နဝမအဆင့် မသေမျိုးစွမ်းအား အရည်အသွေး
Vol. 39 Ch. 536
ကောင်းကင်ထက် အရှိန်အဝါကြီးမားစွာ ရပ်တည်နေသော ပုံသဏ္ဌာန်ကို မြင်လိုက်သောအခါ ထျန်းယွမ်ပြည်နယ် တစ်ခုလုံးမှ ကျင့်ကြံသူများ အထိတ်တလန့် ဖြစ်ကုန်ကြရ၏။
“ဒီလို ဆိုးသွမ်းပြီး ရှေးကျတဲ့ အရှိန်အဝါမျိုး၊ သွေးစုပ်ဘီလူးကောင်တွေနဲ့တောင် ဆင်တူသေးတယ်။ ထာဝရသွေးမျိုးနွယ်စုများ ခွင်းလွင်ကမ္ဘာထဲကို ကျူးကျော်ဝင်ရောက်လာတာလား”
ထိုက်ရွှမ်းပြည်နယ်ရှိ ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ တားမြစ်နယ်မြေ အနက်ပိုင်းတစ်နေရာမှ သံသယနှင့် အံ့ဩမှုအပြည့်လွှမ်းသည့် အဘိုးအိုတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းဒေသ၏ အချို့ နေရာများတွင် နောက်ကွယ်၌ ပုန်းအောင်းနေသည့် မသေမျိုးဘုရင်အဆင့် ပုဂ္ဂိုလ်များသည်လည်း တုန်လှုပ်သွားပြီး အရှိန်အဝါ၏ ရင်းမြစ်ဆီသို့ သတိကြီးစွာ စူးစမ်းလိုက်ကြသည်။
လိုဏ်ဂူအတွင်း အမှောင်ထုထဲတွင် တရားထိုင်နေသည့် စစ်ထူယန်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် အလင်းတစ်ချက် ဖျတ်ခနဲလက်သွားသည်။
“သခင်လေး၊ အနောက်မြောက်ဘက်မှာ ဆူညံမှုတွေ အကြီးအကျယ် ဖြစ်နေပါတယ်…” သက်တော်စောင့်တာပူက အလောတကြီး ပြေးဝင်လာပြီး သတင်းပို့သည်။
စစ်ထူယန်က အေးစက်စွာ ဆိုသည်။ “စိတ်ဝင်စားစရာပဲ။ ဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့ အရှိန်အဝါက မရဏမျိုးနွယ်စုကိုးစုထဲက အပါအဝင် ထာဝရသွေးမျိုးနွယ်စုကနေ လာတာ”
တာပူလည်း လန့်ဖျပ်သွားရ၏။“ထာဝရသွေးမျိုးနွယ်စုက အစွမ်းထက်တဲ့ မျိုးနွယ်စုဝင်တစ်ဦး ခွင်းလွင်ကမ္ဘာမှာပါ လှုပ်ရှားနေတယ်လို့ ပြောတာလား သခင်လေး"
“ဘာလဲ? အံ့ဩဖို့ကောင်းလို့လား? ငါတို့တောင် ခွင်းလွင်ကမ္ဘာဆီ ဆင်းသက်နိုင်တယ်ဆိုရင် သူတို့ရော ဘာလို့ မလုပ်နိုင်ရမှာလဲ”
စစ်ထူယန်က လှောင်ရယ်ရင်း ဆိုသည်။ “သူတို့ ကောင်းကင်ဧကရာဇ်ယဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အယောင်ဆောင်မျက်နှာဖုံးတွေ အကုန်ချွတ်ထားကြပြီပဲ။ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲချင်ပုံရတယ်"
အလင်းမျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် သူသည်လည်း ထာဝရသွေးမျိုးနွယ်စုနှင့် ရန်ဘက် ဆက်ဆံရေး ရှိသည်။ မျိုးနွယ်စုနှစ်ခုသည် စကြာဝဠတွင် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး အချင်းချင်း၏ အားနည်းချက် အားသာချက်ကို နှံ့နှံ့စပ်စပ် သိရှိကာ နက်ရှိုင်းသည့် ရန်ငြိုးရန်စများလည်း ရှိထားသေး၏။
“ဒီ အရှိန်အဝါသက်သက်ကို ကြည့်ပြီး ပြောရရင် ရန်သူက ဇာစ်မြစ်ကြီးမြင့်တယ်။ သူသာ ကောင်းကင်ဧကရာဇ်ယဲ့ကို အနိုင်ယူနိုင်ရင်…” တာပူသည် တွေးတောရင်း ရေရွတ်နေသည်။
“မဖြစ်နိုင်ဘူး”
စစ်ထူယန်က ခေါင်းကိုအသာခါယမ်းသည်။ “ကောင်းကင်ဧကရာဇ်ယဲ့ရဲ့ အမြင့်ဆုံး မှော်ရတနာကနေ ထုတ်လွှတ်နိုင်တဲ့ စွမ်းရည်နဲ့ဆိုရင် ဟိုကောင် အနိုင်ရဖို့အခွင့်အရေး လုံးဝမရှိဘူး”
တာပူက အလန့်တကြားပြန်မေးသည်။ “ဒီလိုဆိုရင်၊ အဲဒီ ထာဝရသွေးမျိုးနွယ်စု အဖွဲ့ဝင်က ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားမှာလား? ဒါဆို ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးကို လုံးဝ အထောက်အကူ မဖြစ်ဘူးပေါ့”။
“မင်း အဲ့မျိုးနွယ်စုရဲ့ မွေးရာပါ စွမ်းရည်ကို မေ့နေပြီလား”။
စစ်ထူယန်က မျက်လုံးကိုမှေးကျဥ်းလိုက်ပြီး ဆိုသည်။ “ဒီရန်သူက ထာဝရသွေးမျိုးနွယ်စုရဲ့ သခင်အဆင့် ပုဂ္ဂိုလ်ဖြစ်နိုင်ချေများတယ်၊ အသန့်စင်ဆုံး မျိုးရိုးကို ပိုင်ဆိုင်ထားတဲ့သူတွေပဲ။ အထွတ်အထိပ် မသေမျိုးဘုရင် ကျင့်ကြံမှုနဲ့ ပေါင်းစပ်လိုက်ရင် သူ့ရဲ့ ကိုယ်တိုင်ပြန်လည်ကုသနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် ထက်သန်မှာပဲ"
“ကောင်းကင်ဧကရာဇ်ယဲ့က အရမ်းသန်မာတယ်ဆိုပေမယ့် ဒီလူကိုအသေသတ်ဖို့တော့ အသည်းအသန်ရုန်းကန်ရလိမ့်မယ်"
စစ်ထူယန်သည် ထိုထာဝရသွေးမျိုးနွယ်စုဝင်မှ ယဲ့ကျွင်းလင်ကို ပင်ပန်းနွမ်းနယ်အောင် လုပ်နိုင်ဖို့ကိုသာ မျှော်လင့်သည်။ နောက်ဆုံးမှာ မနိုင်နိုင်ရင်တောင် အနည်းဆုံးတော့ ရန်သူကို အားအနည်းဆုံးအခြေအနေထိရောက်အောင် နှိပ်စက်သွားပေလောက်မည်။
ငှက်နဲ့ကမာ တိုက်ခိုက်တဲ့အခါ ကြားထဲကတံငါ အကျိုးအမြတ်ရတယ် ဆိုတဲ့ စကားပုံအတိုင်းပေါ့။
နှစ်ဖက်စလုံးတွင် ကြီးမားသည့် ဆုံးရှုံးမှုများ ခံစားနေရချိန် သူကကြားဖြတ်ဝင်ပြီး ပွဲသိမ်းပေးနိုင်မည်။
ကြောက်ခမန်းလိလိ အစွမ်းထက်သည့် ယဲ့ကျွင်းလင်ဖြစ်စေ ရန်သူ့ဘက်မှ ထာဝရသွေးမျိုးနွယ်စု ဖြစ်စေ၊ နှစ်ဖက်စလုံးသည် အလင်းမျိုးနွယ်စု၏ နောင်တစ်ချိန် ခွင်းလွင်ကမ္ဘာ အုပ်ချုပ်ရေးအတွက် ခြိမ်းခြောက်မှုများသာဖြစ်သည်။
“သွားကြမယ်၊ ငါနဲ့အတူ အခြေအနေသွားကြည့်ရအောင်။ ဒါက ကောင်းကင်ဧကရာဇ်ယဲ့ကို သတ်ဖို့ ငါတို့ရဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်တယ်”
“ဟုတ်ကဲ့၊ သခင်လေး!”
သွေးအရှင်သည် သူ၏ အထွတ်အထိပ် အခြေအနေတွင် အံ့အားသင့်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ယဲ့ကျွင်းလင်ကို ကိုင်တွယ်ရန် သူသည် စွမ်းအား အကုန်ထုတ်သုံးထားခဲ့ခြင်းပင်။
ဤမသေမျိုး ခန္ဓာကိုယ်သည် သွေးအရှင်၏ တန်ဖိုးအကြီးဆုံးလက်ရာဖြစ်သည်။ သူ၏ တစ်သက်တာလုံး စုဆောင်းခဲ့သမျှ အမြင့်ဆုံးသော နည်းစနစ်များကို အသုံးပြု၍ အောင်မြင်ခဲ့ခြင်း ဖြစ်၏။
ဤသို့ အောင်မြင်ပြီးနောက်နောက်ဆက်တွဲ လှုပ်ရှားမှုနှင့် ကျင့်စဥ်အသုံးပြုမှုတိုင်းမှာ စွမ်းအားအဆပေါင်း ထောင်နှင့်ချီ တိုးမြင့်လာမည်ဖြစ်ပြီး ကိုယ်တိုင်ကုသနိုင်စွမ်းသည်လည်း ပုံမှန်မဟုတ်စွာ တိုးတက်လာခဲ့သည်။ အမျိုးမျိုးသော ပျက်စီးမှုများကို လျစ်လျူရှုကာ တိုက်စစ်ကိုသာ အာရုံစိုက်နိုင်မည့် စစ်ပွဲခန္ဓာကိုယ်မျိုးသာဖြစ်၏။
သာမန် မသေမျိုးဧကရာဇ်အဆင့် စွမ်းအားရှင်တစ်ဦး ရောက်ရှိလာလျှင်တောင် ဤလက်ကြီးနှစ်ဖက်ထံမှ ရက်ရက်စက်စက် ဆုတ်ဖြဲခံရပြီး အာဟာရအဖြစ် ပြောင်းလဲစားသုံးခံရမည်။
မသေမျိုးဧကရာဇ်များထဲမှ အမြင့်ဆုံးဟု သတ်မှတ်နိုင်သော ပုဂ္ဂိုလ်များသာ ဤခန္ဓာကို ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်။
ထို့အပြင် ခွင်းလွင်ကမ္ဘာ၏ လက်ရှိ ကောင်းကင်တာအို စည်းမျဉ်းများသည် မသေမျိုးဘုရင်အဆင့် ပုဂ္ဂိုလ်များကိုသာ လှုပ်ရှားခွင့် ပြုထားသဖြင့် လက်ရှိ သွေးအရှင်သည် မရှုံးနိမ့်နိုင်သလောက်ဟုပင် သတ်မှတ်ထားလို့ရမည်။
“လာခဲ့၊ မင်းရဲ့ ထူးဆန်းတဲ့ ခေါင်းတလားကြီးကို ထပ်သုံးကြည့်လိုက်!”
ခန့်ညားပြီး အေးစက်သည့် အသံသည် ကောင်းကင်တွင် ပဲ့တင်ထပ်လာပုံမှာ သေမင်း၏ စကားသံအလား။
တောင်တန်းကြီးကဲ့သို့ အဆုံးမရှိတည်ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်တွင် သွေးချီအငွေ့များနှင့် မီးခိုးငွေ့တလူလူ ဖုံးလွှမ်းနေသည့်ဟန်မှာ တကယ်ကို ခမ်းနားသည့် မြင်ကွင်းသာဖြစ်သည်။
သွေးအရှင် အကြောက်ဆုံးမှာ ယဲ့ကျွင်းလင်၏ အထူးမှော်ရတနာဖြစ်သော ကောင်းကင်သင်္ချိုင်း ခေါင်းတလားဖြစ်သည်။ မသေဆုံးနိုင်သော ထာဝရသွေးမျိုးနွယ်စုအား အသေသတ်နိုင်သည့် တစ်ခုတည်းသောလက်နက်။
သို့တိုင် ဒီတစ်ခေါက်တော့ အဆုံးထိတိုက်ဖို့ ဆုံးဖြတ်ပြီးလေပြီ။
“ငါလည်းအခုပဲ ထုတ်သုံးတော့မလို့!”
ယဲ့ကျွင်းလင်သည် အေးစက်စက်ဆိုကာ လက်ကို မြှောက်လိုက်သော် ကြေးခေါင်းတလားတစ်ခုသည် လေဟာနယ်တွင် ပေါ်ထွက်လာပြီး အချိန်စီးကြောင်း၏ ပြင်းစွာသောအရှိန်အဝါအား ထုတ်လွှတ်လျက်သားရှိ၏။
ကောင်းကင်သင်္ချိုင်း ခေါင်းတလား!
အတိတ်ဆိုးခေါင်းတလား ပေါ်လာသည်ကို မြင်သောအခါ သွေးအရှင်၏ အာရုံခံစားမှုများ အမြင့်ဆုံးသို့ရောက်ရှိကာ မိမိ၏ကိုယ်ပွား တစ်စစီမကြေမချင်း ဖျက်ဆီးခံခဲ့ရသော ပုံရိပ်များအား ပြန်လည်မြင်ယောင်လာမိ၏။
ကောင်းကင်သင်္ချိုင်း ခေါင်းတလား ပွင့်လာသည့်အခါ အတွင်းဘက်မှာ အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သွေးအရှင်ဆီသို့ အလွန်အားကောင်းသည့် စုပ်ယူဆွဲအားကို ပို့လွှတ်လာသည်။
“လာခဲ့လိုက်စမ်း!”
သွေးအရှင်သည် ဒေါသတကြီးဖြင့် စွမ်းအားအလုံးစုံကိုစုစည်းကာ အားပြင်းသည့် ထိုးနှက်ချက်အား ထုတ်လွှတ်လိုက်သည်။