← Chapters

အဘိုးလို့ခေါ်စမ်း

Vol. 14 Ch. 204

အဘိုးလို့ခေါ်စမ်း

Vol. 14 Ch. 204

အဘွားကြီးက အသက်မငယ်တော့ပေမယ့် ကိုယ်ကို မတ်မတ်ရပ်ထားပြီး လက်ထဲမှာ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုင်ထားသည်။ စာအုပ်ပေါ်မှာ သစ်တော်ပင်သားနဲ့လုပ်ထားတဲ့ ဖောင်တိန်တစ်ချောင်း ထိုးထား၏။ ကြည့်ရုံနဲ့ ပညာတတ်တစ်ယောက်မှန်း သိသာသည်။

“အဲ... အဘွား မင်္ဂလာပါ...”

“ဘာခေါ်နေတာလဲ။ ငါကမင်းအစ်ကိုကြီး၊ သူကမင်းရဲ့မရီး၊ မရီးလို့ခေါ်”

ယွီဟွေးဖေးတစ်ယောက် ချွေးတွေပြန်လာသည်။ ဒါပေမဲ့ နှစ်ယောက်သား သွေးသောက်ညီအစ်ကိုဖွဲ့ပြီးပြီဆိုတော့ သိပ်ပြီး ဟန်မဆောင်တော့ဘဲ “မရီး မင်္ဂလာပါ” လို့ နှုတ်ဆက်လိုက်၏။

အဘွားကြီးလည်း ကြောင်သွားပြီး ယွီဟွေးဖေးကိုတစ်လှည့်၊ အဘိုးကြီးကိုတစ်လှည့် ကြည့်ကာ ပြုံးပြီး “မင်းက ဒီအဘိုးကြီးပြောတဲ့ အသက်အရွယ်မရွေးပေါင်းလို့ အသစ်ဖွဲ့လိုက်တဲ့ ညီလေး ရှောင်ယွီပဲလား”

ယွီဟွေးဖေးက ခေါင်းကိုကုတ်လိုက်သည်။ ဒါပေမဲ့ ဒီကောင်က မျက်နှာပြောင်တော့ “မရီးက တော်တော်သိတာပဲ၊ ဒါကြောင့် ဒီလောက်လှတာကိုး” လို့ တန်းပြောလိုက်၏။

အဘွားကြီးက ပျော်သွားပြီး “တော်ပြီ... လေမပန်းနဲ့တော့။ နင့်ဘေးက အဘိုးကြီးက ငါ့ကိုတစ်သက်လုံး လေပန်းလာတာ နားထောင်လို့ဝနေပြီ။ နင်တို့ထိုင်ကြ၊ ကျွန်မဟင်းနည်းနည်းသွားဝယ်လိုက်ဦးမယ်. ကြည့်ရတာ နင်တို့သောက်ကြမှာပဲမလား...”

ဒါပေမဲ့ မထွက်ခင်မှာ အဘိုးကြီးစုန့်ကို “နင့်မြေးမလေး ခဏနေရင်လာလိမ့်မယ်။ တစ်ချိန်လုံး လျှောက်မလည်နဲ့ဆိုပြီး သူ့ကိုသတိပေးလိုက်ဦး။ နင်လည်း အလုပ်တစ်ခုခုလုပ်ဦး။ စိတ်ဝင်စားမှုရှိ သိလား”

“နင်ပြောတာကြည့်ပါဦး။ ငါကဘယ်လိုလုပ် အလုပ်မရှိရမှာလဲ။ ငါစဉ်းစားနေတဲ့ကိစ္စတွေ နင်မသိဘူး... ဘာပဲဖြစ်ဖြစ် နင်စိတ်ချပါ၊ ငါအားလုံးစီစဉ်ပြီးသား။ ပစ္စည်းအရည်အသွေးကောင်းရင် ရောင်းထွက်မှာပဲ” အဘိုးကြီးစုန့်က မကျေမနပ်ဖြစ်သွားသည်။

အဘွားကြီးက အဘိုးကြီးကိုကြည့်၊ ယွီဟွေးဖေးကိုကြည့်ပြီး ခေါင်းညိတ်ကာ ထွက်သွား၏။

“အဘိုးကြီး... အဲ... အစ်ကိုကြီးလက်ထဲမှာ ဘာပစ္စည်းရှိလို့လဲ။ ရှေးဟောင်းပစ္စည်းလား”

အဘိုးကြီးစုန့်က ခေါင်းကိုခါယမ်းပြီး “ဒါက သာမန်ပစ္စည်းမဟုတ်ဘူး၊ ညအခါလင်းတဲ့ပုလဲ၊ ညလင်းပုလဲကွ သိလား”

ယွီဟွေးဖေး မျက်လုံးတွေ အရောင်တောက်သွားသည်။ ”ညလင်းပုလဲ”

ခေတ်သစ်ရောက်တော့ ညလင်းပုလဲရဲ့ နိယာမတချို့ကို အားလုံးသိကြပေမယ့် တကယ်အရည်အသွေးကောင်းတဲ့ အကောင်းစားညလင်းပုလဲကိုတော့ ဘယ်သူမဆို မြင်ဖူးတာမဟုတ်ဘူး။

အဘိုးကြီးစုန့်က ဟဲဟဲရယ်ပြီး “ခဏနေရင် ကောင်းကောင်းစား၊ ကောင်းကောင်းသောက်၊ အစ်ကိုကြီးပျော်သွားရင် မင်းကိုပြမယ်”

ယွီဟွေးဖေးက စိတ်လှုပ်ရှားပြီး လက်စကိုသပ်တင်ကာ “သောက်ကြစို့”

အဘွားကြီးက မကြာခင်ပြန်ရောက်လာ၏။ စကားပြောရင်းနဲ့ ယွီဟွေးဖေးသိလိုက်ရတာက အဘွားကြီးက မျိုးရိုးနာမည်က ချန်၊ ဘိုးဘေးတွေက အရာရှိကြီးတွေဖြစ်ခဲ့တယ်လို့ဆိုသည်။ ဒါပေမဲ့ အတည်ပြုလို့မရတော့ဘူး။ ရှန်တုံပြည်နယ်ကဆိုတော့ တကယ့်စာပေမျိုးရိုးပဲ။

အဘိုးကြီးစုန့်အိမ်မှာ စာရော ပန်းချီရော ရှိတယ်။ ယွီဟွေးဖေးက နံရံပေါ်မှာချိတ်ထားတဲ့ စာလုံးပန်းချီတချို့ကိုလည်းတွေ့တယ်။ နှစ်အတော်ကြာနေပြီထင်ပါ့။ ပန်းချီအကြောင်းကို သူနားမလည်ပေမယ့် အဲ့ပန်းချီတွေက အသက်ဝင်နေတာကိုတော့ မြင်နိုင်တယ်။

စာလုံးကို သူနည်းနည်းနားလည်တယ်၊ ဒီစာလုံးတွေက နူးညံ့မှုထဲမှာ ထက်မြက်တဲ့အငွေ့အသက်တွေပါနေတယ်လေ။ စိတ်ဓာတ်မာကျောတဲ့ မိန်းကလေးတစ်ယောက်ရေးထားတာဖြစ်မယ်။

စာလုံးပန်းချီတွေမှာ နာမည်ကြီးလက်ရာတွေမပါဘူးဆိုတော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေတော့မဟုတ်လောက်ဘူး။

အဘိုးကြီးက ဂုဏ်ယူစွာနဲ့ “တွေ့လား။ ဒါတွေအားလုံး ငါ့မိန်းမလုပ်ထားတာ၊ တူရိယာ၊ စစ်တုရင်၊ စာလုံး၊ ပန်းချီ၊ အားလုံးကျွမ်းကျင်တယ်”

ယွီဟွေးဖေးက အံ့ဩသွားသည်။ ဒါတွေအားလုံးက သူ့မရီးရဲ့လက်ရာတွေမှန်းမထင်ထားဘူး။ တကယ့်ပညာရှင်မကြီးပဲ။ ဒါပေမဲ့ နားမလည်တာက ဒီလိုပညာရှင်မကြီးက ဘာလို့ ဒီလိုအဘိုးကြီးနဲ့ညားသွားရတာလဲ။ မလိုက်ဖက်ဘူး...

ဒါကိုစဉ်းစားမိတော့ ယွီဟွေးဖေးက အဘိုးကြီးစုန့်ကိုလှမ်းကြည့်သည်။ အဘိုးကြီးစုန့်က ဘယ်လောက်လိမ္မာတဲ့လူလဲ၊ ချက်ချင်းပဲ ယွီဟွေးဖေးမျက်လုံးထဲက အဓိပ္ပာယ်ကိုနားလည်သွားပြီး ခေါင်းကိုမော့ကာ မျက်နှာပြောင်တိုက်ပြီး “ဘာကြည့်တာလဲ။ အရင်တုန်းက မင်းအစ်ကိုကြီးငါက အရမ်းချောလို့ သူကငါ့ကိုအတင်းလိုက်တာပေါ့။ အေး... မတတ်နိုင်ဘူးလေ၊ ငါစဉ်းစားကြည့်တော့ သူလည်းမဆိုးပါဘူး။ ဒီလိုပဲတစ်သက်လုံးပေါင်းသင်းလိုက်တာပဲ”

“ဟက်ဟက်...”

မကြာခင်မှာ ချန်အဘွားကြီးပြန်ရောက်လာပြီး အစားအသောက် နည်းနည်းလုပ်လာသည်။

”အဘိုးကြီးလျှောက်မပြောနဲ့တော့၊ ရှင်တို့အတွက်မြည်းစရာလေးတွေ အရင်စားနှင့်ကြ”

မြေပဲလှော်တစ်ပန်းကန်၊ သခွားသီးသုပ်တစ်ပန်းကန်၊ ပြီးတော့ဝက်နားရွက်သုပ်တစ်ပန်းကန်ကို အဘိုးကြီးကမြင်တော့ ဟားတိုက်ရယ်တော့တာပဲ။

“ရပြီ... အစားအသောက်နဲ့အရက်ရှိရင် နင်ပြောသမျှအကုန်ဟုတ်တယ်။ လာ... ညီလေးသောက်ကြစို့”

အဘိုးကြီးက စကားပြောကောင်းပြီးတော့ ငယ်ငယ်ကအတွေ့အကြုံတွေ အများကြီးရှိပုံရ၏။ အတွေ့အကြုံတော်တော်များများကို ယွီဟွေးဖေးကစကားတိုတိုလေးတွေပဲ ကြားဖူးရုံသာ။ ဒါပေမဲ့အဘိုးကြီးဆီကတော့ အပြည့်အစုံကြားရသည်။ အဲ့ခေတ်က ဇာတ်လမ်းတော်တော်များများက ကြားရတာတော်တော်ထူးဆန်းသား။

ယွီဟွေးဖေးလည်းရှင်းပြမတတ်ဘူး။ သူအဲ့ခေတ်ကိုမကြုံဖူးပေမယ့် စက်ဘီးတစ်စီးရှိရင် တော်တော်မိုက်တဲ့အဲ့ခေတ်ကိုး။ သဘာဝကျကျတမ်းတစိတ်နဲ့ ထူးဆန်းတဲ့ခံစားချက်တွေရှိနေသည်။ ယွီဟွေးဖေးကလည်း တစ်ခါတစ်လေ သူ့ငယ်ငယ်ကအကြောင်းတွေပြောတော့ လှောင်ပြောင်ခံရတာပေါ့။

အဘိုးကြီးလှောင်ပြောင်တဲ့ အကြောင်းပြချက်က ရှင်းသည်။ ”အရှက်ရစရာပဲ... ဒီလောက်နှစ်တွေကြာတာ ရည်းစားတစ်ယောက်မှမထားဖူးဘူးတဲ့လား။ အရင်တုန်းက အစ်ကိုကြီးက ဒီရပ်ကွက်မှာနာမည်ကြီးကစားသမား၊ အဲ့တုန်းက... ဟဲဟဲ၊ ငါတို့ကရုပ်ချောတယ်၊ ကစားတတ်တယ်။ နင့်မရီးကငါ့ကိုအတင်းလိုက်တာ၊ ငါစက်ဘီးနဲ့ပြေးတာတောင် မရဘူး...”

ဘုန်း...

အရက်အိုးကျလာပြီး ကြက်ခြေထောက်တစ်ပန်းကန်ပါကျလာ၏။ ချန်အဘွားကြီးကမျက်စောင်းထိုးပြီး “စား၊ သောက်၊ ပါးစပ်ပိတ်ထား”

အဘိုးကြီးကဟဲဟဲရယ်ပြီး “ညီလေး၊ လာ၊ သောက်”

နှစ်ယောက်သားဆက်သောက်ကြသည်။ အရက်သုံးခွက်လောက်ဝင်သွားတော့ ယွီဟွေးဖေးလည်း နည်းနည်းမူးလာပြီး ယိမ်းထိုးရင်း စိတ်ကြွနေပုံရသည်။ အဘိုးကြီးက ပိုပြီးမျက်နှာနီရဲနေ၏။ အဲ့ဒီအချိန်မှာအသံတစ်ခုထွက်လာသည်။

”အဘိုး၊ အဘွား၊ ကျွန်မလာတွေ့ပါတယ်”

စကားပြောရင်း အမျိုးသမီးတစ်ယောက်ဝင်လာသည်၊ သူမကရင်ဖုံးဝတ်ထားပြီး လှပတဲ့ခန္ဓာကိုယ်ကိုအပြည့်အဝပေါ်လွင်စေသည်။ တစ်ယောက်ယောက်ကပြောဖူးတယ်။ ရင်ဖုံးက ကမ္ဘာပေါ်မှာ အရှေ့တိုင်းအမျိုးသမီးတွေရဲ့အလှနဲ့ အလိုက်ဖက်ဆုံးအဝတ်အစားပဲတဲ့။ အရှေ့တိုင်းအမျိုးသမီးတွေရဲ့ နူးညံ့တဲ့အကွေးအကောက်တွေကို အလွန်အမင်းလှပအောင် ဖော်ပြနိုင်တယ်လေ။

ဒီအမျိုးသမီးကပိုပြီးတော့မတူဘူး။ သူမခြေတံကရှည်တယ်၊ ခါးကသေးတယ်၊ အဲ့ဝတ်စားဆင်ယင်ပုံက သူမကိုယ်ပေါ်မှာဖော်ပြတဲ့ခန္ဓာကိုယ်ကို ပိုပြီးပြီးပြည့်စုံသွားစေတယ်၊ ပိုပြီးဆွဲဆောင်မှုရှိတယ်။ ဒါပေမဲ့ကောင်မလေးကအပေါ်ပိုင်းမှာ အနွေးထည်ဝတ်ထားတော့ နည်းနည်းဖောင်းနေသား။

အဘွားကြီးကမြင်တော့ မျက်မှောင်ကြုတ်ပြီး “နင်ဘာလို့ဒီလိုဝတ်ပြီးထွက်လာတာလဲ”

“ကျွန်မနေ့လည်ကျပွဲတစ်ခုရှိတယ်၊ ဒီဝတ်စုံကပွဲအတွက်ပြင်ဆင်ထားတာ။ ညီမလေးရှောင်ကျိုနဲ့ အတူတူလာတာလေ၊ ပြဿနာမရှိဘူးမလား”

“ဘာပြဿနာရှိရမှာလဲ။ အဲ့ကောင်မလေးကို အမြန်လာစားခိုင်းလိုက်”

”အမြန်လာ”

အမျိုးသမီးကပြုံးပြီး လှည့်ပြောလိုက်ရာ ကောင်မလေးတစ်ယောက်က ခေါင်းလေးပြူပြီး ဝင်လာ၏။ သူမက အဘွားကြီးကို တော်တော်ကြောက်ပုံရသည်။ အဘွားကြီးကိုမြင်တော့ လည်ပင်းကိုကျုံ့ပြီး “အဘွား...”

အဘွားကြီးက နည်းနည်းမျက်နှာတင်းပြီး နည်းနည်းချစ်ခင်တဲ့အမူအရာနဲ့ “ကောင်မလေးက ဒီအဘွားကိုသတိရသေးတယ်လား။ အမြန်လက်ဆေးသွား၊ စားဖို့ပြင်ဆင်တော့”

“ဘယ်မှာမေ့လို့လဲ၊ ကျွန်မ အဘွားကိုလွမ်းနေတာ” ကောင်မလေးကစကားချိုသည်။ ပြောပြီးတော့ ပျော်ရွှင်စွာနဲ့ အမျိုးသမီးကိုဆွဲပြီး ခြံဝင်းထဲကိုလျှောက်သွား၏။

နှစ်ယောက်သားမော့ကြည့်လိုက်တော့ ကြောင်သွားကြသည်။ သူတို့ကစားပွဲဘေးက အဘိုးကြီးနဲ့ နောက်လူငယ်တစ်ယောက်ကိုမြင်လိုက်တော့ မျက်လုံးတွေကြောင်တောင်တောင်ဖြစ်သွား၏။

ယွီဟွေးဖေးလည်းကြောင်သွားပြီး ပါးစပ်ကိုစေ့ကာ “သောက်ကျိုးနည်း... ဒါ... ကမ္ဘာကြီးကတော်တော်ကျဥ်းတာပဲ”

လာတဲ့လူကတခြားသူမဟုတ်ဘူး။ စုန့်ချင်းနဲ့မုရှောင်ကျို...

စုန့်ချင်းနဲ့ မုရှောင်ကျိုလည်း ဒီမှာယွီဟွေးဖေးနဲ့တွေ့လိမ့်မယ်လို့ မထင်ထားဘူး။ မုရှောင်ကျိုရဲ့ မျက်လုံးကြီးတွေက တောက်ပနေပြီး စုန့်ချင်းကတော့ သံသယနဲ့နားမလည်မှုတွေနဲ့ပြည့်နေ၏။ ယွီဟွေးဖေးက ဘယ်လိုလုပ်သူတို့အိမ်မှာ သူ့အဘိုးနဲ့အရက်သောက်နေလဲဆိုတာ စဉ်းစားလို့မရဘူး။

”ဒါက”

အဘိုးကြီးစုန့်က စုန့်ချင်းနဲ့ မုရှောင်ကျိုကိုမြင်တော့ ဟဲဟဲရယ်ပြီးတော့ ယွီဟွေးဖေးရဲ့ ပခုံးကိုပုတ်ပြီး စုန့်ချင်းနဲ့မုရှောင်ကျိုကိုညွှန်ပြကာ “ဒါ... ဒီနှစ်ယောက်လုံးက ငါ့မြေးမလေးတွေ။ အကြီးကောင်ကစုန့်ချင်း၊ နာမည်ကို နင့်မရီးကပေးထားတာ။ မုန်လာဥလို သေးသေးလေးက မုရှောင်ကျို၊ ငါပေးထားတဲ့နာမည်၊ လိုက်ဖက်တယ်မလား”

ယွီဟွေးဖေးဘာပြောရမှန်းမသိဖြစ်သွား၏။ စုန့်ချင်းရဲ့နာမည်က တကယ်တော့ကောင်းပါတယ်၊ စုန့်ချင်းရဲ့ ကြည်လင်အေးစက်တဲ့ပုံစံနဲ့ လိုက်ဖက်တယ်။ ဒါပေမဲ့ မုရှောင်ကျို ဒါကဘာနာမည်ကောင်းလဲ။ ကောင်မလေးကို အရက်အိုးလုပ်ထားတာနဲ့တူတယ်လေ။ ဒါပေမဲ့ ဒါကအဘိုးကြီးရဲ့ အရက်ကြိုက်တဲ့စိတ်နဲ့တော့ လိုက်ဖက်သားပဲ။

မျိုးရိုးနာမည်ကိုကြားရုံနဲ့ မုရှောင်ကျိုက အရင်းအချာမြေးမလေးမဟုတ်ဘူးဆိုတာ သိသာလှသည်။ ဒါပေမဲ့အဘိုးကြီးကသူ့ကိုကြည့်တဲ့အကြည့်က အလွန်အမင်းချစ်ခင်နေဟန်ပင်။

စဉ်းစားကြည့်တော့လည်း အချစ်ဆုံးမြေးမလေးမဟုတ်ရင် ဘယ်လိုလုပ် သူ့ရဲ့ဝါသနာကိုနာမည်ပေးမှာလဲ။

တစ်ချိန်တည်းမှာယွီဟွေးဖေးလည်း မုရှောင်ကျိုဟာ ဘာလို့စုန့်ချင်းနဲ့ ပေါင်းသင်းနိုင်လဲဆိုတာနားလည်သွားသည်။ ဆရာနဲ့တပည့်ဆက်ဆံရေးတင်မကဘူး ညီအစ်မဆက်ဆံရေးလည်းရှိတာကိုး။

အဲ့ဒီအချိန်မှာ မုရှောင်ကျိုက နှုတ်ခမ်းစူပြီး “နင်ငါ့နာမည်ကိုမကြိုက်မရှိနဲ့နော် ငါ့အစ်မအရင်က စုန့်အရက်ခွက်လို့ခေါ်တယ်တဲ့”

“လျှောက်မပြောနဲ့” စုန့်ချင်းကလှည့်ပြီးသူ့နဖူးကိုတစ်ချက်ရိုက်လိုက်သည်။

စုန့်အဘိုးကြီးကဟဲဟဲရယ်ပြီး “သူ့ကိုမွေးတုန်းက ငါသူ့အဖေနဲ့ အရက်ခွက်ကိုင်သောက်နေတာလေ။ အဲ့တုန်းက ငါ့ကိုနာမည်ပေးခိုင်းတော့ ငါစဉ်းစားလိုက်တယ်။ နာမည်ဆိုတာ အရေးကြီးဆုံးက မှတ်မိလွယ်ပြီး လိုက်ဖက်ဖို့မလား။ ဘယ်လိုလဲ... ငါပေးတာတော်တော်လိုက်ဖက်တယ်မလား”

ယွီဟွေးဖေးခေါင်းမှာချွေးတွေပြန်လာပြီး ခြောက်ကပ်ကပ်ရယ်ကာ “ကံကောင်းလို့ အဲ့တုန်းက ခင်ဗျားအရက်အိုးနဲ့ သောက်မနေတာ...”

“စုန့်အရက်အိုးလား” အဘိုးကြီးက နည်းနည်းစိတ်ဝင်စားသွား၏။

စုန့်ချင်းကတော့မကျေမနပ်နဲ့ “နင်လျှောက်မပြောနဲ့”

ယွီဟွေးဖေးကပြုံးပြီး အမြန်ခေါင်းငုံ့ပြီးအရက်သောက်ကာ စကားမပြောတော့ချေ။

ဒါပေမဲ့ အဘိုးကြီးကမကျေနပ်ဘူး။ “ဘယ်လိုစကားပြောနေတာလဲ”

ထိုလေသံကြောင့် စုန့်ချင်းနဲ့ မုရှောင်ကျိုကြောင်သွားကြ၏။ ဒါကပထမဆုံးအကြိမ် သူတို့အဘိုးက သူစိမ်းဘက်ကနေစကားပြောတာပဲ။ စုန့်အဘိုးကြီးကယွီဟွေးဖေးကိုညွှန်ပြပြီး “ဒါဘယ်သူလဲသိလား”

ကောင်မလေးနှစ်ယောက်စုပြီးခေါင်းခါကြသည်။

“ချင်းလေး... ရှောင်ကျို...။ လာခဲ့... နင်တို့ရဲ့ ဒုတိယအဘိုးလေး ယွီဟွေးဖေးကိုတွေ့လိုက်”

“ဘာ”

မုရှောင်ကျိုပါးစပ်သေးသေးလေးက ဘဲဥကြီးတစ်လုံးလောက် ဝင်သွားနိုင်လောက်အောင်ဟသွားပြီး မေးစေ့တောင်မြေကြီးပေါ်ကျတော့မယ်။ အေးစက်စက် စုန့်ချင်းလည်း မျက်လုံးအလှကြီးတွေပြူးသွားပြီး ယွီဟွေးဖေးနဲ့ စုန့်အဘိုးကြီးကို ထူးဆန်းစွာကြည့်နေလေ၏။

ယွီဟွေးဖေးကခေါင်းငုံ့ပြီး ငှက်ကုလားအုတ်လိုပဲ။ ရုတ်တရက်အသိမိတ်ဆွေရဲ့ အဘိုးဖြစ်သွားတော့ သူလည်း နည်းနည်းမခံနိုင်တော့ဘူး။

စုန့်ချင်းကမျက်မှောင်ကြုတ်ပြီး “အဘိုး မူးနေပြီလား”

“ဘယ်သူမူးလို့လဲ။ ဒါငါ့ညီအစ်ကို၊ အတူတူရန်ဖြစ်ဖူးတယ်၊ အတူတူလူမိုက်လုပ်ဖူးတယ်၊ သစ္စာဖောက်ကိုရှင်းခဲ့တယ်။ ငါတို့နှစ်ယောက်စိတ်တူကိုယ်တူပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က တရားဝင်ညီအစ်ကိုဖွဲ့ပြီးပြီ။ ငါကအစ်ကိုကြီး၊ သူကညီလေး။ ငါ့ညီလေးက မင်းတို့အဘိုးမဟုတ်ဘူးလား။ လာ... အဘိုးလို့ခေါ်စမ်း”

စုန့်ချင်းမှာ ကြောင်တောင်တောင်ဖြစ်နေပြီး ယွီဟွေးဖေးလည်း ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူလည်းဒီအခြေအနေမှာ ဘာလုပ်ရမှန်းမသိဘူး။ ဒါပေမဲ့ စုန့်ချင်းက သူ့ကို လူသတ်မယ့်အကြည့်နဲ့ကြည့်နေပြီ။ နောက်တစ်ခဏမှာသူ့ကိုညှစ်သတ်တော့မလိုပဲ။

ယွီဟွေးဖေးက ဘယ်လိုလူလဲ။ ဒီကောင်က အပျော့မကြိုက် အမာကြိုက်၊ စုန့်ချင်းဒီလိုကြည့်တော့ သူမကျေနပ်တော့ဘူး။ သူကစုန့်အဘိုးကြီးဟာ သူမအဘိုးမှန်းလည်းမသိဘူးလေ။

All Chapters