← Chapters

သွေးအရှင်၏ အာဟာရဓာတ်စာအဖြစ်

Vol. 39 Ch. 534

သွေးအရှင်၏ အာဟာရဓာတ်စာအဖြစ်

Vol. 39 Ch. 534

ထိုက်ချူသူတော်စင်နယ်မြေသခင်က ဟိန်းဟောက်အမိန့်ပေးလိုက်သည်။ “သူတော်စင်နယ်မြေ ကာကွယ်ရေး အစီအရင်ကို ဖွင့်"

ဝုန်း!

ထူထပ်သည့်၊ ပူလောင်သည့် အလင်းတန်းများ ကောင်းကင်ပေါ်တွင် ပေါက်ကွဲလွင့်ထွက်လာသည်။

အလွန် ကြီးမားသည့် ခရမ်းရင့်ရောင် အလင်း အကာအရံတစ်ခုက သိပ်သည်းဖွဲ့စည်းလာကာ ဖောက်ထွက်လို့မရအောင် ပြည့်စုံစွာပိတ်ဆည်းထား၏။ အမျိုးမျိုးသော သင်္ကေတများနှင့် တံဆိပ်များသည် အလင်းကာမျက်နှာပြင်ပေါ်တွင် စီးဆင်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“ဒီ အစုတ်အပဲ့ အစီအရင်လောက်နဲ့ ငါ့ကို တားဆီးနိုင်မယ် ထင်သလား?” ဟုန်ချန်ယဲ့သည် ပို၍ပင်စိတ်ဓာတ်တက်ကြွလာဟန်ရှိကာ ခြေတစ်ဖက်ကို မြှောက်ပြီး မြေပြင်ထက် ပြင်းပြင်းထန်ထန် ဆောင့်နင်းချလိုက်သည်။

ရေတွက်မရနိုင်သည့် မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော ခြေရာတံဆိပ်တစ်ခု ပေါ်ထွက်လာကာ တွန်းလှန်၍ မရနိုင်သည့် စွမ်းအားကို သယ်ဆောင်လျက် ကမ္ဘာကိုဖြိုဖျက်မည့် ဥက္ကာခဲကဲ့သို့ အစီအရင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချကျရောက်လာသည်။

အုံး!!!

သူတော်စင်နယ်မြေ ကာကွယ်ရေး အစီအရင်သည် တစ်ချက်ပင်တောင့်ခံနိုင်စွမ်းမရှိခဲ့ဘဲ လုံးဝ ပြိုကွဲသွားသည်။ ပတ်ပတ်လည် မိုင်ထောင်နှင့်ချီသည့် မြေပြင်တကြောလုံး တုန်ခါလှုပ်ယမ်းကာ သဲဖုန်မှုန့်တိုနှင့် ကျောက်စကျောက်နတို့က နေရာအနှံ့ဝဲလွင့်သွားခဲ့သည်။

“မဖြစ်ဘူး…” တပည့်များနှင့် အကြီးအကဲများစွာသည် မျက်စိရှေ့မှမြင်ကွင်းအား အထိတ်တလန့်မော့ကြည့်လိုက်ကြ၏။

ဟုန်ချန်ယဲ့သည် ထိုက်ချူသူတော်စင်နယ်မြေအထက် ကောင်းကင်ယံသို့ လျှပ်တပြက် ရောက်ရှိလာသည်။ ထို့နောက် လက်များကို အနောက်ပို့ရပ်ရင်း အောက်ဘက်က ကျီးအုပ်ပြိုသလို ထိတ်လန့်နေသည့် လူအုပ်ကို တစ်ချက်ငုံ့ကြည့်သည်။ အစွမ်းထက်သော ဖိနှိပ်ခြင်းအရှိန်အဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံထားလျက်ပင်။

တစ်ချိန်တည်းမှာပင်။

ထိုက်ချူသူတော်စင်နယ်မြေမှ ထွက်ပေါ်လာသည့် ပြောင်းလဲမှုများသည် ထျန်းယွမ်ပြည်နယ်၏ ကျင့်ကြံသူများကိုလည်း ထိတ်လန့်တုန်လှုပ်စေတော့၏။

ရေတွက်မရနိုင်သည့် နတ်ဘုရားအာရုံများ စုဝေးလာကာ ဖြစ်ပျက်သမျှကို စူးစမ်းစပ်စုဖို့ ကြိုးစားလာကြသည်။

ထိုက်ချူသူတော်စင်နယ်မြေသည် အလယ်ပိုင်းဒေသ၏ လေးခုသော သူတော်စင်နယ်မြေကြီးများထဲမှ တစ်ခုဖြစ်ပြီး ထျန်းယွမ်ပြည်နယ်၏ အစွမ်းအထက်ဆုံး အင်အားစု ဖြစ်သည်ပင်။ ထို့အပြင် ထိုက်ချူသူတော်စင်နယ်မြေသခင်သည် သူတော်ကောင်းလမ်းစဥ်၏ ရှေ့ဆောင်အလင်းရောင်အဖြစ် ကိုယ်စားပြုချီးမြှောက်ခံရသူ ဖြစ်သည်။ ဤဒေသတစ်ဝိုက်မှ ကျင့်ကြံသူများအတွက် ထိုက်ချူသည်ကား ကျင့်ကြံရေးလောက၏ အထွတ်အမြတ်နယ်မြေပင်။

ယခု ထို ထိုက်ချူသူတော်စင်နယ်မြေသည် အမည်မသိ အင်အားစုတစ်ခုထံမှ အလဲလဲအကွဲကွဲ တိုက်ခိုက်ခံနေရသည်ကိုမြင်သော် လူအများ ထိတ်လန့်မိသည်မှာ မဆန်းတော့ချေ။

တစ်စုံတစ်ဦးက ဟုန်ချန်ယဲ့ကို မှတ်မိသွားသည့်အခါ အလန့်တကြားအော်သံများ ကောင်းကင်ထက် ပဲ့တင်ထပ်လာတော့၏။

“ဒုက္ခပဲ! ရန်သူက သွေးနီနတ်ဆိုးဟ!”

“သူက အရှေ့ပိုင်းဒေသမှာနေတာ မဟုတ်ဘူးလား? ဘယ်လိုလုပ် ဒီရောက်လာတာလဲ?”

“မေးစရာလိုသေးလား? လက်စားချေဖို့ လာတာပေါ့!”

...

အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူ အားလုံးသည် သွေးနီနတ်ဆိုးနှင့် ထိုက်ချူသူတော်စင်နယ်မြေတို့ကြား ကြာမြင့်စွာကတည်းက ဖြေရှင်း၍မရခဲ့သည့် ရန်ငြှိုးရန်စ ကျန်ရှိနေသည်ကို ကောင်း‌ကောင်းသိထားကြ၏။

အရင်တစ်ချိန်က ထိုက်ချူသူတော်စင်နယ်မြေသခင်သည် သူတော်ကောင်းလမ်းစဥ် ကျင့်ကြံရေးအင်အားစုများ မီးလျှံနတ်ဆိုးဂိုဏ်းကို အပြစ်ပေးသည့် စစ်ဆင်ရေးအား ဦးဆောင်ခဲ့သူဖြစ်သည်။ မမျှော်လင့်ဘဲ အချိန်ကာလများစွာ ကုန်ဆုံးပြီးနောက်တွင် ထိုစဥ်က စစ်ပွဲရှုံးနိမ့်ပြီး ကူကယ်ရာမဲ့စွာ ထွက်ပြေးခဲ့ရသည့် သွေးနီနတ်ဆိုးသည် တစ်ဖန်ပြန်လည်လူလုံးပြလာကာ ထိုက်ချူသူတော်စင်နယ်မြေထဲသို့ တစ်ကိုယ်တော် ဝင်ရောက်လာလေပြီ။

ခေတ်ကာလ၏ ပြောင်းလဲမှုကို ဖော်ဆောင်ပြသနေသည့် စစ်ပွဲဆိုလည်းမမှား။

ထျန်းယွမ်ပြည်နယ်တစ်ခုလုံး ထိတ်လန့်အံ့သြနေချိန်တွင် ထိုက်ချူသူတော်စင်နယ်မြေမှာတော့ အရာအားလုံး အစရှာမရအောင် ရှုပ်ထွေးနေပြီဖြစ်၏။

“နယ်မြေသခင်၊ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ? သွေးနီနတ်ဆိုးက အရမ်းသန်မာတယ်!” အကြီးအကဲ တစ်ဦးက စိတ်ပျက်လက်ပျက် ပြောသည်။

ထိုက်ချူသူတော်စင်နယ်မြေသခင် မျက်နှာသည်လည်း ပြာနှမ်းနေကာ ရင်ထဲထိန်းချုပ်မရအောင် တုန်ယင်နေခဲ့သည်။

ယခုလက်ရှိ သူ့မျက်စိရှေ့မှ ဟုန်ချန်ယဲ့သည် ရှေးယခင်ကနှင့် လားလားမှမသက်ဆိုင်သော ကွဲပြားသည့် အဆင့်တစ်ခုတွင် ရှိနေသည်ကို မြင်နိုင်သည်။ သူသည်လည်း ဉာဏ်အလင်းမသေမျိုးအရှင် သတ္တမကောင်းကင် ကျင့်ကြံသူတစ်ဦးဖြစ်၏။ ထို့ပြင် ထာဝရသွေးမျိုးနွယ်စု၏ အထူးကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း ဤမျှထူးချွန်အားကောင်းသော ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ဖို့ရာတော့ ခက်ခဲလိမ့်မည်ဟု တွေးမိလာသည်။ အချိန်မီထွက်ပြေးမှ မိမိ၏တစ်ခုတည်းသောအသက်လေးကို ကယ်တင်နိုင်ပေမည်။

ခွေးတစ်ကောင်လို အရှက်မဲ့စွာ ထွက်ပြေးစွန့်ခွာရမည့်အကြောင်း စဥ်းစားလိုက်သည့်အခါ ထိုက်ချူသူတော်စင်နယ်မြေသခင်မှာ အလွန်မကျေမနပ် ဖြစ်မိသည်။

ထိုအချိန်တွင် ခေါင်းထဲ အတွေးတစ်ခုဝင်ရောက်လာပြီး သူ့နှလုံးသားထဲတွင် မျှော်လင့်ချက် ရောင်ခြည် ပြန်လည်တောက်ပလာသည်။ ထို့နောက် မြေအောက်နန်းတော်တွင် ကူညီပုန်းဝှက်ပေးထားသည့် ထာဝရသွေးမျိုးနွယ်စုဝင်နှင့် အမြန် ဆက်သွယ်ရန် ကြိုးစားတော့၏။

ဝုန်း!

နောက်တစ်စက္ကန့်တွင် မီတာတစ်ထောင်မျှအကျယ်ရှိသည့် ကြီးမားသော သွေးရောင်အလင်းတန်းကြီးတစ်ခုက မြေအောက်အနက်တစ်နေရာမှ ပွင့်ထွက်လာသည်။ မကောင်းဆိုးဝါးဆန်သော အဆိပ်လိုအရှိန်အဝါက ဒီရေကဲ့သို့ ပျံ့နှံ့လာတော့၏။

ထိတ်လန့်တကြား အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။ ကျင့်ကြံသူအားလုံးမှာ လက်လေးတစ်ချက်လှုပ်ဖို့ရာပင် မဝံ့ရဲစွာ ကြောက်လန့်နေကြသည်။ ပြူးကြောင်နေသောမျက်လုံးများထဲ ကြောက်စိတ်ကို သိသိသာသာ မြင်တွေ့နိုင်မည်။

သွေးရောင်အလင်းတန်းအတွင်းတွင် ကျောဘက်၌ အသားတောင်ပံများ ပါရှိသည့် အရပ်ရှည်ရှည်ပုံသဏ္ဌာန်သည် ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ ဆံပင်အနက်ရောင်သည် ရေတံခွန်ကဲ့သို့ လေထဲတွင် ယိမ်းနွဲ့နေလျက် အသားအရေမှာ နာမကျန်းဖြစ်နေသည့်အလား ဖျော့တော့ဖြူဆုတ်လျက်ရှိ၏။ ပိန်ချုံးနေသောမျက်နှာတွင် ပါးရိုးများက အထင်းသားငေါထွက်နေကာ မျက်လုံးများသည် မီးပင်လယ်ကဲ့သို့ သွေးနီရောင်လွှမ်းလျက်။

ထိုသတ္တဝါမှာ ထာဝရသွေးမျိုးနွယ်စု၏ သခင်အဆင့် မျိုးနွယ်ဝင်ဖြစ်သည့် သွေးအရှင် ဖြစ်သည်။

“သူပဲ…” ဟုန်ချန်ယဲ့၏ ဦးရေပြား ကျဉ်တက်သွားသည်။ တစ်ဖက်လူ၏ အကြည့်က သူ့ဆီဖြတ်သွားသောအခါ ဖြစ်ပေါ်လာသော ချမ်းစိမ့်စိမ့်ကြက်သီးကို ခံစားမိလိုက်၏။

“ဆရာသခင်၊ အဲ့ဒါ ဟိုတစ်ခေါက်ကဘီလူးကောင်ပဲ!” လီဝူကျယ်က အထိတ်တလန့်အော်သည်။

ယဲ့ကျွင်းလင် လှောင်ရယ်လိုက်၏။ “တကယ်ကြီး မသေသေးတာပဲ!”

“ထာဝရသွေးမျိုးနွယ်စုက ဒီနေရာမှာပေါ်လာတာလား?” စန်းလန်ကျွင်း လန့်ဖျပ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ကိုယ်ဟန်သတိအနေအထားဖြင့် အသင့်ပြင်ထားလိုက်၏။

ရှေးခေတ်က အစွမ်းထက်ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် သူသည် ကြယ်တာရာ ကောင်းကင်ရှိ မျိုးနွယ်စု အများအပြားကို ကြားဖူးနားဝရှိထားသည်။ အထူးသဖြင့် မသေနိုင်သည့် ခန္ဓာကိုယ်များကြောင့် လူသိများသည့် ထာဝရသွေးမျိုးနွယ်စုက သူ့မှတ်ဉာဏ်ထက် နက်နက်နဲနဲ နေရာယူထား၏။

သွေးအရှင် ပေါ်လာသည့်အချိန်တွင် လူတိုင်း ကြက်သေသေသွားသည်။

ထိုက်ချူသူတော်စင်နယ်မြေမှ တပည့်များနှင့် အကြီးအကဲများစွာသည်လည်း ဤထူးဆန်းသော မိစ္ဆာရုပ်ဖြင့်သတ္တဝါကို ဘယ်သူမှန်းမသိကြသေး။

အပြင်မှ တိုက်ပွဲကို စောင့်ကြည့်နေသည့် လင်တုရှိုတို့ သူ‌တော်စင်အဖွဲ့သည်လည်း မယုံနိုင်စွာ အံ့အားသင့်သွားရသည်။ ထိုက်ချူသူတော်စင်နယ်မြေ နောက်ကွယ်တွင် တကယ်ကို မသင်္ကာစရာ တစ်ခုခု ရှိနေလေပြီ။

“ဒီ ထာဝရသွေးမျိုးနွယ်စုက အရမ်း သန်မာတယ်။” ချင်ရူရန်က အလေးအနက် မှတ်ချက်ပြုသည်။

ထိုအချိန်တွင်၊

ထိုက်ချူသူတော်စင်နယ်မြေသခင်မှာတော့ ကယ်တင်ရှင်ကို တွေ့သကဲ့သို့ ဝမ်းသာအယ်လဲဖြင့် သွေးအရှင်ကို ရိုသေစွာ လျှောက်တင်သည်။ “အရှင်၊ နောက်ဆုံးတော့ ပေါ်လာပြီပဲ!”

နယ်မြေသခင်၏ ဖားယားချိုမြိန်သည့် အမူအရာကို မြင်သောအခါ အကြီးအကဲများနှင့် တပည့်များသည်လည်း အံ့သြခြင်းကြီးစွာ ကြောင်ကြည့်နေမိကြ၏။ ဦးနှောက်ထဲ အမြစ်တွယ်နေသော အထင်အမြင်များကို ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ပင်။

သွေးအရှင်သည် ထိုက်ချူသူတော်စင်နယ်မြေသခင်ကို မကြည့်ပေ။ ထိုအစား သူသည် ယဲ့ကျွင်းလင်ကိုသာ စူးစိုက်ကြည့်နေရင်း အေးစက်စွာ ပြောသည်။ “ငါ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ ရမနေဘူးလေ"

“အမ်…”

ထိုက်ချူသူတော်စင်နယ်မြေသခင်မှာ ဆွံ့အသွားရသည်။ ဒီလိုအဖြေမျိုးကို မမျှော်လင့်ထားခဲ့ပေ။

မှန်သည်။ သွေးအရှင်မှာ တစ်ဖက်လူ၏ရောက်ရှိလာမှုကို သေချာသတိပြုမိခဲ့ပြီးနောက် ဤနယ်မြေမှ အချိန်မီထွက်ပြေးဖို့ စီစဥ်ခဲ့ပါသေး၏။

သို့ပေသည့် ယဲ့ကျွင်းလင်၏ နတ်ဘုရား အာရုံသည် အလွန် ကျယ်ပြန့်သည်။ ထိုက်ချူသူတော်စင်နယ်မြေ၏ ထောင့်တိုင်းကို လွှမ်းခြုံထားသဖြင့် သူရှိနေသည်ကိုလည်း သိပြီးသားဖြစ်နေသည်အား နားလည်လိုက်ရ၏။ အတင်းအကျပ် ထွက်ပြေးဖို့ကြိုးစားပါကလည်း တစ်ဖက်လူက အလွတ်မခံ လိုက်ဖမ်းလိမ့်မည်ပင်။

ဒီ‌တော့ သတ္တိရှိရှိ ရင်ဆိုင်လိုက်ခြင်းက ပိုသင့်တော်မည်။

ထို့အပြင် ထိုက်ချူသူတော်စင်နယ်မြေ၏ အကူအညီဖြင့် သူ့ဘက်က ပုံမှန်ထက်အားပိုသုံးနိုင်မည်ပင်။

“ဟဲဟဲ”

ယဲ့ကျွင်းလင်က လက်ဖျောက်တစ်ချက်တီးကာ ရွှတ်နောက်နောက်ဆိုသည်။ “အရင်က ငါမင်းကို ရိုက်တုန်းက ဖေဖေလို့ခေါ်ခဲ့ရတာနော်။ ဒီတစ်ခေါက်ရော ဘယ်လိုခေါ်ချင်သေးလဲ?"

သွေးအရှင်သည် နာကျင်ဖွယ်ရာအတိတ်ဆိုးကို ပြန်လည်မြင်ယောင်ရင်း နဖူးပေါ်တွင် သွေးကြောများ ဖောင်းတက်လာသည်။ ချွန်ထက်သည့် အစွယ်များသည် အေးစက်သောအလင်းတန်းများကြား တောက်ပနေလျက် ပါးစပ်ကြီးမှာ တစ်စုံတစ်ဦးကို အစိမ်းလိုက်မျိုချချင်သကဲ့သို့ ကြောက်မက်ဖွယ် ဖြဲဟလာ၏။

ထိုအချိန်က သူသည် အထူးခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကို အားကိုးပြီး ယဲ့ကျွင်းလင်ကို ခုခံတိုက်ခိုက်ဖို့ အားကုန်သုံး၍ အတင်းအကျပ် ကြိုးစားခဲ့ပါသည်။ သို့သော် ဘောလုံးလိုအကန်ခံလိုက်ရရုံသာ အဖတ်တင်ခဲ့၏။

ထိုအချိန်အတောအတွင်း သူ့ခန္ဓာကိုယ်မှာ မကြုံစဖူးလောက်သော နာကျင်မှုနှင့် အရှက်ရမှုကို အလူးအလှိမ့်ခံစားနေရကာ သက်ညှာပေးဖို့ရာပင် တောင်းပန်တိုးလျှိုးခဲ့သည်။ သို့တိုင် နောက်ဆုံးမှာတော့ မှောင်မိုက်ပြီး အလင်းမ‌ဖောက်နိုင်သည့် သင်္ချိုင်းခေါင်းတလားထဲသို့ ကန်သွင်းခံရကာ ကြောက်မက်ဖွယ် အပြီးတိုင်ဖျက်ဆီးချေမှုန်းမှုအား ကိုယ်ပွား လုံးလုံးမသေခင်အထိ ကြုံတွေ့စွဲမှတ်ခဲ့ရ၏။

သွေးအရှင်အတွက် ထိုအရှက်ရစရာအဖြစ်ကို ဖျောက်ဖျက်ပစ်လို့မရနိုင်!

All Chapters