တကယ်ကြီး အဘိုးဖြစ်သွားပြီ
Vol. 14 Ch. 205
ပြီးတော့ အရင်ကညီအစ်ကိုဖွဲ့တာကလည်း ကမူးရှူးထိုးနဲ့၊ ဓားပြသင်္ဘောပေါ် မှားတက်မိသလိုပဲ။ အခုတော့ ဘယ်လိုဖြစ်ပြီး အားလုံးက သူ့အမှားလိုဖြစ်သွားရတာလဲ။ ဒါနဲ့ ဒီကောင်က ခါးကိုမတ်၊ ခေါင်းကိုမော့၊ မျက်နှာပြောင်တိုက်ပြီး ဟဲဟဲရယ်ကာ...
“နှစ်ယောက်သား...”
စုန့်ချင်းနဲ့ မုရှောင်ကျိုရဲ့မျက်လုံးတွေ ချက်ချင်းပဲ အလွန်အမင်းကြောက်စရာကောင်းသွားပြီး လူစားတော့မလိုပဲ၊ အထူးသဖြင့် မုရှောင်ကျို၊ မျက်ရည်တောင်ကျတော့မယ်။
ယွီဟွေးဖေး ပါးစပ်ဖျားရောက်နေတဲ့စကားက နောက်ဆုံးတော့ ပျော့သွားပြီး “တစ်ယောက်ချင်းစီ ခေါ်ကြမလား”
“ဘာတစ်ယောက်ချင်းစီခေါ်ရမှာလဲ။ မျိုးရိုးစဉ်ဆက်က ငါတို့အိမ်မှာ တော်တော်အရေးကြီးတဲ့အရာပဲ။ ဒါက ဘိုးဘေးတွေတစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာ။ တခြားသူတွေ ဘယ်လိုကြည့်ကြည့် ငါဂရုမစိုက်ဘူး။ ငါ့ဆီမှာတော့ သူတို့မင်းကို အဘိုးလို့တစ်ခွန်းခေါ်တာက သဘာဝကျတယ်”
အဘိုးကြီးက တကယ်နည်းနည်းမူးနေပြီထင်ပါ့။ ယွီဟွေးဖေးက သူနည်းနည်း မကျေမနပ်ဖြစ်နေတာမြင်တော့ သူလည်းမတတ်သာတော့ဘူး။ ဒါပေမဲ့ စုန့်ချင်းရဲ့ ဒေါသမျက်လုံးကိုကြည့်ပြီး သူဘာမှမပြောတော့ဘူး။
အဲ့ဒီအချိန်မှာ ချန်အဘွားကြီးထွက်လာပြီး အရက်အိုးကိုကြည့်၊ မျက်နှာနီရဲနေတဲ့ အဘိုးကြီးစုန့်ကိုကြည့်ပြီး မျက်မှန်ကိုပင့်ကာ “တော်လောက်ပြီ... ချင်းလေး၊ သူပြောသမျှဟုတ်တယ်လို့သာ လုပ်လိုက်တော့။ အခုကမ္ဘာကြီးက သူ့အပိုင်ဖြစ်နေပြီ...”
“ဟေး... ကြည့်ပါဦး၊ ကြည့်ကြစမ်းပါဦး။ ငါ့မိန်းမရဲ့ဉာဏ်ရည်က တော်တော်မြင့်တာ”
စုန့်ချင်းက မိုးပေါ်ကိုမော့ကြည့်လိုက်ရာ စုန့်အဘိုးကြီးက “နင့်ကိုဒုတိယအဘိုးလို့ခေါ်ခိုင်းနေတာ၊ ဘာကြည့်နေတာလဲ။ ရှောင်ကျို၊ နင်အလိမ္မာဆုံးပဲ စပြီးခေါင်းဆောင်လိုက်”
မုရှောင်ကျိုက ရေကြည်လဲ့နေတဲ့မျက်လုံးကြီးတွေနဲ့ ယွီဟွေးဖေးကို အသနားခံတဲ့အနေနဲ့ ကြည့်နေလေရဲ့။
စုန့်အဘိုးကြီးက ခြေတစ်ချက်ဆောင့်လိုက်တော့ သူငိုသံပါနဲ့ “အဘိုး...”
ယွီဟွေးဖေးက ဒီကောင်မလေးပုံစံကိုကြည့်ပြီး နည်းနည်းသနားသွားပြီး အလိုလို “အေး... မြန်မြန်ထိုင်လိုက်တော့”
စုန့်အဘိုးကြီးက စုန့်ချင်းကိုကြည့်သည်။ ”ငါတစ်ယောက်ချင်းစီ နာမည်ခေါ်ပြီးတိုက်တွန်းရဦးမှာလား”
စုန့်ချင်းက သွားကိုကြိတ်ပြီး ယွီဟွေးဖေးကိုကြည့်ကာ စကားတစ်လုံးထွက်လာသည်။ ”အဘ...”
“အသံကျယ်ကျယ်ပြောစမ်း”
အဘိုးကြီးကဟောက်ရာ စုန့်ချင်းက သွားကိုတစ်ချက်ကြိတ်ပြီး သွားကြားထဲကနေ စကားနှစ်လုံးညှစ်ထုတ်လိုက်သည်။ ”အဘိုး...”
အဘိုးကြီးက “နင်ကတက္ကသိုလ်ဆရာမ၊ ဘာလို့စကားတောင်မရှင်းတာလဲ။ လျှာကိုဖြောင့်အောင်ထားစမ်း”
စုန့်ချင်းက အသက်ပြင်းပြင်းတစ်ချက်ရှူ၊ ဒေါသကိုထိန်းပြီး နောက်ဆုံးတော့ “အဘိုး”
ယွီဟွေးဖေးကကြားတော့ ဦးနှောက်ထဲမှာ သွေးတွေဆူပွက်လာသလိုပဲ။ ပန်းတစ်ပွင့်လိုလှပပြီး နတ်သမီးလိုလှပတဲ့ အကဆရာမ၊ ကြယ်တွေဝိုင်းနေတဲ့ နတ်သမီးတစ်ပါးက တစ်နေ့မှာ သူ့ကိုအဘိုးလို့ခေါ်လာသည်။ အဲ့ခံစားချက်... စိတ်လှုပ်ရှားစရာကြီးဟ။
ဒါက အဖေလို့ခေါ်တာထက် အများကြီးပိုမိုက်တယ်။
စုန့်ချင်းရဲ့စိတ်မကောင်း၊ ဒေါသထွက်နေတဲ့မျက်လုံးကိုကြည့်ပြီး ယွီဟွေးဖေးက သိပ်မလွန်သင့်ဘူးဆိုတာသိတော့ “တော်လောက်ပြီ အစ်ကိုကြီး။ ဟင်းတွေအေးကုန်ပြီ စားကြစို့”
ဒီစကားကြားတော့ စုန့်ချင်းက ယွီဟွေးဖေးကိုကြည့်တဲ့အကြည့် နည်းနည်းကောင်းလာ၏။ စုန့်အဘိုးကြီးကလည်းခေါင်းညိတ်သည်။
”လာထိုင်... နင့်ဒုတိယ အဘိုးလေးနဲ့ နှစ်ခွက်လောက်သောက်လိုက်”
စုန့်ချင်းဘာပြောနိုင်မှာလဲ။
ယွီဟွေးဖေးက “မိန်းကလေးတွေ အရက်မသောက်တာ ပိုကောင်းမယ်မလား”
စုန့်အဘိုးကြီးကစဉ်းစားကြည့်တော့ ဟုတ်သားပဲ။ ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ မသောက်နဲ့တော့”
စုန့်ချင်းကတော့ ပုံမှန်မဟုတ်ဘဲ ပြုံးပြီး “ငါတို့အိမ်ကစာပေမျိုးရိုး၊ ဒါပေမဲ့ အခုခေတ်ကတော့ ရှုပ်ထွေးတယ်။ အပြင်မှာ အရက်ဝိုင်းတချို့ကို ရှောင်လို့မရဘူး။ တကယ်လို့ အရက်သောက်ရရင် မိန်းကလေးတွေအတွက် အကောင်းဆုံး ကိုယ့်ကိုယ်ကိုကာကွယ်နည်းက မသောက်တာမဟုတ်ဘူး။ သူ့ကိုမူးအောင်တိုက်ပစ်တာ။ ငါ့အရက်သောက်နိုင်စွမ်းကမဆိုးဘူး၊ သုံးလေးပုလင်းလောက်က ပြဿနာမရှိဘူး။ နင်ကရော”
“%$#@...”
ယွီဟွေးဖေးတကယ်အံ့ဩသွားသည်။ သူတွေ့တဲ့မိန်းကလေးတွေဘာလို့ဒီလောက်အရက်သောက်နိုင်ကြတာလဲ။ ခယ်လီသောက်နိုင်သလို ဒီမိန်းမကပိုသောက်နိုင်ပုံရတယ်။ လျိုရှင်းတောင် အရက်ခွက်သေးသေးလေးကိုကိုင်ပြီး နည်းနည်းမြည်းနိုင်သေး။
အခုဘေးက မုရှောင်ကျိုတောင် အရက်ပုလင်းကိုကိုင်ပြီးငှဲ့နေပြီ။ ခေတ်တွေပြောင်းသွားတာလား၊ ဒါမှမဟုတ် သူကခေတ်နောက်ကျကျန်ခဲ့တာလား။
ဒါပေမဲ့နောက်ဆုံးတော့ ယွီဟွေးဖေးက စုန့်ချင်း၊ မုရှောင်ကျိုနဲ့ နှစ်ခွက်လောက်သောက်လိုက်၏။ စုန့်ချင်းက အရက်သောက်ပြီးတော့ လူတွေမကပ်ရဲအောင်၊ အဝေးကပဲကြည့်ရဲအောင် လူကပိုပြီးအေးစက်သွားသလိုပဲ။
မုရှောင်ကျိုကတော့မရဘူး။ အစကတော့ဟန်ဆောင်ပြီး တူနဲ့နည်းနည်းတို့ပြီး လျှာနဲ့လျက်နေတာ။ တော်တော်စပ်ပြီးသောက်ရခက်တဲ့ပုံစံနဲ့ပေါ့။ ဒါပေမဲ့နည်းနည်းလျက်ပြီးတော့ ဒီကောင်မလေးက ပန်းကန်လုံးကိုကိုင်ပြီး ဂလုဂလုနဲ့ သောက်တော့တယ်။ မျက်နှာလေးနီရဲနေပေမယ့် သိပ်မမူးတဲ့ပုံစံနဲ့၊ တစ်ချိန်လုံးလေချဉ်တောင်တက်နေသေး။
ယွီဟွေးဖေးက ဒီကောင်မလေးမျက်လုံးကြီးတွေ လည်နေတာတောင်မြင်ရသား။ ခဏခဏ လူမမြင်အောင် အရက်ခိုးသောက်နေတာ အသိသာကြီး။
ဒီကောင်မလေးက အရက်ဂျိုးလေးပဲ...။ သူ့နာမည်နဲ့တော့လိုက်ဖက်သား။
အဘိုးကြီးစုန့်ကမြင်တော့ ဟဲဟဲရယ်ပြီး “ဒီကောင်မလေးရဲ့ခန္ဓာကိုယ်က ထူးခြားတယ်၊ မွေးရာပါ အရက်ဓာတ်မစုပ်ယူဘူး။ အရက်သောက်တာရေသောက်တာနဲ့တူတယ်လေ...။ မမူးဘူး”
ယွီဟွေးဖေးဘာပြောရမှန်းမသိ။ အရက်လောကရဲ့ဘော့စ်ကြီးက ဒီအသေးဆုံးကောင်မလေးပဲ။ အဘိုးကြီးစုန့်က တော်တော်ပျော်နေပြီး ယွီဟွေးဖေးကိုတစ်ချိန်လုံးပြော၊ တစ်ချိန်လုံးသောက်ခိုင်းတော့ မသိလိုက်မသိဘာသာနဲ့ နည်းနည်းမူးလာလေပြီ။
ကံကောင်းစွာနဲ့ ယွီဟွေးဖေးက အိမ်ပြန်ရမယ့်ကိစ္စကိုသတိရသေး၏။ အချိန်စေ့တော့ ထရပ်ပြီး “အဲ့ဒါ... အစ်ကိုကြီး၊ မြေး... ကျွန်တော်သွားရတော့မယ်... အချိန်တော်တော်နောက်ကျနေပြီ”
ယွီဟွေးဖေးက မြေးမလေးဆိုတဲ့ စကားလုံးနှစ်လုံးကို နောက်ဆုံးတော့ ဝါးမြိုပြီးကျော်လိုက်၏။ စုန့်ချင်းက သူ့ကိုကြည့်တဲ့အကြည့်လည်း ပိုပြီးဖော်ရွေလာသည်။
“မလောပါနဲ့ဦး၊ ခဏလေး... ကျန်သေးတယ်။ ငါ့ရဲ့ရတနာလေးကို ကြည့်ချင်တယ် မဟုတ်လား။ ငါမင်းကိုပြပြီးမှသွား၊ ဘယ်လိုလဲ”
ယွီဟွေးဖေးကခေါင်းညိတ်ရာ အဘိုးကြီးစုန့်က စုန့်ချင်းကိုညွှန်ပြပြီး “ဒါ ငါနှစ်ဆယ်ကျော်သိမ်းထားတဲ့ ရတနာပဲ။ အရင်က သူ့အဖေကိုသိမ်းထားတာလေ။ ဝမ်းနည်းစရာကတော့ အဲ့ပထမမျိုးဆက်ရတနာက ပျက်စီးသွားပြီ။ ကံကောင်းစွာနဲ့ ဒီဒုတိယမျိုးဆက်က ငါ့ကိုစိတ်မပျက်စေဘူး၊ ဒါပေမဲ့ စိတ်ကသိပ်အေးစက်တော့ အိမ်ထောင်ပြုဖို့ခက်တယ်”
ယွီဟွေးဖေးက “ခင်ဗျားပြောတာ ခင်ဗျားမြေးမလေးလား”
အဘိုးကြီးစုန့်ကမကျေနပ်တော့ဘူး။ “ဘာငါ့မြေးမလေးလဲ။ မင့်မြေးမလေးလည်း မဟုတ်ဘူးလား”
ယွီဟွေးဖေးဘာပြောနိုင်မှာလဲ။ ခြောက်ကပ်ကပ်ရယ်ပြီး “ဟုတ်တယ်ဟုတ်တယ်... ဒါ... ဒါကညအခါလင်းတဲ့ ညလင်းပုလဲလား”
စုန့်အဘိုးကြီးက ရင်ဘတ်ကိုပုတ်ပြီး “ဒါပေါ့... လက်ဝါးပေါ်က ပုလဲပဲ”
စုန့်ချင်းက “အဘိုး မနောက်ပါနဲ့တော့”
”မနောက်ပါဘူး...” ယွီဟွေးဖေးကလည်း အလိုလိုပြန်ဖြေသည်။ ပြီးတော့ လူသတ်ချင်တဲ့ အငွေ့အသက်တစ်ခုရောက်လာတာခံစားလိုက်ရ၏။ သူခန့်မှန်းတာက ဒီကောင်မလေးဟာ သူ့အရင်းအချာအဘိုးသာ ဒီမှာမရှိရင် ထသတ်တော့မှာပဲ။ သူဒီကောင်မလေးလက်တွေ ထွက်လာတာမြင်တယ်။ ပခုံးပေါ်ကနေလွှဲပစ်တော့မယ့်ပုံစံနဲ့ပေါ့။
“ဟုတ်တယ်... နင်မနောက်နဲ့။ ငါတို့လည်း မနောက်ပါဘူး...” ပြောပြီး အဘိုးကြီးစုန့်က တိုးကပ်လာရင်း “ဒီကောင်မလေးက နှစ်ဆယ့်သုံးနှစ်ရှိပြီ ရည်းစားတစ်ယောက်မှမရှိဘူး။ စိတ်ပျက်စရာမကောင်းဘူးလား။ အရင်က သူတကယ်မရှာချင်ဘူးလေ၊ လူက သီလရှင်လိုအေးစက်နေတာ။ ဒါပေမဲ့ လတ်တလော ဒီနှစ်ရက်မှာ သူနည်းနည်းမတူတော့တာ ငါတွေ့တယ်။ သူသိပ်မအေးစက်တော့ဘူး။ ငါခန့်မှန်းတာက ဒါရည်းစားရှာချင်နေတာပဲ။ ဒါကြောင့် ဒီရတနာလေးလှုပ်ရှားလာပြီလို့ ငါပြောတာပေါ့ဟ”
ယွီဟွေးဖေးဘာပြောရမှန်းမသိဖြစ်သွားသည်။ ဒီလိုကိုး...
“သားသမီးအကြောင်း အဖေအသိဆုံး၊ မြေးမလေးအကြောင်းသိတာက ငါဒီအဘိုးပဲ။ ဒီကောင်မလေးစိတ်ထဲမှာ နည်းနည်းလှုပ်ခတ်သွားပြီ။ မဟုတ်ရင် ပုံမှန်မဟုတ်တဲ့အပြုအမူတွေ မပြဘူး။ မင်းပြောသလိုပဲ ဒီအချိန်မှာ တက်ကြွစွာတိုက်ခိုက်ပြီး အသာစီးရယူရမယ်။ ဒါကြောင့် မနေ့က ငါ့သူငယ်ချင်းတစ်ယောက်ကိုရှာခဲ့တယ်လေ။ သူတို့အိမ်က သားကစစ်တပ်ကနေ ပြန်လာတာမကြာသေးဘူး။ ငါကြည့်ပြီးပြီ တော်တော်ကောင်းတဲ့ကောင်လေးပဲ။ ငါသူတို့ကိုစေ့စပ်ပေးမလို့လေ။ ဒီရတနာလေး လက်ထဲမှာမကျန်ခဲ့အောင် ကြိုးစားရမယ်”
ဒီစကားထွက်လာတော့ ယွီဟွေးဖေးကတော့ ဘာမှမခံစားရဘူး။ မိန်းကလေးအရွယ်ရောက်ရင် အိမ်ထောင်ပြုရမှာပဲ၊ ရည်းစားထားတာပုံမှန်ပဲ။
ဒါပေမဲ့စုန့်ချင်းကမျက်မှောင်ကြုတ်ပြီး “အဘိုး ကျွန်မကိုဒီကိစ္စမပြောဖူးဘူးနော်။ ပြီးတော့ ကျွန်မဘယ်လိုများ စိတ်လှုပ်ရှားသွားလို့လဲ။ လျှောက်ပြောနေတာလား”
မုရှောင်ကျိုက စုန့်ချင်းကိုကြည့်၊ ယွီဟွေးဖေးကိုကြည့်ပြီး “နင်နည်းနည်းမတူတော့ဘူး”
“ပါးစပ်ပိတ်ထား နင့်အရက်ကိုနင်သောက်”
စုန့်ချင်းက ဟောက်လိုက်တော့ မုရှောင်ကျို လည်ပင်းကိုကျုံ့ပြီး စကားမပြောတော့ဘဲ အရက်ဆက်သောက်နေ၏။ ဒီကောင်မလေးက တကယ်ပဲ အရက်ကို ကိုလာလိုသောက်နေတာကြီး။ ဘာမှမဖြစ်တာ တော်တော်အံ့ဩစရာကောင်းတယ်။
အဲ့ဒီအချိန်မှာ အဘွားကြီးချန် ထွက်လာပြီး စပ်စုစွာနဲ့ “နင်ပြောတဲ့ အဲ့သူငယ်ချင်းက ဘယ်သူလဲ။ ဘယ်ကလေးလဲ။ အချိန်ရှိရင် အရင်ခေါ်လာကြည့်ဦးလေ။ ငါမကြိုက်ရင် နင်လျှောက်မလုပ်နဲ့နော်”
“စိတ်ချ... သေချာပေါက်ခေါ်လာပြီး နင့်ကိုမျက်စိကျအောင်လုပ်ပေးမယ်” လို့ အဘိုးကြီးပြောတော့ အဘွားကြီးချန်က သူ့ကိုဂရုမစိုက်ဘဲ စုန့်ချင်းကို လှမ်းမေးလိုက်၏။
“ချင်းလေး... သွားကြည့်တာလည်းကောင်းပါတယ်လေ။ နင်တစ်သက်လုံး တစ်ယောက်တည်းနေလို့ မဖြစ်ဘူးမလား”
စုန့်ချင်းဘာပြောရမှန်းမသိဖြစ်သွားသလို ယွီဟွေးဖေးလည်း ဘာပြောရမှန်းမသိဖြစ်သွားသည်။ ကြည့်ရတာ အိမ်ထောင်ပြုဖို့တိုက်တွန်းတာက သူတို့အိမ်တစ်အိမ်တည်းရဲ့ မူပိုင်မဟုတ်ဘူးပဲ။
စုန့်အိမ်ကထွက်လာတော့ ယွီဟွေးဖေးကိုလိုက်ပို့တာက စုန့်ချင်း။ သူမရဲ့အရက်သောက်နိုင်စွမ်းက တကယ်ကောင်းသည်။ အရက်တစ်ဝက်လောက်က မသောက်ထားသလိုပဲ။ မုရှောင်ကျိုကလည်း မူလကလိုက်မလို့ပဲ ဒါပေမဲ့ အဘိုးကြီးက အရက်သောက်ဖို့ဖိထားလိုက်၏။
ယွီဟွေးဖေးက နည်းနည်းယိုင်နေပေမယ့် ဘာမှမသိအောင် မူးပြီးလျှောက်လုပ်တဲ့အဆင့်တော့ မရောက်သေးဘူး။ နှစ်ယောက်သား လမ်းကြားထဲမှာ ဘေးချင်းယှဉ်လျှောက်နေကြ၏။ စုန့်ချင်းက တစ်ခါတစ်လေ ယွီဟွေးဖေးကို ထူပေးရသေးသည်။ လျှောက်ရင်းနဲ့ “ငါ့အဘိုး...”
ယွီဟွေးဖေး မော့ကြည့်လိုက်တော့ စုန့်ချင်းကဒေါသတကြီးနဲ့ “ငါနင့်ကိုမပြောဘူး”
“ငါလည်း နင်ငါ့ကိုပြောတယ်လို့ မပြောပါဘူး”
စုန့်ချင်းက ယွီဟွေးဖေးရဲ့ အင်္ကျီကော်လံကို ဆွဲကိုင်ပြီး သူ့ကိုနံရံမှာကပ်ကာ စိုက်ကြည့်ရင်း “ဒီနေ့ကိစ္စဒီမှာပဲရပ်၊ နောက်အပြင်မှာ ငါနင့်မြေးမလေးလို့မပြောနဲ့”
ယွီဟွေးဖေးကရယ်ရခက်ငိုရခက်နဲ့ “အစ်မကြီး... ကျွန်တော်ဒီလမ်းကြားက ထွက်သွားရင် ဒီဘဝမှာ ပေကျင်းကိုလာမလာတောင် မသေချာဘူး”
သူကမလိမ်ဘူး သူ့အိမ်မှာတင်ပြဿနာတွေတစ်ပုံကြီးလေ။ နောက်လူတွေပိုများလာရင် သူအမြဲတမ်း အပြင်ထွက်လျှောက်လည်နေလို့ မဖြစ်ဘူး။ ဒီစကားကြားတော့ စုန့်ချင်းကကြောင်သွား၏။
”နောက်မလာတော့ဘူးလား”
ယွီဟွေးဖေးကမိုးပေါ်ကိုမော့ကြည့်ပြီး “လာချင်လည်းလာမယ်၊ မလာချင်လည်းမလာဘူး၊ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ သိပ်မလာဖြစ်တော့ဘူးထင်တယ်... နင်သိတယ်မလား၊ လူဆိုတာ... တစ်ခါတစ်လေ၊ နင်သွားချင်တိုင်း သွားလို့ရတာမဟုတ်ဘူး”
နှစ်ယောက်သားဆက်လျှောက်ကြသည်။ လမ်းကြားကထွက်တော့ စုန့်ချင်းက ကားတစ်စီးခေါ်လိုက်၏။
“နင်ငါ့ကိုလိုက်ပို့စရာမလိုဘူး၊ ငါ့ဘာသာငါသွားလို့ရတယ်” ယွီဟွေးဖေးကပြောသည်။
စုန့်ချင်းကခေါင်းခါရင်း ”ငါ ငါ့အဘိုးစိတ်ကိုသိတယ်။ ငါ နင့်ကိုလေဆိပ်အထိပို့ပြီး လေယာဉ်ပေါ်တက်တာမမြင်ရရင် သူစိတ်အေးမှာမဟုတ်ဘူး။ ပြန်လာရင် ငါ့ကိုတစ်ချိန်လုံးပြောနေမှာ။ သွားစို့... ငါလိုက်ပို့မယ်...”
ပြီးတော့ နှစ်ယောက်သား ကားပေါ်တက်လိုက်၏။ စုန့်ချင်းက လေးနက်တည်ကြည်စွာ ယွီဟွေးဖေးကို “နောက်ငါကိုယ်တိုင်နင့်ကို အဘိုးလို့မခေါ်မချင်း နင်လျှောက်မခေါ်နဲ့... သိလား”
ဒီအဘိုးဆိုတဲ့ စကားလုံးနှစ်လုံးထွက်လာတော့ ကားသမားက သူတို့ကိုချက်ချင်း တစ်ချက်ကြည့်လိုက်သည်။ အဲ့အကြည့်ကတော်တော်ထူးဆန်းသား။
ယွီဟွေးဖေးက “ဘာကြည့်တာလဲ။ ငါ့မျိုးရိုးကကြီးတယ်”
ကားသမားကဟဲဟဲရယ်ပြီး “နားလည်တယ်... ကျွန်တော်နားလည်တယ်။ ကျွန်တော် ခင်ဗျားကိုပြောပြမယ်။ ရှေ့ကရပ်ကွက်တစ်ခုမှာ သူဌေးတော်တော်များများနေပြီး သူတို့မျိုးရိုးလည်းကြီးတယ်လေ။ ခဏခဏသမီးကိုခေါ်ပြီး အပြင်ထွက်ကစားကြတယ်”
ယွီဟွေးဖေးကကြားတော့ မျက်နှာတွေမည်းမှောင်သွား၏။ ခွေးမသား ဘာတွေပြောနေတာလဲ။
စုန့်ချင်းလည်းမျက်နှာမည်းသည်းနေ၏။ ဒါပေမဲ့ နှစ်ယောက်သားလည်း ဒီစကားများတဲ့ ကားသမားကိုရှင်းပြမနေတော့ဘဲ တန်းအော်လိုက်လေ၏။
“ကားပဲမောင်းစမ်းပါ”