← Chapters

တိကျန့်တစ်ယောက် နာမည်ကြီးသွားခြင်း

Vol. 14 Ch. 206

တိကျန့်တစ်ယောက် နာမည်ကြီးသွားခြင်း

Vol. 14 Ch. 206

လမ်းတစ်လျှောက်လုံး နှစ်ယောက်သား စကားသိပ်မပြောဖြစ်ကြ။ နေရာရောက်တော့ စုန့်ချင်းက ယွီဟွေးဖေးအတွက် လေယာဉ်လက်မှတ်သွားထုတ်ပေးသည်။

ယွီဟွေးဖေးတစ်ယောက် နားအေးပါးအေးနေရပြီထင်နေတုန်းမှာပဲ ပတ်ဝန်းကျင်က ပွစိပွစိအသံတွေက ပိုများလာမှန်း သတိထားမိလိုက်၏။

“ကြည့်စမ်း၊ ပန်းကောင်းတစ်ပွင့်က ဟိုဟာပေါ်မှာ သွားစိုက်နေပါလား”

“ပန်းလေးနဲ့ ဟိုဟာကြီးနဲ့... ကျွတ်ကျွတ်ကျွတ်… နှမြောစရာပဲ”

…

ဒီလိုဝေဖန်သံတွေကြားရတော့ ယွီဟွေးဖေးတစ်ယောက် လှည့်ပြီး “ဒါ ငါ့မြေးမလေးကွ” လို့ အော်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။ ဒါပေမဲ့ အော်ထွက်ဖို့တော့ သတ္တိမရှိ။ အော်လိုက်လို့ မြေးမလေးက လူပုံအလယ်မှာ ဝုန်းဒိုင်းကြဲထရိုက်ရင် အရှက်ကွဲပြီး ဘဝပျက်သွားနိုင်တာကိုး။

လေယာဉ်လက်မှတ်ကိုကိုင်ပြီး ယွီဟွေးဖေးတစ်ယောက် ကျောကိုမတ်၊ ရင်ကိုကော့ကာ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။ နောက်မှာတော့ စကားတစ်ခွန်းချန်ထားခဲ့၏။

”ငါ့အစ်ကိုကြီးကို ကောင်းကောင်းစောင့်ရှောက်လိုက်ဦးနော်”

စုန့်ချင်းကတော့ ဘာမှပြန်မပြောဘဲ သူ့အရိပ်ပျောက်ကွယ်သွားတဲ့အထိ ငေးကြည့်နေမိသည်။ အိမ်ပြန်ရောက်တော့ မုရှောင်ကျိုက သူခိုးကြောင်လေးလို သူ့နားတိုးကပ်လာပြီး မေးလေ၏။

“ငါစဉ်းစားပြီးပြီ နင်က ယွီဟွေးဖေးနဲ့တွေ့ပြီးမှ တစ်မျိုးဖြစ်သွားတာ။ ပြောစမ်း... နင်သူ့ကိုကြိုက်နေတာလား”

စုန့်ချင်းက မျက်စောင်းတစ်ချက်လှလှထိုးပြီး “လျှောက်မပြောနဲ့”

“ဒါဆို...”

စုန့်ချင်းက မုရှောင်ကျိုစကားကို ဖြတ်ပြောလိုက်သည်။ ”သူကတကယ်တော့ ထူးခြားတယ်၊ လူကိုကောင်းတဲ့ခံစားချက်ပေးတယ်။ ဒါပေမဲ့ သူက သူငယ်ချင်းအဖြစ်နဲ့ ပိုလိုက်ဖက်တယ်၊ ချစ်သူအဖြစ်နဲ့မဟုတ်ဘူး”

“တကယ်လား” မုရှောင်ကျိုက မော့ကြည့်ပြီးမေးသည်။

စုန့်ချင်းက မျက်စောင်းထိုးပြီး “ပေါက်ကရ... နင်မတွေ့ဘူးလား။ သူငါ့ကိုကြည့်တဲ့အကြည့်ထဲမှာ တခြားယောက်ျားတွေလို လိုချင်တပ်မက်တဲ့ အရိပ်အယောင်မပါဘူး။ တစ်ခါတစ်လေ ယောက်ျားနဲ့မိန်းမကြားကဆက်ဆံရေးက အဲ့လောက်မရှုပ်ထွေးပါဘူး”

...

လေယာဉ်ပေါ်ရောက်တော့ ယွီဟွေးဖေးက ခယ်လီ၊ လျိုကျွမ်း၊ စုန့်ချင်း၊ စုန့်အဘိုးကြီးတို့ဆီကို WeChat ပို့လိုက်သည်။ အားလုံးအဆင်ပြေကြောင်း၊ စိတ်မပူဖို့ ပြောလိုက်၏။ ပြီးတော့ ဖုန်းကို လေယာဉ်စီးမုဒ်ပြောင်း၊ မျက်လုံးနှစ်လုံးမှိတ်ပြီး တန်းနေအောင် အိပ်တော့သည်။

အိပ်မက်ထဲမှာ ယွီဟွေးဖေးတစ်ယောက် ဘေးနားကနေ “အဆွေ... အဆွေ” လို့ တီးတိုးခေါ်သံကြားလိုက်ရသလိုလို။

ယွီဟွေးဖေးက မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်နှာကနည်းနည်းထူးဆန်းပြီး ဆံပင်ကိုထုံးဖွဲ့ထားတဲ့ ယောကျာ်းတစ်ယောက်က သူ့ဘေးမှာထိုင်ပြီး ပြုံးပြုံးကြီးကြည့်နေသည်။ သူ့ရုပ်ကိုသေချာကြည့်ချင်ပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား ကြည့်မရဘူး။

မြင်ယောင်နေတာကတော့ သူ့ရဲ့မျက်နှာအစိတ်ပိုင်းတွေက သာမန်လူတွေနဲ့မတူဘူး၊ ကျားသစ်ခေါင်းနဲ့ မျက်လုံးဝိုင်းကြီးတွေ၊ နှုတ်ခမ်းမွေးသေးသေးလေးတစ်မျှင်၊ ဆံပင်ရှည်၊ မျက်လုံးတွေကစွေနေပြီး အပြုံးထဲမှာ ထူးဆန်းတဲ့အရိပ်အယောင်တွေပါနေသည်။

“ခင်ဗျားက...”

ယွီဟွေးဖေးက စကားပြောချင်ပေမယ့် အသံကလည်ချောင်းထဲမှာတစ်နေပြီး ဘယ်လိုမှထွက်မလာဘူး။ ထိုသူကပြုံးပြီး...

“ငါလား... အဟဲဟဲ ငါက ထောင်ဖောက်ပြေးလာတာ”

ဒီစကားကြားတော့ မျက်လုံးတွေချက်ချင်းပွင့်သွားပြီး လက်နှစ်ဖက်ကိုလျှပ်စီးလိုထုတ်ကာ ထိုသူရဲ့ရင်ဘတ်ကိုဆွဲကိုင်ပြီး “မင်းက လုပ်ရဲတယ်လား” လို့အော်ဟစ်လိုက်သည်။

ပြီးတော့ ယွီဟွေးဖေးက တစ်ယောက်ယောက်ကထိတ်လန့်စွာ “ခင်ဗျားဘာလုပ်တာလဲ” လို့အော်သံကြားလိုက်ရသည်။

ပြီးတော့ မြင်ကွင်းက ချက်ချင်းပျောက်ကွယ်သွားပြီး ယောက်ျားတစ်ယောက်ကထိတ်လန့်စွာ ယွီဟွေးဖေးကိုကြည့်နေ၏။

”ခင်ဗျား... ခင်ဗျားဘာလုပ်တာလဲ”

ဘေးကလေယာဉ်မယ်လေးလည်းလန့်သွားပြီး “ဆရာ၊ စိတ်ထိန်းပါ၊ ဆရာ အိပ်မက်ဆိုးမက်နေတာထင်တယ်”

ယွီဟွေးဖေးက သူ့လက်ကိုကြည့်၊ လေယာဉ်မယ်နဲ့ သူစိမ်းယောက်ျားကိုကြည့်ပြီး အမြန်လက်လွှတ်ကာ မျက်နှာပူပူနဲ့ “ကျွန်တော်... အဲ့ဒါ... တောင်းပန်ပါတယ်၊ အိပ်မက်ဆိုးမက်သွားလို့”

“ကိစ္စမရှိပါဘူး... ဒါပေမဲ့ နောက်မခြောက်ပါနဲ့တော့။ ခင်ဗျားဒီလိုလုပ်တာ တော်တော်လန့်စရာကောင်းတယ်...”

ယွီဟွေးဖေးက အကြိမ်ကြိမ်တောင်းပန်ပြီးမှ ငြိမ်သက်သွားသည်။ ဒါပေမဲ့ အိပ်မပျော်တော့ဘူး၊ ခုနကအိပ်မက်ကဝေဝါးပေမယ့် “ငါထောင်ဖောက်ပြေးလာတာ” ဆိုတဲ့စကားကတော့ မျက်စိနဲ့ နားထဲမှာရှင်းရှင်းလင်းလင်းပဲ။ ဒီကိစ္စကဒီလောက်မရိုးရှင်းဘူးလို့ခံစားနေရသည်။

သူကအလိုလို နဝမဆောင် အဆောင်မှူးတံဆိပ်ပြားကို ထုတ်ကြည့်လိုက်တော့ အပေါ်မှာဘာစာမှမပေါ်သလို အသိပေးချက်လည်းမရှိဘူး။

လူသစ်မလာမှတော့ တခြားသူတွေကလည်း စိတ်ချရတယ်။ ဒါဆို ထောင်ဖောက်ပြေးတယ်ဆိုတာ မရှိနိုင်ဘူး။ ဒါကိုစဉ်းစားမိတော့ ယွီဟွေးဖေးက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်၏။

အဲ့ဒီအချိန်မှာ လေယာဉ်မယ်လေးတစ်ယောက်ကလျှောက်လာပြီး ရေတစ်ခွက်ပေးကာ “ဆရာ... ရေသောက်လိုက်ပါဦး”

ယွီဟွေးဖေးက ပြုံးပြီးခေါင်းညိတ်ကာ ကျေးဇူးတင်ကြောင်းပြလိုက်သည်။ ဒီလေယာဉ်မယ်လေးကသိပ်မလှဘူး၊ မျက်နှာပေါက်စင်းတယ်လို့ပဲ ပြောလို့ရမယ်။ ဒါပေမဲ့ ပြုံးလိုက်ရင် တကယ်ခံစားချက်မတူဘူး၊ တော်တော်ကြည့်ကောင်းတယ်။ ညင်ညင်သာသာစကားပြောတာက လူကိုစိတ်ချမ်းသာစေတယ်လေ။

လေယာဉ်မယ်လေးသွားတော့ ဘေးကလူငယ်ကတိုးကပ်လာပြီး “နည်းနည်းစိတ်ပျက်သွားလား။ ဒဏ္ဍာရီထဲက လေယာဉ်မယ်အလှလေးတွေနဲ့ မတူဘူးမလား”

ယွီဟွေးဖေးက လူငယ်ကိုအားနာနေတော့ သူ့ကိုဂရုမစိုက်ဘဲမနေနိုင်ဘဲ ခေါင်းညိတ်လိုက်သည်။

“ရိုးရှင်းပါတယ်။ အရင်ကလေကြောင်းလိုင်းတွေက ပုံရိပ်အတွက် လေယာဉ်မယ်ချောချောလေးတွေ လိုချင်တယ်။ ဒါပေမဲ့ မကြာခင်မှာသိလိုက်ရတာက သူတို့ ပင်ပင်ပန်းပန်း လေ့ကျင့်ပေးထားတဲ့ လေယာဉ်မယ်ချောချောလေးတွေက ကိုယ်နေဟန်ထားကောင်းလာတာနဲ့ လေယာဉ်ခရီးစဉ် အနည်းငယ် ပျံသန်းပြီးတာနဲ့ပျောက်သွားရော။ ဒါပေါ့... ပျောက်သွားတာတော့ မဟုတ်ဘူး။ သူဌေးတွေက ခေါ်သွားတာ။ တချို့က အချစ်စစ်နဲ့တွေ့သွားတာ၊ တချို့ကမယားငယ်ဖြစ်သွားတာ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ဝှမ်းလုံးက လေကြောင်းလိုင်းတွေ ဒီပြဿနာနဲ့ကြုံနေရတယ်လေ။ ဒါကြောင့် နောက်ပိုင်းလေယာဉ်မယ်တွေက လှတာမလိုတော့ဘူး၊ မျက်နှာပေါက်စင်း၊ စိတ်ထားကောင်း၊ အကျင့်ကောင်းရင်ပြီးတာပဲ။ ငါတို့နိုင်ငံက အနည်းဆုံးကြည့်လို့ရသေးတယ်။ နိုင်ငံခြားလေကြောင်းလိုင်းတွေ သွားကြည့်။ တော်တော်များများက အန်တီကြီးတွေ ဝန်ဆောင်မှုပေးနေတာ”

ယွီဟွေးဖေးက စိတ်ဝင်စားစရာကောင်းတာနဲ့ စပ်စုပြီး “အားလုံးအဲ့လိုပဲလား”

ကောင်လေးက ခေါင်းခါသည်။ ”အားလုံးတော့ မဟုတ်ဘူးဆိုပေမယ့် အခုတဖြည်းဖြည်း အဲ့ဘက်ကို ကူးပြောင်းနေပြီ။ ဘာပဲဖြစ်ဖြစ် ဒီလုပ်ငန်းကရင့်ကျက်နေပြီလေ။ လေယာဉ်မယ်နဲ့ မျက်စိကျအောင် လုပ်စရာမလိုတော့ဘူး၊ အခုဝန်ဆောင်မှုကောင်းဖို့ပဲလိုတယ်။ ပြီးတော့ ဝန်ထမ်းတွေတည်ငြိမ်ပြီး မလိုအပ်တဲ့ ထပ်ခါထပ်ခါ လေ့ကျင့်မှုကုန်ကျစရိတ်ကို လျှော့ချဖို့ပဲ”

“ဒါကြောင့် လေယာဉ်စီးတဲ့အခါ လေယာဉ်မယ်ချောချောလှလှလေးနဲ့တွေ့ရင် အဲ့ဒါမဟာကံကောင်းမှုကြီးပဲ”

လမ်းတစ်လျှောက်လုံး ဒီကောင်လေးရဲ့ စကားအမျိုးမျိုးကို နားထောင်ရင်း အချိန်ကမြန်မြန်ကုန်သွား၏။ မကြာခင်မှာ ဂူလင်းလေဆိပ်ကိုရောက်တော့ ယွီဟွေးဖေးက လေယာဉ်ပေါ်ကဆင်းပြီး ကောင်လေးနဲ့ဆက်သွယ်ရန် လိပ်စာဖလှယ်ပြီးတော့ လမ်းခွဲကြသည်။

ယွီဟွေးဖေးက လမ်းတစ်လျှောက်လုံး အမြန်သွားရင်း အိမ်ပြန်မယ့်နောက်ဆုံးကားကို မီအောင်လိုက်ခဲ့သည်။ ကားပေါ်မှာ သူကမူးမူးနဲ့ပြန်အိပ်ပျော်သွား၏။ ကံကောင်းစွာနဲ့ သူဘတ်စ်ကားရပ်သွားတာသတိထားမိလိုက်ရသည်။

သို့သော် မူလကဆူညံနေတဲ့ကားထဲမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ သူကြိုးစားပြီး မျက်လုံးဖွင့်ကြည့်ပေမယ့် ဘယ်လောက်အားစိုက်စိုက် ဖွင့်မရဘဲ ကားတံခါးပွင့်ပြီး လူတစ်ယောက်တက်လာတာကို ဝေဝါးဝါးပဲမြင်ရသည်။

အဲ့လူက ကျားသစ်ခေါင်းနဲ့ မျက်လုံးဝိုင်းကြီးတွေ၊ နှုတ်ခမ်းမွေး သေးသေးလေးတစ်မျှင်၊ ဆံပင်ရှည်၊ လမ်းလျှောက်ပုံကတော်တော်ထူးဆန်းသည်။ ခြေထောက်နှစ်ဖက်ကရှေ့မှာ မျက်လုံးနှစ်လုံးက နောက်ကိုကြည့်နေသလိုပဲ၊ တော်တော်ထူးဆန်းသား။

ဒီလူက ယွီဟွေးဖေးရှေ့ကိုရောက်လာပြီး ပါးစပ်စေ့ကာပြုံးပြီး “အဆွေ”

“ခင်ဗျားက”

ယွီဟွေးဖေးကမေးချင်ပေမယ့် အသံကအရမ်းတိုးတော့ ဘာအသံမှမထွက်ဘူး။

“ငါ... ထောင်ဖောက်ပြေးလာတာ”

အဲ့လူကစကားဆုံးတာနဲ့ ယွီဟွေးဖေးကရုတ်တရက်လန့်နိုးသွားသည်။ နောက်တစ်ခဏမှာ ကားရပ်သွားပြီ၊ နေရာရောက်ပြီ။

ကားပေါ်ကဆင်းတော့ ယွီဟွေးဖေးက နဖူးပေါ်ကချွေးတွေကို သုတ်လိုက်၏။ ဒီအိပ်မက်က ဒုတိယအကြိမ်ပဲ၊ တော်တော်ထူးဆန်းတာပဲ။

နဝမဆောင် အဆောင်မှူးတံဆိပ်ပြားကို ထပ်ထုတ်ကြည့်လိုက်သည်။ လတ်တလော သူ့ကိုအကျဉ်းသားပို့လာတယ်လို့ အသိပေးချက်မရှိဘူး။ အကျဉ်းသားပို့မလာမှတော့ ထောင်ဖောက်ပြေးတယ်ဆိုတာလည်း မရှိနိုင်ဘူး။

ဒါပေမဲ့နောက်ပိုင်းမှာ ယွီဟွေးဖေးကပေါင်ကိုတစ်ချက်ပုတ်ပြီး “အမလေး... ကြေးပြားကြောင့်များလား”

ဒါကိုစဉ်းစားမိတော့ အိမ်ကိုတန်းပြေးတော့သည်။

တံခါးကြီးကိုတွန်းဖွင့်လိုက်တော့... နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်တို့က ခြံထဲမှာထိုင်ပြီး သံအိုးကြီးတစ်လုံးနဲ့ ဟော့ပေါ့စားနေကြ၏။

ယွီဟွေးဖေးပြန်လာတာမြင်တော့ လူတစ်စုကဝေါခနဲအော်လိုက်ကြသည်။ တချို့ကပျော်တယ်၊ တချို့ကစိတ်ပျက်နေတယ်။

“သူရှစ်နာရီအိမ်ပြန်ရောက်မယ်လို့ ငါပြောသားပဲ။ တစ်စက္ကန့်မှမလွဲဘူးလေ။ ကဲ... ကဲ... အသားပေးအသားပေး” မြင်းမျက်နှာကဂုဏ်ယူစွာအော်ပြီး အားလုံးရှေ့က ပန်းကန်လေးထဲကအသားတွေကို သိမ်းလိုက်သည်။

ယွီဟွေးဖေးကမြင်တော့ နဖူးမှာမျဉ်းမည်းတွေချည်းပဲ။ ဒီကောင်တွေ အိမ်မှာ သူဘယ်တော့ပြန်လာမလဲဆိုတာ လောင်းနေကြတာပဲကိုး။

လူတိုင်းကမြင်တော့ ဟဲဟဲရယ်ပြီး တိုးကပ်လာကာ ယွီဟွေးဖေးကိုဖက်ပြီး “ယွီလေး... မျက်နှာကြီးမမည်းနဲ့တော့။ အစားအသောက်ကောင်းတွေ မင်းအတွက်ချန်ထားတယ်။ လာ... တစ်ခွက်လောက်သောက်မလား”

ဒီကောင်တွေကိုကြည့်ပြီး ယွီဟွေးဖေးကမတတ်သာပေမယ့် ပြုံးပြီး “သောက်ကြတာပေါ့။ ခင်ဗျားတို့လိုအမှိုက်တွေကို သေအောင်တိုက်မယ်”

လူတစ်စုကပျော်ရွှင်စွာစုပြီး တံခါးကြီးကိုပိတ်ကာ အရက်သောက်ကြတော့သည်။

နောက်တစ်နေ့မှာ ယွီဟွေးဖေးက သူ့ရဲ့မည်းနေတဲ့မျက်ကွင်းတွေကိုကြည့်ပြီး “အဖြူကောင်”

“မအော်နဲ့တော့၊ အဲ့ကောင်စုတ်က မနက်စောစောထွက်ပြေးသွားပြီ။ နွားခေါင်းနဲ့မြင်းမျက်နှာလည်း အတူတူပဲ...” အောက်ကလူတစ်ယောက်ကအော်ပြော၏။

ယွီဟွေးဖေးက ပြတင်းပေါက်မှာမှီပြီး အောက်ကိုကြည့်လိုက်တော့ အတူတူမျက်ကွင်းညိုနေတဲ့ ချွေ့ကျွယ်ကိုတွေ့လိုက်ရသည်။ ရှောင်ထျန်းချန်တောင် မျက်ကွင်းနည်းနည်းညိုနေတယ်။ ကြည့်ရတာမနေ့ညက သရဲဖြူရဲ့စွမ်းဆောင်ရည် တော်တော်ကောင်းပုံရတယ်။

တိကျန့် ဒီကောင်လေးကတော့ ဘာမှမဖြစ်ဘူး။ အဲ့မှာထိုင်ပြီး ပျော်ရွှင်စွာနဲ့ “ငါမင်းတို့ကိုပြောသားပဲ၊ မူးရင်မကောင်းဘူးလို့။ မင်းတို့ငါ့ကိုကြည့်လေ ကြိုပြီးသစ်ပင်ပေါ်တက်နေတာ မင်းတို့ကြိုက်သလောက်ရှုပ် ငါကအေးဆေးပဲ”

ယွီဟွေးဖေးကသူ့ကိုဂရုမစိုက်ဘဲ အောက်ထပ်ဆင်းပြီး စားစရာလုပ်တော့သည်။ ဆန်ပြုတ်အိုးကြီးတစ်အိုး၊ ဆားဘဲဥအနည်းငယ်လှီး၊ တောဝက်သားများများ၊ ဒါကလူတိုင်းရဲ့အစားအသောက်ပဲ။ ဆားဘဲဥနဲ့အသားပြုတ် စားသောက်ပြီးတော့ သင်္ချိုင်းကိုသန့်ရှင်းရေးလုပ်တော့သည်။

သင်္ချိုင်းမှာထိုင်ပြီး အုတ်ဂူတွေကိုကြည့်ရင်း ယွီဟွေးဖေးရဲ့စိတ်က နောက်ဆုံးတော့ငြိမ်သက်သွား၏။

နေ့လည်စာစားတဲ့အခါ ယွီဟွေးဖေးက သူ့ရဲ့ထူးဆန်းတဲ့အိပ်မက်နှစ်ခုကို လူတိုင်းကိုပြောပြလိုက်ရာ အားလုံးကခေါင်းခါကြပြီး လူလာတာလုံးဝမတွေ့ဘူးလို့ပြောကြသည်။ ထောင်ဖောက်ပြေးတာဆို ပိုပြီးတော့မဖြစ်နိုင်ဘူး။ ထောင်ဖောက်ပြေးတာက အဲ့ကြေးပြားမဟုတ်ရင် ထောင်ဖောက်ပြေးတယ်ဆိုတာ မရှိနိုင်ဘူးလေ။

ချွေ့ကျွယ်က “မင်းလည်းစိတ်မပူနဲ့တော့၊ ဘယ်သူပဲလာလာ မင်းဆီမှာအသိပေးချက်ရှိနေမှတော့ ဘာကြောက်စရာရှိလို့လဲ။ အဲ့ကြေးပြား ထောင်ဖောက်ပြေးရင်တောင် အဲ့ဒါကလွှဲပြောင်းတဲ့ပြဿနာပဲ။ အမှားရှိရင်လည်း လူယာအဲ့အဘိုးကြီးအမှားပဲ။ စိတ်ပူစရာမလိုဘူး”

စဉ်းစားကြည့်တော့ ဟုတ်သားပဲ။ ဒါပေမဲ့ ယွီဟွေးဖေးက အဆောင်မှူးတံဆိပ်ပြားကနေ လူယာကို လိုလိုမယ်မယ် စာပို့လိုက်၏။

”လတ်တလော အကျဥ်းသားပို့လာတာရှိလား”

”မရှိဘူး၊ ဘာပဲဖြစ်ဖြစ်ငါအသိပေးချက်မရဘူး”

လူယာရဲ့ ပြန်ဖြေတဲ့စကားကြောင့် ယွီဟွေးဖေးက စိတ်အေးလက်အေးနဲ့ နေ့တိုင်းလူတိုင်းနဲ့လေ့ကျင့်တယ်၊ ပြေးတယ်၊ သရဲဖြူ၊ သရဲနက်ရဲ့လိုက်ရိုက်တာကို ရှောင်တိမ်းတယ်။

ဘဝကတော်တော်လေးပေါ့ပါး၏။

ဒါပေမဲ့ ဒီနေ့မှာ ယွီဟွေးဖေးရဲ့ဖုန်းမြည်လာသည်။

“ဟလို... သူဌေးချန်”

ဖုန်းဆက်လာတာက လုံဖိန်တိုက်ကွမ်ဒိုသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ချန်ယိုတောက်ပဲ။ အမြဲတမ်းရိုးသားတဲ့ ချန်ယိုတောက်က နည်းနည်းအားနာစွာနဲ့ “သူဌေးယွီလား”

”အာ... ကျွန်တော်ပါ၊ ဘာဖြစ်လို့လဲ”

“အဲ့ဒါ... အင်း... ကျွန်တော့်မှာမေတ္တာရပ်ခံစရာတစ်ခုရှိလို့”

ယွီဟွေးဖေးကကြားတော့ မေးစေ့ကိုပွတ်ပြီး စဉ်းစားလိုက်တာက ဝတ္ထုထဲကဇာတ်လမ်းတွေဖြစ်နိုင်တယ်။ ဒီကောင်က သူ့ကိုပြိုင်ဘက်ကို သွားတိုက်ခိုင်းတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကိုလာတိုက်ခိုက်လို့မနိုင်တော့ဘဲ အကူအညီတောင်းတာလည်း ဖြစ်နိုင်သား။ ဒါနဲ့ ယွီဟွေးဖေးက မေးလိုက်သည်။

”ဘာလဲ... တစ်ယောက်ယောက် လာတိုက်ခိုက်လို့လား”

ချန်ယိုတောက်က ဂုဏ်ယူစွာနှာမှုတ်ပြီး “ဒီဂူလင်းမှာ မင်းမလာရင် ဘယ်သူငါ့ကိုနိုင်မှာလဲ”

ဒီစကားကို ယွီဟွေးဖေးကကြားတော့ သိပ်နားမလည်တော့ဘူး။ လာတိုက်ခိုက်တာမဟုတ်ရင် သူ့ကိုဘာလို့ရှာတာလဲ။ ပိုက်ဆံချေးမလို့လား။ သူ့မှာရှိတဲ့ပိုက်ဆံက ချန်ယိုတောက်ရဲ့ လက်ဖက်ရည်တစ်ခွက်ဖိုးတောင် မရှိလောက်ဘူးလေ။

ချန်ယိုတောက်က နည်းနည်းအားနာစွာ “ဒါပေမဲ့ အတင်းပြောရရင်တော့ နေရာလာလုတာနဲ့တူတူပဲ”

”မင်းပြောတာ ငါနားမလည်တော့ဘူး။ ပြောချင်တာကို တိုက်ရိုက်ပြောပါ။ ကွေ့ကောက်နေတာ ခေါင်းကိုက်တယ်”

“ကောင်းပြီ... ဒါဆို မကွေ့တော့ဘူး။ ကွေ့နေတာ ငါလည်းမခံနိုင်ဘူး။ အဲ့တော့ တည့်ပဲပြောမယ်။ အရင်က မင်းခေါ်လာတဲ့ အဲ့ကိုရင်လေး ရှိသေးလား”

ယွီဟွေးဖေးကစဉ်းစားမရဖြစ်ပြီး “သူ့ကိုဘာလို့ရှာတာလဲ”

“ငါလည်းမရှာချင်ပါဘူး ဒါပေမဲ့မတတ်နိုင်ဘူးလေ။ ငါလည်း ဘာဖြစ်မှန်းမသိဘူး၊ နှစ်မကုန်ခင်ကတည်းက မိန်းမတချို့က ငါ့ဆီကို ကိုရင်လေးတစ်ပါးရှာတယ်ဆိုပြီး လာကြတယ်။ ငါ့တပည့်လားဆိုပြီးတောင် မေးနေကြသေး... အရင်ကတော့ ငါလည်းဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ့တပည့်မဟုတ်ဘူးလို့ ပြောလိုက်တယ်”

“ဒီတစ်ခါတော့ကောင်းရော... ပျားအုံကိုတုတ်နဲ့ထိုးသလိုပဲ နေ့တိုင်းလူတွေက တံခါးဝမှာ လာစောင့်နေကြတယ်။ ဒီမိန်းမတွေ ဘယ်သွေးကြောမှားနေလဲမသိဘူး တချို့ကအတင်းဝင်ပြီး သိုင်းသင်ချင်ကြတယ်။ မင်းပြောကြည့် ငါဒီအခြေအနေနဲ့ ဘယ်လိုလုပ် မိန်းမတွေလက်ခံနိုင်မှာလဲ”

ချန်ယိုတောက်ကနားမလည်နိုင်ဖြစ်ပြီး ခေါင်းပိုကိုက်လာသည်။ ”နှစ်ကူးပြီးတော့ပိုဆိုးလာတယ်၊ ဒီမိန်းမတွေကနေ့တိုင်းနီးပါးလာကြတယ်။ ကြည့်ရုံပဲကြည့်ရင်လည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ သူတို့ကတစ်ချိန်လုံး ငါ့ကိုလိုက်ရှုပ်နေကြတာ... ငါ့မိန်းမက အခုသံသယဝင်နေပြီ။ သမီးကလည်း တစ်ချိန်လုံးတိုင်တယ်၊ ခဏခဏဗီဒီယိုရိုက်တယ်။ ဒီကိစ္စကိုမဖြေရှင်းရင် ကွာရှင်းရတော့မယ်ထင်တယ်”

ယွီဟွေးဖေး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ချန်ယိုတောက် သူ့ကိုရှာတာက ဒီလိုကိစ္စဖြစ်နေမယ်လို့ သူဘယ်လိုမှ မထင်ထားဘူးလေ။

“ဒါဆို... မင်း ငါ့ကို ဘယ်လိုကူညီစေချင်တာလဲ”

ချန်ယိုတောက်က “ခင်ဗျားအဲ့ကောင်လေးကို တစ်ခေါက်ခေါ်လာပြီး သူတို့ရဲ့တောင်းဆိုချက် ဖြည့်ဆည်းပေးလိုက်။ ပြီးတော့သူတို့ကိုပြော တိကျန့်ကဒီနေရာကထွက်သွားတော့မယ်၊ နောက်ကိုမလာတော့ဘူးလို့ပေါ့။ ဒါဆို ကျွန်တော်လည်းစိတ်အေးရတယ်...”

“အရေးကြီးဆုံးက ကျွန်တော့်မိန်းမကို အဲ့မိန်းမတွေက ကျွန်တော့်မယားငယ်တွေမဟုတ်ဘူးဆိုတာ နားလည်အောင်လုပ်ရမယ်။ မလာခင် ကြိုပြောထားလိုက် ကျွန်တော်ကြိုပြီးကြော်ငြာထားမယ်။ ကြည့်ချင်တယ်မဟုတ်လား၊ တစ်ခါတည်းနဲ့ ဝအောင်ကြည့်ခိုင်းလိုက်မယ်”

ယွီဟွေးဖေးကခေါင်းညိတ်ပြီး သဘောပေါက်ကြောင်းပြလိုက်သည်။ ”ဒီလိုလုပ်၊ ကျွန်တော်သူနဲ့သွားတိုင်ပင်ကြည့်မယ်၊ ဒါပေမဲ့အောင်မြင်မယ်လို့ အာမမခံဘူး၊ တကယ်လို့အဆင်ပြေရင် မနက်ဖြန်ဒါမှမဟုတ်သန်ဘက်ခါ၊ ကျွန်တော်သူ့ကိုခေါ်လာမယ်”

“ကျေးဇူးကြီးလှပါတယ်၊ ဒီကိစ္စပြီးရင် ကျွန်တော်ခင်ဗျားကို အရက်ကောင်းကောင်းတိုက်မယ်” ချန်ယိုတောက်ကပျော်ရွှင်စွာပြော၏။

ယွီဟွေးဖေးကခေါင်းညိတ်ပြီး ဖုန်းချလိုက်ကာ တိကျန့်ကိုသွားရှာတော့သည်။

“မသွားဘူး... လုံးဝမသွားဘူး... သတ်ရင်တောင်မသွားဘူး”

တိကျန့်ကမိန်းမတစ်စုနဲ့ ရင်ဆိုင်ရမယ်ဆိုတာကြားတော့ ချက်ချင်းသစ်ပင်ပေါ်တက်ပြီး သစ်ကိုင်းပေါ်မှာထိုင်ကာ ရူးနေတဲ့မျောက်လိုအော်ဟစ်နေတော့သည်။

ယွီဟွေးဖေးလည်းနည်းနည်းခေါင်းကိုက်လာပြီး စိတ်ရှည်ရှည်နဲ့ “တိကျန့်လေး၊ ကြည့်ပါဦး... မင်းငါ့ဆီရောက်တာလည်း ဒီလောက်ကြာနေပြီ။ အဲ့ချန်ယိုတောက်ကိုလည်း မင်းတွေ့ဖူးတယ်မလား။ လူကမဆိုးပါဘူး ဟုတ်တယ်မလား”

တိကျန့်ကဟဲဟဲရယ်ပြီး “သူဘယ်လောက်ကောင်းကောင်း၊ ငါမိန်းမတွေနဲ့ဘာမှမပတ်သက်ချင်ဘူး”

All Chapters