အခန်း (၅၃၃)
Vol. 39 Ch. 533
ယဲ့ကျွင်းလင် ပေါ်ထွက်လာပြီး ကျယ်ပြန့်သည့် နတ်ဘုရားအာရုံသည် ထိုက်ချူသူတော်စင်နယ်မြေ တစ်ခုလုံးကို ဖြန့်ကျက်ကာ လျှို့ဝှက်ချက်များကို ဖောက်ထွင်းရှုမြင်လိုသကဲ့သို့ လှည့်ပတ်စူးစမ်းနေသည်။
သူတော်စင်နယ်မြေအတွင်းရှိ မရေမတွက်နိုင်သော တပည့်များနှင့် အကြီးအကဲများမှာ ထိတ်လန့်တကြားမျက်လုံးများဖြင့် မော့ကြည့်လာကြ၏။
“ရွှယ်ထျန်းဂိုဏ်း? အဲဒါ သွေးနီနတ်ဆိုးရဲ့ဂိုဏ်းမဟုတ်လား?"
ထိုအချိန်တွင် တစ်ချို့သူများက တစ်စုံတစ်ခုကို သတိပြုလိုက်မိဟန်ဖြင့် တုန်တုန်ယင်ယင်လက်ညှိုးထိုးကာဆိုသည်။
“သွေးနီ၊ သွေးနီနတ်ဆိုး!”
အလယ်ပိုင်းဒေသတွင် လူလုံးထွက်မပြဖူးသေးသည့် ယဲ့ကျွင်းလင်နှင့်ယှဥ်လျှင် သူ့ဘေးက ဟုန်ချန်ယဲ့က အထူးမြင်သာနေသည်။
ထိုက်ချူသူတော်စင်နယ်မြေရှင်သခင် ပင်မခန်းဆောင်မှ ထွက်လာသည်ကို မြင်သောအခါ ဟုန်ချန်ယဲ့၏ မျက်လုံးများမှ အေးစက်စက်အလင်းတန်းနှစ်ခုက စူးခနဲထွက်ပေါ်လာသည်။ မဟာရန်သူကို မြင်လိုက်ရသကဲ့သို့ လှောင်ပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“နှာဘူးအိုကြီး မင်းမျက်နှာထွက်ပြရဲသေးတယ်ပေါ့?"
ဟုန်ချန်ယဲ့ကို မြင်သောအခါ ထိုက်ချူသူတော်စင်နယ်မြေအရှင်သခင်သည်လည်း ပထမတွင် မှင်တက်မိသွားပြီး မျက်နှာတစ်ခုလုံး ထိန်းမရအောင် ပျက်ယွင်းသွားသည်။
“ပါးစပ်ပိတ်! ဒါက ကျုပ်တို့ဂိုဏ်းရဲ့ အရှင်သခင်ကြီးပါ၊ သူတော်ကောင်းလမ်းစဥ်ရဲ့ ရှေ့ဆောင်အလင်းရောင်အဖြစ်တောင် သတ်မှတ်ခံထားရသူပဲ။ မင်းလို နတ်ဆိုးကောင် မဆင်မခြင် စော်ကားပြောဆိုလို့ရမယ့်သူ မဟုတ်ဘူး!” အကြီးအကဲများက ဒေါသဖြင့် ပြန်အော်သည်။
ထိုက်ချူသူတော်စင်နယ်မြေအရှင်သခင်သည် ဖြောင့်မတ်တည်ကြည်သောဟန်ကို မပျက်စေရဘဲ လေးနက်သော အသံဖြင့် ပြောသည်။ “သွေးနီနတ်ဆိုး၊ လျန်ချန်ပိသေဆုံးမှုရဲ့ လက်သည်တရားခံက မင်းလား?"
“ဟုတ်တယ်၊ သူက ဒီအရှင့်လက်ထဲ မီးရှို့သတ်ခံခဲ့ရတာလေ” ဟုန်ချန်ယဲ့က ခနဲ့ပြုံးဖြင့် ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ထိုက်ချူသူတော်စင်နယ်မြေ တစ်ခုလုံး ဆူညံသွားသည်။
“ဘုရား ရေ၊ သူတော်စင်က တကယ်သေသွားပြီ! သွေးနီနတ်ဆိုး သတ်လိုက်တာ!”
"မောက်မာရိုင်းစိုင်းလွန်းတယ်! ဒါက ကျွန်တော်တို့ ထိုက်ချူသူတော်စင်နယ်မြေကို အရေးမစိုက်တာပဲ!”
“လူတိုင်း သတိထားပါ၊ သွေးနီနတ်ဆိုးက ဒီတစ်ခါ ထျန်းယွမ်ပြည်နယ်ကို လက်စားချေဖို့ ရောက်လာတာဖြစ်မယ်!”
ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျင့်ကြံသူတို့၏ မျက်လုံးအစုံမှာ မီးထွက်တော့မတတ် ပူလောင်ပြင်းရှလျက်။
ထိုက်ချူသူတော်စင်နယ်မြေသခင်၏ မျက်နှာသည်လည်း ရွှံ့အိုင်ကဲ့သို့ မည်းမှောင်နေသည်။
“နှာဘူးအိုကြီး၊ ဟန်ဆောင်တာ ရပ်လိုက်တော့။ သူမသေခင် ဖော်ပြလာတဲ့ လူမဟုတ်သရဲမဟုတ် ပုံသဏ္ဍာန်ကလည်း မင်းလက်ချက်မဟုတ်လား!” ဟုန်ချန်ယဲ့က လိုရင်းကို တည့်တည့်မေးသည်။
ထိုက်ချူသူတော်စင်နယ်မြေသခင်၏ မျက်လုံးများ အနည်းငယ်စူးတောက်လာကာ လေသံမာမာဖြင့် တုံ့ပြန်သည်။ “မင်း ဘာတွေ ပြောနေလဲ ငါ မသိဘူး! ဒါပေမယ့် မင်း ထိုက်ချူသူတော်စင်နယ်မြေကို ကျူးကျော်ဖို့ ဝံ့ရဲရင် အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်!”
ထိုစကားပြောပြီးနောက် ထိုက်ချူသူတော်စင်နယ်မြေသခင်သည် လက်သင်္ကေတများကိုဖွဲ့စည်းကာ ကြေးဝါရောင် တာအိုခေါင်းလောင်းကို ဖန်တီးသည်။ တာအိုခေါင်းလောင်း မျက်နှာပြင်ပေါ်တွင် အမျိုးမျိုးသော စာလုံးသင်္ကေတများ ပါရှိပြီး မသေမျိုးချီဖြင့် အသက်သွင်းလိုက်သည့်အခါ တောက်ပသောအလင်းရောင်က ပေါက်ကွဲထွက်လာတော့၏။
ဂိုဏ်း၏ အထွတ်အမြတ်ရတနာဖြစ်သော သဗ္ဗေသတ္တာ တာအိုခေါင်းလောင်း။
(သဗ္ဗေသတ္တာ - အလုံးစုံသောသတ္တဝါအပေါင်း၊ အရှေ့မှာ နာမည်တစ်မျိုးပေးခဲ့ပေမဲ့ ဒီနာမည်ကပိုသင့်တော်လို့ ပြောင်းလိုက်ပါတယ်ရှင့်)
ထိုခေါင်းလောင်းသည် အလွန်နက်နဲဆန်းကြယ်သော လက်နက်တစ်မျိုးဖြစ်၏။ သူတော်စင်နယ်မြေ တစ်ခုလုံး၏ ခွန်အားကို ပေါင်းစပ်ပြီး ရန်သူများကို တိုက်ခိုက်နိုင်သောကြောင့် အင်အားကြီးရန်သူများနှင့် ရင်ဆိုင်ရာတွင် အလွန်အသုံးဝင်သည်။
“အားလုံးပဲ၊ သူတော်စင်နယ်မြေဟာ သေရေးရှင်ရေးအတွက် အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ! ခွန်အားတွေကို ငါ့ဆီ အမြန် လွှဲပြောင်းပေးကြ!” ထိုက်ချူသူတော်စင်နယ်မြေသခင်သည် သဗ္ဗေသတ္တာ တာအိုခေါင်းလောင်းကို ကိုင်ဆောင်လျက် အော်ဟစ်ကြွေးကြော်သည်။
ဒေါင် ဒေါင်~
ခေါင်းလောင်းမြည်သံနှင့်အတူ သမုဒ္ဒရာကဲ့သို့ အဆုံးမရှိကျယ်ပြောသော တာအိုခွန်အားသည် နေရာ တိုင်းမှ စုဝေးကာ ခေါင်းလောင်းထဲသို့ စုစည်းဝင်ရောက်ကြကုန်၏။
သူတော်စင်နယ်မြေတစ်ခုလုံး၏ ကောင်းချီးစွမ်းအားများကြောင့် တာအိုခေါင်းလောင်း၏ အလင်းသည် ပိုမို တောက်ပလာကာ ဖျက်စီးနိုင်စွမ်း အရှိန်အဝါတို့ကို စတင်ထုတ်လွှတ်လာသည်။
“သွေးနီနတ်ဆိုး၊ ဒီနေ့ဟာ မင်း သေမယ့်နေ့ပဲ!” ထိုက်ချူသူတော်စင်နယ်မြေသခင်သည် ကြုံးဝါးဟိန်းဟောက်လျက် သဗ္ဗေသတ္တာ တာအိုခေါင်းလောင်းအား သုံးကြိမ်တိုင်တိုင်တီးခတ်၏။
“ဒေါင်!”
“ဒေါင်!”
“ဒေါင်!”
လေးလံပြီး တောင်ကဲ့သို့အင်အားကြီးသော ခေါင်းလောင်းသံများသည် မိုင်သောင်းပေါင်းများစွာ ပျံ့နှံ့ကာ မရေမတွက်နိုင်သော လူအပေါင်း၏ ချီနှင့်သွေးစီးကြောင်းတို့ကို လှုပ်ခါစေသည်။ စိတ်အစဥ်အား ရှုပ်ထွေးပျက်ပြားစေသည်။
စွမ်းအင်လှိုင်းများ ပျံ့နှံ့ခြင်းနှင့်အတူ၊ အနက်ရောင် လေပွေပုံသဏ္ဌာန် အလင်းထုသည် ကောင်းကင်ကို ဖြတ်တောက်ကာ အရာအားလုံးကို ဝါးမျိုစားသုံးဖို့ ကြိုးစားလာ၏။
"ဟာသတွေလုပ်နေပြန်ပြီ!”
ဟုန်ချန်ယဲ့သည် လက်ကိုမြှောက်ပြီး နီမြန်းသောအဆင်းရှိ ဧရာမ သင်္ကေတတစ်ခုကို ရေးဆွဲဖွဲ့စည်းလိုက်သည်။ ထိုသင်္ကေတတွင် မီးလျှံမီးတောက်များ မရေမတွက်နိုင်အောင် ဖုံးလွှမ်းနေကာ ပူလောင်ပြင်းပြသော အလင်းရှိန်အား ထုတ်လွှတ်နေ၏။
“အုံး!”
ချဥ်းကပ်လာသော လေပွေပုံသဏ္ဌာန် အမှောင်ထုသည်ကား အပိုင်းအစများအဖြစ် ကွဲကြေသွားသည်!
“ဘာ?”
ထိုက်ချူသူတော်စင်နယ်မြေသခင်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွားသည်။ သူ ကိုင်ထားသည့် သဗ္ဗေသတ္တာ တာအိုခေါင်းလောင်းသည်လည်း ကွဲအက်ပျက်စီးကာ အပိုင်းပိုင်းအစစကွဲကြေလျက် မြေပြင်ပေါ်သို့ ပြန့်ကျဲကုန်လေတော့၏။
သူတော်စင်နယ်မြေ တစ်ခုလုံး၏ ခွန်အားကို ပေါင်းစပ်ထားသော်လည်း ရန်သူ၏ တိုက်ကွက်တစ်ကွက်ကိုပင် တောင့်မခံနိုင်ခဲ့။
ကွာခြားချက်က အရမ်း ကြီးမားနေသည် မဟုတ်ပါလား။
ထိုက်ချူကျင့်ကြံသူများသည်လည်း သက်ရောက်မှုမှ သွေးအန်သူကအန် လဲကျသူကကျကုန်ကြ၏။
သွေးနီနတ်ဆိုးက ဒီလောက်တောင် ကြောက်စရာကောင်းလာတာလား?
“သစ်ပင်ကိုကိုင်လှုပ်ဖို့ကြိုးစားမိတဲ့ ပုရွက်ဆိတ်တစ်အုပ်ပါလား" စန်းလန်ကျွင်းက ခေါင်းကိုအသာယမ်သည်။
ဝါရင့်တစ်ဦးအနေဖြင့် သူ့အမြင်က အရာအားလုံးကို ကွဲကွဲပြားပြား နားလည်နိုင်သည်။
သဗ္ဗေသတ္တာ တာအိုခေါင်းလောင်းသည် ကျင့်ကြံသူများ၏ ခွန်အားကို စုဝေးကာ ထိုက်ချူသခင်၏အင်အားနှင့် ပေါင်းစပ်ထားသဖြင့် အပြင်ပန်းအားဖြင့် လွန်စွာအရှိန်အဝါကြီးနေသည်ဆိုသော်ငြား ၎င်းသည် မသေမျိုး အရှင်သခင်တစ်ဦး၏ စွမ်းအားမျှသာရှိမည်။ သို့သော် ဟုန်ချန်ယဲ့ ထုတ်ဖော်ပြသခဲ့သည့် ခွန်အားက သာမန် မသေမျိုးဘုရင်တစ်ပါးနှင့် ကိုက်ညီနေသည်ပင်။ မည်သူကအားသာမည်ဆိုတာကို တွက်ဆနေစရာပင်မလိုခဲ့ပေ။
“ဒီခေတ်လူငယ်တွေ တကယ်ကို ထူးခြားတယ်။ ဉာဏ်အလင်းမသေမျိုးအရှင် အဆင့်မှာ မသေမျိုးဘုရင်တစ်ပါးနဲ့ ယှဥ်နိုင်တဲ့ ပါရမီရှင်တွေ ပေါ်ပေါက်လာပြီးပဲ။ ခွင်းလွင်ကမ္ဘာဟာ ပြန်လည်စည်ပင်ဖို့ အစပြုနေပြီ” စန်းလန်ကျွင်း တိတ်တဆိတ် တွေးမိသည်။