အခန်း (၅၃၅)
Vol. 39 Ch. 535
ယခု ယဲ့ကျွင်းလင်က ထိုရှက်စရာအဖြစ်ကို နေ့ခင်းကြောင်တောင် လူသူအများရှေ့ ပြန်ပြောလာသည့်အခါ သွေးအရှင်သည် ဒေါသူပုန်ထလျက် အရှိန်အဝါအား အထိန်းအကွပ်မဲ့လွှတ်ထုတ်ပေးလိုက်ပြီး လေဟာနယ်ကို တွန့်ခေါက်ပုံပျက်စေတော့သည်။
ထိုက်ချူသူတော်စင်နယ်မြေသခင်၏ မျက်နှာသည်လည်း ထိတ်လန့်ခြင်းဖြင့် ပျက်ယွင်းနေသည်။ သွေးအရှင် အရင်က ပြောပြခဲ့သမျှနှင့် ဆက်စပ်စဥ်းစားကြည့်သော် ထိုဆံဖြူပုဂ္ဂိုလ်မှာ ဟုန်ချန်ယဲ့၏ဆရာသခင်ဖြစ်ရမည်။
“မင်း စကားမပြောတတ်တော့ဘူးလား? ငါမေးနေတယ်လေ ဒီတစ်ခေါက် ဘယ်လိုခေါ်ချင်သလဲလို့!” သွေးအရှင်၏ လူသတ်ချင်စိတ်အပြည့်ဖြင့် အကြည့်ကို လျစ်လျူရှုကာ ယဲ့ကျွင်းလင်က ဆက်လက်နောက်ပြောင်သည်။
“ငါ မင်းကို ငါ့ဖင်ခေါင်းလို့ ခေါ်မယ်!!!”
သွေးအရှင်က အာခေါင်ခြစ်၍ ကြုံးအော်လိုက်သည်။
နားကွဲမတတ်ကျယ်လောင်သော ဆဲဆိုသံကား ကောင်းကင်ယံထက် ပဲ့တင်ထပ်သွားတော့၏။
ယဲ့ကျွင်းလင် ခေါင်းကို ခပ်ဖြည်းဖြည်းခါသည်၊ “ယဉ်ကျေးမှုမရှိလိုက်တာ"
“မျိုးမစစ်ကောင်၊ ငါ့ ဆရာသခင်ကို မရိုမသေ ပြုရဲတယ်!” ဟုန်ချန်ယဲ့က မကျေမနပ်ပြောလာသည်။
ဘာရယ်?
သွေးနီနတ်ဆိုးက အဲ့လူကို ဆရာသခင်လို့ခေါ်လိုက်တာလား?
ကျင့်ကြံသူအားလုံး ကြက်သေသေသွားရပြန်၏။
မဟာနတ်ဆိုးဂိုဏ်းချုပ်၏ ဆရာသခင်ဖြစ်သူဆိုလျှင် မဟာ့မဟာ နတ်ဆိုးဂိုဏ်းချုပ်တို့၏ အထွဋ်အခေါင် ခေါင်းဆောင်ကြီးဖြစ်ပေမည်။
“ပုရွက်ဆိတ်ကောင်၊ သိပ်များဘဝင်မြင့်မနေလိုက်နဲ့၊ မင်းမှာ ငါ့ကိုဆုံးမဖို့ အရည်အချင်း မရှိသေးဘူး။” သွေးအရှင်က ဟုန်ချန်ယဲ့ကို လှောင်ပြောင်သည်။
ဟုန်ချန်ယဲ့မှာ ကိုယ့်နားကိုယ်ပင် မယုံမိတော့မတတ်။ အရင်တုန်းက သူကသာ အခြားသူများကို ပုရွက်ဆိတ်ဟုခေါ်ခဲ့သူ ဖြစ်သည်။ ယခု အရင်ကထက် များစွာပိုမိုအဆင့်မြင့်သွားချိန်ကျမှ ထိုအခေါ်အဝေါ်ကို ပထမဆုံးအကြိမ် ကြားဖူးရလေသည်။
“ဒါဆို ဒီအရှင်က စမ်းကြည့်ရသေးတာပေါ့!”
ဟုန်ချန်ယဲ့သည် ဒေါသတကြီးဖြင့် သူ၏ မသေမျိုးစွမ်းအား အားလုံးကို အရှိန်ပြင်းပြင်းအသက်သွင်းကာ သူ၏လက်စွဲတော် အစွမ်းအထက်ဆုံး လူသတ်လက်နက်ဖြစ်သည့် ကြာနီမီးလျှံအား ထုတ်ဖော်လိုက်သည်။
သတ္တဝါအလုံးစုံကို လွှမ်းခြုံစိုးမိုးထားသည့် ဖျက်ဆီးခြင်းအရှိန်အဝါအား ထုတ်လွှတ်နေသော မီးလျှံကြာပန်းနီသည် လူအုပ်၏ ထိတ်လန့်တကြား အကြည့်များအောက်တွင် ဖြည်းညှင်းစွာ ပွင့်အာလာသည်။ လေထဲရှိ အပူချိန်သည်လည်း ချက်ချင်းမြင့်တက်ကာ ကမ္ဘာကို ပေါက်ကွဲခါနီး မီးတောင်ထိပ်ဝအဖြစ် ပြောင်းလဲလိုက်သကဲ့သို့။
ထိုက်ချူသူတော်စင်နယ်မြေသခင်သည်လည်း ကြောက်လန့်တကြားဖြင့် မျက်နှာတစ်ပြင်လုံး ဖြူဖပ်သွားသည်။ ထိုတိုက်ကွက်ကို သူသာရင်ဆိုင်ရလျှင် ဘယ်လိုဆိုးဆိုးရွားရွား အဆုံးသတ်ရမည်ကိုပင် မခန့်မှန်းတတ်။
“အထင်ကြီးစရာပဲ” စန်းလန်ကျွင်း စိတ်တွင်းမှ သက်ပြင်းချသည်။ ဟုန်ချန်ယဲ့၏ အလားအလာကို တစ်ဖန်ပြန်လည် အကဲဖြတ်ချိန်ရောက်လေပြီ။
သို့သော် ဖျက်ဆီးခြင်းကို ကိုယ်စားပြုသည့် ကြာနီမီးလျှံသည် သွေးအရှင်၏ဦးခေါင်းကို လွှမ်းခြုံဖို့ကြိုးစားသည့်အခါ ပန်းပွင့်လေးကို ခူးယူလိုက်သကဲ့သို့ လက်ထဲအသာလိုက်ပါသွားရတော့၏။
“ဒါ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဟုန်ချန်ယဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။
“ငါ မင်းကို ပြောတယ်၊ မင်းက အရည်အချင်း မပြည့်မီသေးဘူးလို့!”
သွေးအရှင်က ပြက်ရယ်ပြုလိုက်ရင်း သူ့လက်ဖဝါးသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဖြင့် ပေါက်ကွဲထွက်ကာ ကြာနီမီးလျှံအား ဖုန်မှုန့်များအဖြစ် ဆုပ်ချေဖျက်ဆီးလိုက်တော့၏။
ထို့နောက် သူသည် လက်တစ်ဖက်ကို နောက်ကျောတွင်ကပ်ထားလိုက်ကာ မာန်မာနကြီးသောအသွင်အား ဟန်မပျက်ထိန်းသိမ်းထားသည်။
လူအများ သတိမထားမိသည်မှာ သွေးအရှင်၏ နောက်ကျောတွင် ကပ်ထားသည့်လက်မှာ နာကျင်မှုတစ်စုံတစ်ရာကို ထိန်းချုပ်ထားရသကဲ့သို့ တဆတ်ဆတ်တုန်ယင်နေခြင်းပင်။
သို့သော် ထိုလှုပ်ရှားမှု တစ်ခုတည်းသည် ပတ်ဝန်းကျင်တစ်ခုလုံးအား တုန်လှုပ်ပြိုလဲစေဖို့ လုံလောက်ခဲ့ပါ၏။
ထိုက်ချူသူတော်စင်နယ်မြေသခင်သည် ထိုမြင်ကွင်းကို မြင်သောအခါ အလွန်အမင်း ပျော်ရွှင်မြူးတူးလျက် သခင်ကိုအားကိုးသည့် ခွေးကဲ့သို့ ကျေနပ်စွာမြှောက်ပင့်သည်။ “သွေးနီနတ်ဆိုး၊ မင်းရဲ့ သေးနုပ်တဲ့ စွမ်းရည်တွေက ငါ့ အရှင်ရှေ့မှာတော့ အလဟဿပဲ!”
“ကျစ်…”
ဟုန်ချန်ယဲ့ အံကိုတင်းတင်းကြိတ်ထားသည်။
သွေးအရှင်၏ ခွန်အားသည် သူ့မျှော်လင့်ချက်ကို ကျော်လွန်နေသည်မှာလည်း အမှန်ပင်။ ယခင်ကကြုံတွေ့ဖူးသော ကိုယ်ပွားထက် အဆရာထောင်ချီ သာလွန်နေခဲ့သည်။
“ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့တပည့်ရှေ့မှာ ကြွားလုံးထုတ်တယ်ပေ့ါလေ?” ယဲ့ကျွင်းလင်က မျက်ခုံးပင့်သည်။
သူ့ရှေ့တွင် မည်သူတစ်ဦးတစ်ယောက်မှ သူ့ထက်ပိုပြီး ကြွားလုံးထုတ်နိုင်ခွင့်မရှိစေရ။
သွေးအရှင်မှာ တစ်ချက်နင်သွားရပြီး ဒေါသတကြီးရယ်မောသည်။ “စောက်ပါးစပ်ကို ပိတ်လိုက်တော့! မင်းတကယ် ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်သလား?”
ထိုသို့ပြောပြီး သူသည် လက်ကိုဆန့်တန်းကာ ထိုက်ချူသူတော်စင်နယ်မြေသခင်၏ ပုခုံးကိုဆုပ်ကိုင်လိုက်သည်။ သူ့လက်ချောင်းငါးချောင်းမှ လက်သည်းချွန်တို့က တစ်ဖက်လူ၏ပုခုံးသားထဲ စူးဝင်လျက် သွေးစိမ်းရှင်ရှင် စီးထွက်လာစေ၏။
ထိုက်ချူသူတော်စင်နယ်မြေသခင်: "???"
မဟုတ်ဘူးလေ၊ ကျွန်တော့်ကိုဘာလို့လုပ်နေတာလဲ? တစ်ဘက်တည်းသားတွေလေ!
“အ-အရှင်၊ အရှင် ဘာလုပ်နေတာလဲ?” ထိုက်ချူသူတော်စင်နယ်မြေသခင်သည် နာကျင်မှုကြောင့် ချွေးအေးများ ရွှဲရွဲစိုနေလျက် နှလုံးသားထဲတွင် မကောင်းသောနိမိတ်ကို ခံစားလိုက်ရသည်။
“ငါတို့ရဲ့ အဓိကရည်မှန်းချက်အတွက်၊ ငါ မင်း အကူအညီကို လိုတယ်။” သွေးအရှင်က အဓိပ္ပာယ်ပါပါဆိုသည်။
“ကျွန်တော့် အကူအညီ?”
ထိုက်ချူသူတော်စင်နယ်မြေသခင် မတုံ့ပြန်နိုင်သေးမီ ရုတ်တရက် သူ့ပခုံးမှ ကြောက်မက်ဖွယ်ကောင်းသည့် စုပ်ယူစွမ်းအားတစ်ခု စိမ့်ဝင်နေသည်အား ခံစားမိလိုက်၏။
သူ့ ကိုယ်ပေါ်ရှိ အသွေးအသားများသည် သိသာသောအမြန်နှုန်းဖြင့် သွေးအရှင်၏ လက်ဖဝါးဆီသို့ လျင်မြန်စွာ စုစည်းနေလေပြီ။
“အား အား အား အား…” ထိုက်ချူသူတော်စင်နယ်မြေသခင်သည် ထိတ်လန့်တကြား အော်ဟစ်ကာ အားကုန်ရုန်းကန်ပါသော်လည်း အသုံးမဝင်ခဲ့။
“အဘိုးကြီး၊ မင်းက ငါပြောင်းလဲပေးထားတဲ့ ထာဝရသွေးမျိုးနွယ်စုပဲ။ မင်းရဲ့ သေခြင်းရှင်ခြင်းဟာလည်း ငါ့လက်ပေါ်မူတည်တယ်။ လက်ရှိအခက်အခဲကို ကျော်လွှားဖို့ ငါပိုမြင့်တဲ့ကျင့်ကြံဆင့်ကို ရမှဖြစ်မယ်။ ဒီအရှင်ရဲ့ အာဟာရဓာတ်စာဖြစ်ပေးပါ"
သွေးအရှင်က ဆိုးသွမ်းယုတ်မာသောအပြုံးဖြင့် ပြောသည်။
“သခင်၊ နယ်မြေသခင်!”
တပည့်များနှင့် အကြီးအကဲများ ဆောက်တည်ရာမရ အော်ဟစ်ကြတော့၏။
“ငါ မလုပ်ချင်ဘူး၊ မသေချင်ဘူး အား အား အား…” ထိုက်ချူသူတော်စင်နယ်မြေသခင်သည် မိမိလုပ်ရပ်များအတွက် နောင်တများစွာဖြင့် အော်ဟစ်ငိုကြွေးသည်။ တစ်သက်လုံးစာ ကြိုးစားအားထုတ်မှုများက တစ်ခြားတစ်ယောက်၏ အထောက်အပံ့ အကူအညီဖြစ်သွားလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့?
မကြာမီ ထိုက်ချူသခင် အဘိုးအိုမှာ အရှင်လတ်လတ် မျိုချခြင်း ခံလိုက်ရ၏။
“မလုံလောက်ဘူး၊ မလုံလောက်သေးဘူး!”
သွေးအရှင်၏ ဆံပင်သည် ရိုင်းစိုင်းစွာ လွင့်ပျံနေကာ မျက်နှာသွင်ပြင်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသည်။
“အား!”
ထိုအချိန်တွင် အော်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ တပည့်များနှင့် အကြီးအကဲ များစွာသည်လည်း သူတို့၏ စစ်မှန်သည့် ပုံသဏ္ဌာန်များကို ထုတ်ဖော်ကာ သွေးကျွန်များအဖြစ် ပြောင်းလဲကုန်ကြတော့၏။
သူတို့သည်လည်း ထိုက်ချူသူတော်စင်နယ်မြေသခင်မှ လျှို့ဝှက်စွာ မွေးမြူထားသူများ ဖြစ်သည်။ ယခု ထိုက်ချူသူတော်စင်နယ်မြေသခင် စားသောက်ခံရပြီးနောက် ချိတ်ဆက်နေသော အသွေးအသားများမှာလည်း သွေးအရှင်၏အစာသာ ဖြစ်ရပေမည်။
ရေတွက်မရနိုင်သည့် အသက်ဝိညာဥ် သွေးချီစီးကြောင်းများ ပွက်လောရိုက်ရှုပ်ထွေးကာ ထိုစီးကြောင်းများစွာ၏လားရာကား သွေးအရှင်၏ ပါးစပ်နှင့်နှာခေါင်းပေါက်ဆီသို့သာ ဦးတည်၏။
သူတော်စင်နယ်မြေရှိ ကျင့်ကြံသူ ထက်ဝက်ကျော်မှာ ခြေရာလက်ရာပင်မကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
“ဒါ…”
ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသောအခါ လင်တုရှိုနှင့် အခြားသူတော်စင်များမှာ ဦးရေပြားများထုံထိုင်းသည်အထိ ကြောက်လန့်ကုန်ကြရသည်။ ထိုက်ချူသူတော်စင်နယ်မြေသည် ဤသို့သောနည်းလမ်းဖြင့် အဆုံးသတ်ရလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း?
ဝုန်း ဝုန်း ဝုန်း!
သွေးအရှင်၏ကိုယ်ပေါ်ရှိ အရှိန်အဝါသည် မယုံနိုင်စရာ အမြန်နှုန်းဖြင့် မြင့်တက်လာကာ မသေမျိုးဘုရင် နဝမကောင်းကင်၏ ကျင့်ကြံမှု အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ကောင်းကင်တွင် ကျန်းပေါင်းတစ်သန်းမျှမြင့်သည့် ကြောက်မက်ဖွယ်ခန္ဓာကိုယ်ကြီးတစ်ခု ဖြစ်တည်ဖွဲ့စည်းလာကာ ထိုက်ချူသူတော်စင်နယ်မြေအထက်တွင် ရပ်သည်။ မျက်လုံးတစ်စုံမှာ နေနှင့်လကဲ့သို့ ကြီးမားစွာတောက်ပကာ ခွန်အားအပြည့်ဖြင့် စူးရှနေ၏။ ဆံပင်အနက်ရောင်သည် အဆုံးမရှိ လွင့်ပျံနေပြီး တောင်ပံကိုဖြန့်လိုက်ချိန်၌ ကောင်းကင်နှင့်နေမင်းကိုပါ ကွယ်ပျောက်သွားစေသည်အထိ။
“ဟွန်း!”
အေးစက်စက် နှာမှုတ်သံကား ကောင်းကင်ပြစ်ဒဏ် မိုးကြိုးသံကဲ့သို့ ပဲ့တင်ထပ်သည်။
သွေးအရှင်သည် အောက်ဘက်မှ ပုရွက်ဆိတ်ကဲ့သို့ သေးငယ်မှုန်မွှားသည့် ယဲ့ကျွင်းလင်ကို စိုက်ကြည့်လိုက်သည်။ နှုတ်မှထွက်လာသော အေးစက်စက်အသံသည်ကား အဆုံးမရှိသည့် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး ထျန်းယွမ်ပြည်နယ် တစ်ခုလုံးသို့ပျံ့နှံ့ကူးစက်ကာ ရေတွက်မရနိုင်သည့် ကျင့်ကြံသူများအား ချောက်နက်ကြီးထဲ တွန်းချခံလိုက်ရသကဲ့သို့ ကျောရိုးများအထိ ချမ်းစိမ့်တုန်ယင်စေ၏။
“ယဲ့မျိုးရိုး၊ ဒီနေ့က မင်းရဲ့သေနေ့ပဲ!!”