← Chapters

သတ္တိရှိရင် ကျုပ်ကို ရိုက်သတ်လိုက်စမ်းပါ

Vol. 14 Ch. 197

သတ္တိရှိရင် ကျုပ်ကို ရိုက်သတ်လိုက်စမ်းပါ

Vol. 14 Ch. 197

ဟိုလောင်စွန်းတစ်ယောက် ကြောင်သွားပြီး ယွီဟွေးဖေးကိုတစ်လှည့်၊ ဌာနမှူးဝူကိုတစ်လှည့် ကြည့်ကာ နောက်ဆုံးတွင် ပြုံးလိုက်သည်။

“ကောင်လေး... တကယ်ပဲ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲနော်။ ကြည့်ရတာ ဒီညမင်း ဆေးရုံမှာပဲ အိပ်ရတော့မယ်ထင်တယ်...”

ယွီဟွေးဖေးက သူ့ကို သွားဖြဲပြုံးပြလိုက်ပြီး သူ့နောက်ကို လက်ညှိုးထိုးကာ “ရဲတွေ ဟိုမှာရှိနေတာတောင် မင်းက ဒီလောက်ရန်လိုနေတုန်းလား”

လောင်စွန်းတစ်ယောက် အမှတ်မထင် လှည့်ကြည့်လိုက်စဉ်မှာပဲ ယွီဟွေးဖေးက ခြေတစ်ချက်လွှဲကန်လိုက်သည်။ လောင်စွန်းခမျာ ယွီဟွေးဖေးရဲ့ ခြေကန်ချက်ကြောင့် ခွေးလူးလဲ လဲကျသွားတော့၏။ သူပြန်လှည့်ကြည့်ချိန်မှာတော့ ယွီဟွေးဖေးက အရိပ်အယောင်တောင် မမြင်ရတော့အောင် ပြေးထွက်သွားလေပြီ။

သူ့သူငယ်ချင်းတွေကတော့ ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။ အရက်အများကြီး သောက်ထားတော့ ဦးနှောက်က နည်းနည်းနှေးနေ၏။ ဒီကောင်က ဇာတ်လမ်းအတိုင်းမသွားဘဲ သူတို့လူအုပ်ကြီးကို ရင်ဆိုင်ပြီး အရင်လက်ပါရဲလိမ့်မယ်လို့လည်း ဘယ်သူကထင်မှာလဲ။ ပြီးတော့ လူကိုရိုက်ပြီးတာနဲ့ ခြေကုန်သုတ်ပြေးတော့တာပဲ။ အဲ့ဒီ မျက်နှာပြောင်တိုက်မှုက သူတို့ကို ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားစေသည်။

“သူ့ကို ရိုက်ကြစမ်း”

လောင်စွန်းက အော်ဟစ်လိုက်ရာ လူတွေလည်း အသိပြန်ဝင်လာပြီး အော်ဟစ်ကာ နောက်ကလိုက်ကြတော့သည်။

ဒီလမ်းက တော်တော်ဖြောင့်သည်။ ပြီးတော့ သန်းခေါင်ယံအချိန်မို့လို့ လူလည်း သိပ်မရှိဘူး။ ယွီဟွေးဖေးက ရှေ့ကနေပြေးနေပြီး လမ်းလည်းမကွေ့ဘူး... နောက်ကနေ လူဆယ်ယောက်ကျော်က လိုက်နေကြသည်။ အစပိုင်းမှာတော့ သူတို့က “မင်း ရပ်နေစမ်း၊ ငါမင်းကို သတ်ပစ်မယ်”

“ကောင်စုတ်၊ သတ္တိရှိရင် မပြေးနဲ့”

“ယောက်ျားဆို ရပ်နေစမ်း”

…

ယွီဟွေးဖေးကတော့ သူတို့ကို လုံးဝဂရုမစိုက်ဘဲ ပြေးရင်းနဲ့ “မကျေနပ်ရင် လိုက်ခဲ့ကြလေ၊ မလိုက်တဲ့ကောင်က ခွေးမသားပဲ” လို့အော်နေ၏။

မူလက ဟန်ဆောင်ပြီးလိုက်နေတဲ့ လူတချို့က ဒီစကားကြားတော့ စွမ်းအင်တွေပေါက်ကွဲပြီး လောင်စွန်းတို့ထက်တောင် ပိုမြန်အောင် ပြေးကြတော့သည်။

သို့သော်...

ဆယ်မိနစ်ကြာတော့ ယွီဟွေးဖေးက ပြေးနေတုန်းပဲ၊ သူတို့ကတော့ မောဟိုက်နေကြပြီ။

နာရီဝက်ကြာတော့ ယွီဟွေးဖေးက ပြေးနေတုန်းပဲ၊ သူတို့ကတော့ ပြေးမနိုင်တော့ဘူး။

ရပ်ကွက်တစ်ခုရဲ့ ဂိတ်ပေါက်ဝမှာ လုံခြုံရေးအဘိုးကြီးတစ်ယောက်က အရက်လေးသောက်ရင်း ပေကျင်းအော်ပရာ နားထောင်နေသည်။ နားထောင်နေတာက ကွမ်းယွီ တစ်ယောက်တည်း လှံတစ်ချောင်းနဲ့ ရန်သူ့နယ်မြေကို သွားတဲ့ဇာတ်လမ်း။

အဘိုးကြီးက နားထောင်ရင်းနဲ့ မျက်နှာတွေနီရဲပြီး တော်တော်လေး စိတ်လှုပ်ရှားနေ၏။

အဲ့ဒီအချိန်မှာပဲ လူတစ်စုက လူတစ်ယောက်ကို လိုက်ဖမ်းရင်း ရပ်ကွက်ဂိတ်ပေါက်ဝကနေ ဖြတ်ပြေးသွားကြရာ အဘိုးကြီးစိတ်ထဲမှာ တရားမျှတမှုစိတ်ဓာတ်တွေ တက်ကြွလာရာ အံကိုကြိတ်ရင်း ဖုန်းကိုကောက်ပြီး ရဲစခန်းကို ဖုန်းဆက်လိုက်သည်။

“ရဲစခန်းလား။ ဟုတ်တယ်... ကျွန်တော် တိုင်စရာရှိလို့။ လမ်းပေါ်မှာ လူတွေရန်ဖြစ်နေတာ တွေ့လို့ပါ...”

“ဘယ်နှစ်ယောက်လဲ”

“ဆယ်ယောက်ကျော်က တစ်ယောက်ကို လိုက်ရိုက်နေတာ”

“အခြေအနေဘယ်လိုလဲ”

“မသိဘူးဗျ၊ ပြေးနေတုန်းပဲ။ ဒါပေမဲ့ စိတ်မပူနဲ့ သူတို့ပြေးတာမမြန်ဘူး။ တစ်ယောက်ချင်းစီက အားမရှိတဲ့ပုံပဲ။ ပြောရရင် အခုခေတ်လူငယ်တွေက ဘာလို့ ဒီလောက်အားနည်းနေကြတာလဲမသိဘူး။ ရန်ဖြစ်တာတောင် မပြေးနိုင်ကြဘူး။ အရင်တုန်းက ခင်ဗျားတို့အဘိုး ကျွန်တော်က ဓားတစ်လက်နဲ့ လမ်းဆယ်လမ်းလောက်ကို မမောဘဲ ခုတ်ဖြတ်ခဲ့တာ”

“အဲအဲ... ဒါတော့ မှတ်မထားနဲ့နော်၊ ဒါ... ဒါက ဝန်ခံတာမဟုတ်ဘူး၊ ဒါက ကြွားတာ။ လိပ်စာလား။ အော်... ဟူဟိုင်ဥယျာဉ်... ခင်ဗျား ကျွန်တော့်ကို လာဖမ်းမှာတော့ မဟုတ်ဘူးမလား။ မဖမ်းရင်ပြီးတာပဲ၊ ကျွန်တော်ပြောပြမယ်၊ ကျွန်တော်အရင်ကလုပ်ခဲ့တာတွေက တရားစွဲဆိုခွင့်သက်တမ်း ကျော်သွားပြီ။ ဟူဟိုင်ဥယျာဉ်ဂိတ်ပေါက်ဝမှာ သူတို့ ခုနကပဲ ဖြတ်ပြေးသွားကြတယ်။ ခင်ဗျားတို့ လမ်းအတိုင်းလိုက်သွားလိုက်...”

“ထားလိုက်ပါတော့... အဘိုးကြီးက ခင်ဗျားတို့ကို ကူညီပြီး လိုက်ပေးမယ်။ ခဏနေရင် ခင်ဗျားတို့ လာကူညီကြပေါ့”

ဖုန်းချပြီးတော့ ဒီအဘိုးကြီးက တကယ်ပဲ လုံခြုံရေးတုတ်ကိုကိုင်ပြီး အပြင်ထွက်လာသည်။ ပြီးတော့ ဂိတ်ပေါက်ဝမှာ လေအေးတစ်ချက်ခံလိုက်တော့ အရက်ပါပြေသွားပြီး နှုတ်ခမ်းကိုသပ်ကာ “ထားလိုက်ပါတော့၊ ဒီမှာပဲ ရဲစောင့်နေတာ ပိုကောင်းမယ်” လို့ ရေရွတ်လိုက်သည်။

နောက်ထပ် နာရီဝက်ကြာတော့...

လူတွေအားလုံး ခြေထောက်တွေက ခဲဆွဲထားသလို လေးလံနေပြီး လုံးဝပြေးမနိုင်တော့ဘူး။

ရှေ့က အဲ့ကောင်စုတ်ကတော့ “ယောက်ျားဆို ကြာကြာခံနိုင်ရမယ်။ ခဏလေးနဲ့ ပျော့သွားတာ၊ မင်းတို့က မိန်းမတွေလား” လို့ အော်နေတုန်းပဲ။

တစ်ယောက်က မခံနိုင်တော့ဘဲ “မိန်းမတွေက ယောက်ျားတွေထက် ကြာကြာပိုခံနိုင်တယ်ကွ...” လို့ဆဲဆိုလိုက်သည်။

ယွီဟွေးဖေးက သူ့ကိုလှည့်ကြည့်ပြီး မထီမဲ့မြင်ပြုကာ “ယောက်ျားတွေထဲက အရှက်ကွဲစရာကောင်”

“ခွေးမသား... ငါမင်းကို... ငါ... ဟူးဟူး... သတ်မယ်” အဲ့လူက ဒေါသထွက်နေပေမယ့် တကယ်ကို ပြေးမနိုင်တော့ဘူး။

လောင်စွန်းက အားမရှိတဲ့အသံနဲ့ “မင်း... မင်း ရပ်နေစမ်း...”

ယွီဟွေးဖေးက သူ့ကိုလှည့်ကြည့်ပြီး တကယ်ပဲ ရပ်လိုက်သည်။

သူက မြေကြီးပေါ်ထိုင်ချပြီး အုတ်ခဲတစ်ခဲကို ကောက်ကိုင်ကာ လက်ထဲမှာ ချိန်ဆရင်း “ငါရပ်နေပြီ”

လူတွေက ကြည့်လိုက်တော့ ဒီကောင်က မောဟိုက်နေတဲ့ပုံမပေါ်ဘဲ လန်းဆန်းတက်ကြွနေတုန်းပဲ။ အားလုံးတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့ သူတို့က သွေးတစ်စက်မှမကျန်တော့ဘဲ ဟိုကောင်က သွေးအပြည့်နဲ့မှန်း သိလိုက်ကြသည်။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက “ရိုက်ပြီဟေ့” လို့အော်ဟစ်လိုက်သည်။

ဘယ်သူက “ပြေး” လို့အော်လိုက်မှန်းမသိဘူး။ ပြီးတော့ ဒီလူတွေ ဘယ်ကအားတွေရလာမှန်းမသိ လှည့်ပြီးထွက်ပြေးကြတော့၏။

ခုနက ယွီဟွေးဖေးတစ်ယောက်တည်းကို လူတစ်စုက လိုက်ဖမ်းနေတာ၊ နောက်တစ်ခဏမှာ သူက လူတစ်စုကို လိုက်ဖမ်းနေတာ ဖြစ်သွားသည်။

ဒါပေမဲ့ ယွီဟွေးဖေးကလည်း လူကောင်းတစ်ယောက်မဟုတ်ဘူး။ သူလိုက်မီနိုင်ပေမယ့် ဟိုဘက်က နောက်ဆုံးအခွင့်အရေးအနေနဲ့ ပြန်တိုက်ခိုက်မှာကို ကြောက်နေသည်။ ဒါကြောင့် ဒီကောင်က အနီးမကပ်ဘဲ အန္တရာယ်ကင်းတဲ့အကွာအဝေးကို ထိန်းထားသည်။

သူက အုတ်ခဲနဲ့ မရိုက်ချင်တာတော့ မဟုတ်ဘူး။

ဒါပေမဲ့ ဒီနေရာက သူ့အတွက် နေရာစိမ်းဖြစ်နေတော့ တကယ်လို့ လူကိုသွေးထွက်အောင် ရိုက်လိုက်ရင် သူပြန်မရတော့မှာကို စဉ်းစားနေသည်။

ရက်အနည်းငယ်လောက် အချုပ်ခံလိုက်ရရင်တော့ သူဒုက္ခရောက်မှာပဲ။

စဉ်းစားပြီးတော့ ယွီဟွေးဖေးက အုတ်ခဲကို ခဏမသုံးသေးဘဲ တုတ်ကိုပဲသုံးဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ ဒီပေကျင်းမြို့ကြီးရဲ့ လမ်းမတွေပေါ်မှာ သန့်ရှင်းရေးအဘိုးကြီး၊ အဘွားကြီးတွေက တော်တော်သန့်ရှင်းအောင် တံမြက်စည်းလှဲထားတော့ တုတ်မပြောနဲ့ သစ်ကိုင်းကြီးကြီးတစ်ကိုင်းတောင် ရှာမတွေ့ဘူး။

နောက်ဆုံးတော့ ယွီဟွေးဖေးက မြေကြီးပေါ်မှာ ဘယ်သူသောက်သွားမှန်းမသိတဲ့ အအေးခွက်အကြီးကြီးတစ်ခွက်ကို တွေ့လိုက်ပြီး အဲ့ဒီထဲက ပိုက်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်...

ယွီဟွေးဖေးက အဲ့ပိုက်ကိုကြည့်ပြီး သက်ပြင်းချကာ “ထားလိုက်ပါတော့၊ ဒါနဲ့ပဲ အဆင်ပြေသလိုသုံးလိုက်တော့မယ်”

လောင်စွန်းတစ်ယောက် တော်တော်စိတ်ညစ်နေသည်။ သူက လူမိုက်တစ်ယောက်မဟုတ်ပေမယ့် သူ့သူငယ်ချင်းတွေက တော်တော်လေး တိုက်ခိုက်နိုင်ကြတာပဲ။ အဲ့ကောင်လေးကို ရိုက်တာကတော့ ပြဿနာမရှိဘူး။

ဒါပေမဲ့ အခုတော့... တော်တော်စိတ်ပျက်စရာကောင်းတယ်...

လူတစ်စုလုံးကို တစ်ယောက်တည်းက ပြေးခိုင်းပြီး အားကုန်အောင်လုပ်သွားသည်။ စိတ်အညစ်ဆုံးကတော့ ပုံမှန်အရက်သောက်ချိန်မှာ ညီအစ်ကိုတွေလို့ခေါ်တဲ့ကောင်တွေက ထွက်ပြေးတဲ့အချိန်မှာ တစ်ယောက်ချင်းစီက သူ့ထက်နည်းနည်းပိုမြန်အောင် ပြေးနေကြတာပဲ။

ဒါက သူ့ကိုရောင်းစားနေတာနဲ့ ဘာထူးလို့လဲ။

ဒေါသထွက်စရာကောင်းတယ်...

တော်တော်ဒေါသထွက်စရာကောင်းတယ်။

အဲ့ဒီအချိန်မှာ လက်တစ်ဖက်က လောင်စွန်းရဲ့ ပခုံးကိုပုတ်လိုက်ပြီး “ညီလေး၊ အဆင်သင့်ဖြစ်ပြီလား”

လောင်စွန်းက ဒေါသတကြီးနဲ့ “ငါဘာအဆင်သင့်ဖြစ်ရမှာလဲ။ ငါအဆင်သင့်...”

လောင်စွန်းက လှည့်ကြည့်လိုက်တော့ လက်သန်းလောက်တုတ်တဲ့ ပိုက်တစ်ချောင်းက မျက်နှာရှေ့ကို တန်းတန်းမတ်မတ် ရောက်လာသည်။

ဖြောင်း...

ပိုက်က ပေါ့ပေမယ့် အရှိန်နဲ့ရိုက်လိုက်တော့ နဖူးတောက်တာလောက် နာသည်။ မျက်နှာကိုရိုက်လိုက်တာဆိုတော့ ပူထူသွား၏

“မင်း... မင်းငါ့ကို ပိုက်နဲ့ရိုက်တယ်” လောင်စွန်းက ဒေါသပေါက်ကွဲသွားသည်။ ဒါက တော်တော်စော်ကားတာပဲ။

ယွီဟွေးဖေးက ဒီကောင်က ပြန်ခုခံချင်နေမှန်းသိတော့ နောက်လက်တစ်ဖက်က အုတ်ခဲကိုမြှောက်ပြီး “ဒါနဲ့ပြောင်းလိုက်မလား”

လောင်စွန်းက ချက်ချင်းလှည့်ပြေးပြီး ပါးစပ်ကလည်း “သတ္တိရှိရင် ပစ္စည်းမပြောင်းနဲ့၊ ပိုက်နဲ့ငါ့ကို ရိုက်သတ်လိုက်စမ်း” လို့အော်နေ၏။

ယွီဟွေးဖေးက ပြုံးလိုက်သည်။ ဒီကောင်က သေခါနီးအထိ ပါးစပ်သရမ်းနေမှန်း သူသိသည်။

ဒါပေမဲ့ အရေးမကြီးဘူး၊ ယွီဟွေးဖေးက လက်ထဲကပိုက်ကိုလွှဲပြီး သူ့ရဲ့ဆံပင်ထိပ်ပြောင်ကို တဒုန်းဒုန်းရိုက်တော့သည်...

အဲ့ပိုက်လေးက အားမပြင်းပေမယ့် ပလတ်စတစ်ဆိုတော့ မာကျော၏။ ယွီဟွေးဖေးက တစ်နေရာတည်းကို အကြိမ်ကြိမ်ရိုက်လိုက်တော့ လောင်စွန်းရဲ့ ဆံပင်ထိပ်ပြောင်မှာ နီရဲရောင်ရမ်းလာသည်။

လောင်စွန်းက ဒေါသတကြီးနဲ့ “မင်းတော်တော့၊ တခြားသူကိုရိုက်လို့မရဘူးလား”

ယွီဟွေးဖေးက ဟက်ဟက်ပက်ပက်ရယ်ပြီး “ဘယ်သူက မင်းကို ဒီလောက်နှေးအောင်ပြေးခိုင်းလို့လဲ။ ရှေးလူကြီးတွေပြောတာမှန်တယ်၊ နောက်ကျရင် အရိုက်ခံရတယ်။ မင်းအခုနောက်ကျနေတာ ဘယ်သူ့ကိုအပြစ်တင်မှာလဲ။ သတ္တိရှိရင် မြန်မြန်ပြေးလေ၊ သိပ်မြန်စရာမလိုဘူး. သူတို့ထက်မြန်ရင်ပြီးတာပဲ”

လောင်စွန်းက ကြားတော့ အံကိုကြိတ်ပြီး အားနည်းနည်းထပ်ထည့်ကာ ပိုမြန်အောင်ပြေးလိုက်သည်။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေ တစ်ယောက်ချင်းစီက အော်ဟစ်ပြီး အသေအလဲပြေးနေကြပြီး အမြဲတမ်းသူ့ထက်နည်းနည်းပိုမြန်နေ၏။

လောင်စွန်းက ဒေါသတကြီးနဲ့ “မင်းတို့ငါ့ကို ခဏလောက်မစောင့်နိုင်ဘူးလား”

ဝမ်းနည်းစရာကတော့ ဘယ်သူမှပြန်မဖြေဘူး။

ယွီဟွေးဖေးက ပြုံးသည်။ “တကယ့်ညီအစ်ကိုကောင်းတွေပဲနော်”

ပြီးတော့ ယွီဟွေးဖေးက ပိုက်ကိုမြှောက်ပြီး ရိုက်သည်။

ဖြောင်း။

“အမလေး...” လောင်စွန်းက နာကျင်စွာ ညည်းညူလိုက်၏။

ရပ်ကွက်ဂိတ်ပေါက်ဝမှာ အဘိုးကြီးက လိုက်ရမလား မလိုက်ရဘူးလား စဉ်းစားနေတုန်းမှာပဲ အဲ့လူတစ်စုက ပြန်ရောက်လာကြသည်။

အဘိုးကြီးက မေးစေ့ကိုပွတ်ပြီး နောက်ကိုနှစ်လှမ်းဆုတ်ကာ “ဒီလူငယ်တွေက အလုပ်လုပ်တာ တော်တော်မြန်တာပဲ၊ ဒီလောက်မြန်မြန် ရိုက်ပြီးသွားပြီလား” လို့ရေရွတ်လိုက်၏။

ပြီးတော့ သူမြင်လိုက်ရတာက အဲ့လူတစ်စုက မောဟိုက်ပြီး ဖြည်းဖြည်းချင်း သူ့ရှေ့ကနေ ဖြတ်ပြေးသွားကြတာကိုပင်။

နောက်ကနေ လူငယ်တစ်ယောက်က လက်တစ်ဖက်မှာ အုတ်ခဲ၊ လက်တစ်ဖက်မှာ ပိုက်ကိုင်ပြီး အေးအေးဆေးဆေး လိုက်လာသည်။ အခါအားလျော်စွာ လက်ကိုမြှောက်ပြီး ရှေ့ကဆံပင်ထိပ်ပြောင်ရဲ့ ခေါင်းကို တဖျောင်းဖျောင်း ရိုက်နေ၏။

အဲ့ပိုက်လေးက ကြိမ်လုံးငယ်လေးလိုပဲ တဖျောင်းဖျောင်း မြည်နေသည်။

အဲ့ဆံပင်ထိပ်ပြောင်က နာကျင်လွန်းလို့ မျက်ရည်တောင်ကျတော့မယ်။ ဒါပေမဲ့ အဘိုးကြီးထင်တာတော့ ဒါက အရှက်ရလို့ကျတဲ့ မျက်ရည်ဖြစ်မှာပဲ။

လူငယ်က အဘိုးကြီးရှေ့ကနေ ဖြတ်သွားတော့ အဘိုးကြီးကိုပြုံးပြပြီး “အဘိုး၊ မင်္ဂလာနံနက်ခင်းပါ”

အဘိုးကြီးက ကြောင်သွားပြီး “မင်္ဂလာနံနက်ခင်းပါ... မင်းဒါက”

“ခွေးထုတ်ကျောင်းနေတာ”

ယွီဟွေးဖေးက ကြုံသလိုပြန်ဖြေလိုက်သည်။

“ခွေးမသား၊ ငါမင်းနဲ့ အသေအလဲတိုက်မယ်၊ ဒီလိုစော်ကားတာတော့ မခံနိုင်ဘူး” လောင်စွန်းက အော်ဟစ်ပြီး လှည့်ကြည့်တော့ ယွီဟွေးဖေးက အုတ်ခဲကိုမြှောက်ပြ၏။

“မင်းဘာပြောလိုက်တယ်”

“သတ္တိရှိရင် ပိုက်ကိုပဲဆက်သုံး၊ အုတ်ခဲမသုံးနဲ့” လောင်စွန်းက ချက်ချင်းပျော့သွားပြီး လှည့်ပြီးဆက်ပြေးသည်။ တိတိကျကျပြောရရင် ရွှေ့နေတာပေါ့၊ သူတကယ်ကို ပြေးမနိုင်တော့ဘူး။

ယွီဟွေးဖေးက ရယ်ပြီး အဘိုးကြီးကိုလက်ပြကာ “အဘိုး စောစောနားတော့၊ ကျွန်တော် ခွေးဆက်ကျောင်းလိုက်ဦးမယ်”

ပြီးတော့ ယွီဟွေးဖေးက လက်ထဲကပိုက်ကိုလွှဲပြီး တဖျောင်းဖျောင်းရိုက်နေတော့ရာ ဆံထိပ်ပြောင်လောင်စွန်းက အဆက်မပြတ် အော်ဟစ်နေ၏။

အဘိုးကြီးက မြင်တော့ ခေါင်းကိုကုတ်ပြီး နောက်ကလိုက်သွားသည်။ သူအသက်ကြီးလို့ မြန်မြန်မပြေးနိုင်တော့ပေမယ့် အဲ့အမှိုက်တွေနဲ့ယှဉ်ရင် သူလမ်းလျှောက်တာနဲ့တင် ကျော်သွားနိုင်တယ်လို့ ခံစားနေရသည်။

ဒါနဲ့ အဘိုးကြီးက ဖုန်းကိုထုတ်ပြီး ရဲစခန်းကို ထပ်ဆက်လိုက်၏။

“ရဲစခန်းလား။ ဟုတ်တယ်၊ ကျွန်တော်တိုင်စရာရှိလို့။ ဟုတ်တယ် ကျွန်တော်ပဲ၊ အဲ့ကိစ္စပဲ... မဟုတ်ဘူး၊ ကျွန်တော်ပြောပြမယ်၊ အခုအခြေအနေနည်းနည်းပြောင်းသွားပြီ။ အရင်က တစ်ယောက်ကို ဆယ်ယောက်ကျော်က လိုက်ရိုက်နေတာမဟုတ်လား။ အခုမတူတော့ဘူး၊ အခုက တစ်ယောက်က ဆယ်ယောက်ကျော်ကို လိုက်... ခင်ဗျားစကားမဖြတ်နဲ့ဦး၊ ကျွန်တော်မပြောပြီးသေးဘူး၊ ခင်ဗျားဘာလို့လျှောက်မှန်းနေတာလဲ။ ရန်ဖြစ်တာမဟုတ်ဘူး”

“အေးဗျာ၊ ဓားမပါဘူး။ သူ့မှာသေနတ်လည်းမရှိဘူး။ ကျွန်တော်ပြောတာနားထောင်လို့ရမလား။ ကျွန်တော်သိုင်းဝတ္ထုပြောနေတာမဟုတ်ဘူး၊ ကျွန်တော်ပြောတာနားထောင်လို့ရမလား။ သူလေ... သူအခု ပိုက်တစ်ချောင်းနဲ့ သူတို့ကိုလိုက်ရိုက်နေတာ”

“ဟုတ်တယ်... ပိုက်ပဲ။ ခင်ဗျားကြားတာမမှားဘူး။ ရာဘာပိုက်လည်းမဟုတ်ဘူး၊ သံပိုက်လည်းမဟုတ်ဘူး၊ ကျွန်တော်မျက်စိမမှုန်သေးဘူး။ ကျွန်တော်ပြောပြမယ်၊ ဒါက အအေးသောက်တဲ့ပိုက်ပဲ”

“ခင်ဗျားမယုံမရှိနဲ့၊ ကျွန်တော်မလိမ်ဘူး... ခင်ဗျားဖုန်းမချနဲ့ဦး။ ခင်ဗျား... အဲအဲ။ ဟလိုဟလို။ ဟေ့။ အခုခေတ်လူငယ်တွေက ဝန်ဆောင်မှုစိတ်ဓာတ်ဘယ်လိုဖြစ်နေတာလဲ။ ဘယ်သူက ညကြီးမင်းကြီး ခင်ဗျားနဲ့စကားလာပြောနေလို့လဲ၊ တကယ်ပဲ”

အဘိုးကြီးက တော်တော်စိတ်မကောင်းဖြစ်ပြီး ထပ်ဖုန်းဆက်လိုက်သည်။

All Chapters