဒါတွေက ကျွန်တော်နောက်မှ ထပ်ထောက်ပံ့ခဲ့တဲ့ ကလေးတွေ၊ အစကတော့ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော်ကြိုးစားပြီး သီချင်းဆိုတယ်၊ ပရဟိတဖျော်ဖြေပွဲလုပ်တယ်၊ ပိုက်ဆံရှာတယ်။ သူတို့ကျောင်းတက်ဖို့ စရိတ်ကို ထောက်ပံ့နိုင်သေးတယ်... ဒါပေမဲ့ မကြာသေးခင်က ကျွန်တော့်မှာ ကင်ဆာဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်။ ကျွန်တော်အခု ဘာမှစားမရဘူး၊ ဘာစားစားအန်တယ်။ ပြီးတော့ နာကျင်လာရင် သီချင်းလုံးဝမဆိုနိုင်ဘူး။ ကျွန်တော်သီချင်းမဆိုနိုင်ရင် ပိုက်ဆံမရှိဘူး... ကျွန်တော်ပိုက်ဆံမရှိရင် သူတို့လည်း ပိုက်ဆံမရှိဘူး။ သူတို့က စိုးရိမ်နေလောက်ပြီ၊ ဘာလို့လဲဆိုတော့ သူတို့ပိုက်ဆံမရှိရင် ကျောင်းဆက်တက်လို့မရတော့ဘူးလေ”
ဒီအထိကြားတော့ ယွီဟွေးဖေးရဲ့ နဖူးမှာ သွေးကြောတွေ ထောင်ထလာပြီး “ခင်ဗျား ရူးနေတာလား။ သူတို့ပိုက်ဆံမရှိရင် ကျောင်းမတက်နိုင်တော့ရုံပဲလေ။ ခင်ဗျားပိုက်ဆံမရှိရင် သေသွားလိမ့်မယ်။ ဒီလောက်နှစ်တွေ ဖျော်ဖြေပွဲလုပ်လာတာ ခင်ဗျားပိုက်ဆံနည်းနည်းလေးမှ မစုထားဘူးလား”
မြောင်းဖေက ခေါင်းခါရင်း “အရင်က နည်းနည်းစုထားတယ်။ ကျွန်တော့်မိန်းမကို မော်တော်ဆိုင်ကယ် ကောင်းကောင်းတစ်စီးလဲပေးမလို့။ ပြီးတော့ ကျွန်တော့်သမီးအတွက် အိမ်ထောင်ပရိဘောဂတွေ ပြင်ဆင်ထားတာ။ ဒါပေမဲ့... ဒီရောဂါက ရုတ်တရက်ကြီးရောက်လာတော့ အကုန်လုံး အဲ့ထဲထည့်လိုက်ရတယ်”
“ဒါဆို အခုဘယ်လိုလုပ်မလဲ”
“ကျွန်တော်မသိဘူး”
“ငါထင်တာတော့ ခင်ဗျား ထောက်ပံ့တာကို ရပ်ပြီး ကောင်းကောင်းဆေးကုသင့်တယ်။ မဟုတ်ရင် ခင်ဗျားတကယ်ပဲ သေသွားလိမ့်မယ်”
“ဘယ်လိုရပ်ရမှာလဲ” ဒီအထိပြောတော့ မြောင်းဖေ ပိုပြီးနာကျင်သွားပြီး ဆံပင်ကိုဆွဲဖွရင်း “ကျွန်တော်ရပ်ဖို့ စဉ်းစားခဲ့တယ်၊ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာလဲ” လို့ ယွီဟွေးဖေးက မေး၏။
မြောင်းဖေက ခေါင်းခါပြီး မျက်လုံးတွေက မျှော်လင့်ချက်မဲ့မှုနဲ့ မတတ်သာတဲ့အခြေအနေကို ပြနေပေမဲ့ ဘာမှဆက်မပြောတော့ဘဲ “ကျွန်တော်အိပ်ချင်ပြီ”
မြောင်းဖေ့ရဲ့ အခန်းထဲက ထွက်လာတော့ ယွီဟွေးဖေးရဲ့ စိတ်က အတော်ကြာအောင် တည်ငြိမ်မနေနိုင်ဘူး။ မြောင်းဖေက တကယ် လူကောင်းတစ်ယောက်ပဲ။ မဟုတ်ရင် သူက ကိုယ့်မိန်းမကို မော်တော်ဆိုင်ကယ်ကောင်းကောင်းတစ်စီးတောင် မပေးဘဲနဲ့ ကလေးတော်တော်များများကို တောင်တန်းကြီးထဲကနေ ထွက်သွားနိုင်အောင် ကြိုးစားပြီး ထောက်ပံ့နေမှာမဟုတ်ဘူး။ ကလေးတော်တော်များများကို ထောက်ပံ့နိုင်တဲ့သူတစ်ယောက်အနေနဲ့ မြောင်းဖေက သာမန်အနုပညာရှင်လေးတစ်ယောက်မဟုတ်ဘူးဆိုတာကို ပြနေတယ်...
ဒီလိုအနုပညာရှင်တစ်ယောက်က ရှာတဲ့ပိုက်ဆံက ကိုယ့်မိန်းမကို မော်တော်ဆိုင်ကယ်တစ်စီးတောင် လဲမပေးနိုင်ဘူး။ ဒါက သူတကယ်ပဲ ပိုက်ဆံအားလုံးကို ထုတ်ပေးလိုက်တယ်ဆိုတာကို ပြနေတယ်။
ရလဒ်ကရော...
ရလဒ်က သူစိတ်ရင်းနဲ့ ဆက်ဆံခဲ့တဲ့လူတွေက သူ့ရဲ့ ရှင်ခြင်းသေခြင်းကို လုံးဝဂရုမစိုက်ဘဲ သူဘယ်အချိန်ပိုက်ဆံလွှဲမလဲဆိုတာကိုပဲ စိတ်ဝင်စားကြတယ်။ ဒီအထိစဉ်းစားမိတော့ ယွီဟွေးဖေးရဲ့ စိတ်နှလုံးက အေးစက်သွား၏။
ဒီတစ်ခါတော့ သူတကယ် နားလည်သွားပြီ။ ရှန်းကုန်းပေါင်က ဘာလို့ ဒီလောက် ယုံကြည်ချက်အပြည့်နဲ့ မြောင်းဖေ့ကို သူ့ဆီ ပို့လိုက်တာလဲဆိုတာကိုပေါ့။
မြောင်းဖေကြုံတွေ့ခဲ့ရတာက လူ့လောကရဲ့ အမှောင်မိုက်ဆုံးမြင်ကွင်းတစ်ခုပဲ။
သူ့စိတ်နှလုံးကို ထုတ်ပေးခဲ့တယ်၊ သူခန္ဓာကိုယ်တစ်ခုလုံးရဲ့ အားအင်တွေနဲ့ သူများကို ကူညီခဲ့တယ်၊ ရလဒ်က အဲ့ဒါက ကျေးဇူးမသိတတ်တဲ့ ဝံပုလွေတစ်အုပ်ပဲ။
ဒါက မြောင်းဖေမို့လို့၊ စိတ်ထားအရမ်းကောင်းလွန်းလို့၊ တခြားတစ်ယောက်သာဆိုရင်၊ ယွီဟွေးဖေးကိုယ်တိုင်သာဆိုရင်တောင် ဒေါသထွက်ပြီး နတ်ဆိုးဖြစ်သွားလောက်ပြီ။
လူကိုကူညီတဲ့အချိန်မှာ သူများဆီက ပြန်လည်ကျေးဇူးတုံ့ပြန်မှုကို မျှော်လင့်မထားပေမဲ့၊ ဒီလို ပေါ်တင်ကြီး ဓားနဲ့ထိုးတာကို ဘယ်သူက ခံနိုင်မှာလဲ။
ယွီဟွေးဖေးထွက်လာတာကိုမြင်တော့ ချွေ့ကျွယ်တို့အဖွဲ့ ဝိုင်းလာပြီး “ဘယ်လိုအခြေအနေလဲ”