ဖုတ်ကောင်လား
Vol. 14 Ch. 202
ခယ်လီက “ဘာမှမဖြစ်လောက်ပါဘူး၊ သူက ဒီလောက်လိမ္မာပါးနပ်တာ... ပြီးတော့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကို နင်လည်းမြင်ဖူးတာပဲ။ အရင်တုန်းက တောင်ထဲမှာ...”
လျိုကျွမ်းက ခါးခါးသီးသီးပြုံးပြီး “လူက တောဝက်မဟုတ်ဘူးလေ၊ လူမှာဦးနှောက်ရှိတယ်။ ဒီလောက်လူများတာ၊ သူ့ကိုဝိုင်းလိုက်တာနဲ့ တစ်ပြိုင်တည်းတက်တိုက်လိုက်ရင် မင်းသားတောင် လဲကျသွားမှာပဲမဟုတ်လား”
“တောင်းပန်ပါတယ်” စုန့်ချင်းက အသံတိုးတိုးနဲ့ပြောသည်။
“ဆရာမစုန့်၊ ဒီလိုမပြောပါနဲ့...”
ဘေးကလုံခြုံရေးက “တောင်းပန်ရမှာက ကျွန်တော်တို့ပါ... အဲ့လူတွေက အနီးအနားကရွာသားတွေပါ။ ဘဝကမလွယ်ဘူး။ သူတို့ကဂိတ်ပေါက်ဝမှာ ကားမောင်းပြီးဧည့်သည်ဆွဲတာ တောင်းတဲ့ဈေးကလည်းမများပါဘူး။ အစောပိုင်းတုန်းက ကျွန်တော်တို့က ဆိုင်းဘုတ်တစ်ခုထောင်ထားပြီး အဲ့ပေါ်မှာ ဘယ်လိုပြန်ရမလဲဆိုတာ ရေးထားတယ်။ ပြီးတော့ သူတို့ကိုစောင့်ကြည့်ပြီး မလိမ်လည်ဖို့၊ အမှန်အတိုင်းပြောဖို့ပြောထားတယ်။ တချို့ကတကယ်မလျှောက်နိုင်တော့ဘဲ မိနစ်အနည်းငယ်လမ်းတောင်မလျှောက်ချင်တော့ရင် သူတို့ကားစီးကြတယ်။ အချိန်ကြာလာတော့ ဒီကောင်တွေစိတ်တွေယုတ်မာလာကြမယ် ဘယ်သူသိမှာလဲ”
“ဒါကြောင့်ပြောတာ၊ သနားစရာကောင်းတဲ့လူမှာ မုန်းစရာကောင်းတဲ့အချက်ရှိတယ်လို့” လုံခြုံရေးတစ်ယောက်ကပြောရာ လူတိုင်းကခေါင်းညိတ်ကြသည်။
“ခင်ဗျားတို့ပြောတဲ့လူ ဘာမှမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းရမှာပဲ...”
“တစ်ယောက်တည်းကို ဆယ်ယောက်ကျော်ကလိုက်နေတာ ဒီလောက်ကြာနေပြီဆိုတော့ ဒုက္ခရောက်နေလောက်ပြီ”
အဲ့ဒီအချိန်မှာခယ်လီက စုန့်ချင်းကိုမေး၏။ “ဆရာမစုန့်က သိုင်းတတ်လား။ အရင်က လူကိုဖမ်းပြီးလဲချလိုက်တာ တော်တော်မိုက်တာပဲ”
စုန့်ချင်းကခေါင်းညိတ်သည်။ “နပန်းသင်ဖူးတယ်၊ ရှေးနပန်းပညာပဲ။ ပုံမှန်တော့မသုံးဘူး...”
“ရှေးဟောင်းနပန်း” လျိုကျွမ်းကအံ့အားသင့်စွာစုန့်ချင်းကိုကြည့်ပြီး “ကျွန်တော်ကြားဖူးတယ်၊ တစ်ယောက်ချင်းတိုက်ရင် နပန်းကပြိုင်ဘက်ကင်းပဲတဲ့။ တကယ်ဟုတ်မဟုတ်တော့မသိဘူး...”
“ဘယ်မှာပြိုင်ကင်းပညာရယ်လို့ ရှိလို့လဲ၊ အားလုံးကလူပေါ်မူတည်တာ”
စုန့်ချင်းကဒီအကြောင်းတွေပြောဖို့စိတ်မပါဘူး။ သူမအခုယွီဟွေးဖေးရဲ့လုံခြုံရေးကိုစိုးရိမ်နေသည်။ ဘာလို့လဲဆိုတော့ သူမသိသည်လေ။ ယွီဟွေးဖေး အရင်ကပြေးဖို့အခွင့်အရေးရှိပေမယ့် ထွက်လာပြီးရန်သူအများစုကိုဆွဲဆောင်သွားတာ သူမကိုကယ်ဖို့ပဲ။
ပြဿနာကသူမကစခဲ့တာ၊ ဒါပေမဲ့အန္တရာယ်ကိုဟိုဘက်ကခံလိုက်ရတော့ သူမတော်တော် စိတ်မကောင်းဖြစ်နေ၏။
“အားလုံးဒီလောက်မစိုးရိမ်ကြနဲ့တော့။ သူဌေးယွီက ကံကောင်းတတ်တဲ့လူပဲ။ ဘာမှမဖြစ်လောက်ပါဘူး...”
ခယ်လီဒီလိုပြောပေမယ့် ဘယ်သူမှထောက်ခံမပြောဘူး။
ဒီလောက်ကြာနေပြီ တစ်ယောက်ကဆယ်ယောက်ကျော်ကို ရင်ဆိုင်နေတာလေ။ တကယ်ပဲ ဘယ်သူမှ ယွီဟွေးဖေးကို မျှော်လင့်ချက်သိပ်မထားကြဘူး။ ခယ်လီရဲ့စကားကို ကိုယ့်ကိုယ်ကိုနှစ်သိမ့်နေတယ်လို့ပဲ သတ်မှတ်လိုက်ကြသည်။
အဲ့ဒီအချိန်မှာပဲ...
ရှေ့ကနေ အော်သံတွေထွက်လာရာ လူတိုင်းစိတ်လှုပ်ရှားသွားကြသည်။
“လိုက်မီပြီ။ မြန်မြန်၊ အရှိန်မြှင့်”
“ဘုရားရေ... ဒီလောက်ကြောက်စရာကောင်းအောင် အော်နေတာ နှိပ်စက်ခံနေရတာလား”
“ဒီကားသမားတွေကတော်တော်လွန်တာပဲ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ရဲသေးတယ်။ တော်တော်သတ္တိကောင်းနေကြတာပဲ”
လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဒေါသထွက်သွား၏။【ဘာလို့လုံခြုံရေးတွေလာတာလဲလို့မမေးနဲ့၊ ရဲလာရင်404ဖြစ်မှာစိုးလို့၊ ဒါကြောင့် နောက်ပိုင်းလုံခြုံရေးရှိရင် တော်တော်ကောင်းနေပြီ၊ အစိုးရဝန်ထမ်းတွေပေါ်လာမှာ မဟုတ်ဘူး။】
အရှိန်မြှင့်ပြီး ပြေးတက်သွားပြီးတော့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်က မျက်မှောင်ကြုတ်သွားသည်။
“မဟုတ်သေးဘူး၊ ဒီအော်သံတွေက နည်းနည်းများနေတယ်။ သူတို့လိုက်တာတစ်ယောက်တည်းဆိုတာ ခင်ဗျားတို့သေချာလား။ လူတစ်စုရန်ဖြစ်နေတာ မဟုတ်ဘူးလား”
စုန့်ချင်းကလည်း စဉ်းစားမရဖြစ်ပြီး “ဟုတ်တယ်လေ... သူတစ်ယောက်တည်းပဲ။ ဒါပေမဲ့ ဘာလို့ ဒီလောက်လူများများ အော်နေကြတာလဲ”
“အော်သံတွေကပိုနီးလာပြီ၊ သရဲခြောက်တာတော့မဟုတ်ဘူးမလား”
အဲ့ဒီအချိန်မှာညနေစောင်းနေပြီ၊ နေဝင်ခါနီး၊ နေရောင်ကမှိန်နေပြီ။ အားလုံးလျှောက်တွေးနေတဲ့အချိန်မှာ ရှေ့ကလမ်းကွေ့မှာ လူတစ်စုပေါ်လာ၏။
သူတို့က မှိန်နေတဲ့နေရောင်ကို ကျောခိုင်းထားတော့ နေရောင်က သူတို့အရိပ်ကို ရှည်လျားစွာ ဆွဲဆန့်ထားလေသည်။ ဒီလူတွေ လမ်းလျှောက်ပုံက တော်တော်ထူးဆန်း၏။ ပုံမှန်လူလိုမဟုတ်ဘဲ တစ်လှမ်းချင်းယိုင်နဲ့၊ ကိုယ်ကတောင့်တင်း၊ ကွေးကောက်နေသည်၊ အဲ့ခံစားချက်က...
လူတိုင်းကတစ်ချိန်တည်းမှာ ပုံတစ်ပုံကိုစိတ်ကူးမိလိုက်ကြသည်။ လျိုကျွမ်းကတော့ “ဇီဝကပ်ဘေး။ ဖုတ်ကောင်များလား”
ကားမီးတွေ ရှေ့ကိုထိုးလိုက်ချိန်မှ အားလုံး ဒီလူတွေရဲ့ ပုံပန်းသဏ္ဍာန်ကို သေချာမြင်လိုက်ရသည်။ ဒီလူတွေကလည်း သူတို့ကိုမြင်တော့ စုပြီးအော်ဟစ်ကြ၏။
“ကယ်ကြပါ။ လူရိုက်တယ်။ အနိုင်ကျင့်တယ်”
ဒီလူတွေရဲ့မျက်လုံးတွေက ခုနက နည်းနည်းကြောင်နေပြီး ဖုတ်ကောင်နဲ့တူသည်။ ဒါပေမဲ့ သူတို့ကိုမြင်တော့ တစ်ယောက်ချင်းစီက စိတ်တွေလန်းဆန်းလာပြီး အော်တဲ့စကားတွေကလည်း ယုတ္တိရှိသည်။
ဒါပေမဲ့ သူတို့စဉ်းစားမရတာက ဒီကောင်တွေဘာလို့ဖိနပ်မစီးထားကြတာလဲ။ ပြီးတော့ လမ်းလျှောက်ပုံက ဘာလို့ဒီလောက်ထူးဆန်းနေရတာလဲ။
“အဖွဲ့ခေါင်းဆောင်၊ သူတို့လာနေပြီ၊ ငါတို့ဆုတ်ရမလားတက်ရမလား” တစ်ယောက်ယောက်ကမေး၏။
“မင်းက သူတို့ကို တကယ်ဖုတ်ကောင်ထင်နေတာလား။ ဘာဖြစ်ခဲ့လဲမသိပေမယ့် အားလုံးကလူတွေပဲဖြစ်ရမယ်။ သွားမေးကြည့်၊ ဘာအခြေအနေလဲ၊ ဘာလို့ဒီလောက်ဆိုးနေကြတာလဲ” အဖွဲ့ခေါင်းဆောင်ကပြောသည်။
စုန့်ချင်းကတော့ အဲ့ထဲက သုံးယောက်ကိုမှတ်မိသည်။ နှစ်ယောက်က အစောဆုံးရန်စတဲ့လူတွေ၊ တစ်ယောက်ကမျက်မှန်နဲ့ခေါင်းဆောင်။
“သူတို့ပဲ... သူတို့ပဲ... ကျွန်မသူငယ်ချင်းကို လိုက်ဖမ်းကြတာ”
“အားလုံးသတိထားကြ... ဒီကောင်တွေကလူကောင်းတွေမဟုတ်လောက်ဘူး” လုံခြုံရေးအဖွဲ့ခေါင်းဆောင်က လူတိုင်းကိုသတိပေး၏။
လူတိုင်းကလည်း တုတ်တွေထုတ်ပြီး တစ်ယောက်ချင်းစီကအသင့်အနေအထားနဲ့ရှိနေကြပြီ။ ဒါပေမဲ့ အားလုံးက ဒီလူတွေရဲ့တိုက်ခိုက်နိုင်စွမ်းကို အထင်ကြီးသွားကြသည်။ ဒီကောင်တွေကပ်လာတာနဲ့ မြေကြီးပေါ်ထိုင်ချတဲ့သူကထိုင်ချ၊ ပေါင်ကိုဖက်တဲ့သူကဖက်၊ အော်ဟစ်တဲ့သူကအော်ဟစ်...
ဒါပေမဲ့စကားတွေကအတူတူပဲ “ခင်ဗျားတို့ဘာလို့ခုမှလာရတာလဲ”
“ကယ်ကြပါ”
“ရေတစ်ခွက်လောက်ပေးပါ၊ ကျွန်တော်သေတော့မယ်...”
“ကျွန်တော်ဆရာဝန်နဲ့တွေ့ချင်တယ်...”
…
ဒီလိုကြောက်ရွံ့နေတဲ့ပုံကိုကြည့်ပြီး လုံခြုံရေးတွေ ကြောင်သွားကြ၏။
“ခင်ဗျားတို့ ဘာကြုံခဲ့ရတာလဲ။ ဘာလို့တစ်ယောက်ချင်းစီတိုင်းက ဒီလိုဖြစ်နေကြတာလဲ”
“ခင်ဗျားတို့ဖုတ်ကောင်နဲ့တွေ့ခဲ့တာမဟုတ်ဘူးမလား”
စကားဆုံးတာနဲ့ တစ်ယောက်ကထအော်လေ၏။
“သူလာပြီ၊ သူလာပြီ၊ သူလာပြီ။ ကယ်ကြပါ”
လုံခြုံရေးတွေက အသင့်အနေအထား မျက်လုံးပြူးပြူးနဲ့ ရှေ့ကိုစိုက်ကြည့်နေကြလေ၏။
နေဝင်ချိန်အောက်မှာ ဝတ်ရုံနီဝတ်ထားတဲ့ ယောက်ျားတစ်ယောက်ထွက်လာလေပြီ။ နေရောင်ကိုကျောခိုင်းထားတော့ သူ့ရုပ်ရည်ကိုသေချာမမြင်ရဘူး။ သူလက်တစ်ဖက်က တုတ်ကိုကိုင်ထားပြီး နောက်လက်တစ်ဖက်က ကြိုးတစ်ချောင်းကိုဆွဲထားသည်။ ကြိုးပေါ်မှာ ပစ္စည်းတစ်တန်းချည်ထားသေး၏။
မြေကြီးပေါ်က သရဲမြင်သလို အော်ဟစ်နေတဲ့ ကားသမားတွေနဲ့ ပေါင်းလိုက်တော့ အခြေအနေက ထူးဆန်းတာကနေ ကြောက်စရာကောင်းသွားသည်။ အားလုံး အကြောင်းမဲ့ စိတ်တွေတင်းမာလာကြ၏။
ဒါပေမဲ့စုန့်ချင်း၊ ခယ်လီနဲ့လျိုကျွမ်းကတော့မျက်လုံးတွေအရောင်တောက်လာပြီး သူ့ရဲ့အထောက်အထားကိုသိလိုက်ကြသည်။
“အယ်... လူတော်တော်များတာပဲ” ဟိုဘက်ကရယ်သံတစ်ချက်ထွက်လာသည်။
အဲ့ဒီအချိန်မှာ သူလည်းကားမီးရောင်ထဲကို ရောက်လာသဖြင့် အားလုံးကသေချာမြင်လိုက်ရသည်။ ဒီကောင်ကလူငယ်တစ်ယောက်ပဲ။
လက်ထဲမှာဆွဲထားတဲ့ပစ္စည်းက ချည်ထားတဲ့ဖိနပ်တစ်တန်း။
အားလုံးက မြေကြီးပေါ်က ခြေဗလာနဲ့ သနားစရာကောင်တွေကိုကြည့်၊ ပြီးတော့ ယွီဟွေးဖေးလက်ထဲက ဖိနပ်ကိုကြည့်ပြီး တစ်ယောက်ချင်းစီ မျက်နှာတွေထူးဆန်းသွားကြသည်။
သူတို့လုံးဝစဉ်းစားလို့မရဘူး၊ ဒီတစ်ယောက်တည်းကဘယ်လိုနည်းနဲ့ ဒီလိုရန်လိုတဲ့ကောင်တွေရဲ့ဖိနပ်ကို ချွတ်ပစ်လိုက်တာလဲ။
ဘယ်လိုနည်းနဲ့ တစ်ယောက်တည်းက ဆယ်ယောက်ကျော်ကို သူငယ်တန်းကလေးလို အနိုင်ကျင့်လိုက်တာလဲ။
“သူဌေးယွီ ဘာမှမဖြစ်ဘူးမလား” ခယ်လီက ဂရုစိုက်စွာ ရှေ့တိုးမေးသည်။
ယွီဟွေးဖေးကပြုံးရင်း “ဘာဖြစ်စရာရှိလို့လဲ”
စုန့်ချင်းကရှေ့တိုး၍ “နင်... နင်သူတို့ကိုဘယ်လိုလုပ်လိုက်တာလဲ”
ယွီဟွေးဖေးကအမြန်လက်ပြရင်း “ဟိုး… လျှောက်မပြောနဲ့နော် ငါဘာမှမလုပ်ဘူး။ သူတို့ကလေ ငါ့ရုပ်က အရမ်းချောတာကိုမြင်ပြီးတော့ ငါကသူတို့ကိုဓားကိုချဖို့ စကားနည်းနည်းပြောလိုက်တော့ တစ်ယောက်ချင်းစီကတရားရသွားကြတာ။ သူတို့ကဖိနပ်ကိုကိုယ်တိုင်ချွတ်ပြီး ခြေဗလာနဲ့ပြန်လျှောက်သွားတာ၊ သူတို့ကဒုက္ခနဲ့သူတို့အပြစ်ကိုဆေးကြောချင်လို့၊ အပြစ်ဖြေချင်လို့တဲ့”
ဒီစကားကသရဲကိုလိမ်ရင်တောင် သရဲကမယုံဘူး။
စုန့်ချင်းက သူ့ကိုမျက်စောင်းကြီး တစ်ချက်ထိုးလိုက်သည်။ ယွီဟွေးဖေးကတော့ သူခိုးလိုပြုံးနေ၏။ သူ့မျက်နှာကလည်း ငါလျှောက်ပြောနေတာလို့ ရှင်းရှင်းလင်းလင်းပြနေသည်။ ဘာပဲဖြစ်ဖြစ် ငါသူတို့ကို ရိုက်တယ်လို့ ဝန်ခံမှာမဟုတ်ဘူး။
“အဖွဲ့ခေါင်းဆောင် ဒီဘက်ကကိစ္စ ခင်ဗျားကြည့်...”
“ခင်ဗျားတို့ကအနိုင်ကျင့်ခံရတာ။ ဒီကိစ္စကခင်ဗျားတို့နဲ့မဆိုင်ဘူး။ နောက်မှ ကျွန်တော်တို့ သူတို့ကိုရဲစခန်းပို့လိုက်မယ်... ဒါပေါ့၊ ခင်ဗျားတို့လည်းအတူတူလိုက်ချင်ရင်လိုက်ခဲ့လို့ရတယ်”
ယွီဟွေးဖေးက အမြန်လက်မြှောက်သည်။ “ကျွန်တော်တော့မလိုက်တော့ဘူး၊ ကျွန်တော်ဘာမှမသိဘူး။ သူတို့ဒီလိုဖြစ်တာက ကျွန်တော့်ရဲ့ချောမောတဲ့ရုပ်ရည်ကြောင့်၊ တကယ်တခြားဘာမှမရှိဘူး”
အားလုံးကတစ်ပြိုင်တည်း “နင်ပါးစပ်ပိတ်ထားစမ်း၊ ဘယ်သူကနင့်ကိုယုံမှာလဲ”
မြေကြီးပေါ်ကလူတစ်စုကပိုပြီးဒေါသတကြီးနဲ့ “မင်း... မင်းချော... မင်းဘိုးအေကြီး။ မင်း... အမလေး... တင်ပါးနာတယ်”
ခယ်လီက တင်ပါးကိုအဆက်မပြတ်ပွတ်နေတဲ့ လူတွေကိုကြည့်ပြီးတော့ ယွီဟွေးဖေးကိုကြည့်ရင်း နောက်ဆုံးမေးလိုက်သည်။
“သူဌေးယွီက ယောက်ျားလေးချင်းကြိုက်တာ မဟုတ်ဘူးမလား”
ယွီဟွေးဖေးကမျက်လုံးကိုလှန်ပြီး ခယ်လီရှေ့ကိုတိုးကပ်သွားကာ ဟဲဟဲနဲ့ “တကယ်တော့လေ၊ ငါကမိန်းကလေး၊ ဒါကြောင့် ယောက်ျားလေးတွေကို ကြိုက်တာမဆန်းဘူးမလား။ ဟုတ်သားပဲ... ငါညကျရင်အမှောင်ကြောက်တယ်၊ ညကျအတူတူအိပ်မလား”
“သွားစမ်း”
ယွီဟွေးဖေးက စိတ်မကောင်းစွာနဲ့ လျိုကျွမ်းဘေးကို တိုးကပ်သွားပြီး လျိုကျွမ်းရဲ့ ရင်ဘတ်ကြွက်သားကိုပွတ်သပ်ရင်း “ညီလေးလျို၊ ငါဒဏ်ရာရသွားတယ်၊ ညကျအတူတူအိပ်မလား”
“သွားစမ်း” လျိုကျွမ်းကတုန်တုန်ယင်ယင်နဲ့ တစ်ခဏအတွင်း မီတာနှစ်ဆယ်ကျော်ပြေးထွက်သွား၏။
အဲ့လုံခြုံရေးတွေက ယွီဟွေးဖေးကိုကြည့်တဲ့ အကြည့်တွေ မတူတော့ဘူး။ မြေကြီးပေါ်က အဲ့လူတွေက ပိုပြီးတော့တောင် နောက်ဆုတ်သွားကြသည်။ အဲ့မျက်လုံးလေးတွေက ကောင်မလေးက လူယုတ်မာကြီးနဲ့တွေ့သလိုပဲ ဒီကောင်လာမှာကိုကြောက်နေကြ၏။
တစ်ချိန်တည်းမှာတစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ တိတ်တိတ်လေးတွေးနေကြ၏။ ခုနကကြိုးစားပြေးလို့၊ တကယ်လို့သာ တစ်ယောက်တည်းကျန်ခဲ့ရင်...
လေတစ်ချက်တိုက်လာတော့ စုပြီးတုန်သွားကြ၏။
ဒါကို စုန့်ချင်းကမြင်တော့ နှုတ်ခမ်းစူပြီးပြုံးလိုက်သည်။ သူမတွေ့ရှိလိုက်ရတာက ဒီကောင်ကလူပြက်ဝင်စားတာပဲ၊ ဘယ်အချိန်မဆိုပြဿနာတစ်ခုခုရှာတတ်၏။ သူမက ယွီဟွေးဖေး လျှောက်ပြောတာကိုမယုံဘူး လက်ဆုပ်ပြီး “နပန်းဘုရင် ယွီဟွေးဟိုင်ရဲ့တပည့်၊ စုန့်ချင်း”
ယွီဟွေးဖေးကကြောင်သွားပေမယ့် သူကတုံ့ပြန်မှုမြန်သည်။ ချက်ချင်းလက်ဆုပ်ပြီး “စကြာဝဠာရဲ့နံပါတ်တစ်အချောဆုံး၊ ယွီဟွေးဖေး”
စုန့်ချင်း “@E$^T&&Y……&&”
တကယ်တော့ စုန့်ချင်းရဲ့လက်ဟန်ကထူးခြားသည်၊ လက်အုပ် တစ်ချက်ယှက်တာမှာ အများကြီးအဓိပ္ပာယ်ရှိသည်။ သူမဒီလိုလုပ်တာက ယွီဟွေးဖေးကို သူမရဲ့အထောက်အထားကိုပြတာ။ တကယ်လို့ ဟိုဘက်ကလည်း တကယ့်ရိုးရာသိုင်းလောကကဆိုရင် နားလည်ပြီး တူညီတဲ့အရိုအသေနဲ့ ပြန်တုံ့ပြန်သင့်သည်။
တကယ်တော့ ဒီကောင်က လက်တစ်ချက်မြှောက်တာဆိုတော့ သိသာတယ်။ ဒီကောင်ကလောကထဲကလူမဟုတ်ဘူး။
ဒါပေမဲ့ လောကထဲကလူမဟုတ်တဲ့ တစ်ယောက်ဟာ တစ်ယောက်တည်းက ယောက်ျားဆယ်ယောက်ကျော်ကို နိုင်နိုင်နင်းနင်းနိုင်တယ်ဆိုတော့....
“သူဌေးယွီ အရင်ကသိုင်းသင်ဖူးလား။ ဥပမာ လက်ဝှေ့၊ တိုက်ကွမ်ဒို ဘာညာပေါ့”
“မသင်ဖူးဘူး”
“ဒါဆို... ဘာသင်ဖူးလဲ”