← Chapters

ဧည့်သည်အဖြစ် အလည်သွားခြင်း

Vol. 14 Ch. 203

ဧည့်သည်အဖြစ် အလည်သွားခြင်း

Vol. 14 Ch. 203

ယွီဟွေးဖေးက ပွင့်ပွင့်လင်းလင်းပဲ “လတ်တလောတော့ အဝေးပြေးလေ့ကျင့်နေတယ်... တစ်နာရီနဲ့ ဆယ်ကီလိုမီတာလောက် ပြေးနိုင်တဲ့အဆင့်ပေါ့”

မြေကြီးပေါ်က မျက်မှန်သမားတို့အဖွဲ့ ချက်ချင်းမော့ကြည့်လာကြသည်။ သူတို့မျက်နှာတွေက တော်တော်လေးကို နာကျင်နေတဲ့ပုံပဲ။ ဒီကောင်စုတ်ကို ဘာလို့ပြေးမမီလဲဆိုတာ အခုမှသဘောပေါက်တော့သည်။ ဒီကောင်က အဝေးပြေးလေ့ကျင့်နေတဲ့ကောင်ကိုး။

စုန့်ချင်းက မျက်မှောင်ကြုတ်ပြီး “တကယ်လား”

အဝေးပြေးလေ့ကျင့်တာနဲ့ လူဆယ်ယောက်ကျော်ကို နိုင်သွားတယ်ဆိုတာ သူတစ်ခါမှမကြားဖူးဘူး။ တာဝေးပြေးအားကစားက ဘယ်တုန်းက တိုက်ခိုက်ရေးပညာရှင်မွေးထုတ်တဲ့နည်း ဖြစ်သွားရတာလဲ။

စုန့်ချင်းကတော့ ယွီဟွေးဖေးလျှောက်ပြောနေတယ်လို့ပဲ သတ်မှတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီကောင့်ကိုစတွေ့ကတည်းက ဒီကောင်လုပ်သမျှကိစ္စတွေထဲမှာ စိတ်ချရတာတစ်ခုမှမရှိဘူး။ အနည်းဆုံးတော့ သူ့ပါးစပ်ကထွက်တဲ့စကားတွေက ရထားကြီးတစ်စင်းလုံး လမ်းပေါ်ပြေးနေသလိုပဲ...

ပြန်လမ်းမှာတော့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်က ယွီဟွေးဖေးနဲ့ အတင်းဖော်ရွေအောင်လုပ်ပြီး ပညာနည်းနည်းလောက် သင်ယူချင်နေသည်။

ယွီဟွေးဖေးက အကြာကြီးစဉ်းစားပြီး ကားပေါ်ကမဆင်းခင်မှာ နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။ ”ကျွန်တော်လည်း သိပ်အများကြီးမတတ်ပါဘူး၊ တစ်ကွက်ပဲ တော်တော်လေးကျွမ်းကျင်တယ်။ အဲ့ဒါပဲ ခင်ဗျားကိုသင်ပေးလိုက်မယ်”

ဒီစကားထွက်လာတာနဲ့ အဲ့မှာရှိတဲ့လူတွေအားလုံး မျက်လုံးတွေအရောင်တောက်လာကြသည်။

ဒါပေမဲ့ မျက်မှန်သမားတို့ကတော့ အလိုလို လက်နှစ်ဖက်နဲ့ ဖင်ကိုအုပ်ပြီး ယွီဟွေးဖေးကို သတိကြီးစွာကြည့်နေကြ၏။

စုန့်ချင်းကတော့ စကားမပြောဘဲ လက်ပိုက်ပြီး ဘေးမှာရပ်စောင့်နေသည်။ ယွီဟွေးဖေးရဲ့ လက်စွမ်းပြောင်မြောက်တဲ့အကွက်ကို ကြည့်ချင်နေတဲ့ပုံပဲ။

ယွီဟွေးဖေးက တုတ်တစ်ချောင်းကိုကောက်ကိုင်ပြီး လုံခြုံရေးအဖွဲ့ခေါင်းဆောင်ရှေ့မှာရပ်ကာ လေးနက်တည်ကြည်စွာမေးလိုက်သည်။ ”ပထမဆုံ၊ ခင်ဗျားစိတ်ကိုပြင်ဆင်ထားရမယ်။ ကျွန်တော့်ရဲ့ဒီအကွက်က ထွက်သွားပြီဆိုရင် ပြန်ရုပ်သိမ်းလို့မရတော့ဘူး၊ တော်တော်နာလိမ့်မယ်”

လုံခြုံရေးအဖွဲ့ခေါင်းဆောင်က ပြုံးပြီး “ကျွန်တော်တို့က ဘာလုပ်တဲ့လူတွေလဲ။ ရန်ဖြစ်တဲ့လူတွေပဲ၊ အရေထူအသားမာ၊ နာတာမကြောက်ဘူး”

“ဒုတိယ... ခင်ဗျားကျွန်တော့်ကိုကတိပေးရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ကျွန်တော်တို့ကို တောင်အောက်ပြန်ပို့ပေးရမယ် ပြဿနာမရှာရဘူး။ ကျွန်တော်ခင်ဗျားကိုငိုအောင်လုပ်ပြီးမှ ခင်ဗျားကကျွန်တော့်ကို မပြီးနိုင်မစီးနိုင် လိုက်ရှုပ်နေရင် ကျွန်တော်တာဝန်မယူဘူးနော်”

လုံခြုံရေးအဖွဲ့ခေါင်းဆောင်က ပိုပြီးတောက်ပစွာပြုံးသည်။ ”မနောက်ပါနဲ့၊ ကျွန်တော်ကအဲ့လောက်စိတ်မသေးပါဘူး၊ အားလုံးဒီမှာကြည့်နေကြတာပဲ။ သူဌေးယွီရဲ့တောင်းဆိုချက်အားလုံးကို ကျွန်တော်လက်ခံတယ်။ ဘယ်တော့မှပြန်မပြင်ဘူး၊ ကျွန်တော့်ကိုသက်သေလုပ်ပေးကြ”

လူတွေက လက်ခုပ်တီးပြီး “ခင်ဗျားကိုသက်သေလုပ်ပေးမယ်၊ စိတ်ချပါ” လို့အော်ကြသည်။

ယွီဟွေးဖေးက လက်ခုပ်တီးနေတဲ့လူတွေကိုကြည့်ပြီး စိတ်ထဲမှာ ‘ဒါကမင်းတို့ကိုယ်တိုင်ပြောတာနော်၊ နောက်မှဖိနပ်ကျပ်ခံရရင် ငါ့ကိုအပြစ်မတင်နဲ့’

”နောက်ဆုံးတစ်ချက်၊ ကျွန်တော်တစ်ခါပဲပြမယ်”

လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကခေါင်းညိတ်သည်။ ”ညီလေးက ကိုယ်ပိုင်အစွမ်းကိုတစ်ခါပြပေးတာနဲ့တင် ကျေနပ်နေပါပြီ။ စိတ်ချပါ၊ လောဘမကြီးပါဘူး”

ယွီဟွေးဖေးကစိတ်အေးသွားပြီး ရုတ်တရက် လုံခြုံရေးအဖွဲ့ခေါင်းဆောင်နောက်ကိုလက်ညှိုးထိုးကာ “သူတို့ပြေးတော့မယ်”

လုံခြုံရေးအဖွဲ့ခေါင်းဆောင်က အလိုလိုလှည့်ကြည့်မိလိုက်ချိန် တစ်ခဏမှာ ယွီဟွေးဖေးလက်ထဲကတုတ်က လေးဆယ့်ငါးဒီဂရီစောင်းကာ မျက်စိတစ်မှိတ်အတွင်း ထိုးထွက်သွားသည်။

အားလားလား...

...

တောင်အောက်ဆင်းတဲ့ကားပေါ်မှာ စုန့်ချင်း၊ လျိုကျွမ်း၊ ခယ်လီတို့က တစ်ချိန်လုံး ထူးဆန်းတဲ့အကြည့်နဲ့ ယွီဟွေးဖေးကိုကြည့်နေကြ၏။

လျိုကျွမ်းကတော့ သူ့နဲ့တစ်တန်းတည်းမထိုင်ဘဲ အန္တရာယ်ကင်းတဲ့အကွာအဝေးကိုထိန်းထားပြီး တစ်ချိန်လုံး ယွီဟွေးဖေးကိုမျက်နှာမူထားသည်။

ယွီဟွေးဖေး ဘာပြောနိုင်မှာလဲ။ မိန်းကလေးနှစ်ယောက်ကိုပဲ “အဲ... ကျွန်တော်... တကယ်တော့၊ ယောက်ျားလေးတွေကိုကြိုက်တယ်။ ဒါကြောင့် နှစ်ယောက်သားစိတ်မရှိရင် ညကျ...”

“ပါးစပ်ပိတ်ထား” မိန်းကလေးနှစ်ယောက် မျက်နှာနီရဲစွာဟောက်ပြီး လှည့်ထွက်သွားကြသည်။ ဒီကောင့်ကိုစကားမပြောတော့ဘူး။

ယွီဟွေးဖေးက ပါးစပ်ကိုသပ်ပြီး လျိုကျွမ်းကိုလှည့်ကြည့်တော့ လျိုကျွမ်းက တုန်တုန်ယင်ယင်နဲ့ “မင်းယောက်ျားလေးကြိုက်ကြိုက်၊ မိန်းကလေးကြိုက်ကြိုက်၊ ငါ့နဲ့ဝေးဝေးနေ”

ယွီဟွေးဖေး “@#¥...”

အခုချိန်မှာတော့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်က နားနေခန်းကုတင်ပေါ်မှာမှောက်ရင်း “ခွေးမသား... ခွေးမသား...” လို့ဆဲဆိုနေလေရဲ့။

မျက်မှန်သမားတို့ကတော့ ရဲစခန်းကိုအပို့ခံလိုက်ရပြီ။

နောက်တစ်နေ့မှာ ယွီဟွေးဖေးက သတင်းတစ်ပုဒ်တွေ့လိုက်၏။ ကားသမားတစ်စုကို တစ်ဖွဲ့လုံးဖမ်းမိပြီး ဒီကားသမားတွေကတော်တော်ကြမ်းတမ်းကာ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကိုဒဏ်ရာရစေခဲ့သည်တဲ့။

တိကျတဲ့ပြစ်ဒဏ်ကတော့မထွက်သေးပေမဲ့ ယွီဟွေးဖေးကစိတ်မဝင်စားတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ကောင်တွေ ကံကောင်းမှာမဟုတ်ဘူး။ သူကတော့ အိမ်ပြန်တော့မှာ၊ အဲ့ကောင်တွေထွက်လာရင်တောင် သူ့နဲ့မပတ်သက်တော့ဘူးလေ။

တကယ်လို့သူတို့အရှေ့မြောက်ပိုင်းအထိလိုက်လာရင်တော့ ယွီဟွေးဖေးက ဖင်ထိုးဘိုးအေကြီးရဲ့ လက်စွမ်းကိုပြဖို့ဝန်မလေးဘူး။

မြို့ထဲရောက်တော့ လူတွေကမခွဲကြဘဲ အတူတူညစာသွားစားကြသည်။ ဒီတစ်ခါပြဿနာဖြစ်ပြီးနောက် ယွီဟွေးဖေးနဲ့စုန့်ချင်းရဲ့ဆက်ဆံရေးက သိသိသာသာကောင်းလာ၏။

တခြားသူတွေမျက်စိထဲမှာ စုန့်ချင်းကဆရာမ၊ နတ်သမီး၊ အေးစက်ပြီးလှပတဲ့ရေခဲတောင်မင်းသမီးလိုပဲ။ သူ့နားကပ်ဖို့တောင် တော်တော်ခက်ခဲတယ်၊ စကားပြောရင်တောင် သုံးခါစဉ်းစားပြီးမှပြောရတယ်။

ဒါပေမဲ့ ယွီဟွေးဖေးကမတူဘူး၊ ဒီကောင်မျက်စိထဲမှာ စုန့်ချင်းကနတ်သမီးမဟုတ်ဘူး။

သူကလူမိုက်တစ်ယောက်လိုပဲ၊ စိတ်ထဲရှိတာကိုပြောတယ်၊ ညစ်ညမ်းတဲ့ပြက်လုံးတွေလည်းမနည်းဘူး၊ မိန်းကလေးနှစ်ယောက်ကိုအကြိမ်ကြိမ် စားပွဲမှောက်ချင်အောင်လုပ်သည်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ရှက်ရှက်နဲ့ရယ်ရယ်မောမောနဲ့ အားလုံးရဲ့ဆက်ဆံရေးကပိုပြီးရင်းနှီးလာသည်။

ယွီဟွေးဖေး မနက်ဖြန်ပြန်တော့မယ်ဆိုတာကြားတော့ ခယ်လီနဲ့လျိုကျွမ်းက နည်းနည်းဝမ်းနည်းနေကြသည်။

“တစ်ရက်လောက်ထပ်မနေတော့ဘူးလား” ခယ်လီကမေး၏။

လျိုကျွမ်းကလည်း “သူဌေးယွီ အလောတကြီးမပြန်ပါနဲ့ဦး။ ပေကျင်းရဲ့ညဘက်ဘဝကို ခင်ဗျားမခံစားဖူးသေးဘူး။ တစ်ရက်လောက်ထပ်နေပါလား။ မနက်ဖြန်ကျွန်တော်ခေါ်သွားမယ်...”

ဒီစကားထွက်လာတာနဲ့ မိန်းကလေးနှစ်ယောက်က မျက်စောင်းထိုးကြည့်လာကြသည်။ နည်းနည်းမူးနေတဲ့ လျိုကျွမ်းကချက်ချင်းတုန်သွားပြီး “ကျွန်တော်ခင်ဗျားကို မီးယန်ယန်နဲ့ ရှီးယန်ယန်သွားပြမလို့... တော်တော်ကြည့်လို့ကောင်းတယ်”

ယွီဟွေးဖေး အစကမျှော်လင့်ချက်အပြည့်နဲ့ပဲ။ ဒါပေမဲ့ဒါကိုကြားတော့ ချက်ချင်းလက်မှတ်ဝယ်လိုက်၏။

”ထားလိုက်ပါတော့၊ ကျွန်တော်ပြန်တော့မယ်”

မိန်းကလေးနှစ်ယောက်ကရယ်ကြသည်။ ကြားထဲမှာယွီဟွေးဖေးက လျိုကျွမ်းနဲ့ခယ်လီကို လျိုရှင်းပြန်တဲ့အကြောင်း တိုးတိုးမေးလိုက်သည်။ နှစ်ယောက်သားက လျိုရှင်းနိုင်ငံခြားထွက်သွားတာပဲသိတယ်။ တိတိကျကျတော့မသိဘူးလို့ပြော၏။ ဒါပေမဲ့ ခယ်လီလည်း နိုင်ငံခြားထွက်ဖို့ အစီအစဉ်ရှိ၏။ ဘွဲ့ရရင်လျိုရှင်းနဲ့သွားပေါင်းဖို့စီစဉ်ထားသည်တဲ့လေ။

ဒီလိုနိုင်ငံခြားထွက်ချင်ရင် ထွက်နိုင်တဲ့ သူဌေးသားသမီးတွေကို ယွီဟွေးဖေးလည်း ဘာပြောရမှန်းမသိဖြစ်သွားသည်။ တခြားသူတွေ တစ်ဘဝလုံးကြိုးစားတာက သူတို့မျက်စိထဲမှာ လမ်းထိပ်က ကုန်စုံဆိုင်လိုပဲ၊ ဝယ်ချင်ရင်ဝယ်လိုက်ရုံပဲ။

ပထမဆုံးအကြိမ်အဖြစ် ယွီဟွေးဖေး ချမ်းသာတာကို နည်းနည်းမနာလိုဖြစ်သွားသည်။ အားလုံးဆင်းရဲရင်ကောင်းမှာပဲ၊ လျိုရှင်းလည်း နိုင်ငံခြားထွက်စရာမလိုတော့ဘူးပေါ့။

ဟိုတယ်ပြန်ရောက်တော့ ယွီဟွေးဖေးက အိပ်ယာပေါ်တန်းလှဲပြီးအိပ်လိုက်သည်။ နောက်တစ်နေ့မနက်မှာ ယွီဟွေးဖေးကထပြီး မနက်စာစားမလို့လုပ်တော့ စုန့်အဘိုးကြီးခေါ်သွားတဲ့ လမ်းဟောင်းလေးကိုပဲ သွားစားဖို့ဆုံးဖြတ်လိုက်သည်။

အဲ့မှာမှတကယ့်ပေကျင်းအရသာရှိတာကိုး။ ချွမ်ကျူးတဲ ဘဲကင်ထက်တောင်ပိုပြီး စွဲမက်စရာကောင်းသည်။

လမ်းပေါ်မှာသီချင်းလေးတအေးအေးနဲ့ ရင်းနှီးတဲ့လမ်းပေါ်ရောက်လာတော့ တို့ဟူးနွေးတစ်ခွက်မှာပြီး ယွီဟွေးဖေး ကပျော်ရွှင်စွာစားနေ၏။ အဲ့ဒီအချိန်မှာ ငှက်လှောင်အိမ်တစ်ခုက ယွီဟွေးဖေးထိုင်နေတဲ့စားပွဲပေါ်ကိုရောက်လာသည်။

ယွီဟွေးဖေးမော့ကြည့်လိုက်တော့ အဘိုးကြီးစုန့်က မျက်နှာကြီးပြုံးဖြီးပြီး သူ့ကိုကြည့်ရင်း ”ဟေး... တိုက်ဆိုင်လိုက်တာ”

“အစ်ကိုကြီးလား... မင်္ဂလာနံနက်ခင်းပါ”

“မင်္ဂလာရှိမနေနဲ့တော့၊ ခုနစ်နာရီခွဲတောင်ရှိနေပြီ” အဘိုးကြီးစုန့်ကတော်တော်ပျော်နေပုံရသည်။ မျက်ခုံးတွေမှာတောင် အပြုံးတွေချိတ်ဆွဲထားသလိုပင်။

ယွီဟွေးဖေးကစပ်စုပြီး ”ခင်ဗျားကြီးက ပိုက်ဆံကောက်ရလာတာများလား”

အဘိုးကြီးစုန့်က ဟဲဟဲရယ်ပြီး “ပိုက်ဆံကောက်ရတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ နှစ်ပေါင်းများစွာသိမ်းထားတဲ့ ပစ္စည်းဟောင်းလေးတစ်ခု ရောင်းထွက်တော့မှာဆိုတော့ ပျော်တာပေါ့”

“ဂုဏ်ယူပါတယ်”

အဘိုးကြီးစုန့်ကခေါင်းခါရင်း ”လောလောဆယ်တော့ အရိပ်အယောင်ပဲရှိသေးတယ်၊ တိတိကျကျတော့မသေချာသေးဘူး။ ဒါပေမဲ့... အဲ့ပစ္စည်းက ဒီလောက်နှစ်တွေကြာတာ လှုပ်ရှားမှုမရှိဘဲ ရုတ်တရက်လှုပ်ရှားလာတော့ နည်းနည်းတွန်းအားပေးလိုက်သင့်တယ်။ မင်းဘယ်လိုထင်လဲ”

ယွီဟွေးဖေးကလက်မထောင်ပြပြီး “သင့်တာပေါ့၊ တက်ကြွစွာတိုက်ခိုက်ပြီး အသာစီးရယူတာကမှ တကယ့်နည်းလမ်းပဲ”

“ကောင်းလိုက်တဲ့စကား။ နေ့လည်ကျ ငါ့အိမ်မှာစားမလား”

“ကျွန်တော်နေ့လည်ကျလေယာဉ်နဲ့ပြန်မှာ”

“ဒီလောက်မြန်မြန် ပြန်တော့မှာလား”

မူလကဒီစကားက ဘာမှမဟုတ်ပေမယ့် ယွီဟွေးဖေးကအိမ်ကထွက်လာတုန်း သရဲဖြူ၊ သရဲနက်တို့ရဲ့စကားကိုသတိရသွားတော့ ဒီစကားကနည်းနည်းတစ်မျိုးဖြစ်နေသလိုပဲ။

”မတတ်နိုင်ဘူး၊ အိမ်မှာကိစ္စရှိလို့ အမြန်ပြန်ရမှာ”

“နေ့လည်ဘယ်အချိန်လေယာဉ်လဲ”

“သုံးနာရီခွဲ”

“ဒါဆိုမီတာပေါ့၊ ငါတို့နေ့လည်စောစောစားပြီး တစ်ခွက်လောက်သောက်ကြမယ်။ ပြီးတော့ ငါလူလွှတ်ပြီး မင်းကိုလေဆိပ်ပို့ပေးမယ်၊ လေယာဉ်ပေါ်တက်ရင် မင်းတစ်ရေးအိပ်လိုက်တာနဲ့ ရောက်သွားမှာပဲ၊ ပျော်စရာကြီး”

ယွီဟွေးဖေးကစဉ်းစားကြည့်တော့ မဆိုးဘူးထင်သည်။ ဒီနေ့ခယ်လီနဲ့ လျိုကျွမ်းက နေ့လည်မှာကိစ္စရှိတော့ သူ့ကိုမလိုက်နိုင်ဘူး။ သူကဘယ်လိုပဲဖြစ်ဖြစ်စားရမှာပဲ။ အဘိုးကြီးစုန့်ကလည်း စိတ်တူကိုယ်တူ၊ ပြီးတော့စိတ်အားထက်သန်စွာ ဖိတ်ခေါ်နေတော့ သွားလိုက်တာပေါ့။

“ကောင်းပြီ”

အဘိုးကြီးစုန့်ကပိုပြီးပျော်သွားပြီး သီချင်းလေးတအေးအေးနဲ့ ပေကျင်းလေသံနဲ့ဆိုနေ၏။ ”ပစ္စည်းကောင်း... ရောင်းထွက်ပြီ...”

“ဒါကဘယ်သီချင်းလဲ”

“ကိုယ်တိုင်ရေး၊ ပျော်ရွှင်တေး”

ယွီဟွေးဖေး ဘာပြောရမှန်းမသိဖြစ်သွား၏။ တကယ်တော့ သူအဘိုးကြီးစုန့်ကို အားကျသည်။ ဒီအဘိုးကြီးကအမြဲတမ်း ပေါ့ပေါ့ပါးပါးနေတတ်သည်။ သူအသက်ကြီးနေပေမယ့် သူ့နဲ့ပေါင်းသင်းတဲ့အခါ သူကလူငယ်တော်တော်များများ ရှက်သွားရလောက်တဲ့ တက်ကြွမှုကိုထုတ်လွှတ်သည်။ အရာရာအားလုံး သူ့မျက်စိထဲမှာ ပြဇာတ်တစ်ခု၊ သီချင်းတစ်ပုဒ်လိုပဲ၊ တစ်ခါကြည့်၊ တစ်ခါခံစား၊ ပေါ့ပေါ့ပါးပါးနဲ့။

ဒါကဘယ်အရာကိုမှ စိတ်ထဲမထားဘဲ လွတ်လပ်စွာနေထိုင်တဲ့ အသက်ခုနစ်ဆယ်ရှစ်ဆယ်အရွယ်ပေမဲ့ အသက်နှစ်ဆယ် လူငယ်တစ်ယောက်လို ခံစားရတဲ့လူတစ်ယောက်ပဲ။

နှစ်ယောက်သားစကားပြောရင်း၊ မနက်စာစားပြီးတော့ အဘိုးကြီးစုန့်က ယွီဟွေးဖေးကို မြစ်ကမ်းဘေးမှာ တခြားသူတွေနဲ့ငှက်ကစား၊ ပုရစ်တိုက်ပွဲကြည့်ခိုင်းသည်။ နောက်ဆုံးမှ ယွီဟွေးဖေးကို ရပ်ကွက်တစ်ခုထဲကိုခေါ်သွား၏။ ဒီရပ်ကွက်ကအိုနေပေမယ့် အသက်ဓာတ်ပြည့်ဝတဲ့နေရာကအများကြီးပဲ။

ဒါက မြေတစ်လက်မကို ရွှေတစ်ရွေးတန်တဲ့မြို့တော်မှာ အံ့ဩစရာကောင်းတဲ့နေရာတစ်ခုလိုပဲ။ ပိုပြီးလွန်တာက ဒီအိမ်အိုတွေကိုကျော်သွားရင် လေးထောင့်ခြံဝင်းတွေရှိနေသည်။ လေးထောင့်ခြံဝင်းက တော်တော်အိုနေပြီ။ ယွီဟွေးဖေးစိတ်ကူးထဲကလို မင်းစံအိမ်ကြီးမျိုးမဟုတ်ဘဲ တကယ့်လေးထောင့်ခြံဝင်းပဲ။

မလှဘူး၊ မကြည့်ကောင်းဘူး...

ခြံဝင်းတချို့က တစ်စုတည်းစုနေပြီး ကြားထဲကလမ်းကြားလေးက အက်ကြောင်းလေးတစ်ခုလိုပဲ။ တချို့လေးထောင့်ခြံဝင်းတွေမှာ မိသားစုတော်တော်များများနေကြတယ်၊ တချို့ကလည်းအန္တရာယ်ရှိတဲ့ အဆောက်အဦးဖြစ်နေပြီ။

ဒါပေမဲ့အဘိုးကြီးအိမ်က တစ်အိမ်တည်းခြံဝင်းတစ်ခုလုံး၊ ခြံဝင်းတစ်ခုလုံးကသူ့အိမ်ပဲ၊ တော်တော်လေးခမ်းနားတယ်လို့ ပြောလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒါကမြို့တော်ရဲ့ လေးထောင့်ခြံဝင်းပဲလေ။

တံခါးကြီးကိုတွန်းဖွင့်လိုက်တော့ ယွီဟွေးဖေးက ဖီးနစ်တံဆိပ် စက်ဘီးအိုတစ်စီးကိုမြင်လိုက်ရသည်။ ဒီစက်ဘီးကိုတောက်ပြောင်အောင်တိုက်ထားပြီး အရောင်တောက်နေ၏။ အမြဲတမ်း သန့်ရှင်းရေးလုပ်ထားမှန်း သိသာလှသည်။

ခြံဝင်းထဲမှာ မိုးမခပင်အိုတစ်ပင်ရှိတယ်၊ ယွီဟွေးဖေးမော့ကြည့်ပြီး “ပတ်ဝန်းကျင်ကောင်းလိုက်တာ”

အဘိုးကြီးစုန့်ကပြုံးပြီး “ဒါပေါ့... လူတစ်ဘဝနေရတာ၊ ကိုယ့်ကိုယ်ကို ဘယ်လိုဒုက္ခပေးလို့ဖြစ်မလဲ”

အဲ့ဒီအချိန်မှာ အိမ်ထဲကအဘွားကြီးတစ်ယောက်ရဲ့ အသံထွက်လာ၏။ ”အဘိုးကြီးစုန့်၊ နင်ဘယ်သူနဲ့စကားပြောနေတာလဲ။ ဧည့်သည်လာလို့လား။ နင်ငါ့ကိုကြိုမပြောထားဘူး။ ငါပြောထားမယ်နော် အိမ်မှာဟင်းကောင်းကောင်းမရှိတော့ဘူး”

စကားပြောရင်း မီးခိုးရောင်ဆွယ်တာဝတ်၊ အပေါ်ကအင်္ကျီလက်ပြတ်ဝတ်၊ ဆံပင်ဖြူတစ်ဝက်နဲ့ မျက်နှာထားနည်းနည်းတင်းမာပေမယ့် မျက်လုံးတွေက အထူးသဖြင့် လန်းဆန်းတတ်ကြွနေတဲ့ အဘွားကြီးတစ်ယောက်ထွက်လာသည်။

All Chapters